ဘဝမှာ ဘယ်နှကြိမ်၊ ဘယ်နှခါ ပစ်ပစ်ခါခါခံရမှ အမှတ်ရှိမလဲဆိုတာ သိချင်စိတ်ဖြစ်မိတာဟာ
ရည်မွန့်ကို ချစ်မိမှ ဖြစ်လာခဲ့တယ်လို့ပြောရင် ကိုယ့်ကိုယ်ကိုယ် သနားညှာတာခြင်းပဲဖြစ်မယ်လို့ ကျော်ကျော်အပါအဝင် အားလုံးက ပြောကြမယ်ထင်တယ်။ရည်မွန်နဲ့ နှစ်ယောက်တည်းဘဝကို ရပ်တည်ရတော့မယ်ဆိုကာမှ ရည်မွန့်ဘဝထဲကို ကိုယ်ဟာ တစ်ယောက်တည်းဝင်လာရသူဖြစ်လာမှန်း ရိပ်မိလာခဲ့တော့တယ်။ ရည်မွန်က ကိုယ့်ကိုသနားတာလား၊ ဒါမှမဟုတ် ချစ်တာလား။ အဲ့ဒီချိန်တွေတုန်းကတော့ ရည်မွန်ဟာ ကျော်ကျော့်ဆီမှာ မရရှိခဲ့တဲ့ ချစ်မေတ္တာတွေအတွက် ကိုယ့်ဆီမှာ ခခယယ တောင်းခံလိုသူလို့ထင်ခဲ့မိတယ်။
" ကျော်ကျော်ခန့်..."
ဖိုးကျော်နာမည်ကို မခေါ်ရက်လောက်အောင် နာကျင်ခဲ့ဖူးတယ်လို့ ကိုယ်ပြောရင် ကိုယ်လိမ်မှာမဟုတ်ဘူးဆိုတာ ယုံကြည်တယ်မလား။ သူ့ကိုမျက်နှာမပြရဲလောက်အောင်လည်း အားနာခဲ့ရတယ်။သတိုးဟာ တစစနာမည်ကြီးလာတဲ့နောက်မှာ ကျော်ကျော်ဟာလည်း သတိုးနောက်မှာပဲ လိုက်ပြီး ရန်ကုန်မှာနေခဲ့သလို ကိုယ်ဟာလည်း ရည်မွန်နဲ့နှစ်ယောက်အတူနေလိုက်ကြတယ်။ ကျော်ကျော်နဲ့ နှစ်ရှည်လများသူငယ်ချင်းဆက်ဆံရေးတစ်ခုပြိုကွဲခဲ့ရုံကလွဲရင် ကိုယ့်မှာ အရာရာ အဆင်ပြေရုံလေးရှိခဲ့တာလို့ ပြောရမယ်ထင်တယ်။
ရည်မွန်နဲ့တွဲတာကြာလေ ရည်မွန့်အကြောင်းသိလေလို့ ပြောရမယ်။ အရင်က ကျော်ကျော်ပြောပြဖူးတဲ့ ရည်မွန်ထက် ဆိုးဝါးလွန်းတဲ့ ရည်မွန်တစ်ယောက်ကို ပိုင်စိုးဆိုတဲ့ ကျွန်တော် သိလာ မြင်လာခဲ့တဲ့အချိန်မှာ ဘဝဟာ ရွံစရာကြီးဖြစ်သွားခဲ့တယ်။
"ဟဲ့ ပိုင်စိုးက ယောက်ျားချင်းတွဲနေတာတဲ့..."
"ပိုင်စိုး အခြောက်ဖြစ်သွားပြီဆို"
"မထင်ရဘူးနော် ပိုင်စိုးကို အဲ့လိုမျိုး မိန်းမစိတ်ဖြစ်သွားမယ်ဆိုတာသူက ဘယ်သူနဲ့တွဲနေတာလဲ"ပတ်ဝန်းကျင်က စကားပေါင်းများစွာကို အရှက်နဲ့သိက္ခာကျခံပြီး နားထောင်ခဲ့ရချိန်မှာ ပြိုလဲကြေကွဲနာကျင်ခဲ့ရပေမယ့် ဘေးမှာ ရည်မွန်တစ်ယောက်ရှိနေသေးပါလားဆိုပြီး အားတင်းခဲ့ရတာပေါ့။
YOU ARE READING
သူတို့ကမ္ဘာမှာ ဒေလီယာတွေ
Fantasyဒေလီယာပန်းပွင့်တွေရဲ့ အဓိပ္ပာယ်က သစ္စာရှိမှု၊ သနားကြင်နာမှုနဲ့ ကတိတရားလို့ အမည်ရတယ်။ ဒါပေမယ့် အနက်ရောင်ရှိတဲ့ဒေလီယာတွေကတော့ သစ္စာဖောက်ဖျက်မှုဖြစ်တယ်။ အဲ့ဒီလူလေးယောက်က အနက်ရောင်ဒေလီယာတွေ...။