EP 13 Uni

34 3 0
                                    

13

EP 13

05171151
“ဟိုတစ်ယောက်…”
“လာပါပြီ..ဒီတစ်ယောက်..”
မီနာ တစ်ချက်ပြုံးမိပြီး အခန်းထဲ ပြန်ဝင်ခဲ့လိုက်သည်။
မနက်ပိုင်း အိမ်မှာ ဧည့်သည်လာတာ များတော့ သူက အပါနဲ့ကူပြီး ဧည့်သည်တွေကို စမိုင်တိုက်ရတာ ပျော်နေပုံပါပဲ..။
အတော်လေး တက်ကြွနေတော့ မီနာ လည်း သူ့အတွက် ဝမ်းသာပါသည်။
မီနာ့ သူငယ်ချင်းတွေ လာတော့မှာမို့ ဂါဝန်အသစ် လဲဝတ်ပြီး သူ့ကိုခေါ်ပြချင်ပေမဲ့လည်း ပွင့်လင်းစွာတော့ မပြောရဲပါ..။
“မီ့ကို ခေါင်းကြိုးချည်ပေးပါလား..မနက်ကလို လျော့နေမှာ စိုးလို့..”
မီနာ ဆံထုံးလှလှလေး ထုံးပြီး ခေါင်းစည်းတောင် မဝတ်ထားတာမို့ သူက ဆံပင်ကို ကြည့်ပြီး ပြုံးကာ ခေါင်းညိတ်ပြသည်။
သူငယ်ချင်းတွေလာရင် မျက်နှာ အုပ်စရာမလိုလို့ မိတ်ကပ်လည်း ပါးပါးလိမ်းထားမိတာ မလုံမလဲ ဖြစ်ရသည်။
“မီနာ က ချစ်ဖို့ကောင်းလိုက်တာနော်…”
“ရန်စပြန်ပြီ..”
ဒီတစ်ခါတော့ စိတ်ထဲက စကားက အလိုလို ထွက်သွားတာမို့ သူက ခေါင်းစည်းပုဝါကို ကိုင်ထားရင်း အံသြသလို ကြည့်သည်။
မီနာ နှုတ်ခမ်းစူထားမိတာကို နည်းနည်း ပြန်ပြင်လိုက်ရသည်။
“ကျွန်တော် ရန်စတာ မဟုတ်ပါဘူး..တကယ် ချစ်ဖို့ကောင်းနေလို့ ပြောတာပါ…မီနာ က ကျစ်ဆံမြီးပဲ ကျစ်ထားတာ များတယ်လေ…ခုလို ဆံပင်ထုံးထားတော့ အရမ်းလှတယ်..မီနာ့ ဆံပင်တွေကို ချစ်တယ်…ဖြစ်နိုင်ရင် နမ်းကြည့်ချင်တယ်…”
မီနာ မျက်လွှာချထားလိုက်ရတာမို့ သူက အနားရောက်လာချိန် စိတ်ထဲတော့ တုန်လှုပ်ကြောက်လန့်နေရသည့် အဖြစ်..။
သူက ဘာမှ မလုပ်ပဲ ပုဝါစကို ခေါင်းပေါ်တင်တော့မှ စိတ်သက်သာသွားရသည်။
“ဆံပင်ပွသွားမလား မသိဘူး..”
“ရတယ်…”
မီနာ ပြောလိုက်တော့ ခေါင်းပေါ် ကနေ ပဝါ ဝတ်ချပေးပြီး အနောက်က ကြိုးကို သေချာ ချည်ပေးနေသည်။
“ဟူရ်က မိတ်ကပ်လိမ်းထားတော့ ကျွန်တော် သေတော့မှာပဲ..”
မှန်ထဲက တစ်ချက်ကြည့်ပြီး ရန်စပြန်လို့ မျက်ခုံးတွန့်ကာ ခေါင်းငုံ့လိုက်ရသည်။
မျက်နှာအုပ် တစ်လွှာကို မျက်နှာရှေ့မှာ ချပေးပြီး မျက်လုံး အောက်နားထိ ရောက်အောင် ဆွဲတင်ပေးပြန်သည်။
“ဟိုတစ်ယောက်လည်း ပူရင် အဝတ်လဲလေ…ရှပ်အကျီၤ အဖြူဝတ်ပေါ့…”
“ဆင်တူ ဖြစ်အောင်လား..”
“မဟုတ်ပါဘူး..”
မီနာ မျက်ခုံးတွန့်ကာ ငြင်းလိုက်ရသော်လည်း သူက ရယ်နေလို့ မကျေနပ်ပဲ မျက်နှာပါ လွဲပစ်လိုက်ရကာ အခန်းပြင် ထွက်ခဲ့လိုက်သည်။
နေ့ခင်းပိုင်း ကိုယ့်အသိ သူငယ်ချင်းတွေ ပဲ လာမှာမို့ မီနာ မီးဖိုခန်း မှာ ပြင်ဆင်ထားလိုက်သည်။
ပုံမှန်ဆို အိမ်ရှေ့မှာပဲ ဆိုပေမဲ့ ခုက အပါ့ဧည့်သည်တွေ မပြတ်တော့ နောက်ခန်းမှာပဲ ဧည့်ခံရတော့မည်လေ.။
“မီနာ.ဒီမှာနော်…”
ရှပ်အကျီ ၤ ဆင်စွယ်ရောင် ဝတ်ထားပြီး သူ့အကျီ ၤကို ကိုင်ဆွဲပြတော့ မီနာ မျက်လွှာ ပြန်ချထားလိုက်ကာ လုပ်လက်စကိုပဲ ပြန်လုပ်နေလိုက်သည်။
အိမ်ရှေ့ခန်းကို ထွက်သွားတော့မှ နှာခေါင်းရှုံ့မိပေမဲ့လည်း အရောင်တူတာ တကယ်ရှာဝတ်ထားတာ တွေးမိပြန်တော့ပြုံးမိသွားပြန်သည်။
မီနာ့ သူငယ်ချင်းတွေ ရောက်လာတော့ လိုက်ကာ ချလိုက်ပြီး စကားပြောရင်း ဧည့်ခံရတော့သည်။
မျက်နှာ အုပ် မလိုပေမဲ့လည်း မုန့်ပန်းကန် ထယူတဲ့အခါ ပုဝါက ပြန်ချရပြန်သည်။
“မီနာ လိုက်ကာ နောက်ကနေ ပြောလိုက်လေ…ကျွန်တော် လာပို့ပေးမယ်…”
“အင်း…နှစ်ပန်းကန် ယူလာပေးပါနော်…မီ..ဒီမှာ စောင့်နေမယ်..”
သူက လိုက်ကာ နားမှာ ရပ်ပြီး အိမ်ရှေ့ကော အိမ်နောက်ကော ကူနေရတာ အားနာသော်လည်း တစ်နှစ်တစ်ခါ ဆုံရတဲ့ သူငယ်ချင်း ညီအစ်မတွေမို့ အနားမှာ ရှိနေချင်သည်။
အိမ်ရှေ့ခန်းကို ထွက်စရာမလိုတော့ပဲ သူယူလာပေးတဲ့ ပန်းကန်‌တွေကို ယူကာ သူငယ်ချင်းတွေကို ကျွေးလိုက်သည်။
“အိုမာဘိုင်..ရပြီနော်..ပန်းကန်က မလိုတော့ဘူး..”
သူငယ်ချင်း အပေါင်းအသင်းတွေ ရှေ့မှာ ဟိုတစ်ယောက် ခေါ်လို့ မကောင်းတော့ ခေါ်လိုက်ရပေမဲ့လည်း ရန်စဦးမှာ သိနေတော့ ခက်ပါသည်။
“မီနာ..နင့်ဂါဝန်က နင်ချုပ်တာလား..ကျောက်ဘယ်မှာကပ်တာလဲ…ဆိုဖီတို့ဆီမှာပဲလား..”
“မဟုတ်ဘူး..အိမ်မှာပဲ ကပ်တာ..”
“ညီနေတာပဲ..နင်ကပ်တာတောင် ဟုတ်ရဲ့လား..”
“ဒီမှာလေ..”
မီနာ မကျေနပ်လို့ ခေါင်းကို နောက်လှည့်ပြကာ နောက်ပုဝါမှာ ကပ်ထားတဲ့ ပန်းကိုပါ ပြလိုက်ရသည်။
“ဟုတ်တယ်ဟ…သူကပ်တာ..ပန်းက စောင်းနေတယ် တွေ့လား..ဟီး..”
“နင်တို့ကလေ…အကောင်းကို မပြောဘူး…”
“ဂါဝန်ကတော့ ညီပါတယ်…လှတယ်..လှတယ်…”
သူငယ်ချင်းတွေက အကျီ ၤ ချုပ်ပုံထက် ဂါဝန်အနားက ကျောက်တွေကိုသာ စိတ်ရောက်နေတော့ ကျေနပ်သလို မကျေနပ်သလို ဖြစ်မိသည်။
ကိုယ်သာ ကပ်ရင် ဒီလို မလှဘူးဆိုတာ သူတို့မပြောလည်း သိပြီးသားပါ..။
“မီနာ..နင့်ယောက်ျားကို မနက်က တွေ့လိုက်တာ..လူတောင် မှားတယ်နော်…မာရှာလာ တော်တော် နူရ်ရှိသွားတယ်..”
“ရမဇာန်မှာ တော်တော် မောင်းလိုက်ပုံပဲ…ကိုဂျပန်ကြီး ဂျပန် ပြန်ပြေးဦးမယ်နော်…”
“မဟုတ်ပါဘူး..နင့်ကလေးကော..ဘာလို့ မခေါ်လာလဲ..”
မီနာ နေရခက်လို့ စကားပြောင်းပေးလိုက်မိသည်။
“အမလေး..အပျိုလုပ်နေပါတယ်ဆို…ဘယ်က ကလေး လာမေးနေတာလဲ…”
“မသိပါဘူးဟယ်..နင်က ဘယ်အချိန် ကြည့်ကြည့်လှပြီးသားပါ…”
“ဒါနဲ့ သူက ဒီမှာ ဆွေမျိုးမရှိဘူးနော်…ရန်ကုန်မှာတော့သူ့အဒေါ်ရှိတယ်မလား…သွားမလည်ဘူးလား..”
မီနာ အပြုံးတစ်ခုနဲ့ ခေါင်းရမ်းလိုက်ရသည်။
သူ့ဆွေမျိုးတွေကိုလည်း မသိသလို သူ့ကိုတောင် ရင်းနှီးသေးတာ မဟုတ်ပါဘူး..။
“နှစ်ယောက်စလုံး  လှတော့ ကလေးမွေးလာရင် တော်တော် ချောမှာ..”
“ဟုတ်တယ်..ဟုတ်တယ်..”
“အရှင့် အလိုတော် အတိုင်းပေါ့..နင်ကော..ကျောင်းမှာ အဆင်ပြေလား…”
မီနာ ရှက်ရွံ့စွာဖြင့် စကားဖြတ်လိုက်ကာ တခြား အကြောင်းတွေပဲ ပြောလိုက်ရတော့သည်။
“ပြေပါတယ်ဟာ…ပြေပေမဲ့ အိမ်ကို လွမ်းတယ်ဟ..အမား တစ်ယောက်တည်းဆိုတော့ စိတ်လည်း မချဘူး..ဟိုမှာ ကလည်း ဆရာမက ငါ မရှိရင် မဖြစ်ဘူးဆိုလို့..”
“အင်းနော်..မာမီ က အရင်ထက်စာရင် သက်သာတယ်မလား..”
“သက်သာပါတယ်…ကားနဲ့ခရီးထွက်လို့မရလို့…”
“အင်ရှာလာ ကောင်းသွားမှာပါ..”
သူငယ်ချင်းတွေက စကားပြော နှုတ်ဆက် ပြန်သွားတော့ မီနာ စိတ်မော လူမောဖြင့် ကျန်ခဲ့ရသည်။
လူတွနဲ့ စကားမပြောတဲ့ တစ်လလုံး ဂိုနဟ်နည်းနေသလိုပါပဲ..။
ခုကျတော့ တစ်ယောက်ပြန်သွားရင် အဲ့တစ်ယောက်က ယောက်ျားနဲ့ ကွဲသွားပြီ ကလေးကို ယောက်ျားဘက်က ယူသွားတယ်ဆိုတဲ့ အကြောင်း သိရသည်။
နောက်တစ်ယောက် ပြန်သွားတော့ ကျောင်းဆရာမ လုပ်နေပေမဲ့ အဆင်မပြေတဲ့ အကြောင်း အိမ်ပေါင်ထားတယ်ဆိုတဲ့ အကြောင်း သိရပြန်သည်။
နောက်တစ်ယောက် ပြန်သွားတော့ သူဌေးနဲ့ အိမ်ထောင်ကျပြီး ကပ်စေးနှဲဖြစ်နေလို့ ဒုက္ခရောက်နေတဲ့ အကြောင်းပြောကြပြန်သည်။
နောက်တစ်ယောက် ပြန်သွားတော့ သူ့ယောက်ျားက ရန်ဖြစ်ရင်း ထိုးကြိတ်တာ အိမ်ပေါ်က ဆင်းလာသေးတယ်ဆိုတဲ့အကြောင်း ပြောပြပြန်သည်။
ကိုယ်က မမေး မပြောပေမဲ့ စကားလွဲလို့မရလို့ သူတို့ ပြောသမျှ နားထောင်ပေးနေရတာကလည်း အပြစ်ဖြစ်မှာပါပဲ..။
သူငယ်ချင်း အကုန်လည်း ပြန်သွားကော မီနာ သက်ပြင်းသာ ချရတော့သည်။
မီနာ ပန်းကန်တွေ သိမ်းနေချိန် အနားကို လက်ရောက်လာပြီး ပန်းကန်တွေ ဆွဲယူသွားလို့ သူ့ကို မော့ကြည့်မိသည်။
“ဘာဖြစ်လို့လဲ မီနာ..”
သူက မီနာ့ မျက်နှာကို သေချာကြည့်ပြီး မေးတော့ မျက်လွှာချပြီး သက်ပြင်းလည်း ချလိုက်မိသည်။
“မီ တော့ တစ်လလုံး လုပ်ထားတဲ့ ကုသိုလ်တွေ ကုန်ပြီ ထင်ပါတယ်..ဟိုတစ်ယောက်ရယ်…”
“ဟင်..ဘာလို့လဲ…”
“လူတွေ…လူတွေ အကြောင်းတွေ ကြားရတာ…အတင်းတွေချည်းပဲ..မပြောနဲ့လို့ ပြောလို့လည်း မကောင်းဘူး..တစ်နှစ်တစ်ခါ တွေ့ရတဲ့ ငယ်သူငယ်ချင်းတွေလေ..နားမထောင်လို့လည်း မရဘူး..ပြောကြတော့လည်း သူများ အကြောင်းချည်းပဲ…အကုန် ကုန်ပါပြီ…”
“အဟင်း..မီနာ က ချစ်ဖို့ကောင်းလိုက်တာ..မီနာက အပြစ်မရပါဘူး..”
မီနာ စိတ်မောစွာဖြင့် ပြောလိုက်မိပေမဲ့လည်း သူ့ဆီက စကားကြောင့် မျက်မှောင်ကြုတ်မိသွားသည်။
“ဟုတ်တယ်လေ..သူတို့ပြောတာ နားထောင်ပေမဲ့လည်း ပြောစေချင်တာမှ မဟုတ်တာ…နောက်ပြီး မိနာက တခြားသူတွေကို ပြန်ပြောတာမှ မဟုတ်တာ…”
“အင်း..ဟုတ်တယ်နော်…ဟူး…သြော်..ထမင်းမချက်ရသေးဘူး.မီ မေ့နေတာ…ဟိုတစ်ယောက် ဘာဟင်းစားချင်လဲ..မီ စိတ်ပြောင်းသွားအောင် ဟင်းချက်လိုက်မယ်..”
“မနေ့က ကျန်တဲ့ ကြက်သားဟင်းနဲ့စားမယ်လေ..အပါတော့ ဘာစားမလဲမသိဘူး..ထမင်းလည်း မီးလာလို့ ပေါင်းအိုးနဲ့ ချက်လိုက်မယ်..ပင်ပန်းသွားပြီမလား…ငြိမ်ငြိမ်ပဲနေ..”
မီနာ့ မျက်နှာကို ယပ်တောင် ခပ်ပေးပြီး ပြောတော့ မျက်လုံးမှိတ်မိကာ ပြုံးမိသွားသည်။
သူက ထမင်းအိုး တကယ်တည်တော့ မီနာ ဧည့်သည်တွေ စားသွားတာကို သန့်ရှင်းရေးလုပ် ဆေးကြောလိုက်ရသည်။
မနှစ်က ပေါက်ကရ ပြောတက်တဲ့ ဆိုဖီ အနားမှာ ရှိနေတော့ စကားများလိုက် အလုပ်လုပ်လိုက်နဲ့ အတင်းတောင် ကြာကြာ နားမထောင်လိုက်ရပါဘူး..။
ဆိုဖီမ စိတ်ဆိုးသွားတာလား မသိဘူး..။
ထမင်းစားချိန် မလာရင်တော့ ဖုန်းဆက်ပြီး ခေါ်ရဦးမှာပဲ..။
ဟိုတစ်ယောက် နေ့ခင်း ဗလီ သွားချိန်မှပဲ ခေါ်လိုက်တော့မယ်..။
မဟုတ်ရင် ဆိုဖီမ ရန်စလို့ အီးဒ်နေ့ကြီး ရန်ပွဲဖြစ်နေရဦးမည်။
သူက ဆိုဖီပြောသလို တကယ်ချောတာလား..။
ဒီနေ့ သူ့ကို လူတွေ တော်တော် စိတ်ဝင်စားနေတာပဲ..။
ဆိုဖီ ပြောတုန်းက ရန်စတယ် ထင်ပေမဲ့ ဒီနေ့ အဒေါ်တွေ သူငယ်ချင်းတွေ တီးတိုးပြောကြတော့ မီနာ တစ်ခါမှ သေချာ မကြည့်ရဲသည့် မျက်နှာကို ခိုးကြည့်မိပြန်သည်။
ဦးထုပ်ကတော့ ဒီနေ့ ချွတ်ဖို့ အစီအစဉ် မရှိဘူးထင်ပါတယ်.။
ရေကပြင်မှာ ဆောင့်ကြောင့်ထိုင်ပြီး ဆန်ရေဆေးနေတဲ့ သူ့အနားကို ရောက်သွားတော့ ဆန်ရေဖြူဖြူထဲမှာ လက်က ဒန်းပုံက ထင်းနေတော့ မီနာ ကျေနပ်မိသည်။
သူ့မျက်နှာကို အပေါ်စီးက ခိုးကြည့်ရင်တော့ ကြည့်ရဲသားပဲလေ..။
ခုချိန် ကာခြယ်ဆွဲထားတဲ့ မျက်လုံးစူးရှရှတွေနဲ့ ဆုံလိုက်ရင်တော့ သတိလစ်သွားမလား မသိပါဘူး..။
ဦးထုပ်ဝတ်ထားတဲ့ နဖူးစပ်မှာ ချွေးတွေ သီနေလို့ မီးဖိုခန်းကို အမြန်ဝင်ကာ ယပ်တောင်ကို ယူခဲ့လိုက်သည်။
သူ့ဘေးကနေ ယပ်တောင် ခပ်ပေးလိုက်တော့ ဆန်ရေသွန်နေရင်းက မော့ကြည့်သည်။
“ရမဇာန်တုန်းက အကြွေးကျန်နေသေးတယ်..”
“အဟွင်း…မပူပါဘူး..မီနာရဲ့…”
“မပူဘူးသာဆိုတယ်..နဖူးမှာ ချွေးတွေနဲ့..”
“ဆံပင်ပူလို့ပါ…”
“ဦးထုပ် ချွတ်တော့လေ…”
“လူတွေက ကျွန်တော်ကို တွဲမမြင်ကြလို့ သိသာအောင် ဝတ်ထားတာ…”
“မီ က တွဲမြင်တယ်လေ…ခု မီပဲ ရှိတာကိုပဲ..”
မီနာ ပြောလည်း ပြော ဦးထုပ်လည်း ချွတ်ပေးလိုက်တော့ သူက ရယ်နေလို့ မီနာ အပေါ်စီးက ငေးကြည့်ရင်း ပြုံးမိသွားသည်။
“ဟိုတစ်ယောက် သူငယ်ချင်းတွေ ဆီ သွားမလည် ဘူးလား..”
“သူတို့က ခေါ်ထားတယ်…ကျွန်တော်က မသွားချင်တာ…”
“ဘာလို့လဲ…”
“မီနာ့ ဘိုင်လေး က ဘယ်လို ပုံစံလည်း ဆိုတာ တွေ့ဖူးချင်လို့…”
“ဟမ်…”
မီနာ အံသြလွန်းလို့ မျက်လုံးပြူးသွားရပေမဲ့ သူက လက်ခုပ်ထဲ ရောက်ကုန်တဲ့ ဆန်တွေကို အိုးထဲ ပြန်ပစ်ထည့်လိုက်သည်။
“ဆရာကြီးသား အငယ်ကောင်လေ..”
“သူက နိုင်ငံခြားမှာ ကျောင်းတက်နေတာလေ…ဘယ်လာမလဲ…”
“ဘယ်ပြောလို့ရမလဲ…အီးဒ်ဆိုတော့ လာချင်လာမှာပေါ့…”
“ဟိုတစ်ယောက်က သူ့ကို ဘာလို့ တွေ့ချင်နေတာလဲ..”
“မီနာ သဘောကျတာ ဘယ်လို ပုံစံလဲ သေချာတွေ့ချင်တာ…ကျွန်တော် ပြောင်းလို့ရရင် သူ့ပုံစံ ဖြစ်အောင် ပြောင်းမလို့…”
“အိုး..မီ သဘောကျတာမဟုတ်ပါဘူး..အဲဒါ ဆိုဖီ လျှောက်ပြောတာ…”
“သဘောမကျရင် တခြားသူတွေကို ငြင်းခဲ့ပြီး ဘာလို့ သူ့ကို လက်ခံခဲ့လဲ…ရေ က ဘယ်လောက် ထည့်ရမှာလဲ…”
သူပဲ မေးခွန်းမေးပြီး ထမင်းအိုးလည်း မီနာ့ လက်ထဲကို  ထိုးပေးတော့ ပြောလက်စ ရပ်လိုက်ရကာ ရေခွက်ချိန် ထည့်ပေးလိုက်ရသည်။
သူက ထမင်းအိုးကို ရေသုတ်ပြီး အိမ်ပေါ်ယူသွားတော့ မီနာ မကျေနပ်လို့ လိုက်သွားရတော့သည်။
“ဟိုတစ်ယောက် ဘယ်လဲ…”
ထမင်း ပေါင်းအိုးကို ခလုတ်နှိပ်ပြီး ခြေလှမ်းကြဲနဲ့ ရှေ့ခန်းသွားတော့ အသံကျယ်ကျယ်ပဲ လှမ်းခေါ်ပစ်လိုက်သည်။
“ဟင်..ရှေ့ခန်းမှာ သိမ်းမလို့…”
“စကားပြောနေတာ မပြီးသေးဘူး..”
“ကျွန်တော်ကတော့ ပြောစရာ မရှိတော့ဘူး..”
“မီ့ကို စွပ်စွဲပြီး ထွက်မပြေးနဲ့ ပြန်လာခဲ့…”
“……..”
မီနာ ပြောပြီး သူ့ကို မစောင့်ပဲ ရေကပြင်အထိ ဆင်းလာခဲ့လိုက်သည်။
သူလည်း ရေကပြင်ရောက်လာတော့မှ မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်မိတော့ ရုပ်က ပြုံးစေ့စေ့ နဲ့ မျက်နှာလွဲသွားပြန်သည်။
သူက ရန်စတယ်ဆိုရင်တောင် မီနာ လုံး၀ မကျေနပ်နိုင်ပါ..။
“ဟိုတစ်ယောက် အမြဲ အဲလို တွေးနေတာ မီ့သိက္ခာကို ထိခိုက်တယ်…ဆိုဖီ က အရမ်းစတက်တာ…သူပြောတာ မဟုတ်ဘူး.”
“မှန်တဲ့ဟာလည်း မှန်ပါတယ်…ဥပမာ…မီနာက ကျွန်တော်နဲ့ မီနာ့ ဘိုင်လေး ကို မှားပြီး လက်ခံလိုက်တာ…ကျွန်တော်မှန်း သိတော့ မလိုချင်လို့ ငိုတာက အမှန်ပဲ မဟုတ်ဘူးလား..”
“အဲဒါတော့ ဟုတ်တယ်လေ…”
“အဲဒါကြောင့်…ကျွန်တော် ပြောစရာ မရှိဘူး ပြောတာပေါ့…”
သူက နှုတ်ခမ်းတွန့်ပြုံးပြီး ရေကပြင်ကနေ မီးဖိုခန်းကို ပြန်တက်ဖို့ ခြေလှမ်းပြင်တော့ သူ့လက်ကို ဆွဲလှည့် ပစ်လိုက်မိသည်။
သူက အံသြသလို ကြည့်ပေမဲ့ မီနာ အမြဲကြောက်နေခဲ့တဲ့ သူ့မျက်ဝန်းတွေကို တည့်တည့်ကြည့်ပစ်လိုက်သည်။
“ဟိုတစ်ယောက် ပြောတာ..မှန်တယ်..ဒါပေမဲ့ မှန်တဲ့အကြောင်းအရင်းကိုလည်း တစ်ခါတည်း နားထောင်သွားဦး..မီ က မိန်းကလေး..နောက်ပြီး ဘာသာရေး ဆရာမ…မီ့မှာ ရည်းစားထားခွင့်မရှိဘူး..ချစ်သူ ထားခွင့်မရှိဘူး..မီ့မျက်နှာကို သူစိမ်းယောက်ျားကို ပြခွင့်မရှိဘူး..မီ့ သက်တမ်း တစ်လျှောက်လုံး ဆွေမျိုး မောင်နှမကလွဲလို့ ဘယ်သူစိမ်းယောက်ျားနဲ့မှ မရင်းနှီးခဲ့ဖူးဘူး..မီ့ကို လိုချင်ပါတယ်ဆိုပြီး လာကမ်းလှမ်းသမျှ ယောက်ျားတွေ အကြောင်းလည်း မီ ဘာမှ သိခွင့်ရှိတာ မဟုတ်ဘူး…ဒီလူ လူကောင်းလား လူဆိုးလား ဆိုတာတောင် မီ သိရတာ မဟုတ်ဘူး..တစ်ခုလပ်…မုဆိုးဖို..လူပျို နေရာစုံက လူတွေ လာကြတယ်..ပြောကြတယ်..မီ ငြင်းခဲ့တယ်…ဘာလို့ဆို သူတို့ က မီ မသိတဲ့ လူတွေ သူတို့ နောက်ကွယ်မှာ ဖြစ်နေမဲ့ ကြောက်စရာ မျက်နှာဖုံးတွေကို တွေးကြောက်ခဲ့လို့ပဲ…မီ က မိန်းကလေး ရွေးချယ်ပြီးရင် ဖြစ်သမျှ လက်ခံရတော့မှာ သိနေလို့ သူစိမ်းတွေ အကြောင်း သေချာ မသိရပဲ လက်မခံရဲခဲ့တာ…မီ့ ပတ်ဝန်းကျင်မှာ အိမ်ထောင်ရေး ပြဿနာ ဖြစ်နေတဲ့ သူငယ်ချင်းတွေမှ အများကြီးပဲ…သူတို့ ဒုက္ခတွေကို ကြည့်ပြီး မီ ကြောက်တယ်..မီ့ နှလုံးသားက ဘယ်သူ့ကိုမှ မချစ်ခဲ့ပေမဲ့ ခင်ပွန်းဖြစ်လာတဲ့သူကိုတော့ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် ချစ်ခင်လေးစားရမှာပဲလေ… မကောင်းတဲ့ လူတစ်ယောက်ကို မီက ချစ်ခင်ပေးရမှာကို မီ တွေးကြောက်တာ မှားလား..အဲဒါကြောင့် ရပ်ဝေးက ကိုယ်မသိတဲ့ သူစိမ်းတွေ လာကမ်းလှမ်းသမျှကို ငြင်းခဲ့တယ်…ဒါပေမဲ့ မနှစ်က အစ်မ တစ်ဝမ်းကွဲရဲ့ ယောက်ျား က ကမ်းလှမ်းလာတယ်..အစ်မနဲ့ရတဲ့ ကလေး နှစ်ယောက်လည်း ရှိတယ်..အစ်မ ဆုံးသွားတာလည်း လပိုင်းပဲရှိသေးတယ်..ဆွေမျိုးတွေ ဖြစ်ဖူးသလို အကြောင်းသိတွေမို့ လူကြီးတွေက ကောင်းတယ် သင့်တော်တယ် ပြောပေမဲ့ မီ မယူချင်ဘူး…သူ့ယောက်ျားကို အစ်မ ဘယ်လောက် ချစ်လဲ ဆိုတာ မီသိတယ်…မီယူပြီးရင် သူ့ကလေးတွေ မျက်နှာကိုတောင် ကြည့်ဝံ့မယ် မထင်ဘူး..အဲဒါကြောင့် အပါ က သဘောတူတယ်ဆိုတာတောင် မီ ငိုပြီး ငြင်းခဲ့ရတယ်…ဆွေမျိုးတွေကလည်း တစ်ဖက်က အရမ်းတောင်းဆိုနေတာကို အားနာပြီး ယူစေချင်နေကြတာ… သင့်တော်ပါတယ် လက်ခံလိုက်ပါ ဆိုပြီး အမျိုးမျိုး နားချကြတယ်…အဲ့အချိန် ဆရာကြီးက သူ့သားနဲ့ ကမ်းလှမ်းလာတယ်ပြောတယ်…ဆရာကြီး သားသုံးယောက်စလုံးက မီနဲ့ကျောင်းနေဘက် ဆော့ဘက်တွေပဲ…ကြီးတော့မှ သူစိမ်းလို နေကြတာ ဆိုပေမဲ့ အကျင့်ဗီဇ စိတ်နေသဘောထားကို သိပြီးသားမို့ အစ်မယောက်ျားနဲ့ လက်မထပ်ချင်လို့ ဘာမှ မစဉ်းစားပဲ ချက်ချင်း လက်ခံလိုက်ရတာ…လက်ခံပြီးကာမှ ကိုယ်လုံး၀ မသိတဲ့ သူစိမ်းဖြစ်နေတဲ့အပြင်..ရပ်ကွက်ထဲက လူဆိုးတွေရဲ့ သူငယ်ချင်း ဖြစ်နေတာ ဆိုတော့ မီ ကြောက်မိတာ မှားလား..မီ ငိုမိတာ မှားလား…”
“မှားတာပေါ့..”
မီနာ စိတ်မကောင်းဖြစ်ကာ အသံတုန်အက်ပြီး မျက်ရည်ဝဲကာ မေးမိပေမဲ့ သူက မှားတယ်ဆိုတော့ မျက်လုံးပင် ပြူးမိသွားသည်။
ဒီလူကို ဘယ်လိုများ ရှင်းပြရတော့မှာလဲ..။
ကိုယ့်ဘက်က အမှန်တရားကို ပြောပြပြီးပြီမို့ မီနာ မျက်နှာလွဲပစ်လိုက်သည်။
“မီနာ့ကို ကျွန်တော် ခိုးကြည့်ရတာ သုံးနှစ်တောင်လေ…တစ်ချက်တောင် ကြည့်ခဲ့ဖူးလား…တစ်ချက်တောင် သတိထားခဲ့ဖူးလား..သုံးနှစ် ခိုးကြည့် မြတ်နိုးနေရတဲ့ ကောင်ကို  လက်ထပ်ရတာတောင် ကြောက်တယ်ဆိုပြီး ငိုနေတော့ တရားလား..”
“အိုး…အဲဒါ ဟိုတစ်ယောက် သိတာလေ..မီ ကမှ ဟိုတစ်ယောက်ကို မသိတာ…”
မီနာ စိတ်မကောင်းဖြစ်‌နေတာတောင် ပျောက်သွားပြီး စိတ်ကူးယဉ်လွန်းတဲ့ သူ့ကို ရန်တွေ့မိတော့သည်။
“အဲဒါ ပြောတာပေါ့…အဘိုင်လေး ဆိုတဲ့ လူက မီနာ့ကို သုံးနှစ် မပြောနဲ့ သုံးစက္ကန့်တောင်  ခိုးကြည့်ဖူးလား..ဟွန့်…စိတ်တောင် ဝင်စားမှာ မဟုတ်ဘူး..မီနာ ကသာ ဘိုင်လေးက လူကောင်းဆိုပြီး အထင်တွေ ဇွတ်ကြီးနေတာ..ကဲ..ဆရာကြီးသားမို့ လူကောင်းပဲထားပေါ့…တကယ်ပေးစားလို့ ယူလိုက်ပြီပဲထား..မီနာ့ကို ကျွန်တော်ချစ်သလို ချစ်ပေးမယ်ထင်လား..ကျွန်တော့်လို ကြင်နာပေးမယ် ထင်လား…ကမ္ဘာလောက တစ်ခုလုံးမှာ မီနာ့ကို ကျွန်တော် ချစ်သလို ဘယ်သူမှ မချစ်ပေးနိုင်ဘူး..”
“အပို..”
မီနာ နှာခေါင်းရှုံ့ပြီး ခပ်တိုးတိုး ပြောပစ်လိုက်တော့ ရှေ့ကိုတိုးလာလို့ လန့်ပြီး နောက်တွန့်သွားရသည်။
“အပို လို့ ပြောလိုက်သလားပဲ…”
“မဟုတ်လို့လား…”
မီနာ နှုတ်ခမ်းစူရင်း မျက်နှာလွဲကာ ပြောလိုက်တော့ ခေါင်းညိတ်နေပြန်သည်။
“ဟုတ်တာပေါ့…မချစ်တော့…ချစ်ရတဲ့သူရဲ့ ခံစားချက် ဘာမှန်း သိမှာတောင် မဟုတ်ဘူး…ဟုတ်တယ်..မီနာက ဘာသာရေးလေးစားပြီး  အိနြေ္ဒသိက္ခာရှိတဲ့ မိန်းကလေးမို့ ယောက်ျားတွေ သဘောကျရင် ကျမှာပဲ…ရုပ်လည်းချောတယ်..အသားဖြူ လှလှပပ ဆိုတော့ ယောက်ျားတွေ လိုချင်တာ သဘာဝပဲ… အဲ့ ကမ်းလှမ်းတဲ့ ကောင်တွေက  မီနာ့ရဲ့ အရေပြား တစ်ထောက်စာကို ချစ်ရင် ချစ်လိမ့်မယ်..ကျွန်တော့်လို မီနာ့ရဲ့ ဖြစ်တည်မှုကို အသည်းနှလုံးထဲက နစ်နစ်ကာကာနဲ့ မြတ်မြတ်နိုးနိုး ချစ်မယ် ထင်လား…ဟွန့်…ဝေးသေး…မင်္ဂလာဦးညကတည်းက ဗစ်စမစ်လ္လာနဲ့ ဝုန်းပစ်မဲ့ကောင်ချည်းပဲ…”
မီနာ မျက်လုံးပြူးပြီး မျက်နှာလွဲလိုက်ရပေမဲ့ မျက်နှာတစ်ခုလုံး ပူထူရှိန်းကာ ရင်တွေ အဆမတန် ခုန်ပေါက်နေသည်။
“အရှင်က သနားလို့ အရမ်းချစ်တက်တဲ့ အကောင်းဆုံး ယောက်ျား ပေးထားတာကို လူဆိုးထင်ပြီး ငိုတယ်ဆိုတာ…အရှင့် ကျေးဇူးကို စော်ကားနေတာပဲ…အရှင် စီမံတာကို မကျေနပ်ဘူးဆိုတဲ့ သဘောမျိုး… အရှင့်အမိန့်ကို ဆန့်ကျင်နေသလိုပဲ… ”
“ဟယ်…ဘာတွေ ပြောနေတာလဲ..ဘယ်တုန်းက ဘာပြောလို့လဲ…”
မီနာ့ အပြစ်က လူအချင်းချင်းကနေ အရှင့်ဆီအထိ ရောက်အောင် ပိုကြီးလာတော့ မရှက်နိုင်တော့ပဲ ရန်ပြန်တွေ့ရတော့သည်။
“အရမ်းချစ်တက်တဲ့ ဒီကောင်နဲ့ ဂျန္နသ်ထိ တူတူနေရပါစေဆိုပြီး ငိုငိုပြီး ဒိုအာလုပ်…”
“မလုပ်ဘူး..”
“မလုပ်ဦး..”
မီနာ‌ ခေါင်းကို ယပ်တောင်နဲ့ ပုတ်ပြီး မီးဖိုခန်းပေါ် တက်သွားတော့မှ မီနာ မျက်စောင်းထိုးပစ်လိုက်သည်။
ပြောသွားလိုက်တာ သူပဲ အကောင်းဆုံး။
သူ့ဦးထုပ်က ကိုယ့်လက်ထဲမှာ ကျန်နေခဲ့လို့ အနောက်က လိုက်သွားရတော့သည်။
အိမ်ရှေ့ခန်းမှာ ဧည့်သည်တွေ ရှိလို့ လိုက်ကာနားမှာ ရပ်နေတဲ့ ကိုအကြွားရဲ့ လက်မောင်းကို ဆွဲကာ သေးသေးလေး ဆိတ်ပစ်လိုက်သည်။
သူက လန့်ပြီးတွန့်သွားလို့ မီနာ ရယ်လိုက်မိချိန် လိုက်ကာမ ကြည့်တော့ မျက်လွှာချပြီး  ဦးထုပ်လှမ်းပေးလိုက်ရသည်။
မီးဖိုခန်းကို ပြန်ရောက်လာတော့ ဂျုံထုတ်ကို အကြည့်ရောက်သွားပြီး ဖက်ထုပ်လုပ်ချင်သွားသည်။
ဘူဘူကို ချာပါတီ ရောင်းစားလို့ ရန်စပေမဲ့ ကိုယ့်အဖြစ်က ရမဇာန် ပြီးသွားပြီး အီးဒ်နေ့မှာ တောင် ဖက်ရွက် လုပ်ချင်နေတာ..။
ဟွန့်..ဒီလိုသာဆို ဂျန္တွသ်မှာလည်း ဖက်ထုပ်လုပ်နေရတော့မှာပါပဲလို့ တွေးရင်း မီနာ တစ်ယောက်တည်း ခပ်တိုးတိုး ရယ်မိသည်။
.
“သမီး မနက်ဖြန် ရိုဇာထားမလို့လား..”
“ထားမယ်လေ…အပါ..”
“အိုမာဆီက ခွင့်တောင်းလိုက်ဦးနော်..သမီးတို့လည်း…နားတော့လေ…တနေကုန် ပင်ပန်းသွားပြီ…”
“ဂျီး..”
အပါ့ အတွက် အိပ်ရာပြင်ပေးပြီးတော့ မီနာ အိပ်ခန်းထဲကို ဝင်ခဲ့တော့ ဟိုတစ်ယောက် က ခုတင်ပေါ်မှာ ဖုန်းကြည့်နေသည်။
ပုံမှန်နေ့ဆို အခန်းထဲဝင်တာနဲ့ ခုတင်အစွန်း ဝင်အိပ်တာပါပဲ..။
မိုးလင်းရင်လည်း သူ့စောင်တွေ ခေါက်ပြီး ထွက်သွားတာ..။
ခုက မအိပ်ပဲ ဖုန်းထိုင်ကြည့်နေတော့ မနက်က ပြောထားတဲ့ စကားတွေ လုပ်ရပ်တွေကို သတိရမိပြီး နေရခက်ပါသည်။
“မီနာ အိပ်တော့မလို့လား..”
“အင်း..ဟိုတစ်ယောက်ကော…မအိပ်ဘူးလား..”
“အိပ်မယ်..မီနာ က ချစ်ဖို့ကောင်းလို့ကြည့်နေတာ…”
“ဟင်..”
မီနာ ရင်ထိတ်သွားကာ ခုတင်ပေါ်က စောင်ကို နေရာချရင်း ရပ်တန့်လိုက်မိသည်။
“ဒီမှာပါ…ဟို‌ကောင်တွေကို ပုံပို့ပေးတာတောင် ပိုတိုရှော့တဲ့…”
“ဟင်..မီ့ပုံတွေ ပြနေတာလား..”
“မဟုတ်ပါဘူး..မနက်တုန်းက ရေမွှေးစွပ်ပေးတုန်းက ပုံလေးရယ်…အဟွင်း..နောက်တစ်ပုံရယ်ပါ..”
နောက်တစ်ပုံဆိုတာကို မပွင့်တပွင့်ပြောပြီး ပြုံးနေတာ့ မီနာ မယုံလို့ မျက်ခုံးတွန့်သွားရသည်။
“နောက်တစ်ပုံက ဘာပုံလဲ…”
“ဒီပုံလေ…”
သူ့ဖုန်းထောင်ပြတော့ မီနာ သေချာ ကြည့်လိုက်မိတာ မီနာ က သူ့လက်ကို နမ်းနေပြီး သူက မီနာ့ခေါင်းကို နမ်းနေသည့် ဘေးတိုက်ပုံမို့ မျက်နှာပူသွားရသည်။
ဘယ်တုန်းက ဘယ်လို ရိုက်လိုက်တာပါလိမ့်..။
နောက်ပြီး အဲ့အချိန် သူနမ်းနေတာကို မသိလိုက်ပါဘူး..။
မီနာ အကြည့်လွဲလိုက်ပြီး စောင်ကို နေရာချလိုက်ကာ  မီးမှိတ်လိုက်သည်။
သူကလည်း ဖုန်းကို ပိတ်ပြီး သိမ်းလိုက်ကာ လှဲအိပ်တော့  ခုတင်ပေါ် ပြန်ထိုင်လိုက်ရပေမဲ့ ပြောဖို့ခက်ခဲနေသည်။
မီနာ စိတ်မသက်သာစွာဖြင့် နောက်ကို လှည့်ကြည့်လိုက်မိချိန် သူက ခေါင်းအောက်မှာ လက်နှစ်ဖက် ထည့်ထားပြီး ကိုယ့်ကို ကြည့်နေလို့ ရင်ခုန်သွားကာ မျက်နှာ ပြန်လွဲလိုက်ရပြန်သည်။
“ပုံပို့လို့ စိတ်ဆိုးသွားတာလား..မီနာ..”
“မဟုတ်ပါဘူး..”
“……”
မီနာ ဘယ်လိုပြောရမှန်း မသိလို့ ခေါင်းအုံးကိုသာ နေရာချလိုက်ရတော့သည်။
မဖြစ်သေးပါဘူး..ကဇာ အစား ဖြည့်ရမှာလေ..။
“ဟိုတစ်ယောက်..”
“ဟင်…”
မီနာ့ အသံက စိတ်မရှည်သလို ဖြစ်နေတာကြောင့် သူကလည်း အလန့်တကြား ပြန်ထူးလာသည်။
“ဟို….မီ…မနက်ဖြန် ရိုဇာထားချင်လို့…အဲဒါ ခွင့်ပြုပေး..”
“ဟင်…”
“……..”
သူ နားမလည်နိုင်လောက်ဘူး တွေးမိပေမဲ့ မီနာ ဘယ်လို ရှင်းပြရမှန်း မသိလို့ တိတ်ဆိတ်နေမိသည်။
“ဟို…ရမဇာန် ပြီးပြီမလား…နေတအားပူတော့ မီနာ ပင်ပန်းမှာပေါ့…”
“မပင်ပန်းပါဘူး..နောက်ပြီး ကဇာဖြည့်ရမှာတွေ…မီ ခုနှစ်ရက်ပျက်ထားတယ်…ခုနစ်ရက် ပြန်ထားဖို့ တာဝန်ရှိတယ်..”
“ခုနှစ်ရက်… ဘယ်တုန်းက ပျက်လို့လဲ..မီနာ နေ့တိုင်း ရိုဇာထားနေတာပဲလေ…”
မီနာ့မှာ ပြောရခက်ပြီး ရှက်နေလို့ကို သူက အစအဆုံး လိုက်မေးနေတော့ မကျေမနပ်ဖြင့် လှည့်ကြည့်မိသည်။
“ဟိုဇ် ဖြစ်လို့…”
“ဘယ်တုန်းကလည်း…”
“အိုး..ရမဇာန် နှစ်ဆယ်ဝန်းကျင်တုန်းက…တအားစပ်စုတာပဲ..မသိဘူး..မီ နက်ဖြန်ကစပြီး ရိုဇာထားမယ်..အဲဒါ ခွင့်ပြုပေး…”
မီနာ ‌ပြောပြီး တစ်ခါတည်း ကျောပေးကာ လှဲအိပ်ပစ်လိုက်တော့သည်။
“ခွင့်မပြုပါဘူး..မထားရဘူး..”
“ဟမ်..”
မီနာ မှာ အံသြလွန်းလို့ အိပ်နေရာက ပြန်ထထိုင်မိသည်။
စိတ်ထဲ မယုံနိုင်လို့ မျက်လုံးပြူးရင်း သူ့ဘက်လှည့်ကြည့်ပေမဲ့ ခေါင်းနောက် လက်ထားပြီး ပခုံးတောင် တွန့်ပြနေတာ သဘောလဲ..။
“ဘာလို့လဲ…”
“မီနာ ပင်ပန်းထားတယ်လေ…ကဇွာက ဘယ်အချိန် ပြန်ထားထား ရတယ်မလား…နဖလ်ကတော့ မထားပါနဲ့ တအားပူပြီး ပင်ပန်းတယ်…”
‘မပင်ပန်းပါဘူးဆို…”
“မီနာ မပင်ပန်းဘူးဆိုလည်း မထားရပါဘူး..ကျွန်တော် ခွင့်မပြုဘူး..”
မီနာ ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်ကာ တကယ်မထားရမှာ သေချာသွားတော့ မျက်ရည်က ဝေ့တက်လာသည်။
တစ်သက်လုံး ထားလာတဲ့ ရိုဇာကို ဒီနှစ်တော့ မထားရတော့ဘူး.။
မနက်ဖြန် မသေချာတဲ့ လောကကြီးမှာ ဒီတာဝန်တွေ ကျန်နေရင် ဘယ်လိုလုပ်မလဲ..။
သူက ကိုယ့်ကို စိတ်ပူလို့ မထားခိုင်းတာဆိုတော့ မီနာ သက်ပြင်းချကာ စိတ်ကို အရင်လျော့ရသည်။
“မီ မပင်ပန်းပါဘူး…ကျောင်းလည်း ပိတ်ထားတုန်းမို့ပါ…ဟိုတစ်ယောက် စိတ်ပူတာ သိပေမဲ့ အိမ်မှာပဲ နေရတာ မီ တကယ်မပင်ပန်းပါဘူး…နော်…တစ်ပတ်ဆိုတာ ခဏလေးပါ..နောက်ပြီး ရမဇာန် တစ်လတောင် ဖြတ်ကျော်လာခဲ့တာ…ရိုဇာနဲ့ အသားကျနေချိန် လုံး၀ မပင်ပန်းပါဘူး..ရမဇာန်တုန်းက အတိုင်းပဲလေ…”
“………..”
မျက်လုံးမှိတ် ခေါင်းရမ်းပြတော့ မီနာ စိတ်တိုပေမဲ့လည်း သူက အရေးပါနေတော့ မတက်နိုင်ပါ..။
“ဟို…မီ…ရမဇာန်အတိုင်းပဲ အေးအေးဆေးဆေး နေမှာပါ…ဟိုတစ်ယောက်ကိုလည်း ဖက်ထုပ်နဲ့ ထမင်းပေါင်း နေ့တိုင်း လုပ်ကျွေးမှာလေ…ပြီးတော့ ရမဇာန်တုန်းက ဟိုတစ်ယောက် စပ်ပြီး ရေငတ်မှာစိုးလို့ မလုပ်ကျွေးတာ..မာလာမောက်ချိုင် လည်း လုပ်တက်ပြီ…အဲဒါလည်း လုပ်ကျွေးမယ်လေ…”
သူ့ကို မုန့်တွေနဲ့ မြူစွယ်မိကာမှ တစ်ဖက်ကို မျက်နှာလွဲပြီး ရယ်နေလို့ မီနာ စိတ်ညစ်စွာဖြင့် မျက်ခုံးကြုံ့ထားမိသည်။
"ဟိုတစ်ယောက်…ထားမယ်လို့…နော်…"
မီနာ အလျော့မပေးပဲ ထပ်ပြောတော့လည်း လူကို မကြည့်ပဲ ခေါင်းရမ်းနေပြန်သည်။
“မီ့ဘက်က ရိုဇာ အကြောင်းပြပြီး ဘာတာဝန်မှ မလစ်ဟင်းစေရဘူး.ကတိပေးတယ်…ဟိုတစ်ယောက် စကားတိုင်းကို နားထောင်ပေးမယ်..နေခိုင်းသလိုပဲ နေပါ့မယ်..တကယ်ပြောတာ…”
“တကယ်လား..”
သူက ရုတ်တရက်ကြီး မီနာ့ဘက်ကို လှည့်ကြည့်တော့ မေ့ယောင်ပြီး ခေါင်းညိတ်ပြမိသည်။
“ဟင်…အင်း..တကယ်ပြောတာပါ…”
“မီနာ့ စကားကို သေချာ မှတ်မိပါတယ်နော်….”
“ဟင်…”
သူ့ဘက် က သေချာ မေးလာတော့ မီနာ စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားရသည်။
“စကားနားထောင်ပြီး နေခိုင်း သလို နေမယ်ဆိုတာလေ…”
“အင်း..”
“ဒါဆိုလည်း ကဇွာပြည့်အောင် ထားပေါ့…ခွင့်ပြုပါတယ်…”
“ကျေးဇူးတင်ပါတယ်…”
မီနာ ပျော်သွားကာ ပြုံးမိပြီး သူ့ကို ပြောလိုက်တော့ ခေါင်းတစ်ချက်ညိတ်ပြီး အိပ်နေရာက ထလာသည်။
မီနာ ကျောပေးပြီး ခေါင်းအုံးကို နေရာချနေချိန် အနောက်ကနေ သိုင်းဖက်ခံလိုက်ရတော့ ရင်ခုန် လန့်ဖြတ်ရင်း  မျက်လုံးပြူးသွားကာ အသက်တောင် မရှုဝံ့တော့ပါ..။
“ကျွန်တော့်အနားဘက် တိုးအိပ်ပေးနော်…”
“……….”
သူ့ဟာသူ ပြောပြီး သူ့ဟာသူ ဆွဲယူသွားတော့ မီနာ့ ကိုယ်လုံးက အရုပ်တစ်ရုပ်လိုပဲ သူ့ဆွဲသည့်နောက်ကို ပါသွားရသည်။
လူကို နောက်က ဖက်ပြီး ဆွဲလှဲလိုက်တော့ မထိန်းနိုင်ပဲ သူအိပ်ခိုင်းတဲ့ နေရာမှာ လှဲအိပ်မိပြီးသား ဖြစ်သွားကာ မီနာ ရင်ခုန်နှုန်းတွေ မြန်လွန်းလို့ ခေါင်းပင်မူးလာသည်။
သူက လက်တံရှည်တွေနဲ့ မီနာ့ ခေါင်းအုံးကို ယူပြီး ခေါင်းကို မြှောက်ကာ ခေါင်းအုံးထည့်ပေးသည်။
“ဒီလောက်ဆို ပူလား…ဖြစ်ရဲ့လား…မငိုရဘူးနော်…မီနာ ကတိ‌ပေးထားတာနော်…”
မီနာ အသက်ကိုဖြည်းဖြည်းရှုရင်း မျက်လုံးတွေကို မှိတ်ပစ်လိုက်ရသည်အထိ စိတ်တွေ လှုပ်ရှားနေသည်။
ခုတင်အစွန်းမှာချည်းပဲ အိပ်လာတာမို့ သူ့ကိုယ်ငွေ့ကို ခံစားရလောက်တဲ့အထိ နီးကပ်နေတဲ့ နေရာမှာ ဘယ်လို အိပ်ပျော်ပါ့မလဲ..။
သူ့လက်တံတွေက ခေါင်းပေါ်က ကျော်ပြီး မီနာ့မျက်နှာရှေ့မှာ လှုပ်ရှားကာ ပန်ကာလေး ကို နေရာချပေးတော့ သူ့လက်က ဒန်းရောင်မပျက်သေးသည့် မီးတောက်ပုံလေးကိုပဲ မျက်တောင်မခပ် ကြည့်နေမိသည်။
ပန်ကာဖွင့်ထားပေမဲ့လည်း ခေါင်းနောက်က တစ်ချက် တစ်ချက် အေးသွားတာ ယပ်ခပ်ပေးနေမှန်း သိပေမဲ့ နောက်လည်း မလှည့်ရဲသလို ဘာမှလည်း မပြောရဲပါ..။
ခုတောင် အသက်ရှုဖို့ ခက်ခဲနေတာ သူ့မျက်လုံးကို နီးနီးကပ်ကပ် မြင်ရချိန် သတိလစ်သွားမယ် ထင်ပါတယ်..။
သူပြောသလို သူက မီနာ့ ခံစားချက်ကို ညှာတာနေလို့သာ…။
အချိန်တစ်ခုကြာသည်အထိ လှုပ်ရှားမှုမရှိလို့ မီနာ ယုံကြည်စိတ်နဲ့ စိတ်လုံခြုံမှုကို ခံစားရတဲ့အခါ သူနဲ့ နီးကပ်နေတယ်ဆိုပေမဲ့ မျက်လုံးတွေကို မှိတ်ချလိုက်သည်။
ရှေ့မှာ ပန်ကာထားဖို့ နေရာရှိတော့ မျက်နှာက အေးသလို နောက်ကလည်း တစ်ချက် တစ်ချက် လေရနေတော့ အပူဒဏ်ကို မခံစားရတော့ပဲ အေးမြကာ အိပ်ချင်လာတော့သည်။
05170321



ချစ်မျက်၀န်းWhere stories live. Discover now