EP 9 Uni

41 3 0
                                    

EP 9

05161008

“ကြိုက်ပါ့မလား မသိပါဘူး..”
ဟိုတစ်ယောက် လုံးထွေးထားတဲ့ အဝတ်တွေကို ယူပြီး ရေချိုးခန်းထဲ ရောက်လာရင်း မီနာ တစ်ယောက်တည်း ခပ်တိုးတိုး ပြောမိသည်။
သူ ရေချိုးပြီးရင် သူ့အဝတ်တွေ လှန်းထားတက်တာ သတိထားမိသည်။
အဝတ်မီးပူထိုးတာတော့ မီနာ နေ့ခင်းပိုင်း ကျောင်းပြန်ချိန် တန်းပေါ်က အဝတ်အကုန် ယူပြီး မီးပူထိုးပေးလိုက်တာပါပဲ..။
ရမဇာန် ဥပုသ်လ ကျတော့ သူ အလုပ်က ပြန်လာရင် ပင်ပန်းနေပြီး ဆယ်မိနစ်လောက် နားပြီတာနဲ့ ကျောင်းကိုသွား အဆွရ် ၀တ်ပြုပြီး ကျောင်းသားတွေ စားဖို့သောက်ဖို့ ပြင်ဆင်တဲ့နေရာမှာလည်း ကူပေးသည်။
သူရေချိုးတော့ အေရှာမသွားခင် အပြေးအလွှားမို့ ဝတ်သမျှ အဝတ်တွေကို မလျှော်အားပဲ အိတ်တစ်ခုထဲ စုထိုးထည့်ထားတာ သတိထားမိသည်။
ဒီနေ့တော့ အပါ့ အဝတ်တွေယူလျှော်ရင်း သူ့အဝတ်အိတ်ပါ တစ်ခါတည်းယူခဲ့သည်။
လက်ထပ်ပြီးတာ ကြာပြီဆိုပေမဲ့လည်း မပြောရဲလို့ တာဝန်တွေလစ်ဟင်းသလို ဖြစ်နေတာ..။
အဝတ်တွေကို ဆွဲထုတ်ကာ ဆပ်ပြာရေဇလုံထဲ နစ်နေရင်း ဘူဘူးကို ဆူခဲ့တာ သတိရသွားသည်။
“ဘူဘူကလည်း ယောက်ျားတွေမှာ လက်မပါတာ ကျလို့..တမန်တော်တောင် ကိုယ့်အဝတ်အစား ကိုယ်တိုင် ချုပ်ရတာ…ခုယောက်ျားတွေက ဘာမို့လို့ အစစ အရာရာ လိုက် ပြုစုပေးရမှာလဲ…”
“အမလေး..ဆရာမကြီး…နင် ယောက်ျားရမှ ငါကြည့်ပါဦးမယ်..”
မီနာ အဝတ်တွေကို ထည့်နေရင်း တစ်ချက်ရယ်မိသည်
ကိုယ့်အဝတ်တွေလည်း လျှော်နေတာပဲလေ..။
သူ့အဝတ်တစ်ထည် နှစ်ထည် ထည့်လျှော်ရုံနဲ့ ဘာများ ပိုပင်ပန်းလို့လဲ…။
နောက်ပြီး သူကသာ ခိုင်းတက်တဲ့ ယောက်ျားဆိုရင် လုပ်ပေးရတာ ငြူစူမိမှာပါပဲ..။
ခုချိန်ထိ ဘာမှ မခိုင်းဖူးတော့ လုပ်ပေးရတာ စေတနာပါတာပေါ့..။
အင်း…ဟိုတစ်ယောက် ကြောင့် ခက်ခဲတာဆိုလို့ မကြားဖူး မသိဖူးတဲ့ မုန့်တွေ ဟင်းတွေ စားချင်တက်တာလေး တစ်ခုပါပဲ..။
ဒါကလည်း လုပ်တက်သွားတော့ လုပ်ရလွယ်ပါသည်။
ခေါက်ဆွဲကြော်နဲ့ ဖက်ထုပ်ကြော်ကို နေ့တိုင်းစားနေတာ မရိုးဘူးလား မသိပါဘူး..။
ရေနဲ့ပဲ ဝါဖြေနေတာထက် စာရင် အစားဝင်တော့ ကောင်းတာပေါ့..။
အရင်တုန်းက သားအဖ နှစ်ယောက် တုန်းက ဟာလင်မ် ပဲသုပ် ပူတီ ချာပတီ နဲ့ တစ်လ ကုန်သွားပေမဲ့ ခုတော့ ဖက်ထုပ် ခေါက်ဆွဲကြော် ပါ ထပ်တိုးလာသည်။
ထမင်းကြော်တာကလည်း အသီးအနံ့တွေနဲ့ ခေါက်ဆွဲကြော်သလို ကြော်ရင် သူ ကောင်းကောင်းစားတက်သည်။
ထမင်းပေါင်းဆိုတာကတော့ မချက်ကျွေးဖူးသေးပါဘူး..။
မောက်ချိုင်ဆိုတာလည်း လုပ်နည်းကြည့်ထားပေမဲ့ ထည့်ရတဲ့ အမယ်တွေများပြီး ဝယ်ရခက်တာတွေချည်းပဲမို့ မလုပ်ကျွေးဖြစ်သေးပါဘူး..။
မီနာ အဝတ်လျှော်ပြီးရင် လုပ်ရတဲ့လွယ်တဲ့  ထမင်းပေါင်းလုပ်ဖို့ စဉ်းစားထားမိသည်။
ဥပုသ်နဲ့ပေမဲ့ စားဖို့သောက်ဖို့နဲ့ အိမ်အလုပ်ချည်းပဲ ခေါင်းထဲ ရှိနေတာ မဟုတ်သေးပါဘူး..။
အဝတ်မြန်မြန်လျှော်ပြီးရင် စာနည်းနည်းဖတ်ဦးမှပါလေ..။
မဟုတ်ရင် မှီမှာမဟုတ်တော့ဘူး.။
မီနာ ခေါင်းထဲ အသိဝင်လာတော့ အဝတ်တွေကို မြန်မြန်လျှော်လိုက်ပြီး လှန်းကာ တစ်ခါတည်း ဝူဇူလုပ်ပြီး ကုရ်အာန်ထိုင်ဖတ်နေလိုက်သည်။
အပါ က အိမ်ပေါ်တက်လာပြီး စက်ဘီးသော့ယူတာသိတော့ ကုရ်အာန်ဖတ်တာ စိတ်မဖြောင့်ပဲ မြန်မြန်ရပ်လိုက်ရပြန်သည်။
“အပါ..အပါ…လမ်းထဲသွားမှာမလား..”
“အင်း..ဘာလိုလို့လဲ သမီး..”
“ကော်မှုန့် နည်းနည်း နဲ့ ငုံးဥ နည်းနည်းဝယ်လာပေးပါလား..”
“ကော်မှုန်…ငုံးဥ…”
အပါ က မီနာကို ထူးဆန်းသလို ကြည့်နေတော့ နေရခက်သွားသည်။
ဟုတ်သားပဲ..ဘယ်တုန်းကများ ပလာတာ ပူရီ ချာပတီ ထဲ ငုံးဥထည့်စားလို့လဲ..။
“အင်း..အပါ ဝယ်ခဲ့မယ်…ဒါပဲလား..”
“ဂျီး..”
ဟိုရက် ဈေးသွားတုန်းက ကြက်သားနည်းနည်းပြုတ်ထားလိုက်တာ တော်သေးသည်။
အသီးအနှံလေးတွေလည်း ပိုဝယ်လာပြီး အဝတ်ကို ရေစွပ်ကာ ထုတ်ထားရသည်။
မဟုတ်ရင် ယောက်ျားစားဖို့ကို အဖေ့ကို နေပူထဲ ဝယ်ခိုင်းနေရပါဦးမည်။
အပါ စက်ဘီးတွန်းသွားတော့မှ စလာမ်ပေးပြီး ကုရ်အာန်ရှေ့ ပြန်ထိုင်လိုက်ရသည်။
ထမင်းပေါင်းက တခြား ဘာလိုသေးလဲ မသိဘူး..။
မီနာ ဘေးက ဖုန်းကို ပြန်ကြည့်ကာ လိုအပ်တဲ့ ပစ္စည်းတွေကို လိုက်ဖတ်နေမိသည်။
ဟင်းချက်နည်းလေးတွေထဲက လွယ်တာလေးတွေပါ လိုက်ဖတ်နေရင်း အသိဝင်တော့ နာရီဝက်ရှိသွားပြီ..။
“ဒီရှိုင်သာန်မတော့..”
မီနာ ကိုယ့်ကိုယ်ကို ပြောလိုက်ပြီး လက်ထဲက ဖုန်းကို ချလိုက်ကာ စာပြန်ဖတ်ရပြန်သည်။
ရမဇာန် ဆယ်ရက်ကျော်နေပြီ အချိန်တွေဖြုန်းနေမိတာများလို့ ကိုယ့်ကိုယ်ကို သတိပေးနေရသည်။
အလုပ်နဲ့ကုသိုလ်ရေးကို အချိန်မျှပေးရတော့မည်။
မီနာ ခေါင်းထဲက အလုပ်တွေကို ထုတ်လိုက်ပြီး စာကိုပဲ အာရုံစိုက်ဖတ်နေလိုက်တော့ အရင်ရက်တွေထက် စာပိုပြီးသည်။
ပုံမှန်နေ့တွေထက် မီးဖိုချောင် ဝင်တာ နောက်ကျသွားသော်လည်း လွယ်လွယ်ကူကူပဲ မြန်မြန်ဆန်ဆန် ပြီးသွားတော့ ဝမ်းသာသည်။
ထမင်းပေါင်းဆိုတာ အသီးကြော်နဲ့တွေကို ထမင်းနဲ့ ရောစားတာမျိုးပါပဲ..။
ခေါက်ဆွဲကြော်ထက်တောင် ပိုလွယ်ပြီး ပိုမြန်သေးသည်။
မီနာ ညစာအတွက် ဟင်းပါ ထပ်ချက်လိုက်ပြီးတော့ ဝူဇူလုပ်ကာ စာပြန်ဖတ်နေလိုက်သည်။
သူပြန်လာတာ သိပေမဲ့ စာဖတ်ဖို့ပဲ စိတ်‌လော နေတော့ မထသွားမိတော့ပါ..။
အရင်ရက်တွေတုန်းက မီးဖိုချောင်ထဲ အလုပ်ရှာနေမိပေမဲ့လည်း ဝါဖြေခါနီး အထိ စာပဲ ထိုင်ဖတ်နေလိုက်သည်။
“ငုံးဥ ကို ဒီအကြော်ထဲ ထည့်ထားတာပဲ…”
အပါ က ဝါဖြေချိန် မှာ ရှေ့မှာ ချထားတဲ့ အသီးကြော်ကို ကြည့်ပြီး ပြောတော့ မီနာ ရှက်လို့ ခေါင်းသာ ညိတ်ပြနိုင်သည်။
မီနာ ဘာချက်ထားလဲ ဆိုတာ သူတော့သိမှာပါ..။
ထမင်းပူပူကို ပန်းကန်ပြားထဲ တစ်ယောက်စာ ခပ်ထည့်ပြီး အသီးစုံကြော်ထားတာကို ခပ်ကာ ထမင်းပေါ် တင်ပေးပြီး ဇွန်းတပ်ပေးလိုက်သည်။
အခင်းပေါ် အကုန်ချပြီးတာနဲ့ အချိန်ဝင်တော့ မီနာ ရေသောက်လိုက်သည်။
အပါ က မီနာ ချထားတဲ့ ထမင်းပေါင်း ပန်းကန်ကို ဆွဲယူပြီး စားကြည့်နေတော့ သူက ဖက်ထုပ်ကိုပဲ ကောက်ကိုင်လိုက်ရတော့သည်။
“ငါ သမီးငယ်လည်း ထူးထူးဆန်းဆန်းတွေ လက်တည့်စမ်းချက်ထားတာ…ဒီဟာကျ စားရတာ မဆိုးဘူး..တော်လာပြီ…”
အပါ ကြိုက်မှာ မဟုတ်ဘူးလို့ ထင်ပေမဲ့လည်း ပဲသုပ်တောင် မစားပဲ ထမင်းပေါင်း ပန်းကန်ကို ကုန်အောင် စားသွားသည်။
သူကတော့ ဖက်ထုပ် တစ်ပန်းကန်စားပြီး ရေသောက် ထသွားရတော့ မီနာ ရယ်ရခက် ငိုရခက်ပါသည်။
အပါလည်း ကြိုက်ရင် မနက်ဖြန် ပိုလုပ်ရတော့မည်…။
တစ်ယောက်စာပဲ လုပ်ထားမိတာမို့ သူမစားရတာကိုလည်း စိတ်မကောင်းဖြစ်သလိုလို အားနားသလိုလို ခံစားရသည်။
မီနာ နမာဇ် ဖတ်ပြီးချိန် သူ ပြန်ရောက်လာကာ မီးဖိုခန်းကို တန်းဝင်သွားသည်။
သူ့နောက်ကို လိုက်သွားတော့ ပန်းကန်တွေ လိုက်ဖွင့်ကြည့်နေလို့ ရယ်ချင်သွားသည်။
“ဟိုတစ်ယောက် ဘာရှာနေတာလဲ…”
“ဟင်…မရှာပါဘူး…”
မီနာ ရယ်ချင်စိတ်ကို ထိန်းရင်း မျက်နှာငုံ့ကာ တစ်ချက် ပြုံးမိသွားသည်။
“ပြီးတာပဲ..”
“ဟို..မီနာ…ထမင်းပေါင်းက ဝယ်တာလားဟင်..ဘယ်မှာရောင်းတာလဲ…”
ခုချိန်ထိ ဆိုင်ကိုပဲ မေးနေတာ မကျေနပ်လို့ နှာခေါင်းရှုံ့မိသည်။
“မီ ချက်တာပေါ့…ဒီမှာ ဒီလို အစားအသောက် ဘယ်သူမှ မစားဘူး..”
“ဟုတ်တယ်နော်….အဲဒါ ကျန်သေးလား…”
နောက်ဆုံးတော့ မနေနိုင်စွာ ဖွင့်ပြောလာပြီမို့ မီနာ နှုတ်ခမ်းကို ဖွဖွ ဖိပိတ်ကာ ရယ်ချင်စိတ်ကို မြိုချလိုက်ရသည်။
“မီ လည်း မစားလို့ တစ်ယောက်စာပဲ ချက်လိုက်မိတာ…အပါ က ကြိုက်တယ်ထင်တယ်…မနက်ဖြန်မှ များများ လုပ်ပေးမယ်နော်…ထည့်ရတဲ့ ဟင်းရွက်တွေကလည်း ကုန်နေပြီမို့လို့ပါ…မဟုတ်ရင် ခုလုပ်ပေးတယ်…မြန်ပြီး လွယ်ပါတယ်…ခေါက်ဆွဲတော့ ရှိတယ်…ကြက်သားနဲ့ ပြုတ်ပေးရမလား…”
“နေပါစေ…ဟို…မီနာလည်း မကြိုက်တော့…ထမင်းပေါင်းက  ပိုနေမှာ စိုးလို့ မေးကြည့်တာပါ…ဗိုက်က မဆာပါဘူး..”
သူ့ဟာသူ မလုံမလဲ ရှင်းပြပြီး ရှက်ကိုးရှက်ကန်းနဲ့ ပြန်ထွက်သွားတော့ မီနာ ပြုံးမိသွားသည်။
အသီးအရွက်လည်း မရှိတော့လို့ ခေါက်ဆွဲကို ပြုတ်ပြီး လွယ်လွယ်လုပ်လို့ရတဲ့ ဆီချက် ခေါက်ဆွဲလေးပဲ ပြင်လိုက်သည်။
မဟုတ်ရင် ဘာမှ မစားပဲ အိပ်ပြီး မနက်ဖြန် မူးပါဦးမည်လေ..။
မီနာ သူ့အတွက် ဆီချက် ခေါက်ဆွဲ လုပ်ပေးပြီး အုပ်ခြင်းနဲ့ အုပ်ခဲ့ကာ အခန်းထဲ ဝင်လိုက်သည်။
ခဏကြာတော့ သူလည်း အခန်းထဲ ရောက်လာပြီး ရေသုတ်ဝတ်နဲ့ အဝတ်အစားတွေ ယူနေသည်။
“ဟိုတစ်ယောက် ရေချိုးပြီးရင် ခေါက်ဆွဲစားလိုက်နော်…”
“ဟင်…”
“ကြက်သားပဲ ရှိလို့ ဆီချက်ခေါက်ဆွဲလုပ်ထားတယ်…”
“မီနာ လုပ်တက်တယ်….”
“ခေါက်ဆွဲကြော်ဖို့ အသီးတွေ မရှိတော့လို့…ဆီချက်က ပိုလွယ်လို့ ဖုန်းထဲက ကြည့်ပြီး လုပ်ထားတာ ကောင်းတော့ မကောင်းဘူး … ဟိုတစ်ယောက် မစားချင်လည်း ထားလိုက်…မနက်မှ ပစ်လိုက်မယ်…”
“စားမှာပေါ့..ရေချိုးပြီး  စားလိုက်မယ်နော်..မီနာက ချစ်ဖို့ကောင်းလိုက်တာ …”
မီနာ ဘာမှ မပြောတော့ပဲ အခင်းခင်းလိုက်ကာ စာအုပ်ကိုလည်း ယူတော့မှ သူလည်း အခန်းပြင် ထွက်သွားတော့သည်။
“မီနာ..မီနာ…”
“ဟင်..”
မီနာ ကုရ်အာန် ဖတ်နေရင်း လှည့်ကြည့်မိပြီးမှ မျက်လုံးပြူးသွားကာ ကပျာကယာ မျက်နှာ လွဲပစ်လိုက်ရသည်။
ရေချိုးရင် ရေချိုးခန်းထဲမှာပဲ အဝတ်အစားလဲ လျှော်ဖွတ် အဝတ်ဝတ်ပြီး ပြန်ထွက်လာတာပါ..။
ခုမှ အပေါ်ပိုင်း ကိုယ်ဗလာနဲ့မို့ မီနာ ရှက်လွန်းလို့ မျက်နှာတွေတောင် ပူထူသွားသည်။
“မီနာ…ကျွန်တော့် အဝတ်တွေ လျှော်လိုက်တာလား…”
“အင်း..ဟို…အပါ့ အဝတ်တွေလျှော်ရင်း ယူလျှော်လိုက်တာ..ဟိုတစ်ယောက်က လျှေ်ာဖို့မှ အချိန်မရှိတာပဲ…အဲဒါကြောင့်…”
“ဟာ…”
သူ့ဆီက စိတ်ပျက်တဲ့ လေသံထွက်လာတော့ မီနာ မျက်နှာငုံ့ထားပေမဲ့လည်း စိတ်မကောင်းဖြစ်ကာ ငိုချင်သွားသည်။
“မကြိုက်လို့လားဟင်..”
“မဟုတ်ပါဘူး..မီနာက ရိုဇာနဲ့ ပင်ပန်းတာပေါ့..ကျွန်တော်က အချိန်မရလို့ ထားလိုက်တာ…”
“မပင်ပန်းပါဘူး…နောက်နေ့လည်း မီပဲ ယူလျှော်မယ်..ဟိုတစ်ယောက် အဝတ်တွေ ကိုင်တာ မကြိုက်ရင်တော့ ပြောပါ..မလျှော်ဘူး…”
“မဟုတ်ပါဘူး…အင်း..ကျေးဇူးတင်ပါတယ်..ဂျဇကလ်လာ….ကျေးဇူး…”
“………”
အခန်းထဲက ပြန်ထွက်သွားတော့မှ သက်ပြင်းတစ်ချက်ချပြီး ခေါင်းထောင်ဝံ့တော့သည်။
ရှက်ဖို့ကောင်းလိုက်တာနော်…။
မီနာ စာပြန်ဖတ်နေရပေမဲ့လည်း သက်ပြင်း ခဏခဏ ချမိနေတော့သည်။
.
“……..”
မီနာ အသိနဲ့ နိုးလာရင်း မျက်နှာကို လေတိုက်နေတာကြောင့်  မျက်လုံးမဖွင့်ပဲ ဇိမ်ယူနေမိသည်။
ပြတင်းပေါက် က ဒီနေ့မှ ထူးထူးဆန်းဆန်း လေတိုက်နေတာပဲ..။
ပုံမှန်ဆို နေပူတာနဲ့ နိုးလာရပေမဲ့ ဒီနေ့တော့ လေကောင်းကောင်း တိုက်တာပဲ..။
မျက်လုံးတွေမဖွင့်တော့ မှေးခနဲ့ အိပ်ပျေ်ာသွားလိုက် အသိဝင်လာလိုက်..။
နောက်ကျတော့မယ် လို့ တွေးလိုက် အိပ်ပျော်သွားလိုက် ဖြစ်နေသည်။
မိနစ်ပိုင်းလောက် နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေပြီးမှ မျက်လုံးကို ဖြည်းဖြည်း ဖွင့်လိုက်သည်။
ဆေးမှင်စွန်းနေတဲ့ လက်နဲ့ ယပ်တောင်က ဟိုဘက် ဒီဘက် ယမ်းနေလို့ မျက်လုံးပြူးပြီး ကပျာကယာ ထထိုင်လိုက်ရသည်။
မနက် ခုနှစ်နာရီ သူ အလုပ်သွားတော့မှ ပြန်အိပ်တာပါ..။
ဟုတ်လား..။
မီနာ မသေချာလို့ အခန်းထဲက နာရီ ကို ကြည့်လိုက်မိတော့ ကိုးနာရီပါ..။
ဆံပင်တွေကို သပ်လိုက်ပြီး ခုတင်ပေါ်က ခြေချကာ မျက်လွှာချထားမိသည်။
“အရမ်းပူတယ်နော်….မီးမမှန်တော့ ပန်ကာလည်း မရဘူး…”
“ဟင်….အင်း…သိပ်မပူပါဘူး…”
သူက ဟက်ခနဲ့ တစ်ချက် ရယ်တော့ မီနာ မလုံမလဲဖြင့် မော့ကြည့်မိသည်။
မီနာ့ရှေ့မှာ မတ်တက်ရပ်နေရတာမို့ သူက ငုံ့မိုးကြည့်နေလို့ ကပျာကယာ မျက်လွှာချရပြန်သည်။
“မီနာ က မျက်နှာသာ မအုပ်တာ လည်းပင်းပိတ် လက်ရှည် ခြေမျက်စိဖုံးတာတွေပဲ ဝတ်တော့ ပိုပူတာပေါ့..တခြားအချိန်ဆို ကိစ္စ မရှိပေမဲ့ ရမဇာန်မှာတော့ ကျွန်တော့်ကြောင့် ပိုပူပြီး ပိုပင်ပန်းနေသလိုပဲ…အားနာမိတယ်…အမြဲတမ်း အဲလို မဝတ်ရဘူး ထင်ထားတာ..အိမ်ထဲမှာလည်း ဒီလို ဝတ်ရတာ ကျွန်တော် ရှိလို့မလား..”
“မ…မဟုတ်ပါဘူး..မဝတ်ရပါဘူး…မီ..တခြား အ၀တ်တွေနဲ့ မနေတက်လို့ပါ…”
“မီနာ အဆင်ပြေဖို့ တစ်ခု တွေးမိတယ်…”
မီနာ ဘာမှ မပြောပဲ စောင့်နားထောင်နေပေမဲ့လည်း ဘာမှ မပြောလို့ တစ်ချက် မော့ကြည့်တော့ လူကို ပြုံးစေ့စေ့နဲ့ ကြည့်နေလို့ သူခိုးလူမိသလို မျက်လွှာ ချလိုက်ရပြန်ပါသည်။
ရန်စဖို့ လုပ်နေပြီ ထင်ပါတယ်..။
“အဟင်း….ဟိုလေ…ကျွန်တော် အိမ်ပေါ် ရောက်တာနဲ့ မျက်လုံးစည်းထားလိုက်မယ်..မီနာ က လွတ်လွတ်လပ်လပ်နေလို့ရတာပေါ့….မီနာ က ကျွန်တော့် မျက်လုံးကိုပဲ ကြောက်နေတာမလား…”
“မ‌ကြောက်ပါဘူး…”
“ဒါဖြင့် ကြည့်လေ…ကြည့်ရဲလို့လား…”
မီနာ့ကို ရန်စ စိန်ခေါ်နေတော့ မျက်ခုံးတွန့်ရင်း မော့ကြည့်လိုက်မိပေမဲ့လည်း သူ့မျက်လုံးကို တွေ့တာနဲ့ ရင်ခုန်ပြီး မျက်လွှာချလိုက်ရတော့သည်။
သူကတော့ စိန်ခေါ်ပြီး နိုင်သွားလို့ ရယ်ပေမဲ့ မီနာကတော့ မကျေ မနပ် ဖြစ်ရသည်။
“မီနာ နဲ့ ကျွန်တော်က ဟလာဟ်နေကာ ဖတ်ထားတာ တရား၀င် လူသိရှင်ကြား လက်ထပ်ထားတာလေ…မျက်နှာကို ကြည့်လို့ရသလို လက်တွေ လည်ပင်းတွေ ခြေထောက်တွေလည်း မြင်လို့ရတယ် ဆိုတာ ကျွန်တော်သိတယ်..မီနာ့ကို သနားပေမဲ့ မတက်နိုင်ဘူး..မီနာ ခုလိုချည်းပဲ ဒုက္ခခံနေရင် အခန်းထဲလည်း မဝင်ဘူး..အိမ်ပေါ်လည်း မတက်ဘူး..အပါ့ကို ပြောပြီး ကျောင်းထဲ သွားနေလိုက်တော့မယ်…”
“ဟင်…”
“တကယ်ပြောနေတာနော်…”
မီနာ မကျေနပ်လို့ မျက်ခုံးတွန့်ကုတ်နေပြီး နှုတ်ခမ်းလည်း စူနေတာ သိပေမဲ့  ပြင်ချင်စိတ်တောင် မရှိတော့ပါ..။
ဒါ သပ်သပ် လူကိုအကြပ်ကိုင်လိုက်တာပဲ..။
ကိုယ့်ဟာကို ဝတ်ချင်တာ ဝတ်နေတာတောင် လိုက်ပြီး ကန့်သတ်နေတာ မုန်းဖို့ကောင်းလိုက်တာနော်..။
“အကျီ ၤ လက်တိုလည်း ဝယ်ခဲ့တယ်… ဝတ်ကြည့်ပါဦး..”
သူလှမ်းပေးနေတဲ့ အိတ်ကို မယူချင်ပဲ ယူလိုက်ကာ အထဲက စိမ်းပြာရောင် အကျီ ၤလေးကို ထုတ်လိုက်သည်။
လက်ဖောင်း လည်ပင်းပေါ်တဲ့ ဂါဝန်ရှည်လေးက အသားကလည်း ချည်ဖွန်မို့ အေးမဲ့ ပုံပါပဲ..။
“ဝတ်ကြည့်လေ…”
“မဝတ်ပါဘူး..တော်မှာပါ…”
“ဘာလဲ..မီနာ က အသားမဲပြီး ခြင်ကိုက်ဖုတွေ ရှိနေလို့လား..မဟုတ်မှ အမာရွတ်တွေ တစ်ကိုယ်လုံးလား..”
သူ ရန်စနေတာ သိတော့ မီနာ နှုတ်ခမ်းပိုစူသွားကာ လက်ထဲက အဝတ်ကို အိတ်ထဲ ပြန်ထိုးထည့်ပစ်လိုက်သည်။
“အိမ်နေရင် အဲဒါပဲ ဝတ်နော်…”
“ဟင်…”
မီနာ အလိုမကျစွာဖြင့် မျက်ခုံးတွန့်သွားရပြန်ပါသည်။
“ဝတ်ကြည့်ပါဦးဆို.…”
မီနာ မငြင်းရဲတော့လို့ အခန်းထောင့်ကို သွားရပြီး သူ့ကို တစ်ချက် ကြည့်မိချိန် ပြုံး၍ တစ်ဖက်ကို လှည့်သွားသည်။
ချည်ပွန်သား အိအိလေးက လျောခနဲ့ပဲ ဝတ်လို့ အဆင်ပြေပြီး ခါးချည်ကြိုးလေး ပါလို့ တစ်ခါတည်း ချည်လိုက်ရသည်
ယောက်ျားတစ်ယောက်ရှေ့မှာ တစ်ခါမှ ခုလို မဝတ်ဖူးတော့ မီနာ နေရခက်လို့ မျက်ရည်ပင် ဝဲလာသည်။
“ရပြီလား..”
“ဟင်…အင်း…”
သူ မေးတော့ ဖြေလိုက်ရပေမဲ့လည်း မျက်နှာ ငုံ့ထားမိသည်။
အနားကို ပြန်ရောက်လာပြီး လက်ဖောင်းမှာ ပါတဲ့ ကြိုးလေး နှစ်စကို သေချာချည်ပေးနေတော့ လက်မောင်းသားက သူ့လက်ချောင်းတွေနဲ့ ထိနေလို့ နေရခက်စွာဖြင့် အသက်အောင့်ထားမိသည်။
“မီနာ က တော်တော် အသားဖြူတာပဲ…နေမှမထိတာ…”
မီနာ့ လက်ဘေးမှာ သူ့လက် ကပ်ပြီး ယှဉ်ပြတော့ ရင်ခုန်စွာဖြင့် ငြိမ်သက်တိတ်ဆိတ်နေမိသည်။
ခြေသလုံးထိသာ ရောက်တဲ့ ပန်းပွင့်လေးတွေ ပါတဲ့ ဂါဝန်ပါးပါး ဝတ်ထားရတာကို သူက သေချာ ကြည့်နေတော့ မီနာ ရှက်လွန်းလို့ မျက်ရည်ဝေ့လာရသည်။
“ပြန်လဲလို့ ရပြီမလား..”
“အင်း..မီနာနဲ့ လှတယ်နော်..ကျွန်တော် ကျောပေးထားပါမယ်”
သူက ကျောပေးပြီး ရန်စနေပေမဲ့ မီနာ အခန်းထောင့်ကို သွားပြီး ကပျာကယာပဲ ပြန်လဲဝတ်လိုက်သည်။
"အခုက စလို့ အိမ်နေရင်း အဲ့ဂါ၀န်ပဲ ၀တ်ရတော့မယ်နော်…"
မီနာ အကျီ ၤကို ခုတင်ပေါ်တင်ပေးမိချိန် စိတ်မထိန်းနိုင်တော့ပဲ ငိုမိတော့သည်။
“ဟင်..ဘာဖြစ်လို့လဲ..မီနာ…”
“အင့်..ဟိုတစ်ယောက်ပဲ အတင်းဝတ်ခိုင်းပြီး…အင့်…အိမ်နေရင်း ဒါပဲ ဝတ်ရမယ်ဆိုပြီး အမိန့်ပေးပြီး..ဟင့်…”
“ဟာ…မီနာ ပူနေလို့ပါ…ဘာလို့ ငိုရတာလဲ…”
မီနာ ရှေ့မှာ ငုံ့မိုးကြည့်နေတဲ့ သူ့ကို ရှောင်ပြီး ခုတင်ပေါ် ထိုင်ချလိုက်ကာ မျက်နှာအုပ်၍ ငိုမိသည်။
“ကျွန်တော်ကြောင့် ခုလို နေပူလည်း လက်ရှည် ဂါ၀န်တွေ ၀တ်နေရတာမလား…အဲဒါကြောင့်ပါ…”
“မဟုတ်ဘူး..မီ တစ်ခါမှ ဒီလိုတွေ မဝတ်ဘူး.ဝတ်လည်း မဝတ်ချင်ဘူး..ငယ်ငယ်ကတည်းက လည်ပင်းလုံပြီး လက်ရှည်တာပဲ ဝတ်လာတာ..ပူလာရင် စပန့်သားပြောင်းဝတ်တာပဲ..ခုလို လည်ပင်းဟိုက်တာတွေ လက်မောင်းပေါ်နေတာတွေ မဝတ်ရဲဘူး…အဲဒါကို ဟိုတစ်ယောက် က အတင်းဝတ်ခိုင်းနေတာ…မီ မှ ငြင်းလို့မရတာ…မီ မှ မကြိုက်တာ..မီမှ မဝတ်ချင်တာကို…လက်ရှည် ပေမဲ့ ပူရင် အေးတာ ပြောင်းဝတ်မှာပေါ့…ခုက အတင်း ဒါမှ ဒါပဲ ဝတ်ခိုင်းနေတော့ အပါ ရှေ့မှာ ဒါကြီးဝတ်ပြီး ဘယ်လို နေရမှာလဲ… တစ်ခါမှ ခုလို အသားပေါ်တာတွေ မဝတ်နေဖူးဘူး..ဒါကို ဟိုတစ်ယောက်က ဝတ်ရမယ် အမိန့်ပေးနေတော့ မီမှ ငြင်းခွင့်မရှိတာ..မီ ..စိတ်ညစ်တာပေါ့…ဟင့်…”
“သြော်..အိုး…ကျွန်တော် မသိလို့ပါ..မသိလို့ပါ မီနာရယ်…မီနာ ပူနေမယ် ထင်လို့ပါ..မီနာ ဝတ်ချင်တာပဲ ဝတ်ပါ..ပေါ့ပေါ့ပါးပါး နေစေချင်တာပါ…ဝတ်ကို ဝတ်ရမယ်လို့ အမိန့်ပေးတာလည်း မဟုတ်ပါဘူး..အတင်းအကြပ်လို ဖြစ်သွားရင် ကျွန်တော် တောင်းပန်ပါတယ်…နေက ပူနေတာ ..မငိုနဲ့တော့နော်….ဒီအကျီ ၤကြောင့်မလား..ဒါကို မြင်ရရင်ကို ငိုချင်နေတာလား…ကျွန်တော် ပြန်ယူသွားလိုက်မယ်နော်…တိတ်တော့နော်..”
အကျီ ၤကို ကောက်ယူပြီးအိတ်ထဲ ထည့်နေတော့ မီနာ ငိုချင်စိတ်ပင် ပျောက်သွားရပြန်သည်။
သူရှေ့မှာ ရှက်လို့ဆိုပေမဲ့လည်း ပုံလေးက လှသလို အသားအေးအေးလေးမို့ ဝတ်လည်း ဝတ်ချင်ပါသည်။
အပါ စာသင်သွားချိန် တစ်ယောက်တည်း ရှိနေချိန်တော့ ဝတ်လို့ရသားပဲလေ..။
“ဝယ်ပြီးသားကြီး..သွားပြန်ပေးမလို့လား..”
“အဟွင်း..ဆိုင်ကိုတော့ ပြန်မပေးရဲပါဘူး.. တစ်ယောက်ယောက်ကို ပေးလိုက်မယ်လေ….မီနာ့သူငယ်ချင်းကို ပေးလိုက်ပါလား…သူဆိုရင်တော့ ဝတ်ရဲမှာပါ…သူဝတ်တာ တွေ့ဖူးသလိုပဲ…”
မီနာ ရင်ခုန်သွားကာ ငိုချင်စိတ်ပျောက်ပြီး ဒေါသတောင် ထွက်ချင်သွားသည်။
“ဘယ်သူငယ်ချင်းလဲ…”
“ဆိုဖီလေ…”
မီနာ သိနေရဲ့သားနဲ့ တမင်မေးမိတာ သူ့ဆီက နာမည်ထွက်လာတာနဲ့ မျက်ခုံးကျုံ့ကာ မော့ကြည့်မိသည်။
“ဟင်…ပေးလိုက်မလား…”
“သူလည်းပုဝါဝတ်တယ်..ပုဝါနဲ့ ဒီအကျီ ၤနဲ့ မလိုက်ဘူး..”
“အိမ်နေရင်းတော့…”
မီနာ ခုတင်ကနေ ထရပ်ပြီး သူ့လက်ထဲက အိတ်ကို ဆွဲယူကာ ဘီဒိုဆီကို သွားလိုက်သည်။
ဘီဒိုထဲ ထည့် သိမ်းလိုက်ပြီး မသိချင်ယောင်ဆောင်ကာ အခန်းထဲက ထွက်လာခဲ့ရသည်။
“မီနာ…ကျွန်တော် ပြန်သွားတော့မယ်…”
“အင်း..”
“သြော်…မီနာ နေပူထဲ ဈေးသွားရမှာ စိုးလို့ ကြက်သားနဲ့ အသီးအရွက်တွေ ဝယ်ခဲ့တယ်နော်…မီးဖိုခန်းမှာ သိလား…”
“အင်း..”
“အဲဒါ…မပင်ပန်းရင်…အလုပ်မများရင်…ထမင်းပေါင်းလေး ထပ်ချက်ကျွေးပါလားဟင်….”
“ချက်ထားလိုက်မယ်..”
“ကျွန်တော် ဝယ်လာတာ စုံရဲ့လား မသိဘူး..ဘာထပ်ဝယ်ရမလဲ…”
မီနာ မီးဖိုခန်းကို ဝင်သွားပြီး သူဝယ်လာတဲ့ အိတ်ထဲက ပစ္စည်းတွေကို ထုတ်ချကြည့်မိသည်။
ငုံးဥလည်း ပါလာပြီးသားမို့ ခေါင်းပဲရမ်းပြလိုက်ရသည်။
“မလိုဘူးလို့…”
သူက ရှေ့မှာပဲ ရပ်နေသေးလို့ မော့ကြည့်ရင်း ပြောလိုက်တော့ ပြုံးစေ့စေ့ဖြင့် ခေါင်းညိတ်ပြသည်။
“မီနာက ငိုရင်တောင် ချစ်ဖို့ကောင်းလိုက်တာ…”
မီနာ မျက်လွှာချလိုက်ရပေမဲ့လည်း ဘယ်ကို ရှောင်ပုန်းရင် ကောင်းမလဲသာ စဉ်းစားကြည့်မိသည်။
“သွားပြီနော်…”
သူက စလာမ်ပြောပြီး ထွက်သွားတော့မှ မီနာ သူ့ကို လိုက်ကြည့်ရင်း သက်ပြင်းဖွဖွ ချလိုက်မိသည်။
သူများအားနည်းချက်ကို သိပြီး ရန်ချည်းစနေတာပဲ..။
05161257


ချစ်မျက်၀န်းDove le storie prendono vita. Scoprilo ora