စာစဉ် (၁၇၄)

372 16 0
                                    

အပိုင်း ၂၄၈၁ကိုယ်ဖော်သည့်ဆေး ကိုယ်ပြန်စားရခြင်း

ရှန်းယန်ရဟန်း၏ကိုယ်မှ ဗုဒ္ဓအလင်းများသည် ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံနေသည်။ သူသည် လက်အုပ်ချီ၍ ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်လိုက်၏။ သူ မျက်လုံးမှိတ်လိုက်ပြီးနောက် သူ၏မျက်ခုံးနှစ်ခုကြားတွင် နတ်မျက်စိတစ်လုံးပေါ်လာသည်။

ရုတ်ခြည်းအတွင်းမှာပင် ဧရာမဗုဒ္ဓကြီး လွှမ်းခြုံခံထားရသော နေရာတစ်ခုလုံးအတွင်း၌ အခြားဗုဒ္ဓများပေါ်ပေါက်လာ၏။ ကောင်းကင်ထက်တွင် ရှေးဟောင်းဗုဒ္ဓသောင်းချီများ ပြည့်နှက်သွားသည်။ သူတို့သည် ဟန်ပန်တစ်ခုတည်း ရှိကြပြီး ဗုဒ္ဓအလင်းမှ ဖြစ်ပေါ်လာသည့် ရွှေရောင်နတ်ဓားများကို ဆွဲကိုင်ထားကြ၏။ သူတို့သည် အစောက ရီဖူရှင်းနှင့်တိုက်ခိုက်ခဲ့သော ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူအသုံးပြုခဲ့သည့် ကျူးရှဲ့ဓားများကို ကိုင်ထားခြင်းဖြစ်သည်။

သူတို့ဂိုဏ်းမှလူများသည် ယခင်က ချုပ်နှောင်ခြင်းအတတ်နှင့် ကျူးရှဲ့ဓားကိုသုံး၍ ရီဖူရှင်းကို တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ရီဖူရှင်းသည် ဝရဇိန်မန္တန်နှင့် မဟာဝေရောစန၏လက်ဖဝါးကိုအသုံးပြု၍ ထိုတိုက်ခိုက်မှုများကို ခုခံခဲ့သည်။ ယခုတွင် ရှန်းယန်ရဟန်းသည် ထိုအတတ်နှစ်ခုကို ထုတ်သုံးခဲ့ပြန်ပြီဖြစ်သည်။ သူ၏အတတ်သည် ယခင်လူများထက် ပို၍စွမ်းအားကြီးကြောင်း ထင်ရှား၏။

သူသည် အာကာသတိုက်ပွဲဝင်ပုံစံကို အသုံးပြု၍ ချုပ်နှောင်ခြင်းအတတ်၏အစွမ်းကို တိုးမြှင့်ခဲ့ပြီး ဗုဒ္ဓများ၏အစွမ်းကိုမှီခို၍ ကျူးရှဲ့ဓားများ၏အစွမ်းကို ထုတ်သုံးခဲ့သည်။ ဗုဒ္ဓတစ်ပါးချင်းစီသည် အထူးဗုဒ္ဓတံဆိပ်တော်များ ရှိကြ၏။ သူတို့၏ထက်ရှသောဓားများသည် ရီဖူရှင်းကို ညွှန်ထားကြသည်။ သူတို့ထံမှ သတ်ဖြတ်လိုသောအငွေ့အသက် ခပ်ဖျော့ဖျော့တစ်ခု ထွက်ပေါ်နေ၏။

ရှန်းယန်ဗုဒ္ဓ၏လက်အောက်မှ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများသည် ဗုဒ္ဓလောကတွင် တည်ငြိမ်အေးချမ်းမှုကို ဦးစားပေး၍ ထိန်းသိမ်းနေသူများဖြစ်ကြသည်။ သူတို့သည် အပြစ်ကျူးလွန်သူများကို ပြစ်ဒဏ်ပေးရသည့်သူများဖြစ်သည်။ သူတို့၏ကျူးရှဲ့ဓားများသည် အပေါ်ယံမြင်ရသည်ထက် များစွာပို၍အစွမ်းထက်ပုံရ၏။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now