EP 8 Z

10 1 0
                                    

EP 8

05150213
“ဟိုတစ်ယောက်….နောက်ကျတော့မယ်…”
မီနာ စဟ်ရီချိန်မှာတော့ သူ့ကို နှိုးရတာနဲ့ ကိုယ်ပါ နောက်ကျတော့မည်။
ဒါတောင် အပါ က သုံးနာရီ မနှိုးပါနဲ့ သူက မနက် အလုပ်လုပ်ရတာ အိပ်ရေးမဝရင် အားနည်းနေမယ် ထမင်းစားမြန်လို့ လေးနာရီမှ နိုးတဲ့..။
သုံးမိနစ်တစ်ခါနိုးနေတာ ခုပဲ လေးနာရီ ကျော်နေပြီ..။
အရင်လို လက်နဲ့တွန်းနိုးလို့ မရတာ သိတော့ သက်ပြင်းချပြီ ခုတင်ပေါ် မျက်နှာချင်းဆိုင် လှည့် ထိုင်လိုက်ရတော့သည်။
အိပ်ပျော်နေတဲ့ သူ့မျက်နှာကို တွေ့တာနဲ့ ရင်တွေ ခုန်လာလို့ ကပျာကယာ အကြည့်လွဲပြီး သူ့လက်မောင်းကို လက်နှစ်ဖက်နဲ့ တွန်းလှုပ်လိုက်ရသည်။
“ထတော့…ထတော့…မိုးလင်းတော့မယ်လို့…ထတော့လို့…”
“ဟင်…”
မီနာ မရပ်မနား တွန်းလှုပ်ရင်း ပြောလိုက်တော့မှ မီနာ့လက်ကို အုပ်ကိုင်လို့ ကြည့်လိုက်တာ မျက်လုံးပွင့်သွားပြီမို့ တော်သေးသည်။
“နောက်ကျနေပြီ..မြန်မြန်..”
“ဟင်…အိုး..မေ့နေတာ…မှီသေးလား..မှီသေးလား…”
အခုမှ ကပျာကယာ ထထိုင်ပြီး မေးတော့ မီနာ ခုတင်ပေါ်က ဆင်းရင်း ခေါင်းညိတ်လိုက်ရသည်။
“ဟိုတစ်ယောက်က ထမင်းစားမြန်တာပဲ..မှီမှာပါ…အပါ နဲ့ မီ က စားပြီးပြီ…”
“ဟင်…အဲလောက်နောက်ကျနေတာလား…”
ခုတင်ပေါ်က ဆင်းပြီး ခြေလှမ်းကြဲနဲ့ အခန်းပြင် ထွက်သွားတော့ မီနာလည်း အပြေးအလွှား လိုက်သွားရသည်။
ထမင်းပွဲက ပြင်ပြီးသားဆိုပေမဲ့ သူ မမှီမှာ စိုးလို့ ဘာတွေ လုပ်ပေးရမလဲ မသိတော့ပါ..။
ရေခွက် အလွှတ်ထဲကို ရေအဆင်သင့် ထည့်ပေးနေချိန် သူက မျက်နှာ ရေ တောင် မသုတ်တော့ပဲ ထမင်းဝိုင်းမှာ ဝင်ထိုင်သည်။
ထမင်း နဲ့ ဟင်းကို ထည့်စားနေရင်း မီနာ့ကို တစ်ချက် ကြည့်တော့မှ သူထမင်းစားနေတာကို မျက်တောင် မခပ်ကြည့်နေမိတာ သတိရပြီး မျက်လွှာ ချလိုက်ရသည်။
“နိယာသ်ဆိုရတယ်မလား…ကျွန်တော် မရဘူး..မီနာ…”
“ဟင်…စိတ်ထဲက ရိုဇာနိယသ်လို့ တွေးလိုက်လည်းရပါတယ်…မီ သင်ပေးမယ်..လိုက်ဆိုလိုက်..”
မီနာ ဒိုအာတိုင်ပေးလိုက်တော့ အနောက်က လိုက်ဆိုရင်း ထမင်းလည်း စားနေသေးသည်။
သူ ထမင်းစားပြီးတာနဲ့ မီနာ ရေခွက်ကိုင်ကာ စောင့်နေမိကာ သူ့လက်ထဲ တစ်ခါတည်း ထည့်ပေးလိုက်သည်။
“ထပ်သောက်..ထပ်သောက်..ရေဆာနေလိမ့်မယ်..”
မီနာ ‌ပြောတော့ သူက ထပ်မော့သောက်ပြန်သည်။
ပထမဆုံးရက် ပထမဆုံး ရိုဇာမို့ ပင်ပန်းပြီး ရေဆာမှာ သိနေလို့ ရေသုံးခွက်လောက် သောက်ခိုင်းလိုက်မိသည်။
အပြေးအလွှား ထမင်းစားပြီးလို့ ရေသောက်ပြီး သုံးမိနစ်ကြာတာနဲ့ အချိန်ကုန်သွားတော့သည်။
အပါ  က စဟ်ရီ စားပြီးတာနဲ့ ကျောင်းကို သွားတာဆိုတော့ မီနာတို့ နှစ်ယောက်တည်း ပြေးလွှားနေရတဲ့ အဖြစ်ကို မသိဘူးလေ..။
အပါ့ သမက်ကို မနက်ဖြန်တော့ သုံးနာရီကတည်းက နှိုးပါရစေ လို့ ခွင့်တောင်းရတော့မည်။
မဟုတ်ရင် မလွယ်ဘူး...။
“မီနာ…”
“ဟင်..”
“ကျွန်တော် အန်မိတော့မလား…မသိဘူး..”
“ဟင်…ဘာဖြစ်လို့လဲ…အန်ရင် ရိုဇာပျက်မှာလေ..ဘာဖြစ်လို့လဲ..”
မီနာ မျက်လုံးပြူးရင်း ပြောလိုက်တော့ သူက မျက်နှာရှုံ့မဲ့ပြီး သက်ပြင်းလည်း ချသေးသည်။
“ရေ အဲလောက် မသောက်ဖူးဘူး…”
“ဟင်..မီ က ဟိုတစ်ယောက် ရေဆာ နေမှာ စိုးလို့ အများကြီး သောက်ခိုင်းမိတာ…အရမ်း ဗိုက်အင့်နေလား..အိမ်ရှေ့မှာ လမ်းနည်းနည်း လျှောက်ကြည့်ပါလားဟင်…”
“အင်း..”
အိမ်ပေါ်က ဆင်းသွားတော့ မီနာ သက်ပြင်းချလိုက်မိသည်။
စေတနာ လွန်ကဲသွားတာ ခုတော့ ဒုက္ခပါပဲ..။
ဖဂျဟ်ချိန်မှ အိမ်ပေါ်ပြန်ရောက်လာတော့ မီနာ အမြန် အခန်းထဲက ထွက်ခဲ့ရသည်။
“ဟိုတစ်ယောက် သက်သာရဲ့လား..”
“အင်း..အဆင်ပြေသွားပြီ…”
“တော်သေးတာပေါ့…မနက်ဖြန် နိုးလို့ မထရင် မနှိုးတော့ဘူး…”
“မီနာ က အသံမှ မထွက်တာ..”
“မနက်ဖြန် နားနား ကပ်ပြီး အော်နှိုးပေးမယ်..”
“ကောင်းတယ်…အဲဒါမှ အဆင်ပြေမှာ…”
ဗလီဦးထုပ်ကို ခေါင်းနောက်ပိုင်းပေါ် တင်စောင်းပြီး ရှပ်အကျီ င်္လက်ရှည် ထပ်ဝတ်နေတော့ မီနာ ရယ်ချင်သွားသည်။
“ဟိုတစ်ယောက် ဦးထုပ်ဝတ်တိုင်း အဲလိုပဲ..”
“ဟင်..ဘာဖြစ်လို့လဲ…”
“မဖြစ်ပါဘူး…ထူးဆန်းလို့….”
“ငယ်ငယ်တုန်းကလည်း အမေက အဲလိုပဲ ဝတ်ပေးတာ…မှားနေလို့လား..”
“မမှားပါဘူး…နောက်ကျဦးမယ်…ပြီးရင် ပြန်အိပ်နော်…ဈေးရောင်းဖို့ သွားဦးမှာမလား..အချိန်ရသလောက် ပြန်အိပ်လိုက်မှ အားရှိမှာ..မဟုတ်ရင် ပင်ပန်းလိမ့်မယ်…”
“ဟုတ်ကဲ့…”
သူက ပြုံးစေ့စေ့နဲ့ ခေါင်းညိတ်ပြီး အိမ်ရှေ့တံခါးဆီ ရောက်သွားရင်း စလာမ်ပြောတော့ မီနာ ခပ်တိုးတိုးပဲ ပြန်လိုက်မိသည်။
အခန်းထဲကို ပြန်ဝင်လာရင်း ပြုံးမိသွားသည်။
နမာဇ် ၀တ်ပြုပြီးတော့ ကုရ်အာန် စာအုပ်ထိုင်ဖတ်နေချိန် သူ ပြန်ရောက်လာတော့ အသံတိတ်ပဲ ဖတ်ရတော့သည်။
သူစိမ်း မဟုတ်ဘူးဆိုပေမဲ့လည်း မီနာ့အတွက်တော့ မရင်းနှီးပဲ ခက်ခဲနေတုန်းပါပဲ…။
သူက ခုတင်ပေါ် မတက်သေးတော့ မီနာ ကုရ်အာန် စာအုပ်ကို ပိတ်ပြီး လှည့်ကြည့်မိသည်။
“အိပ်တော့လေ…”
“မီနာ က စာဖတ်နေတာမလား..မီနာကော မအိပ်ဘူးလား..”
“အိပ်…အိပ်မယ်လေ…”
သူရှိနေရင် မီနာလည်းစာဖတ်ရဲတာ မဟုတ်ပါဘူး..။
သူကလည်း မီနာ့ကို အားနာလို့ အိပ်မှာ မဟုတ်ဘူး..။
မီနာ ကုရ်အာန်ကို သိမ်းလိုက်ပြီး ပုဝါချွတ်ကာ မီးလည်း ပြန်မှိတ်လိုက်ရသည်။
“မီနာ…”
“ဟင်..”
ခုတင်ပေါ် မှာ ကျောပေးအိပ်နေပေမဲ့ အနောက်က သူ့ခေါ်သံကြောင့် လန့်သွားသည်။
“အဟမ်း…ဟိုလေ…မီနာ့ကို နမ်းချင်စိတ်ဖြစ်လာရင် ရိုဇာပျက်လား..”
“……..”
မီနာ့မှာ ကြက်သီးထပြီး လက်ဖျားပင် အေးစက်သွားရသည်။
သူ့ဘက်က သိချင်လို့မေးတာလား ရန်စတာလား မသေချာပေမဲ့ ကိုယ့်မှာ ရှက်ပြီး ရင်တွေခုန်နေတာနဲ့ ကတုန်တယင် ဖြစ်နေရပြီ..။
“ဟင်…မီနာ..အဲလိုဆိုရင်…ကျွန်တော် တနေ့လုံး မီနာ့ကို မတွေ့မှ ဖြစ်မယ် ထင်တယ်…”
“…….”
“မနက်ဖြန်က စပြီး အပါ့ကို ပြောပြီး ကျောင်းမှာ သွားနေလိုက်မယ်နော်…”
“……..”
မီနာ ဘာမှ ပြန်မပြောနိုင်သော်လည်း အဲလို သွားနေမယ်ဆိုတာတော့ ခွင့်မပြုချင်ပါ..။
ခုတင်ပေါ်က ပြန်ဆင်းပြီး လွယ်အိတ်ထဲက အခြေံခံ စာအုပ်ကို ထုတ်လိုက်ရသည်။
“အင့်…အဲ့စာအုပ်မှာ ရိုဇာ ဥပုသ် ပျက်စေတဲ့ အကြောင်းတွေ ပါတယ်..ဖတ်ကြည့်..”
မီနာ ပြောလိုက်တော့မှ မီနာ့ဘက်ကို လှည့်ကြည့်ပြီး ယူတော့ သူ့ကို ပေးပြီးတာနဲ့ ခုတင်ပေါ် တက်ကာ ကျောပေးအိပ်နေလိုက်သည်။
ဖုန်းမီးဖွင့်ပြီး စာအုပ်ဖတ်နေတာ သိပေမဲ့ ဘာမှလည်း မပြောရဲတော့ပါ..။
“သြော်..စိတ်မထိန်းနိုင်မှ…ပေါင်းသင်းမှ ပျက်တာပဲ…ကျွန်တော်က မီနာ့ရဲ့ အပြောအဆို အပြုအမူလေးတွေကို အသည်းယားပြီး ချစ်လို့ အားပါးတရ နမ်းချင်မိရုံပါပဲ…ဒီလို သဘောဆို မပျက်ဘူးပေါ့…”
“…….”
မီနာ မအိပ်သေးသော်လည်း ဘာမှ ပြန်မပြောပဲ မျက်လုံးပိတ်ကာ အိပ်ချင်ယောင်သာ ဆောင်နေမိသည်။
ရင်ခုန် စိတ်လှုပ်ရှားနေတော့ အိပ်ပျော်ဖို့ အတွက် အတော်လေး အချိန်ယူလိုက်ရသည်။
.
“ဟူး…”
ညနေ လေးနာရီ အိမ်ပြန်လာပေမဲ့ သူ့မျက်နှာကို ကြည့်လိုက်တာနဲ့ ဘယ်လောက် ပင်ပန်းနေပြီလဲ သိသာပါသည်။
မျက်နှာက နွမ်းလျပြီး နှုတ်ခမ်းတွေက ခြောက်သွေ့ ဖြူလျော်နေပြီ..။
မီနာ ပဲသုပ်ဖို့ အတွက် ပြင်ဆင်နေရင်း သူ့အတွက် မုန့်တစ်ခုခု လုပ်ဖို့တွေးမိပေမဲ့ မီနာ လုပ်တက်တဲ့ မုန့်က တမျိုး နှစ်မျိုးသာ ရှိနေသည်။
“ဟိုတစ်ယောက် ကျောက်ကျော စားချင်လားဟင်…”
“ဟင်…မစားချင်ပါဘူး..မီနာရယ်…ရေ…ရေပဲသောက်ချင်တာ…အချိန်ကျတာနဲ့ ကျွန်တော် ရေတစ်ဝသောက်မှာ…ဟူး…ဘယ်လောက်လိုသေးလဲဟင်..”
“နှစ်နာရီ ခွဲလောက်လိုသေးတယ်…ပင်ပန်းရင် ခဏ အိပ်နေပါလား…”
“ကျွန်တော် က အပြစ်များလို့ဖြစ်မယ်…ရိုဇာ ကို မခံနိုင်ဘူး ဖြစ်နေတာ…”
“မဆိုင်ပါဘူး…ပထမဆုံးမို့ပါ…ခဏနားလိုက်…နမာဇ် ချိန်ကျရင် မီ နိုးမယ်လေ…”
“အင်း…”
မီနာ အပါ့အတွက် သံပုရာရည် ဖျော်ပြီး မီနာနဲ့ သူ့အတွက် အချိုရည်ဖျော် ထားလိုက်သည်။
ကျောင်းမှာ ရေခဲသေတ္တာ ရှိပေမဲ့ မီနာ တစ်ခါမှ ယူမသောက်ဖြစ်ပါဘူး..။
သူ့ကိုတော့ အေးအေးလေး သောက်စေချင်လို့ ရေခဲသွားတောင်းရင် ကောင်းမလား တွေးမိသည်။
ရေခဲရေတွေ သောက်ပြီး လည်ပင်းနာရင်လည်း ဒုက္ခရောက်ဦးမည်..။
မီနာ ဖျော်ရည် ဖျော်ပြီးတော့ အဆင်သင့် ပြင်ကာ မီးဖိုခန်းထဲက ထွက်လာခဲ့လိုက်သည်။
နမာဇ်ချိန် နီးနေပြီမို့ အခန်းထဲကို ဝင်သွားတော့ အိပ်ပျော်နေပြီ..။
အိပ်ပျော်နေတာတောင် ချွေးပြန်နေတော့ မီနာ ပြတင်းပေါက် ဖွင့်ပေးပြီး လိုက်ကာ တင်ပေးလိုက်သည်။
ယပ်တောင် တစ်ချောင်း ယူပြီး ဖြည်းဖြည်းခပ်ပေးတော့ လေရတဲ့ ဘက်ကို မျက်နှာလှည့်လာလို့ ရင်ခုန်သွားပြန်သည်။
အိုအရှင်…ယောက်ျား တစ်ယောက်ကြောင့် ရင်ခုန် စိတ်လှုပ်ရှားရတိုင်း ရိုဇာ မပျက်တာ ကျေးဇူးတင်ပါရဲ့..။
မဟုတ်ရင်တော့ ရိုဇာ တစ်လလုံး သူနဲ့ အဝေးမှာ နေရမှာ သေချာပါသည်။
အိပ်ပျော်နေတဲ့ သူ့ကို ငေးကြည့်နေရင်း နှလုံးခုန်နှုန်း မြန်လာတော့ အကြည့်လွဲလိုက်ကာ သက်ပြင်းဖွဖွလေး ချလိုက်မိသည်။
“ဟင်..မီနာ…ဘာဖြစ်လို့လဲ…”
“ဟင်..မ..မဖြစ်ပါဘူး…နမာဇ်ချိန်ကျနေပြီ…”
“ဟုတ်လား..”
မီနာ လက်ထဲက ယပ်တောင်ကို ကပျာကယာ ချလိုက်ပြီး မလုံမလဲဖြင့် အကြောင်းပြလိုက်တော့ သူက ထထိုင်လိုက်သည်။
“သက်သာရဲ့လား..”
“ဟင်…အင်း..မီနာကျတော့ ဘယ်လိုမှ မနေဘူးနော်..”
“မီ က အိမ်ထဲမှာပဲ နေရတာကိုး..အဲဒါကြောင့်ပါ…”
“မီနာ က လူကောင်းမို့နေမယ်…”
“မဟုတ်ပါဘူး…သြော်….ရေခဲရေ ကြိုက်လားဟင်…ကြိုက်ရင် ကျောင်းမှာ မီသွားယူပေးမယ်…”
“ဟင်…ဝါဖြေတာ ဗလီမှာ စားတာ မဟုတ်ဘူးလား..”
“ဟင့်အင်း…အပါက အိမ်မှာပဲ စားတာ…ဟိုတစ်ယောက်က ဗလီမှာ စားချင်လို့လား..”
“မသိဘူးလေ…အရင်က ရိုဇာ မထားပဲ တစ်ခါတလေ ဗလီမှာ ၀င်စားဖြစ်တယ်..အဟက်..”
“အိမ်မှာကတော့ ပိုလွတ်လပ်တာပေါ့…”
သူ့ကို အိမ်မှာ တူတူ ဖြေပါလို့ မပြောချင်လို့ အကြောင်းပြချက် ပေးလိုက်မိတာကိုပဲ မလုံမလဲ ဖြစ်ရသည်။
သူက ခေါင်းညိတ်ပြီး ဦးထုပ်ကို ခေါင်းပေါ် တင်တော့ ခုတင် တန်းမှာ တင်ထားတဲ့ အကျိ င်္ကို ကောက်ယူပြီး နည်းနည်း ခါ ကာ လှမ်းပေးလိုက်သည်။
သူက ပြုံးလိုက်တော့မှ မိနာ ရှက်၍ မျက်လွှာချလိုက်ရသည်။
သူ အခန်းထဲက ထွက်သွားတော့မှ မီနာ ယပ်တောင်ကို ကောက်ယူပြီး တစ်ချက် ပြုံးမိသည်။
အခန်းထဲက ထွက်လာပြီး ဝူဇူလုပ်ကာ နမာဇ်ဖတ်လိုက်သည်။
ကုရ်အာန် ထိုင်ဖတ်နေချိန် သူ ပြန်ရောက်လာတော့ အသံတိုးမိပြန်သည်။
သူက အခန်းထဲ ဝင်မသွားပဲ ကုရ်အာန် တစ်အုပ်ထပ်ယူကာ မီနာ့ဘေးနာမှာ ထိုင်လိုက်တော့ ပိုဆိုးသွားရသည်။
သူက ဖတ်တက်လို့လား..။
ဖတ်တက်မှာပါ…။
မီနာ တွေးနေတုန်း အအုဇု စ လိုက်တာနဲ့ တစ်ချက် ပြုံးမိပြီး နှုတ်ခမ်းကို ဖွဖွ ဖိကိုက်လိုက်မိသည်။
အသံထွက် သိပ်မပီ ပေမဲ့ သူ့ဟာသူ ဖတ်နေတာလည်း ဟုတ်နေတာပါပဲ..။
မီနာ ဘာမှ မပြောပဲ စာပဲ ဆက်ဖတ်နေလိုက်သည်။
“မီနာ..ဒါ ဘယ်လိုဖတ်တာလဲ..”
“ဟင်…သြော်….”
စူရာဟ်ဗကရာ စ ရုံနဲ့ စူရဟ်နာမည်ကို ဘေးကို လှည့်မေးတော့ မီနာ ကြည့်ပေးလိုက်ပြီး စာ ထောက်ပေးလိုက်သည်။
ခဏခဏ မေးတော့မယ် ထင်ထားပေမဲ့ သူ့ဟာသူ ဆက်ဖတ်နိုင်တော့ အထင်ကြီးမိပါသည်။
တစ်ချို့စာလုံးတွေက အသံထွက်မှားနေသော်လည်း ရိုဇာနဲ့ ပင်ပန်းနေချိန်မို့ စိတ်ရှုပ်မှာ စိုးလို့ မထောက်ပေးတော့ပါ..။
မီနာ က စာပြန်ကျက်ရုံမို့ သတ်မှတ်ထားတဲ့ အတိုင်းသာဖတ်ပြီး စာအုပ်သိမ်းလိုက်သည်။
သူက လည်း ဆက်မဖတ်တော့ပဲ စာအုပ်သိမ်းပြန်တော့ မီနာ အံသြရပါသည်။
“မီနာ..အလုပ်ရှိလို့လား..”
“မရှိပါဘူး..မီးဖိုခန်း ခဏသွားမလို့ပါ..”
“ဒါဆို ကျွန်တော် ကျောင်းမှာ သွားကူလိုက်ဦးမယ်..”
“……..”
မီနာ ခေါင်းညိတ်လိုက်ရပေမဲ့လည်း ပြောချင်တာတွေက များနေသည်။
သူ ပင်ပန်းနေတာကို ထပ်ကူဦးမယ်ဆိုတော့ ပြောရခက်သည်။
မီနာ သက်ပြင်း ချလိုက်ပြီး မီးဖိုခန်းကို ဝင်ကာ ပန်းကန်တွေ ရေခွက်တွေ ပြင်ဆင်ထားလိုက်သည်။
ညစာ မစားဖြစ်ကြတော့ ဟင်းချက်လည်း နည်းနည်းပဲ ကုန်တာပါပဲ..။
သူကတော့ ထမင်းထပ်စားဦးမလား မသေချာလို့ ထမင်းအိုးတော့ တည်ထားလိုက်သည်။
စိပ်ပုတီးလေး လက်မှာပတ်ပြီး ဂုဏ်တော်တွေ ရွတ်နေတုန်း အိမ်ရှေ့ တံခါး ဖွင့်သံကြားရသည်။
မီနာ ထွက်ကြည့်လိုက်တော့ အပါ ဖြစ်နေလို့ အပါ့ လက်ထဲက ဟာလင် မုန့်ခွက်ကို ယူပြီး အခင်းပေါ် ချပေးလိုက်သည်။
ဟိုတစ်ယောက်က ဘယ်မှာ ကျန်ခဲ့ပြန်ပြီလည်း မသိပါဘူး..။
အချိန်က ကပ်နေပြီကိုပဲ…။
“ဟိုတစ်ယောက် က ကျောင်းမှာလား အပါ..”
အပါက တစ်ချက်ကြည့်တော့ မီနာ မျက်လွှာချထားလိုက်ရသည်။
“အိုမာဘိုင် က ကျောင်းမှာ ဝါဖြေမလား မသိဘူး…”
အပါ့ အကြောင်းသိလို့ စကားပြင်လိုက်မိသည်။
“အပါ ကွမ်းသွားယူခိုင်းထားတယ်..”
မီနာ ရင်ခုန်သွားရပြန်ပါသည်။
ဆိုဖီ ရန်စနေတာ သိသော်လည်း သူတို့စကားပြော ရင်းနှီးတာကို မီနာ ကြားခဲ့ဖူးသည်လေ..။
ရိုဇာကြောင့် မမောရ ပေမဲ့ အခုတော့ သံသယကြောင့် မောပန်းရသည်။
အိမ်ရှေ့တံခါး ဖွင့်သံကြားရတော့ မီနာ တစ်ချက် လှမ်းကြည့်မိသည်။
“လာ…သား..ထိုင်…”
“ဟုတ်ကဲ့…”
မီနာ့ နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တဲ့ သူ့မျက်နှာကို တစ်ချက် ကြည့်ပြီး အကဲခပ်မိသည်။
ညနေတုန်းက နွမ်းနေတဲ့ မျက်နှာက အခုတော့ ကြည်လင်ရွှင်လန်းနေတာပဲလေ…။
မဆိုင်ပါဘူး..ငါတော့ ဘာဖြစ်နေတာလဲ မသိပါဘူး.။
မီနာ  သက်ပြင်း တစ်ချက် ခိုးချကာ ရေခွက်တွေကို နေရာချပေးလိုက်သည်။
“သမီးငယ်..”
“ဟင်..”
“ဆားဘူး..”
“သြော်…ဒီမှာ အပါ…”
ပဲသုပ် သုံးပန်းကန် ချထားပြီး ရေခွက်တွေ ချရင်း ဝါဖြေတာကို ထိုင်စောင့်နေမိသည်။
အပါ က ဒိုအာ တောင်းတော့ မီနာနဲ့သူက လိုက်တောင်းရသည်။
ဝါဖြေရချိန်မှာတော့ သူက ရေနှစ်ဘူးကုန်အောင် သောက်ပစ်လိုက်လို့ မီနာ မျက်လုံးပြူးရသည်။
“ရေဆာနေတာလား..”
“…….”
အပါက မေးတော့ သူက မလုံမလဲ ရယ်ပြီး ခေါင်းညိတ်ပြလို့ မီနာ ခေါင်းငုံ့ကာ ပြုံးမိသည်။
အချက်အပြုတ် မတက်တဲ့ မီနာ သုပ်တဲ့ ပဲသုပ်ကိုတော့ နှစ်လုပ်သုံးလုပ်စားလိုက် ရေသောက်လိုက် လုပ်နေတာ မကျေနပ် ဖြစ်ရသည်။
“ဟိုတစ်ယောက် ပြန်လာရင် ထမင်းစားမယ်မလား..”
အပါ က ဝါဖြေပြီးလို့ ကျောင်းကို သွားတော့မှ မီနာ သူ့ကို စကား စပြောလိုက်သည်။
“အာ..မစားနိုင်တော့ဘူးလေ..”
“ပဲသုပ် က တစ်ဇွန်း နှစ်ဇွန်းပဲ စားတာ…အဲလိုဆို မနက်ဖြန် ပိုပင်ပန်းလိမ့်မယ်…”
“ကျွန်တော် အဲ့ပဲမကြိုက်လို့…”
“ဟင်..အဲဒါဆို ဒါသောက်လေ…”
အပါ ယူလာတဲ့ ဟာလင်ပန်းကန်ကို လှမ်း ပေးတော့ နှာခေါင်းရှုံ့ပြီး ခေါင်းရမ်းသည်။
“ချိုတယ်..မကြိုက်ဘူး..”
“တော်တော် ဂျေးများတာပဲ..အဲဒါဆို ဘာစားချင်လဲ…”
“မီနာ ချက်ကျွေးမလို့လား..မလုပ်ပါနဲ့..ရိုဇာနဲ့ ပင်ပန်းပါတယ်..”
“မီ..မချက်တက်တာ များတယ်..ဝယ်ကျွေးမယ်လေ…ဘာစားချင်လဲပဲ ပြောပါ…”
“ဖက်ထုပ်ပေါင်…ဆန်ခေါက်ဆွဲ…တုံယမ်း…မောက်ချိုင်..စီချွမ်ထမင်းကြော်…ထမင်းပေါင်း..အမဲဟုန်ဆောင်း..ဖီတန်သု..ကော့ချောင်မီရှည်”
“……….”
သူက အကျီ င်္လက်ရှည်ဝတ်ရင်း ပြောသွားတာ ဆိုပေမဲ့ မီနာ ကြားသမျှ စကားလုံးတွေကို သေချာ ပြန်ရွတ်နေမိသည်။
ဘာတွေလဲ..။
ထမင်းနဲ့စားတာလား..မုန့်တွေ နာမည်လား…ဖက်ထုပ် ထမင်းပေါင်း စီချွမ် မောက်ချိုင် အဲဒါ ဘာတွေလည်း..။
နောက်ပိုင်း ပြောသွားတာတွေကတော့ ဘာစကားမှန်းကို မသိတော့တာပါ..။
မီနာ ခေါင်းကုတ်လိုက်မိကာ မေးမိတာ မှားပြီလို့ တွေးလိုက်မိပါသည်။
.
“ဒီလောက်ဆို ရပြီလား မသိဘူး..”
မီနာ တစ်ခါမှ မလုပ်ဖူးသော်လည်း ဖုန်းထဲ သိမ်းထားတဲ့ စာကို သေချာပြန်ဖတ်ရသည်။
ဂျုံနဲ့ လုပ်တဲ့ မုန့်တွေကို မစိမ်းသော်လည်း ခုလို ဖက်ထုပ်ရွက် လုပ်ရတာတော့ ပထမဆုံးပါပဲ..။
ဟိုတစ်ယောက်ကလည်းလေ လူပုံကြည့်တော့ လူဆိုးလိုလို ပေပေတေတေ နဲ့ အစားအသောက်ကျတော့ ဂျေးများလိုက်တာ လွန်ပါရော..။
ရိုဇာ ငါးရက်မြှောက်တဲ့အထိ သူ့မှာ ဝါဖြေတိုင်း ရေနဲ့ပဲ နှစ်ပါးသွားနေတာပါပဲ..။
သူက ရေချည်းသောက်ပြီး ပဲသုပ်နှစ်ဇွန်း သုံးဇွန်းနဲ့ ဗိုက်ဝပေမဲ့ အပါက မီနာ့ကို တစ်ချက် တစ်ချက် ကြည့်နေပြီမို့ သူ စားချင်တာ ပြောင်းလုပ်ရတော့သည်။
ထမင်းကြော်ဆိုလို့ မနေ့က ပဲသုပ်နဲ့ သူ့အတွက် ထမင်းသပ်သပ် ကြော်ပေးထားပေးသည်။
မီနာ ကြော်တက်သလို ကြက်ဥနဲ့ ကြက်သွန်နီ ဆီသပ်ပြီး ကြော်တဲ့ ထမင်းကြော်ကိုလည်း တစ်ဇွန်းနစ်ဇွန်းသာစားသည်။
ရိုဇာ ပထမ‌ဆုံး ထားဖူးတာ ဆိုတော့ ပါးစပ်ပျက်ပြီး ပုံမှန် စားနေကျတွေ မစားနိုင်တာ နေမှာပေါ့။
ထမင်းကြော်ပေးတာလည်း သေချာမစားတော့ သူစားချင်တယ် ပြောထားတဲ့ ဖက်ထုပ်ဆိုတာကို ရှာဖွေရတော့သည်။
စားလည်း မစားဖူး မြင်လည်း မမြင်ဖူးသလို မီနာတို့ ရပ်ကွက် မှာလည်း ဘယ်သူမှ မရောင်းပါဘူး..။
မြို့ပေါ်မှာ ရောင်းပေမဲ့ ဟာလာမဟုတ်တဲ့ ဆိုင်တွေချည်းပဲမို့ ကိုယ်တိုင်လုပ်ဖို့သာ ကြိုးစားရတော့သည်။
ဖက်ထုပ်စားဖူးတဲ့လူ က မီနာတို့ သာမန်လူတန်းစား ရပ်ကွက်ထဲလည်း မရှိနိုင်တာ သိနေတာ့ လုပ်နည်းကို ဖုန်းမှာပဲ အလွယ်တကူ ရိုက်ရှာရတော့သည်။
လိုအပ်တဲ့ ပစ္စည်းကတော့ ကြိုက်တဲ့အသားထည့်လို့ရတယ်ပြောတာပဲ..။
ကြက်သားက ဝယ်လို့လွယ်လို့တော်သေးသည်။
ကြက်သွန်မြိတ်လည်းပါသည်။
မီနာ နေပူထဲ ဈေးဝယ်ပြီး ပြန်လာတော့ အတော်လေး ပင်ပန်း နေပေမဲ့ မနားပဲ မီးဖိုချောင်တန်းဝင်လိုက်သည်။
ဂျုံမှုန့်က ရှိပြီးသားမို့ ဖုန်းထဲက ရေးထားသလို ရေထည့်ပြီးနယ်ကာ နပ်ထားရသည်။
ဖက်ထုပ်ထဲ ထည့်တဲ့ ငရုတ်ကောင်းဆိုတာလည်း လုပ်နည်းရှာပြီး နံနံစေ့နဲ့ ငရုတ်ကောင်းကို ကိုယ့်ဟာကို ကျောက်ပျဉ်နဲ့ ကြိတ်ရသေးသည်။
အမလေး…ဘူဘူးကို အချိုမုန့်လုပ်ကျွေးလို့ ကဲ့ရဲ့မိတာ ကိုယ့်အလှည့်ကျမှ မကြားဖူး မစားဖူးတဲ့ မုန့်တွေပါ လုပ်နေရပြီလေ..။
ဘူဘူး သာ သိရင် ကောင်းကောင်းရယ်မှာပဲ..။
မီနာ နှုတ်ခမ်းစူမိပြီး ဖုန်းထဲက စာကို ပြန်ဖတ်ကြည့်ရသည်။
ကြက်သားကို အစိမ်းသုံးပေမဲ့ မီနာကတော့ အချိန်မမှီမှာနဲ့ မကျက်မှာ စိုးလို့ ကြက်သားကို သေးသေးလေးတွေ တုံးပြီး ထည့်ရမဲ့ အမယ်တွေ ထည့်နယ်ကာ ရေနည်းနည်းထည့်ပြီး အရင် ချက်ထားလိုက်သည်။
“ဟင်..”
မီနာ ရှေ့တံခါးဖွင့်သံကြားတော့ ခေါင်းထောင်သွားကာ ဖုန်းက နာရီဆီ အကြည့်ရောက်သွားသည်။
နေ့ခင်း သုံးနာရီတောင် မထိုးသေးဘူး..။
ဧည့်သည်လာတယ် အထင်ဖြင့် လက်ကို ကပျာကယာဆေးပြီး ပဝါအုပ်ကာ မျက်နှာအုပ်လည်း ဆွဲချပြီး ရှေ့ခန်းထွက်လာရသည်။
“ဟူး….”
“ဟင်…ဟိုတစ်ယောက်…ပြန်လာပြီလား…စောလိုက်တာ…”
အိမ်ရှေ့တံခါးကို ပြန်ပိတ်နေတော့ မီနာ မေးရင်း ခေါင်းစည်း ပုဝါ ချွတ်လိုက်ရသည်။
“……..”
မီးဖိုခန်းထဲကို ပြန်ဝင်ဖို့ ခြေလှမ်းပြင်မိချိန် အိမ်ရှေ့ခန်း ကြမ်းပြင်မှာပဲ လှဲအိပ်လိုက်တာကြောင့် အံသြသွားသည်။
“ဘာဖြစ်လို့လဲ…”
“ဟင်း…ကျွန်တော် မူးလို့…”
“ဟင်..”
“အရက်သောက်လို့ မူးတာ မဟုတ်ပါဘူး…ခေါင်းတွေချာလည်မူးပြီး ရင်တွေ တအားတုန်လို့ သူငယ်ချင်းကို လိုက်ပို့ခိုင်းလိုက်တာ…”
“အို..”
သူက မျက်လုံးပိတ်ထားရင်း ပြောနေတော့ မီနာ သူ့အနားကို ရောက်သွားကာ သူ့ဘေးမှာ ခပ်ကြုံ့ကြုံ့ ထိုင်လိုက်မိသည်။
နှုတ်ခမ်းက ဖြူဖျော့နေတော့ မီနာ ဘာလုပ်ရမှန်း မသိပါ..။
“ရိုဇာ ဖျက်လိုက်မလားဟင်…”
သူက မျက်လုံးပွင့်လာပြီး မီနာကို ကြည့်ကာ ခေါင်းခါ ငြင်းတော့ သက်ပြင်းဖွဖွ ချလိုက်မိသည်။
ရေချည်းပဲသောက်ပြီး ဘာမှ ကောင်းကောင်းမစားတာ ငါးရက်တောင်ဆိုတော့ ဘယ်မှာ အားကျန်တော့မလဲ..။
မူးလဲပြီး သတိလစ်မသွားတာ အရှင့်ကို ကျေးဇူးတင်ရမည်။
ပဲသုပ်လည်းမစားဘူး အားရှိတယ်ဆိုတဲ့ ဂျုံ့တွေပြုတ်ထားတဲ့ ဟာလင်လည်း မကြိုက်ဘူး..။
နေကလည်း ပြင်းသလို မနက်လည်း စောစော ပြန်ထပြီး ဆိုင်ထွက်ရတာဆိုတော့ သူအတွက် ဘာတွေလုပ်ပေးရမလဲ မသိတော့ပါဘူး..။
သူက မျက်လုံးမှိတ်ပြိး ငြိမ်နေတော့ မီနာ ယပ်တောင် ယူပြီး ဖြည်းဖြည်း ခပ်ပေးနေမိသည်။
ဆယ်ငါးမိနစ်လောက် ကြာလာတော့ အသက်ရှုသံလည်း ငြိမ်ကျသွားလို့ မီနာ စိတ်ပူသွားသည်။
လက်ထဲက ယပ်တောင်ကို ဘေးချလိုက်ပြီး လက်ထောက်ကာ အနားကို တိုးကပ်သွားလိုက်သည်။
သူ့မျက်နှာကို စေ့စေ့မကြည့်ရဲသော်လည်း စိုးရိမ်စိတ်က များနေလို့  နှာဖျားနားမှာ လက်ညိုးထားကြည့်တော့ လေကိုခံစားမိသည်။
သတိလစ်သွားတာလား မသိပါဘူး..။
မီနာ စိတ်လောအားကြီးစွာဖြင့် သူ့မျက်လုံးကိုလက်မလက်ညိုးဝိုင်းပြီး ဆွဲဖွင့်ကြည့်မိသည်။
သူ့မျက်စံကို တွေ့တော့မှာ ရင်တုန် လန့်ဖြတ်သွားကာ ကပျာကယာ လွှတ်လိုက်ပြီး နောက်ကိုလည်း ဆုတ်ထိုင်လိုက်ရသည်။
“အဟွင်း…”
“သက်..သက်သာရဲ့လားလို့…”
“အင်း..သက်သာပါတယ်…နေအရမ်းပူလို့ ဖြစ်တာ ထင်တယ်…”
“အိပ်လိုက်ပါလား..အားနည်းနည်းဖြစ်တာပေါ့…မီ လိုက်ကာတွေ တင်ထားပေးမယ်..ရှေ့ခန်းမှာပဲ အိပ်လိုက်…ဒီမှာက သိပ်မပူဘူး..”
“အင်း…”
မီနာ အခန်းထဲက ခေါင်းအုံးယူကာ သူ့အနားမှာ ထိုင်လိုက်ပြီး ခေါင်းအုံးကို နေရာချပေးလိုက်သည်။
သူက မထပဲ ခေါင်းပဲထောင်ပေးတော့ သူ့ခေါင်းအောက်ကို ခေါင်းအုံးထိုးထည့်ပေးရသည်။
လိုက်ကာတွေကို တင်ပြီး ရှေ့တံခါးလည်းဖွင့်ပေးလိုက်ကာ မီနာကတော့ အနောက် အခန်းထဲ ဝင်ခဲ့လိုက်သည်။
“ဟိုတစ်ယောက်…”
“ဟုတ်…”
“တစ်ခုခု ဖြစ်ရင် ပြောနော်…နောက်ပြီး…ရိုဇာက ကျန်းမာရေးအရ မထားလို့လည်းရတယ်….”
“အေးဆေးပါ…မီနာရဲ့…သက်သာသွားပါပြီ..”
မီနာ နှာခေါင်းရှုံ့မိသွားသည်။
သတိမလစ်သေးလို့ ပြောနိုင်သေးတာပေါ့..။
“ဟိုတစ်ယောက် က ရေနဲ့ချည်း ရိုဇာထားနေတာ…ညနေ ဝါဖြေရင် ရေချည်းပဲ မသောက်ရဘူး..ပဲသုပ်ကော ဟာလင်မ်ကော ကုန်အောင် သောက်ရမယ်…ဒါပဲ…”
“အိုး…အဲဒါတွေ မကြိုက်ပါဘူး…”
“မကြိုက်လည်း အဲဒါက သင့်တော်တယ်…လူတိုင်း အဲဒါစားပြီး ရိုဇာထားနေတာ..ဟိုတစ်ယောက်လည်း ရိုဇာ ဆက်ထားချင်ရင် စားရမှာပဲ..”
“အိုး..”
သူ့ဆီက စိတ်ပျက်နေတဲ့ အသံကြောင့် မီနာ တစ်ချက် ပြုံးမိပြီး မီးဖိုခန်းထဲကို ဝင်လာခဲ့လိုက်သည်။
ဒီပုံစံဆို ဖက်ထုပ် တစ်မျိုးတည်းနဲ့ အဆင်ပြေမှာ မဟုတ်ဘူး။
ဖက်ထုပ် လုပ်နည်း ပြီးတော့ ခေါက်ဆွဲကြော်နည်း ရေးထားတာ တွေ့လို့ ဆက်ဖတ်ကြည့်မိသည်။
ကြက်သားပြုတ်ရည်လည်း ပါ‌တော့ အားဖြစ်မှာပါ။
ခေါက်ဆွဲကြော်နဲ့ တွဲစားရတဲ့ ကြက်ပေါင်းရည်ဆိုတာမျိုးလည်း လုပ်ဖို့ အတွက် ကြက်သားနည်းနည်းကို သီးသန့်ပြုတ်ထားလိုက်သည်။
ခေါက်ဆွဲထုတ်အသေး တစ်ထုတ်ကို ဖုန်းမှာ ရေးပြထားသလို အသီးအနှံလေးတွေ နဲ့ သေချာ ကြော်လိုက်သည်။
ဖက်ထုပ်ဆိုတဲ့ဟာကိုလည်း ပြီးအောင် ဆက်လုပ်ရသေးသည်။
ဂျုံကို ပူတီလိုမျိုး အဝိုင်းထက် သေးပြီး အဝိုင်း ပုံစံကျအောင် လုပ်ရတာမို့ နည်းနည်းတော့ လက်ဝင်သည်။
အကုန်လုံး ချက်ပြုတ်ပြီးချိန် နေကလည်းပူ နည်းနည်းလည်း ပိုပင်ပန်းပြီး အလုပ်များသွားတော့ မီနာတောင် မူးချင်သည်။
နမာဇ် အချိန်ကျတော့မှ သူ့ကို နှိုးဖို့ ရှေ့ခန်းထွက်လာခဲ့ရသည်။
ရှေ့ခန်းမှာ အပါက စိပ်ပုတီးနဲ့ ထိုင်နေတော့ သူ့ကိုနှိုးဖို့ ခက်သွားသည်။
ဟိုတစ်ယောက်လို့ ခေါ်ပြီး နှိုးရင် အပါ က စိတ်ဆိုးမည်။
အိုမာဘိုင် ဆို ခေါ်နှိုးရင် သူက ရန်စဦးမည်။
မီနာ ကြံရာမရ ဖြစ်နေချိန် အနားက ယပ်တောင်ကို တွေ့တော့မှ သတိရသွားသည်။
ယပ်တောင် ကောက်ယူပြီး သူ့မျက်နှာနားကို ခပ်ပြင်းပြင်း လေခပ်ပေးလိုက်သည်။
“ဟင်…”
သူ့မျက်လုံးတွေ ပွင့်လာပြီး မီနာ့ကို ကြည့်တော့မှာ ကပျာကယာ မျက်လွှာချလိုက်ပြီး လက်ထဲက ယပ်တောင်ကိုလည်း ဘေးချလိုက်ရသည်။
“နမာဇ်ချိန် နီးနေပြီ..”
“ဟင်..ဟုတ်လား…သြော်…အပါလည်း ရှိတယ်…”
“……..”
သူက ထထိုင်ပြီး အပါ့ကို တွေ့တော့ ဆံပင်သပ်ရင်း ပြောတော့ မီနာ ဘာမှ မပြောပဲ အခန်းထဲ ဝင်ကာ နမာဇ် ဝတ်ပြုဖို့ပဲ ပြင်ဆင်လိုက်သည်။
မီနာလည်း ပင်ပန်းနေလို့ ကုရ်အာန်ကိုတောင် အပြည့်မဖတ်နိုင်ပဲ လျော့ဖတ်ကာ ဂုဏ်တော်ပဲ ပုတီးထိုင်စိပ် နေနိုင်သည်။
သူကတော့ မူးလို့ အလုပ်ကတောင် ပြန်လာရပေမဲ့လည်း ကျောင်းမှာ ကူနေပြန်ပြီ ထင်ပါတယ်..။
အချိန်နီးလာတော့ မုန့်တွေ ပြင်ဆင်ပြီး ပန်းကန်နဲ့ ချထားလိုက်သည်။
ပုံမှန်ဆို အုပ်ခြင်းမအုပ်ပေမဲ့ ဒီနေ့တော့ သူ အံသြသွားအောင် အုပ်ခြင်းပါ အုပ်ထားလိုက်သည်။
အရသာလည်း မမြည်းထာသလို ကိုယ်တောင် မစားဖူးတဲ့ မုန့်တွေ လုပ်ထားရတာမို့ သူ ဘယ်လိုတုန့်ပြန်မလဲ ဆိုတာလည်း ရင်ခုန်မိသည်။
“ကျွန်တော်တော့ ဒီနေ့ ကျောင်းထဲ သွားစားရင် ကောင်းမယ် ထင်တယ်..”
သူက အရင် မီးဖိုခန်းထဲ ဝင်လာရင်း ပြောလိုက်တော့ မီနာ စိတ်ပူသွားကာ ဒိုအာ ဆုတောင်းစာ ဖတ်နေရင်းက မျက်လုံးလန်ကြည့်မိသည်။
သူ့အတွက် ပင်ပန်းခံပြီး ချက်ပြုတ်ထား ရပါတယ်ဆိုကာမှ ဘာလို့ ဟိုကို သွားမှာလဲ..။
“ဟာလင်က အရမ်းချိုပြီး ပျစ်နေတာ ကျွန်တော် မကြိုက်ဘူး..ပဲသုပ်ပဲ စားလို့မရဘူးလား..မီနာ…”
သူ‌ပြောတော့မှ မီနာ သဘောပေါက်သွားပြီး ရယ်ချင်သွားသည်။
သူမစားချင်တာ ကျွေးမှာစိုးလို့ ပြေးချင်နေတာလေ..။
အပါလည်း ရောက်လာတော့  ဘာမှ ထပ်မပြောတော့ပဲ ဝင်ထိုင်လိုက်ရတော့သည်။
မီနာ့မှာ အပါ အုပ်ခြင်းမဖွင့်ပါစေနဲ့လို့လည်း ဆုတောင်းနေရသည်။
အပါ ကလည်း ဒိုအာ အရင်တောင်းတော့ တော်သေးသည်။
စားဖို့ အချိန်ရောက်တော့မှ အပါ က အုပ်ခြင်း ဖွင့်လိုက်တော့ မီနာ သူ့မျက်နှာကို အကဲခပ် စောင့်ကြည့်ရင်း ပြုံးမိသည်။
တကယ် အံသြသွားပုံက ပါးစပ် အဟောင်းသားပါပဲ..။
မီနာ့ကို လှည့်ကြည့်တော့မှ မျက်လွှာ ချလိုက်ကာ ရေခွက်ကို ယူသောက်လိုက်ရသည်။
ဘူဘူ ပြောသလို ပင်ပန်းပေမဲ့ လုပ်ကျွေးချင်တာ ဆိုတာ သတိရတော့ မီနာ ကိုယ့်ကိုယ်ကိုလည်း မကျေနပ်ပါ..။
“ဒိနေ့ မုန့်တွေ များလိုက်တာ..သား ဝယ်တာလား..”
“မဟုတ်ဘူး..အပါ မီနာ လုပ်တာ ဖြစ်မယ်..”
“သမီးငယ် လုပ်တာ..တယ်ဟုတ်ပါလား..ဒါ ကီးမားပလတာ အသေးလေးလား..”
အပါ က မစားဖူးတဲ့ ဖက်ထုပ်ပေါင်းကြော် ကို တစ်ခုယူစားလိုက်တော့ မီနာ မျက်လုံးပြူးသွားသည်။
“အိုး..ဘာမုန့်တွေတုန်း…ငါ့သမီးတော့ လက်တည့်စမ်းပြန်ပြီ ထင်ပါတယ်..”
အပါ က တစ်ကိုက်ပဲ ကိုက်ပြီး မီနာ့ကို လှမ်းပေးတော့ ကပျာကယာ ယူလိုက်ရသည်။
အဖေက ကြက်သားပလာတာ ကြိုက်တာတောင် မလုပ်တက်လို့ ဝယ်ကျွေးပြီး ဟိုတစ်ယောက်ကျတော့ ဖက်ထုပ်ကြော်လုပ် ကျွေးတာ တရားပါရဲ့လား မသိတော့ပါဘူး..။
မနက်ဖြန်တော့ ကြက်သားပလာတာ လုပ်ကျွေးဖို့ ဆုံးဖြတ်လိုက်ရသည်။
အပါ ကတော့ စားနေကျ အတိုင်း ပဲသုပ်နဲ့ ဟာလင်မ်သောက်ပေမဲ့ သူကတော့ ဖက်ထုပ်ဆိုတဲ့ မုန့်ကို တစ်ခုပြီး တစ်ခု ကောက်စားတော့ မီနာ့လက်ထဲက ဖက်ထုပ်တစ်ပိုင်းကို စားကြည့်မိသည်။
ကြက်သွန်မြိတ်အနံ့ကြောင့် မကြိုက်သော်လည်း ကုန်အောင်တော့ စားလိုက်ရသည်။
ပဲသုပ် ပန်းကန်ကို မထိပေမဲ့ ခေါက်ဆွဲကြော် ပန်းကန်ကိုတော့ ကုန်အောင် စားလို့ တော်သေးသည်။
အပါက စားပြီးလို့ ထသွားတော့ ကြက်ပြုတ်ရည် ခေါ်မလား ကြက်ပေါင်းရည် ခေါ်မလား ဝေခွဲမရသည် အရည်အဖြူရောင်ကို ကြက်သွန်မြိတ်နဲ့ ငရုတ်ကောင်းခပ်ထားတဲ့ ပန်းကန်ကို သူ့ဘက်ကို ရွေ့ပေးလိုက်သည်။
“စားကောင်းလား…”
“အင်း..မီနာ ဘယ်က ဝယ်လာတာလဲ…ကျွန်တော် ဆိုင် လိုက်ရှာကြည့်သေးတယ်…ဟလာမဟုတ်လို့ မစားရတာ ကြာပြီ…”
“မီ ချက်တာပါဆို..”
“ဟင်..မီနာ ချက်တာ…အဟက်..မဖြစ်နိုင်တာ…”
မီနာ နှုတ်ခမ်းစူသွားကာ မကျေမနပ်ဖြစ်မိသည်။
ကိုယ့်မှာတော့ ပင်ပန်းခံပြီး ချက်ထားရတာကို သူက မယုံဘူးလေ..။
‘တကယ်ပါဆို..မယုံရင် ဟိုမှာ ငရုတ်ကောင်း ကြိတ်ထားတဲ့ ကျောက်ပျဉ်တောင် မသိမ်းရသေးဘူး..ဖက်ရွက်လုပ်တဲ့ ဂျုံတောင် ပိုသေးတယ်…ဟိုတစ်ယောက် အဲဒါကြိုက်ရင် နေ့တိုင်း လုပ်ကျွေးမယ်…ဒီလောက်လည်း မခက်ပါဘူး..အရသာ မတူမှာပဲ စိုးတာ..မီ က အဲ့မုန့်မစားဖူးဘူး..ဒီက ဘယ်သူမှ စားဖူးမှာလည်း မဟုတ်ပါဘူး…လိုင်းပေါ်က ကြည့်ပြီး လုပ်ထားတာ..ဒါက ကြက်ပေါင်းရည်ဆိုတာ လုပ်ကြည့်တာ… အားရှိအောင် သောက်ကြည့်ဦး..ပြီးရင် လိုတာ ပြောပေါ့..မီက မစားဖူးတော့ အရသာဘယ်လို မသိဘူးလေ..ဟိုတစ်ယောက် ပြောမှ သိပြီး ပြင်လို့ရမှာပေါ့…မဟုတ်ဘူးလား..”
“မီနာ က ချစ်ဖို့ကောင်းလိုက်တာ..”
မီနာ မကျေနပ်လို့ နှုတ်ခမ်းစူရင်း ရှင်းပြကာ ကြက်ပေါင်းရည် ပန်းကန်ကို သူ့ရှေ့ကို ထပ်ရွေ့ပေးတော့ ရုတ်တရက်ကြီး ထပြောတဲ့ စကားကြောင့် ရင်ခုန်ရပြန်သည်။
“သောက်…သောက်ကြည့်ပါဆို…”
မီနာ မျက်နှာလွဲလိုက်ပြီး ပဲသုပ်ပန်းကန်ကို ကြည့်ကာ ပြန်စားရင်း ပြောလိုက်တော့မှ ဇွန်းနဲ့ ခပ်သောက်သည်။
“အရသာ မတူပေမဲ့လည်း သောက်ကောင်းပါတယ်….မဆလာက ဒီမှာ နည်းနည်း အနံ့ပြင်းတယ်…ကျွန်တော်တို့ဆီမှာက မဆလာ သိပ်မသုံးဘူး..ငရုတ်ကောင်းအပျော့လောက်ပဲ သုံးတာ..ဒီမှာက ကြက်သားဟင်းအနံ့ဖြစ်နေတယ်…”
“ဟုတ်လား..နောက်နေ့ကျ မဆလာ မထည့်တော့ဘူးလေ…မီ က ကြက်သားစွပ်ပြုတ်လို ချက်တာ မဟုတ်တော့ ညှီနေမယ် ထင်လို့ မဆလာ နည်းနည်း ဖြူးလိုက်မိတာ…ဟိုတစ်ယောက် ကြိုက်တယ်မလား..နေ့တိုင်း လုပ်မယ်..ဒါမှ စားမှာလေ…မဟုတ်ရင် ရေနဲ့ပဲ ဝါဖြေမှာ မလား…”
“အဟွင်း..ကျေးဇူးတင်ပါတယ်…‌ခေါက်ဆွဲကြော် ဟိုတစ်ပန်းကန် ကျန်နေတာ ကျွန်တော် ပြန်လာရင် စားမယ်နော်..ရတယ်မလား..”
“ရတာပေါ့..ဘယ်သူမှ လုမစားပါဘူး…”
သူက ရယ်ပြီး ကြက်သားပေါင်းရည်ကို ခပ်သောက်နေတော့ မီနာလည်း ပဲသုပ်ဆက်စားနေပေဲ့ စိတ်ထဲမှာ ကျေနပ်မိသည်။
ငါးရက်စလုံး ဘာမှ သေချာ မစားဘူး..။
ခုလိုတွေ ကြိုက်ရင် လုပ်ပေးမှာပေါ့..။
သိပ်လည်း မခက်ပါဘူး..။
မီနာ မနက်ဖြန်လည်း ထမင်းပေါင်းဆိုတာ စမ်းလုပ်ကြည့်ဖို့ တစ်ခါတည်း တွေးမိသည်။
အိုး..စာတွေတော့နောက်ကျတော့မှာပဲ..။
ကိုယ့်အတွက် ကိုယ့်အဖေ အတွက် စားဖို့သောက်ဖို့ အဲလောက် မပြင်ဆင်ခဲ့ပါဘူး.။
ဟိုတစ်ယောက် အတွက်ကျတော့မှပဲ..။
အင်း..ဒါလည်း ကုသိုလ်ရမှာပါလေ..။
မီနာ ကိုယ့်အတွေးနဲ့ ကိုယ် သူ့ကို ကြည့်မိတော့ ကြက်ပြုတ်ရည် ကုန်သွားတဲ့ ပန်းကန်ကို ထောင်ပြကာ လက်မ ထောင်ပြလို့ မျက်လွှာချလိုက်ရင်း ပြုံးမိသွားသည်။
“သွားလိုက်ဦးမယ်..ပြန်လာရင် ခေါက်ဆွဲကြော် စားမှာနော်…”
“အင်းပါ…”
“အဟွင်း…”
သူ မီးဖိုခန်းထဲက ထွက်သွားတော့ မှ မီနာ ရယ်မိပြီး ခေါင်းရမ်းကာ အချိုရည် တစ်ခွက် ထည့်သောက်ရသည်။
05150719




ချစ်မျက်၀န်းWhere stories live. Discover now