EP 14

37 3 0
                                    

14

EP 14

05170325
“မီနာ…မီနာ…”
“………”
မီနာ ပူအိုက်တဲ့ ခံစားချက်ကို အရင်ခံရပြီးမှ နဖူးပေါ် အနမ်းခံနေရတာကို သတိဝင်ပြီး မျက်လုံးမဖွင့်ဖို့ ဆုံးဖြတ်လိုက်ရသည်။
“မီနာ..”
“နိုးပြီလို့…”
နဖူးကို နောက်တစ်ကြိမ် အနမ်းခံလိုက်ရတော့ မျက်လုံးမဖွင့်ရဲပေမဲ့လည်း တစ်ဖက်ကို မျက်နှာလှည့်လိုက်ရကာ ရင်ခုန်စိတ်လှုပ်၇ှားရင်း စိတ်ထဲ မကျေမနပ် ဖြင့် ပြောလိုက်ရတော့သည်။
“မသိပါဘူး..မျက်လုံးမှိတ်ထားတာကိုဗျ…”
သူ တမင် အကျင့်ယုတ်နေတာလေ..။
ကိုယ့်ကတိစကားနဲ့ ကိုယ်မို့ မငြင်းသာပေမဲ့လည်း ရိုဇာကြောင့် မပင်ပန်းပဲ သူ့ကြောင့် စိတ်လှုပ်ရှားရင်း အားကုန်နေတာ ဒီလူ မသိဘူးလေ..။
မနက်ဖြန် တစ်ရက်ပါပဲ မနက်ဖြန်ဆို ပြီးပြီ..။
ပြီးတာနဲ့ တွေ့ပြီပဲ…။
တနေ့ကုန် ကျောင်းမှာသွားနေမယ်..။
စာသင်ပြီးလည်း ပြန်မလာဘူး.။
ထမင်းလည်း ချက်မကျွေးဘူး..။
ဖက်ထုပ်ဆိုတာ ဂျန္နသ်ရောက်မှသာ စားပေတော့..။
မီနာ့ စိတ်ထဲ ကျိန်းမောင်းရန်တွေ့နေချိန် ကိုယ်က မြှောက်သွားတော့ အလန့်တကြားဖြင့် မျက်လုံးပြူးသွားသည်။
“ဘာလုပ်တာလဲ..”
“ရိုဇာကြောင့် မထ နိုင်ဘူး ထင်လို့ ချီရွေ့ပေးတာလေ..”
“အို..ချပါ..ဟိုတစ်ယောက်…ချဆို..”
“ပစ်ချခိုင်းတာလား…”
မီနာ နှုတ်ခမ်းစူပြိး မျက်နှာလွဲလိုက်တော့မှ ခုတင်ပေါ် ပြန်ချပေးလို့ ကပျာကယာ ခုတင်ပေါ်က ဆင်းလိုက်ရသည်။
ဆံပင်တွေကို သပ်ပြီး နာရီ ကြည့်လိုက်တော့ မနက် ဆယ်တစ်နာရီ ရှိနေပြီ..။
ပုံမှန်ရက်ဆို အလုပ်သွားပေမဲ့ ဒီနေ့မှ ဘာလို့ ပြန်လာတာပါလိမ့်..။
“ဟိုတစ်ယောက် ထမင်းစားပြန်လာတာလား…”
“မဟုတ်ပါဘူး..ဆိုင်သိမ်းခဲ့တယ်…ကျောင်းမှာ မနက်ဖြန် ထမင်းကျွေးမယ်လေ…အဲဒါ ဝိုင်းကူမလို့..”
“သြော်..ဟုတ်သားပဲ..”
အရင်တုန်းက ရိုဇာထားလည်း အလုပ်အကုန် လုပ်နေတာ နည်းနည်းမှ မပင်ပန်းပါဘူး.။
အခု ဒီလူကြောင့်..။
လူကို ပင်ပန်းတယ်ဆိုပြီး ဘာမှ မလုပ်ခိုင်းပဲနေတော့ လူက အပျင်းဖြစ်နေပြီ..။
ရိုဇာကြောင့် မပင်ပန်းပေမဲ့ ရိုဇာ အကြောင်းပြုပြီး လူကို ဖက်လိုက် နမ်းလိုက် လုပ်ခွင့်ရနေတာ ကြာရင် မီနာ နှလုံးရောဂါ ဖြစ်လာတော့မှာ သေချာသည်။
“အမဲက ဒီမှာပဲ ပေါ်မှာနော်…”
“အင်း..ဟုတ်တယ်..”
သူ့ဆီက စကားကြောင့် မီနာ အားနာမိသွားသည်။
“ဟိုတစ်ယောက် မသွားချင် မသွားပါနဲ့….တခြား အလုပ်ပဲ ကူလေ…”
“ဟင်..ဘာဖြစ်လို့လဲ…”
“ဟို..အမဲဖျက်တာ မကြည့်ချင်ဘူးမလား…”
“အာ…အထင်သေးလိုက်တာ…မနှစ်က အီးဒ်ကြီး တုန်းကတောင် ကျွန်တော် ကျောင်းထဲ လာကူပေးသေးတာပဲ… အသားတော့ ကိုင်ရဲပါတယ် …ဒီတိုင်းလည်း လူတွေစားဖို့ အမဲတွေ ပေါ်နေကြတာပဲ…”
“မီ ကတော့ မနှစ်က သားပုလေး ကို သတိရတယ်..အဲတုန်းက ငိုလိုက်ရတာ…အဲ့နေ့တုန်းက အမဲသားမစားဘူး..အပြစ်ဖြစ်လည်း မတက်နိုင်ဘူး…သူ့ကို ခေါ် သွားတော့ ရင်ထဲမှာ ဟာပြီး စို့နစ် သွားတာပဲ..”
အီးဒ်သားကောင်ကို အိမ်မှာ ကြိုမွေးတော့ မီနာ သံယောဇဉ်ဖြစ်ကာ အိးဒ်နေ့တိုင်း မျက်ရည် မျက်ခွက်ပါပဲလေ..။
“မီနာ က နှလုံးသား နုတာကိုး…ကျွန်တော် စရောက်တုန်းက ခါကြီးတွေ အသားဝင်ကိုင်နေတာ တွေ့တော့ လန့်သွားတယ်…သူတို့ကတော့ အသားကောင်းရဖို့ လုနေကြတာလေ… မရှိဆင်းရဲသားတွေကျတော့လည်း အီးဒ်ကြီးကို ပိုပျော်ကြတယ်…”
“မီ ကတော့ အီးဒ်ကြီးတိုင်း ငိုရတာပဲ..”
“ဒီနှစ်တော့ မငိုရပါဘူး..”
“ဟင်…”
“ကျွန်တော် ရှိတယ်လေ….မီနာ့ကို မငိုခိုင်းဘူး..မငိုအောင် ချော့မှာပေါ့…”
မီနာ အတွေးတွေ ပြတ်သွားကာ နေရခက်စွာဖြင့် မျက်လွှာချလိုက်ရတော့သည်။
ဟုတ်မှာပါ.။
သူ အနားမှာ ရှိနေရင် ဘယ်အချိန်ဖြစ်ဖြစ် ရင်ခုန်စိတ်လှုပ်ရှားနေရတာပဲမလား..။
“မီနာ မနက်ဖြန်ဆို ရိုဇာ ပြီးပြီနော်..”
“အင်း…”
“မနက်ဖြန် ကျွန်တော်တို့ အပြင်သွားရအောင်…”
“ဟင်..ဘယ်ကိုလဲ..”
မီနာ ထမင်းပန်းကန် ရေဆေးနေရင်းက လှည့်ကြည့်မိတော့ ပြုံးစေ့စေ့ လုပ်နေပြန်သည်။
ထပ်မမေးရဲတော့လို့ မျက်နှာ ပြန်လွဲလိုက်ကာ ပန်းကန်ဆက်ဆေးနေလိုက်သည်။။
“ရိုဇာ အပြည့်ထားတော့ ဆုချမလို့ပါ..မီနာ စားချင်တာ တစ်ခုခု ဝယ်ကျွေးမလို့ပါ…”
“မီ ဘာမှ မစားချင်ပါဘူး…”
“တစ်ခုခု စဉ်းစားပါဥိး..ကျွန်တော် ကျွေးချင်လို့ပါ…”
“ရိုဇာနဲ့ကို စားချင်တာ တွေးခိုင်းနေတယ်…”
“မီနာ က ဘာမှ မမက်မောတာ သိပါတယ်…”
မီနာ ပြုံးမိပြိး ဘာစားချင်လဲ တွေးကြည့်မိသည်။
အအေး…ရာသီဥတု ပူပြင်းနေတာမို့ အအေး အေးအေးလေး သောက်ချင်တာ ရိုဇာ တစ်လလုံးပါပဲ.။
“အအေး သောက်ချင်တယ်…”
“ဟင်..အအေးလား..ညနေ ဝယ်ခဲ့မယ်လေ…”
“ဟင့်အင်း…မနက်ဖြန် ညပိုင်း သွားသောက်မယ်…မီတို့ ကျောင်းနားက ဆိုင်က ကောင်းတယ်…ဇီးသံပုရာကို မီ ကြိုက်တယ်…ဒီနေ့တော့ မသောက်ချင်ဘူး…မနက်ဖြန်မှ သောက်မှာနော်…”
“ဟုတ်ပြီ…မနက်ဖြန် သွားသောက်ကြမယ်…”
“မပူပါဘူး..”
သူက စကားပြောရင်း အနားမှာ ယပ်တောင် လာခပ်ပေးနေတော့ မီနာ ငြင်းလိုက်တာကို ပိုခပ်ပေးနေတော့ ဆံပင်တွေ လွင့်ကုန်လို့ မျက်မှောင်ကြုတ်မိသွားသည်။
လက်က ရေတွေနဲ့မို့ လက်ခုံနဲ့ သပ်တင်ရတာကို ရယ်ပြီး နဖူးပေါ်က ဆံပင်တွေကို နားနောက် သိမ်းပေးတော့ မီနာ ပန်းကန် ပြန်ဆေးရင်း မသိချင်ယောင်ဆောင်နေလိုက်ရသည်။
“မီနာ..ဘာနဲ့ ဝါဖြေမလဲ..”
“မနေ့က ပူရိကျန်သေးတယ်..နွှေးထားလိုက်မယ်…”
“မီနာ ရိုဇာထားတာကလည်း ဝါဖြေရင် ထမင်းစားလိုက် စားလို့ကျန်တဲ့ ပူရီစားလိုက်နဲ့ သေချာ အားရှိအောင် မစားဘူး..”
“မီ က ရိုဇာထားရတာ မပင်ပန်းပါဘူး…ပိုပြီး အားရှိသလိုပဲ…ဟိုတစ်ယောက်သာ မူးပြီးမှောက်နေတာ..”
“တစ်ခါတည်းပါ..”
“မီ က ဟိုတစ်ယောက် တစ်လလုံး ထားနိုင်မယ်တောင် မထင်ထားဘူး…”
“အထင်သေးတာ…”
“မဟုတ်ပါဘူး..တော်ရုံလူတွေတောင် မထားကြဘူးလေ…အခု ထားနိုင်တော့အထင်ကြီးမိပါတယ်…”
“ဆရာမ ယောက်ျားပဲ ဒီလောက်တော့ အဖြစ်ရှိရမှာပေါ့ဗျာ…”
မီနာ ပြုံးလိုက်မိကာ လက်ထဲက ပန်းကန်တွေကို ရေစစ်ပြီး တင်လိုက်တော့ သူကို ဆွဲယူပြီး စင်ပေါ် မှောက်ပေးနေသည်။
“အိုမာရေ..”
“လာပြီ..”
အိမ်ရှေ့မှာ လာခေါ်တော့ အပြေးအလွှား ထွက်သွားပြီးမှ မီးဖိုခန်းထဲ ပြန်ဝင်လာလို့ မီနာ အံသြရသည်။
“ဘာကျန်…အဲ..”
လက်မှာ ကိုင်ထားတဲ့ ကြွေပန်းကန် ပြုတ်မကျဖို့ အရေး ပို၍ ဖိဆုပ်ကာ ကိုင်ရင်း ရင်ခုန်သံကို ထိန်းထားရသည်။
ပါးကို နှာဖျားနစ်အောင် ဖိနမ်းပြီးမှ ရယ်ပြီး ခေါင်းကို ပုတ်ကာ ပြန်ထွက်သွားတော့ မျက်ခုံးတွန့်လျက်သားဖြင့် ကျန်နေခဲ့ရသည်။
အဲလို အခွင့်အရေးတွေ ပေးပြီး ရိုဇာထားနေရတာကြောင့် မီနာ့ ရိုဇာက ပိုပြီး ပင်ပန်းနေရတာလေ..။
.
“ဒီနေ့မှ နောက်ကျလိုက်တာ..မေ့နေတာလား မသိပါဘူး..”
မီနာ နာရီကို တစ်ချက်ကြည့်လိုက်ပြီး ကုရ်အာန်ပြန်ဖတ်နေရပေမဲ့ စိတ်က တခြားကို ရောက်နေလို့ မနည်းပြန် အာရုံစိုက်နေရသည်။
မ‌နေ့က ညပိုင်း ချက်ပြုတ်တာ ကူညီပေးပြီး မနက်တုန်းက ထမင်းကျွေးတော့ ကျောင်းမှာ ကူပေးရသေးသည်။
နေ့ခင်း ကျောင်းမှာ သန့်ရှင်းရေး လုပ်ပြီးမှ ဆိုင်ကို တစ်ချက် သွားကြည့်ဦးမယ် ဆိုပြီး ထွက်သွားတာ..။
ဆိုင်တစ်ရက် ပိတ်လိုက်ရတော့ ပိုရောင်းနေတာလား မသိပါဘူး..။
စီးပွားရေးကလည်း သောင်းကျန်းလိုက်တာ..။
မီနာ အချိန်ကပ်နေလို့ ကုရ်အာန်သိမ်းပြီး ဝါဖြေတာ ထိုင်စောင့်ရင်း စိတ်ထဲမှာ အပြစ်တင်နေမိသည်။
ဒီနေ့ ဝါဖြေတာ နောက်ဆုံးနေ့မို့ ဖက်ထုပ်ရယ် ထမင်းပေါင်းရယ် လုပ်ပေးထားမိသေးသည်။
ကိုယ်က ဝါဖြေတာဆိုပြီး သူ့အကြိုက်တွေ လုပ်ပေးမိတာ တွေ့ရင် ရန်စပါဦးမည်။
“သမီး..အပါ ဘာဝယ်ခဲ့ရမလဲ..”
“ရတယ်…အပါ..မီ မုန့်လုပ်ထားတယ်..…အပါကော စားဦးမလား..”
“မစား‌တော့ပါဘူး..နမာဇ်နောက်ကျနေမယ်..”
“……..”
အပါတောင် ဗလီသွားပြီမို့ မီနာ နာရီ ကြည့်ကာ သက်ပြင်းချရင်း ရေသောက်လိုက်ရတော့သည်။
သူနဲ့ဝါဖြေပြီးရင် မုန့်သွားစားရမယ်ဆိုပြီး စောင့်နေတာလေ..။
မီနာ နှုတ်ခမ်းစူမိပေမဲ့လည်း ကိုယ်လုပ်ထားပြီး ကိုယ်မကြိုက်တဲ့ ဖက်ထုပ်ကို မစားပဲ ထမင်းပဲစားလိုက်သည်။
ဟိုတစ်ယောက်တော့ နောက်ကျနေလို့ နမာဇ် တစ်ခါတည်း ဝင်ဖတ်နေတာ နေမယ်..။
မီနာ ကိုယ့်အတွေးနဲ့ကိုယ်မို့ နမာဇ် ဖတ်ပြီးတာနဲ့ အဝတ်အစားလဲပြီး စောင့်နေမိသည်။
အပါ က ညကျောင်း စာသင်ချိန်ရှိတာမို့ ပြန်လာမပေမဲ့ သူကတော့ တစ်ခေါက် ပြန်လာတာပါ..။
အေရှာချိန် ရောက်တဲ့အထိ ပြန်မလာတော့ ဗလီမှာ အလုပ်များနေလို့လားတွေးရင်း အဝတ်တွေ ပြန်လဲလိုက်ရတော့သည်။
ဒီနေ့မသွားရလည်း မနက်ဖြန် လိုက်ပို့ခိုင်းမယ်..။
မနက်ဖြန်သွားတော့ တခြားမုန့်တွေပါ စားလို့ရတာပေါ့လေ..။
မီနာ ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး အေရှာဖတ်ကာ အပါတို့ စားဖို့အတွက် ထမင်းပွဲ ပြင်ထားလိုက်သည်။
အပါ က ကျောင်းလွှတ်ပြီး ကိုးနာရီခွဲမှ ပြန်လာတော့ ထမင်းစား နောက်ကျနေပြီမို့ တစ်ခါတည်း ထမင်းစားခိုင်းရသည်။
အပါ ထမင်းစားနေတုန်း သူ့ကို မေးရမှာ ရှက်လို့ မီနာ နှုတ်ဆိတ်ကာ အပါ့အတွက် လိုအပ်တာတွေပဲ ပြင်ဆင်ပေးမိသည်။
ထမင်းစားပြီး ကျောင်းဝန်းထဲ လမ်းလျှောက်တာမို့ မီနာ ထမင်းပန်းကန်တွေကို အုပ်ထားကာ အိမ်ရှေ့ ထွက်ကြည့်မိသည်။
ကျောင်းဘေးက မီးလင်းနေတော့ ကျောင်းထဲမှာ အလုပ်ကူနေတယ် ထင်ပါတယ်..။
ညနက်နေတော့ ဗိုက်ဆာနေပြီလား မသိဘူး.။
မီနာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အိမ်ထဲ ပြန်ဝင်လာကာ အလုပ်ရှာလုပ်နေမိသည်။
ဆယ်နာရီ ကျ အပါ့အတွက် အိပ်ရာပြင်ပေးနေရင်း မေးရင် ကောင်းမလားတွေးမိပြန်သည်။
“ဘာဖြစ်လို့လဲ…သမီးငယ်..”
“ဂျီ..မဖြစ်ပါဘူး..”
မီနာ မေးရမှာ ရှက်သွားလို့ အိပ်ရာပြင်ပေးကာ ကိုယ့် အခန်းထဲကိုပဲ ပြန်ဝင်ခဲ့လိုက်သည်။
ဆယ်နာရီ ခွဲတော့မှ မို့ ဖုန်းကိုယူပြီး ဘယ်လိုမှ မှတ်မထားတဲ့ နံပါတ်ကို ဆုပေးပွဲ ရက်စွဲနေ့နဲ့ တိုက်ကြည့်ပြီး ရှာရသည်။
မီနာ ဖုန်းခေါ်တော့ ဖုန်းဝင်ပေမဲ့ မကိုင်တော့ အလုပ်လုပ်နေတာလားလို့ တွေးမိပြန်သည်။
ညဆယ်တစ်နာရီ ဖြစ်နေပြီမို့ မီနာ အခန်းထဲက ထွက်လာကာ အိမ်ရှေ့ခန်း တံခါးကို ဖြည်းဖြည်း ဖွင့်လိုက်သည်။
“သမီးငယ်လား..”
“ဂျီးအပါ..”
မီနာတို့အခန်းက မီးဖိုခန်းဘေးမှာပေမဲ့ အပါကျတော့ အိမ်ရှေ့ခန်းတံခါးနားမှာမို့ တံခါးဖွင့်တာနဲ့ နိုးသွားတေ့သည်။
“ဘယ်လဲ…”
“ဟို…အိုမာဘိုင် ပြန်မလာသေးလို့ အပါ..”
“ဟင်..အခန်းထဲမှာ မဟုတ်ဘူးလား..”
“မရှိဘူး အပါ…ကျောင်းမှာကူနေလား မသိဘူး..”
“ဟာ..မလာပါဘူး..နမာဇ်တောင် လာမဖတ်လို့ အလုပ်ပြန် နောက်ကျတယ် ထင်နေတာ…”
“ဟင်..”
မီနာ့ နှလုံးခုန်နှုန်း မြန်သွားကာ ခေါင်းထဲက အတွေးတွေပါ ရပ်တန့်ကုန်သည်။
အိမ်ရှေ့တံခါးနားမှာ ကြောင်ရပ်နေမိချိန် အပါကလည်း အခန်းထဲက ထွက်လာသည်။
“ဖုန်းဆက်ကြည့်လား..”
“ဆက်တယ်…မကိုင်ဘူး..”
မီနာ့ လက်ထဲက ဖုန်းကို ပြန်ကြည့်ရင်း ခပ်လေးလေး ပြောကာ ထပ်ခေါ်နေမိသည်။
ဖုန်းက မကိုင်တော့ အပါ့ကို တစ်ချက် ကြည့်မိသည်။
“သူ့သူငယ်ချင်း အိမ်မှာ များလား မသိဘူး..နေဦး…အပါ သွားမေးကြည့်လိုက်မယ်..ဟုတ်မှာပါ…သူက လူတွေကို အမြဲကူနေတာ…သာရေး နာရေး တစ်ခုခု ကို ကူနေတာ ဖြစ်မယ်…”
အပါ က မီနာ့ ခေါင်းကို ပုတ်ပြီး ဓာတ်မီးယူကာ အိမ်ပေါ်က ဆင်းသွားပေမဲ့ မီနာ့ နှလုံးခုန်နှုန်းက မြန်နေပြီး ဘာမှ မတွေးပါပဲ ကြောက်ရွံ့နေမိသည်။
မီနာ လက်ထဲက ဖုန်းကို ကိုင်ထားရင်း အိမ်ရှေ့ကိုသာ ငေးကြောင်ကြည့်နေမိတာ အပါ ပြန်ရောက်လာတဲ့အထိ မလှုပ်မယှက်ပါပဲ..။
“အပါ…”
အပါ က မီနာ့ကို တစ်ချက် ကြည့်ပြီး သက်ပြင်း ချလိုက်တော့ အပါ ဆက်ပြောမဲ့ စကားကို အသက်မရှုရဲပဲ စောင့်နေမိသည်။
“အဖမ်းခံထားရတယ်တဲ့…ရန်ဖြစ်လို့…”
“ဟင်..”
မီနာ မျက်လုံး က ပုံမှန်ထက် ပိုကျယ်သွားကာ မျက်ရည်တွေက အလိုလို မရပ်မနား စီးကျလာတော့သည်။
ရင်တစ်ခုလုံး ပြောင်းဆန်ကာ လှိုက်မောသွားသည်။
“သူနဲ့ ဖြစ်တာတော့ မဟုတ်ဘူး…သူ့သူငယ်ချင်းနဲ့ဖြစ်တာကို သူ ဝင်ပါတာပါ…အချုပ်ခံထားရတာ မနက်ကျတော့ လွှတ်မှာပါ…”
“………”
“သမီး သောက ကို အပါ သိတယ်….သူ့ကိစ္စ လိုအပ်တာတွေ အပါ လုပ်လိုက်မယ်..သမီးက ဝူဇူလုပ်ပြီး အရှင်ဆီ ဒိုအာလုပ်ပေးပါ..”
မီနာ ‌ခေါင်းညိတ်ပြီး ရေကပြင်ကို ရောက်လာရပေမဲ့လည်း မျက်ရည်က မတိတ်ပါဘူး..။
သူပြောတော့ လူဆိုး မဟုတ်ပါဘူးဆို..။
မီနာ ငိုအောင် မလုပ်ပါဘူးဆို..။
လူကောင်းဖြစ်နေပါပြီဆို..။
လူငယ်ချင်း ရန်ဖြစ်ရုံနဲ့ အဖမ်းခံရပါ့မလား.။
ဘယ်လောက်တောင် ရန်ဖြစ်ကြတာလဲ..။
ရပ်ကွက်ထဲက သူ့သူငယ်ချင်းဆိုတဲ့ လူတွေ အကြောင်း မီနာ မသိချင်ရင်တောင်  သတင်းဆိုးတွေက ကြားဖူးပြီးသားပါ..။
အဲ့လူတွေနဲ့ တူတူ ရန်ဖြစ်ကြတာတဲ့..။
မီနာ မျက်နှာကို လက်ဝါးအုပ်၍ ရှိုက်ငိုနေမိသည်။
.
“သမီးငယ်..ပြန်လာပြီလား..”
“ဂျီး..အပါ…”
မိနာ ထုံးစံအတိုင်း ကျောင်းက ပြန်လာတဲ့ ပုံမှန်နေ့တွေလိုပဲ အပါ့ကို စလာမ်ပေးကာ အိမ်ပေါ်တက်ခဲ့လိုက်သည်။
မနက်တုန်းက အပါ သွားမယ်ဆိုလို့ သူကြိုက်တဲ့ ဖက်ထုတ်ကို မီးအေးအေးနဲ့ ခြောက်အောင်ကြော်ပြီးလည်း ထည့်ပေးလိုက်သည်။
သူ့ဆီ တကယ်ရောက်လား သူတကယ်စားရရဲ့လား မသေချာသော်လည်း တခြား ဟင်းခြောက်တွေပါ လုပ်ပြီး ပေးလိုက်သည်။
“သူ သမီးကို စလာမ်ပြောလိုက်တယ်…နောက်ပြီး သမီးထည့်ပေးတဲ့ ဂျုံ့ မုန့်တွေတွေ့တော့ ပျော်နေရှာတာ..သမီးကို သူ့ကို စိတ်မဆိုးဖို့နဲ့ ခွင့်လွှတ်ပေးဖို့ပြောခိုင်းလိုက်တယ်…”
မီနာ မျက်လွှာချ ခေါင်းညိတ်လိုက်ကာ  သက်ပြင်းခိုး တစ်ချက် လည်း ချမိသည်။
“ကဲ…သွား..အဝတ်အစားလဲပြီး နားလိုက်ဦး..အပါ ကျောင်းမှာ ရှိမယ်…”
“…….”
မီနာ အခန်းထဲကို ရောက်တော့မှသာ နှုတ်ခမ်းကို ဖွဖွ ကိုက်ကာ မျက်ရည်တွေကို လွတ်လပ်စွာ စီးကျခွင့်ပေးလိုက်သည်။
စိတ်မဆိုးဖို့ ခွင့်လွှတ်ဖို့တဲ့..။
ကိုယ့်သိက္ခာကျအောင် မလုပ်ပါဘူးဆိုတဲ့ လူက ထောင် နှစ်လ ကျသွားတယ်လေ..။
ဒါတောင် တစ်ဖက်လူကို အပါ့အသိမိတ်ဆွေ လူကြီးပိုင်းတွေ လိုက်တောင်းပန်ပေးကြတာ..။
နောက်ပြီး နိုင်ရာပိုင်ရာတွေနဲ့ ညှိနှိင်းပေးကြလို့လေ..။
လက်ထပ်ထားတာ တစ်နှစ်မပြည့်ခင် ထောင်နှစ်လ ကျသွားသေးသည်။
ပြီးတော့ အုပ်စုဖွဲ့ ရန်ဖြစ်တဲ့ အမှု..။
ကိုယ့်အလုပ်က ဘာသာရေး ကျောင်းဆရာမ..။
ကိုယ့်အဖေ က ကျောင်းဆရာ..။
ကျောင်းသားတွေကို တောင် တုတ်နဲ့ ချိန်းခြောက်မရိုက်ဖူးတဲ့ ကျောင်းဆရာသားအဖ အိမ်မှာ ရန်ဖြစ်ပြီး ထောင်ကျတဲ့ သမက်ရောက်လာတာ ဘယ်လိုတောင် ဂုဏ်ရှိလိုက်သလဲ..။
မီနာ နံရံကို မှီချလိုက်ပြီး အသံမထွက်အောင် ငိုမိသည်။
ကိုယ့်ပတ်ဝန်းကျင်က သနားကရုဏာာနဲ့ ကြည့်တိုင်း ကိုယ့်မှာ သိမ်ငယ်ဝမ်းနည်းရသည်။
အစကတည်းက လူဆိုးပဲ ဆရာကြီးတော့ မှားပြီ ဆိုတဲ့ ကရုဏာ စကားမျိုးကြားရင် ကိုယ့်မှာ သူ့ဘက်က ကာကွယ်ပေးဖို့ ပြောစရာ စကားမဲ့ရသည်။
စပ်စုတက်တဲ့ ကျောင်းသူလေးတွေက ဆရာမယောက်ျား ထောင်ကျသွားတာလားလို့ မေးရင် ခေါင်းညိတ်ရင်း မျက်ရည်ဝဲရသည်။
သူနဲ့ ပတ်သက်သမျှ မကြားချင်လောက်အောင်ကို ဝမ်းနည်းအားငယ်ရပါသည်။
ဒါပေမဲ့ ဘယ်လောက်ပဲ ပတ်ဝန်းကျင်ကို ရင်ဆိုင်ရပါစေ မီနာ့ နှလုံးသားက သူ့ကိုတောင့်တနေတာ ကိုယ့်ကိုယ်ကိုတောင် ပြန်အံသြရသည်။
သူစိမ်းဆန်တဲ့ အပြောအဆိုတွေနဲ့ပဲ နေလာခဲ့ပေမဲ့ နေရာတိုင်းမှာ သူ့အရိပ်တွေချည်းသာ..။
သူ့ကို မတွေ့ရလေ ပိုတွေ့ချင်လေ..။
သူနဲ့ စကားမပြောရလေ ပိုပြောချင်လေ..။
သေချာမကြည့်ရဲခဲ့တဲ့ သူ့မျက်လုံးတွေကိုတောင် စူးစိုက်ကြည့်ချင်လောက်တဲ့အထိ..။
တနေ့ထက် တနေ့ သာပို၍ လွမ်းရပါသည်။
ညတိုင်း အခင်းပေါ်မှာပဲ ဆုတောင်းရင်း အိပ်ပျော်သွားတဲ့ အထိ သူ့အတွက်ချည်းပဲ ဆုတောင်းပေးနေမိသည်။
နှစ်လဆိုတဲ့ အချိန်ကို လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ဖို့သာ အဓိက ဆုတောင်းမိပါသည်။
သူပြောသလို မီနာက မချစ်ဖူးဘူးဆိုတာတောင် နေ့ည မလပ် ဒီလောက် ခံစားနေရရင် သက်တမ်းမှာ မချစ်တက်ဖို့သာဆုတောင်းမိတော့မည်။
ချစ်တက်သွားတဲ့ အခြေအနေဆို မီနာ ရူးသွားနိုင်သည်လေ..။
ကတိမတည်တဲ့ လူတစ်ယောက်က စိတ်မဆိုးဖို့တောင်းဆိုတာတော့ တာဝန်မဲ့လွန်းပါတယ်လေ..။
“မီနာရေ…ငါ တက်လာပြီ..”
မီနာ မျက်ရည်တွေကို ကပျာကယာ သုတ်ပြီး အခန်းထဲက မြန်မြန် ထွက်လာခဲ့ရသည်။
“ဆရာကြီး ပြန်လာပြီလား..ဘာသတင်းထူးလဲ..”
“…….”
မီနာ ခေါင်းရမ်းလိုက်တော့ ဆိုဖီက အနားရောက်လာပြီး ပွေ့ဖက်ကာ ကျောကို ပုတ်ပေးသည်။
“မငိုပါနဲ့ဟာ…အောင်ကြီးတို့အဖေ ပြောတာတော့ သူသာ ဝင်မပါရင် အောင်ကြီးသေမှာတဲ့…သူများ အသက်ကယ်ပေးတာပါဟာ…သူ တမင်ရန်ဖြစ်တာ မဟုတ်ပါဘူး..”
“အင်း…ငါ့ကို အပါ ပြောထားပြီးသားပါ…”
မီနာ မျက်ရည်ကို ထိန်းရင်း ပြောလိုက်ရပေမဲ့လည်း လည်ချောင်းတွေက အက်ကွဲနာကျင်နေသည်။
“နင် သွားတွေ့ချင်လား..ငါ အဖော်လိုက်ပေးမယ်လေ…”
“ခဏခဏ သွားလို့မှ မရတာ..ခုက အပါ့သူငယ်ချင်းကူညီထားလို့ တွေ့ရတာ..နောက်ပြီး မြို့နယ်ထဲမှာပဲမို့လို့လေ…သူ အဆင်ပြေနေရင် ပြီးတာပါပဲ…ငါ ဒိုအာပဲ လုပ်နိုင်တယ်…”
“သိပ်မလိုတော့ပါဘူး..ပြန်လာတော့မှာပါနော်…”
“အင်း..ဒီလကုန်လောက်မှပါ…အီးဒ်ရောက်တော့မယ်…”
ဆိုဖီ ကို ပြောလိုက်ပေမဲ့လည်း မီနာ အကြောင်းတိုက်ဆိုင်စွာဖြင့် မျက်ရည်က ဝဲတက်လာပြန်သည်။
နောက်ငါးရက်ဆို အီးဒ်ရောက်ပြီ..။
အီးဒ်ကျရင် မငိုအောင် ချော့ပေးမှာဆိုပြီး သူ့ကြောင့်ချည်း ငိုနေရတာ အဲလို ပြောလိုက်တဲ့ နေ့ကတည်းကပပါပဲ..။
ထောင်သား ဖြစ်နေတာ ဘာသာခြားဖြစ်နေတာရယ်ကြောင့် သူတကယ် အဆင်ပြေပါ့မလား.။
မီနာ အတွေးထဲ ပူပန်မှုတွေ ကြီးစိုးလာပြန်တော့ မျက်ရည်တွေ စီးကျသွားသည်။
“မီနာ..မငိုပါနဲ့ဟာ…”
“အင့်…သူ အဆင်ပြေမှာပါနော်…ငါ ဒီ‌ေန့အထိ အသားမကျသေးဘူး..သူ့အကြောင်းတွေးတိုင်း စိတ်တိုတယ်..စိတ်ဆိုးတယ်..နောက်ပြီး စိတ်ပူလာရောဟာ…”
“အဆင်ပြေမှာပါဟာ…နင်ကလည်းဟာ..နင့်အဘိုင်လေး ဖမ်းခံရရင်တောင် အဲ‌ေလာက် ငိုမယ်မထင်ပါဘူး..မချစ်လို့သာ တော်ပါတော့တယ်..”
ဆိုဖီက စိတ်ပြောင်းအောင် ရန်စတာ ဆိုပေမဲ့ မီနာ့အတွက် ဝေဒနာ တိုးရပါသည်။
“ဆိုဖီ…ငါ နင့်ကို ချစ်တယ်…ဒါပေမဲ့ နင်ပြောသလို မလုပ်နိုင်ဘူးဟာ…ငါ…ငါသူ့ကို ဘယ်သူနဲ့မှ ခွဲမချစ်နိုင်ဘူး…သူ့အချစ်ကိုလည်း ငါတစ်ယောက်တည်း ပိုင်ချင်တယ်…ငါ…ငါ သူ့အပေါ်တာဝန်မကျေခဲ့ဘူး..သူ့ချစ်ပြီး အလိုလိုက်တဲ့ အပေါ်မှာ အခွင့်အရေးယူခဲ့တယ်..ဆိုးခဲ့တယ်…သူအနားမှာ မရှိမှ နောင်တရတယ်…အပါ စိတ်မကောင်းမှာစိုးလို့ ငါ ဟန်ဆောင်နေရပေမဲ့ ငါ ညတိုင်း ငိုနေရတာ ပင်ပန်းနေပြီ..ငါတို့ကြားမှာ သူစိမ်းဆက်ဆံရေးပဲ ရှိခဲ့တာတောင် ငါ သူ့ကို သတိရတယ်..သနားတယ်…တွေ့ချင်တယ်..ငါ့မှာ သူ့ပုံတောင် မရှိဘူး..ငါ ဒိုအာပဲ လုပ်နိုင်တယ်…သူအကောင်းပကတိ ငါ့ရှေ့ပြန်ရောက်လာပါစေ..မဟုတ်ရင် ငါ..ငါ အသက်ရှင်နိုင်မှာ မဟုတ်ဘူး…ထောင်ထဲမှာ နှိပ်စက်ကြတာတဲ့…ပြီးတော့ ဆိုးတဲ့ လူတွေကို ပိုရိုက်တယ်တဲ့..သူက မဆိုးပေမဲ့ ရန်ဖြစ်တဲ့ အမှုလေ…သူက ဘာသာမတူတော့ ပိုနှိပ်စက်မလား မသိဘူးနော်…ငါ ညတိုင်း အရှင့်ှဆီမှာ ငိုပြီး ဒိုအာ တောင်းပေမဲ့ စိတ်က မအေးချမ်းနိုင်ဘူး…ဆိုဖီရယ်…”
“မီနာရယ်..နင်ကလည်း..အဆိုးမတွေးပါနဲ့ဟာ..အစစ အဆင်ပြေပါတယ်…သူ့ကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ..အောင်ကြီးတို့ အဖေတွေလည်း ခဏခဏ သွားတွေ့တာ သူအဆင်ပြေတယ် ပြောသားပဲ…တိတ်တော့နော်…”
ဆိုဖီက ကျောကို သပ်ကာ ချော့နေတော့ မီနာ မျက်ရည်တွေကို သုတ်ရင်း ခေါင်းညိတ်လိုက်ရသည်။
သူမရှိကတည်းက တစ်စက္ကန့်တောင် မပျော်တော့ပါဘူး..။
အချစ်ကို ခံစားမိချိန် နာကျင်ရတဲ့ ဝေဒနာက ပြင်းလွန်းပါသည်။
.
“သမီး…ဘာတွေထောင်းနေတာလဲ…”
“အသားပြုတ်တာ အပါ…ဟို..နေ့ခင်းကျ အောင်ကြီး အဖေ သွားမယ်ဆိုလို့ ထည့်ပေးလိုက်မလို့…”
“သြော်..အင်း..အပါ့ကို ဖုန်းဆက်သေးတယ်…ကျောင်းစာမေးပွဲရှိလို့..သမီးတွေ့ချင်ရင် အပါနဲ့တူတူသွားမယ်လေ…”
မီနာ ခေါင်းရမ်းလိုက်ကာ မျက်နှာငုံ့လိုက်တော့ အပါ မီနာ့ခေါင်းကို သပ်ပေးနေသည်။
“သူက လူကောင်းတစ်ယောက်ပါ…ဒါကို အပါ သိတယ်..သမီးလည်း သိတယ်မလား..လူတွေ ပြောတာ လိုက်မခံစားနေနဲ့နော်...”
မီနာ ခေါင်းညိတ်လိုက်တော့မှ အပါ က ပြန် ထသွားတော့သည်။
အီးဒ်နေ့ကလည်း သူမရှိသလို အီးဒ်ပြီး တစ်ပတ်ကြာလည်း သူမရှိပါဘူး.။
မီနာကတော့ အီးဒ်နေ့က သူ့ကို လွမ်းလို့ငိုရသလို ခုလည်း မျက်ရည်ကျလာပြန်ပါပြီ..။
မျက်ရည်တွေကို ပွတ်ဆွဲသုတ်လိုက်ကာ တစ်ပတ်လောက် နူးအိအောင် ပြုတ်ထားတဲ့ အသားကို ငရုတ်ဆုံထဲ ထည့်၍ ထောင်းလိုက်သည်။
အသားမွှကြော်ဆိုရင် ထားစားလို့ရမှာပါ..။
စားရသောက်ရတာလည်း အကုန်တူတူဆိုရင်..။
မီနာ စိတ်ထဲက အတွေးကြောင့် စိတ်မကောင်းဖြစ်ကာ မျက်ရည်က ထပ်ကျလာပြန်သည်။
အဆိုးတွေးတာပဲ မဟုတ်သော်လည်း အစစ အသေးအမွှားလေးက အစ လိုက်တွေးပြီး သနားနေမိတာပါ..။
တွေမျိုးသားချင်း မရှိတော့ ပိုဆိုးမှာ သိပါသည်။
နေ့ခင်း ကားနဲ့ သွားမှာ ဆိုတော့ မီနာ မျက်ရည်သုတ်လိုက်ပြီး အလုပ်ကို ပြန်စိတ်နစ်ရသည်။
အသားထောင်းကို ဆီများများနဲ့ ကျွတ်နေအောင် ကြော်ပြီး ငရုတ်သီးကြမ်းနဲ့ ပြန်ကြော်လိုက်သည်။
အကုန်လုံး ပြင်ဆင်ပြီးတော့ နေ့ခင်းဖြစ်နေပြီမို့ မီနာ ဖုန်းဆက်ကြည့်ရသည်။
သူစိမ်းယောက်ျားတွေနဲ့ စကားမပြောဖူးသော်လည်း ခုတော့ ပြောရဲနေပါပြီ..။
“ဟလို…မာမူလား…မာမူသွားရင် သမီးယောက်ျားအတွက် ဟင်းစာနည်းနည်း ထည့်ပေးချင်လို့ပါ…သွားပြီလားဟင်…”
“မသွားသေးဘူး..သမီးရဲ့..ခဏနေ သွားမလို့..”
“ဂျီး..ဒါဆို ခုလာပေးမယ်နော်..”
“နေ..နေ..သမီး..မာမူ ကလေး တစ်ယောက် လွှတ်ယူခိုင်းလိုက်မယ်လေ..မလာပါနဲ့…ခုလွှတ်လိုက်မယ်နော်…”
“ဂျီး..”
မီနာ ကိုယ်တိုင် သွားပေးဖို့ အဝတ်အစားလဲပြီးသားမို့ လက်ထဲက ပစ္စည်းတွေ ကိုင်ကာ အိမ်ရှေ့ ထွက်ရပ်နေမိသည်။
ကလေးတစ်ယောက်က စက်ဘီးနဲ့ ရောက်လာတော့ ဘူးတွေ မှောက်မှာ စိုးလို့ သေချာ ချည်ပြီး ခြင်းထဲ ထည့်ပေးလိုက်သည်။
သူ့လက်ထဲကို သေချာရောက်ပြီး သူစားရပါစေလို့လည်း တစ်ခါတည်း ဒိုအာလုပ်ပေးလိုက်ရသည်။
မီနာ သက်ပြင်းချရင်း အိမ်ပေါ်ပြန်တက်လာချိန် ကျောင်းသား နှစ်ယောက်နဲ့ အိမ်ဘက် လျှောက်လာတဲ့ လူကို တွေ့မိတော့ ရင်တုန်သွားသည်။
အဘိုင်လေး…။
ဒီအိမ်ကိုပဲ ဦးတည်ပြီး လာနေတာ သိတော့ မီနာ တံခါးမြန်မြန်ပိတ်ပြီး လိုက်ကာပါ ချလိုက်ရသည်။
“အဘူလေး…အဘူလေးရေ…”
ကျောင်းသား တစ်ယောက်က အော်ခေါ်နေပေမဲ့လည်း မီနာ ထွက်မတွေ့ချင်ပါ..။
ပုံမှန်ဆို ငယ်သူငယ်ချင်း သံယောဇဉ်နဲ့ ပရ်ဒါ ခြားပြီး စကားပြောမိမှာ ဆိုပေမဲ့ သူမရှိတဲ့ အခြေအနေမှာ သူသံသယထားတဲ့ သူနဲ့ နှုတ်ဆက်စကားတောင် မပြောချင်လို့ မီနာ အသံမပေးပဲ ငြိမ်နေမိသည်။
“မရှိဘူးနဲ့ တူတယ်…လာ..လာ..နောက်မှ ပေးတာပေါ့…”
မီနာ သက်ပြင်းချလိုက်ရင်း မျက်ရည်လည်း ပြိုဆင်းလာပြန်သည်။
သူသာရှိရင် သူ တွေ့ချင်တဲ့လူကို လက်ဆွဲပြီးပြလိုက်မှာ..။
အဲဒါဆိုရင် သူက အဘိုင်လေး မုတ်ဆိတ်မျိုး ရအောင် ဘာမှ မပေါက်တဲ့ သူ့မုတ်ဆိတ်ကို ရိပ်နေဦးမှာ သေချာသည်။
မီနာ အလုပ်ပင်ပန်းတာနဲ့ စိတ်ပင်ပန်းပြီး ငိုရတာများပြီး ခုတင်ပေါ် လှဲအိပ်လိုက်မိသည်။
သူ့ခေါင်းအုံးကို ကျောပေးအိပ်နေပေမဲ့ ပထမဆုံး နီးကပ်သွားတဲ့ အီးဒ်ညက အဖြစ်ကို သတိရတော့ မျက်လုံး မှိတ်ထားပေမဲ့ မျက်ရည်တွေ ခေါင်းအုံးပေါ် လှိမ့်ဆင်းကုန်သည်။
မင်္ဂလာဦးနေ့မှာ တရားဝင် ဇနီးမယားက လိမ်ညာ ငြင်းဆန်ခဲ့တာ..။
လက်ကို နမ်းချင်လို့ ခွင့်တောင်းတာတောင် ရွံတယ်လို့ ပြောခဲ့တာ..။
လက်ထပ်ပြီး လပေါင်းများစွာအထိ မီနာ မျက်လုံးကို ကြည့်ပြီး သူ့မှာ အလိုလိုက်ပေးခဲ့ရတာ..။
နီးကပ်လာတိုင်း ထွက်ပြေးမိတာ ကို သူ့မှာ အပြစ်မတင်တဲ့အပြင် ရန်စရင်း ပျော်နေတာ..။
တခြားသူသာဆို ဘယ်လက်ခံနိုင်ပါ့မလဲ..။
အီးဒ်ညတုန်းက အဖက်ခံလိုက်ရပြီး ပခုံးပေါ် စွဲထင်နေတဲ့ ရေမွှေးနံ့က အခုချိန်ထိ အနားမှာ ရစ်သိုင်းနေသလိုပါပဲ..။
မီနာ မျက်ရည်ကျရင်း သူ့ခေါင်းအုံးကို ဆွဲယူ၍ တင်းကြပ်အောင် ပွေ့ဖက်ထားမိသည်။
ဟိုတစ်ယောက် မရှိတော့ ပဝါဝတ်ထားတောင် မလုံခြုံဘူး..။
သုံးနှစ်လုံး ကိုယ်မသိပါပဲ သူ စောင့်ကြည့် ကာကွယ်ပေးနေတာ မသိခဲ့ပေမဲ့..။
သူနဲ့ရှိနေတဲ့ အချိန်တို‌မှာ လုံခြုံမှုကို ခံစားခဲ့ရပါသည်။
သူ အနားမှာ မရှိတော့ မှ သူ့တန်ဖိုးကို သိခဲ့ရသူမို့ အရှင်ခွင့်လွှတ်ပါစေ..။
05170752




ချစ်မျက်၀န်းحيث تعيش القصص. اكتشف الآن