Part 1

23.9K 1.4K 142
                                    

(Uni)

" အရူးမကြီးရဲ့သား! အရူးမကြီးရဲ့သား! "

" ဟိတ်ကောင်တွေ! သူနဲ့မပေါင်းကြနဲ့နော်။ မဟုတ်ရင် ငါတို့ပါအရူးဖြစ်သွားမှာ.. "

" သွားစမ်း! ငါတို့နားလာမကပ်နဲ့! "

" အ! "

ကြောက်ကြောက်လန့်လန့်နဲ့ ကျောင်းဆောင်နံရံနားလေးမှာ ကပ်ရပ်နေတာတောင် ကျောက်ခဲတွေနဲ့လာပစ်ပေါက်တဲ့ ကျောင်းသားတွေကြောင့် သေးကျုံ့ထားမိတဲ့ကိုယ်လုံးလေးက မရပ်မနား တုန်ယင်လာရတော့သည်။ ကျောက်ခဲသေးသေးလေးတွေရဲ့ အရှိန်ပြင်းပြင်းက ပိန်လှီနေတဲ့သူ့ကို အသည်းခိုက်မတတ် နာကျင်စေခဲ့သည်။

" နာ..တယ်.. "

" နံစော်နေတာပဲ "

" ယောကျာ်းလေးဖြစ်ပြီး ဂါဝန်ကြီးနဲ့.. မင်းက အခြောက်လား! "

" ဉာဏ်ထိုင်းကောင်ကြီး! ငါတို့ထက်အသက်ကြီးပြီး သူငယ်တန်းတက်နေတာတဲ့.. ဟားဟားဟား! "

လှောင်ပြောင်သရော်သံများကြား အကောင်းတိုင်းရှိနေသေးတဲ့ ဘယ်ဘက်ခြမ်းကအကြားအာရုံကို လက်လေးနှစ်ဖက်နဲ့အုပ်ကွယ်လို့ အားကိုးရာမဲ့စွာ အသံတိတ်ငိုကြွေးနေမိသူ..။ သူ့ကိုယ်သူလည်း ဘယ်လိုအမှားတွေများ လုပ်လိုက်မိသလဲဆိုတာကို ဦးနှောက်သေးသေးလေးက နားမလည်နိုင်ခဲ့ရှာပါ။

တခြားအတန်းဖော်တွေ ဂါဝန်ဝတ်တာကျတော့ ဘာမှမပြောကြဘဲ သူ့တစ်ယောက်တည်းကို ဘာလို့များ ဝိုင်းပြောနေကြတာလဲ။ ကျောင်းတက်ချင်တယ်ပြောမိလို့ ဘွားမေကိုယ်တိုင် ကျောင်းလိုက်ပို့ပေးခဲ့ပေမယ့် ၈နှစ်အရွယ်က သူငယ်တန်းမတက်ရဘူးဆိုတာကို ဘွားမေကရော ဘာလို့မပြောပြခဲ့တာလဲ..။

" မောင်ခညောင်းဦး "

" ရှိပါတယ်ရှင့် "

" ဝါးဟားဟား!!! "

တန်းလုံးကျွတ် ဝါးလုံးကွဲမတတ်အော်ရယ်လာသံ ခပ်ကျယ်ကျယ်ကြောင့် ခညောင်းဦး မျက်လုံးလေးအပြူးသားနဲ့ လန့်ဖျန့်သွားရှာသည်။ အားလုံးက သူစကားတစ်ခွန်းပြောတိုင်း စောင့်ရယ်နေတတ်ကြသလို..၊ သူတစ်ခုခုလုပ်တိုင်းလည်း အပြစ်ဆိုချင်ကြသည်လေ။

ငပြူးငလူးWhere stories live. Discover now