Chapter 17

3K 131 25
                                    

အပြင်ဖက်၌ မနက်ဖြစ်နေသော်ငြား ဒီအိမ်ကြီးထဲ၌မူ ညဖြစ်နေသကဲ့သို့ မှောင်မဲလျက်ရှိသည်။ ထိုအိမ်ကြီး၏ ကုတင်ထက်၌ နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေသည့် နှောင်ကြိုးရိပ် ရှိနေသည်။

ရိပ် သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်တိုင်း မဲမှောင်လျက်ရှိနေတာမို့ သူ့အမြင်များ ပျောက်ကွယ်သွားလေသလား အထင်ရှိလာမိသည်။ ဘယ်ရောက်နေတာလဲ သူ စူးစမ်းချင်နေသော်ငြား သူ့ခန္ဓာကိုယ်က လေးလံလွန်းနေသည်။ သူ ဆေးရုံခန်းထဲရှိ ကိုကို့နားမှာ အိပ်နေရတာ မဟုတ်တော့သလိုမို့ ကိုကို့ကို ထရှာဖို့ကြိုးစားလိုက်မိသော်လည်း မျက်လုံးများက မှေးကျလာပြန်သည်။

အိပ်မက်ကမ္ဘာထဲ၌ ရိပ် ကိုကို့အား ငိုမဲ့မဲ့ဖြင့် ကြည့်နေမိကာ ကိုကို့လက်ထဲက လက်စွပ်ဘူးကို ခြေဖျားထောက်ပြီး လိုက်လုနေမိသည်။

"ငြိမ်ငြိမ်နေစမ်း၊ မင်း သေချင်နေပြီ၊ နောက်တစ်ခါ သူများပစ္စည်းကို အဲ့လို ခိုးလာဦးမလား၊ ပြောစမ်း"

နောင်ရိုးရိပ် သူ့လက်ထဲက ကြိမ်လုံးဖြင့် သူ့ညီလေး၏ ခြေသလုံးနှင့် ကျောပြင်ကို အကြိမ်များစွာ ရိုက်နှက်ပြီး ဆုံးမနေ၏။

"အဲ့ဒါ ခိုးလာတာ မဟုတ်ပါဘူးဆို၊ ကိုကို ကျွန်တော့်လက်စွပ်ကို ပြန်ပေး!!"

ရိပ် ကိုကို့လက်ထဲက လက်စွပ်ကို အတင်းပြန်လိုက်လုနေသော်လည်း သူ့ထက် အရပ်ရှည်သည့် ကိုကို့လက်ကို သူ မမီ။

နောင်ရိုးရိပ် သူ့ညီလေး ခြေဆော့လက်ဆော့လုပ်လာသည်ဟုသာ အထင်ရှိနေတာမို့၊ အခုလို တန်ဖိုးအလွန်ကြီးပုံရသည့် လက်စွပ်ကို ဘယ်သူစိမ်းကမှလည်း အလကား ပေးမှာ မဟုတ်တာမို့ သူ ထိုရက်ကစပြီး ရိပ်အား ပုပ္ပားတောင်ပေါ် တက်ဆော့ခွင့် ပိတ်ထားလိုက်၏။ မှတ်လောက်သားလောက်အောင်လည်း ရိုက်ထားရ၏။ ထို့နောက် ထိုလက်စွပ်ကို ပိုင်ရှင်ပေါ်လာရင် ပြန်ပေးဖို့ သူ့ဘီဒိုထဲမှာပဲ ဖွက်သိမ်းထားလိုက်ရသည်။

ထိုညနေက နှောင်ကြိုးရိပ် ကိုကို့ရိုက်ချက်များကြောင့် တစ်ညလုံး တအီးအီး ငိုရှိုက်နေမိတော့၏။ ကိုကို သူ့အား နောက်တစ်ကြိမ် ထပ်ရိုက်စရာပေါ်လာချိန်၌ သူ ဒီထက်အရွယ်နည်းနည်းကြီးလာပြီမို့ ကိုကို့ရိုက်ချက်တွေကို ရှောင်ပြေးတတ်လာပြီဖြစ်သည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now