Chapter 28

4.1K 155 61
                                    

ခရမ်းရောင်ဖျော့ဖျော့လေးဖြင့် ဆေးရောင်ခြယ်ထားသော အခန်းငယ်လေး၏ ခရမ်းရောင်အိပ်ရာခင်း ခင်းထားရာ ကုတင်ထက်၌ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လှပသော်ငြား ဖျော့တော့လွန်းနေသော မြတ်နိုးရသူလေးအား တေဇ မချင့်မရဲဖြစ်စွာ ငုံ့ကြည့်နေသည်။

ခုနလေးတင်ကမှ ဒေါက်တာပြန်သွားပြီဖြစ်ကာ ဒေါက်တာက သူ့အား ရိပ်နှင့်ပတ်သက်သည့် အခြေအနေအားလုံးကို ရှင်းပြပေးသွားခဲ့တာမို့ ရိပ်ထံ၌ သူ့ရင်သွေး‌လေးတွေ ထပ်ရှိနေပြန်တာကို သိလိုက်ရသည်။

ထိုဒေါက်တာ့ဆီမှလည်း ရိပ်၏ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေက ကလေးမွေးရန်အတွက် မသင့်တော်ဟု ထပ်ပြောလာခဲ့ပြန်သည်။ သို့သော် ကလေးကိုတော့ မဖျက်ချစေချင်ကြောင်း ဆိုလာခဲ့၏။ အကြောင်းမှာမူ ထိုကလေးလေးတွေက ရိပ်၏ စိတ်ကျန်းမာရေးနှင့် တိုက်ရိုက်ပတ်သက်နေတာမို့ပင်။ က‌‌လေးတွေကို ထပ်ဆုံးရှုံးရလျှင် ရိပ်၏ စိတ်အခြေအနေ ဒီထက်ပိုဆိုးရွားသွားနိုင်သည်ဟု ပြောလာသည်။ သို့သော်ငြား ထိုဒေါက်တာက ရိပ်‌ရော ကလေးတွေကိုပါ ကယ်နိုင်ရန် သူ အကောင်းဆုံး ကြိုးစားပေးမည်ဟု ကတိပြုလာခဲ့သည်။

တေဇ သက်ပြင်းမောများကိုသာ ဆက်တိုက်ချနေမိရင်း ဓားထိထားသော ရိပ်၏ ပတ်တီးစည်းထားပြီးဖြစ်‌သည့် လက်ချောင်းလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးနေကာ စောင်အောက်ထဲသို့ ထည့်ပေးထားလိုက်သည်။

ရိပ်၏တိုက်ခန်းလေးက ရှုပ်ပွကာ ပေလူးနေ၏။ တစ်ကိုယ်ရည်တစ်ကာယ အလုပ်များကို လုပ်ရန်ပင် ပင်ပန်းနေလောက်မည့်ရိပ်ခမျာ သူ့ကလေးသုံးယောက်ကိုပါ အခုလို လွယ်ထားရရှာရတာမို့ တစ်ယောက်တည်း ဘယ်လောက်တောင်များ ပင်ပန်းနေရှာမလဲ သူ တွေးပင်မတွေးကြည့်နိုင်တော့။

ရိပ် ပြန်နိုးလာမည့်အချိန်ကို စောင့်နေရင်း တေဇ ရိပ်၏တိုက်ခန်းကို ရှင်းလင်းပေးနေသည်။ အဝတ်များကို ကိုယ်တိုင်လျှော်ဖွတ်ပေးလျက်ရှိသည်။ ရိပ်ကို ကျန်းမာရေးနှင့်ညီညွတ်မည့် အစားအသောက်များကို ဝင်အောင်ကျွေးမှ ဖြစ်မှာမို့ သေချာချက်ပြုတ်ပြင်ဆင်ပေးသည်။

သခင့်ခြေတော်ရင်း [Completed]Where stories live. Discover now