Part 30

5.4K 481 125
                                    

(Uni)

သင်္ချာဂိုက်အတန်းမှာ သင်ရမည့်သင်ရိုးများ ပြတ်ကုန်ပြီဖြစ်တာကြောင့် ယခင်ကဲ့သို့ အိမ်ကိုနေ့စဉ်မပြတ် ဝင်ထွက်နေသူတွေလည်း မရှိကြတော့ပေ။

တစ်နေ့ တစ်မနက်တည်းနဲ့ တိတ်ဆိတ်သွားရပါသော အိမ်ငယ်လေးထဲတွင်..၊ အမြဲနေထိုင်သူများက နိစ္စဓူဝ အလုပ်ကိုယ်စီများဖြင့်သာ ပုံမှန်အတိုင်းဆက်၍ ဖြတ်သန်းနေကြသည်။

သာယာလှတဲ့ မနက်‌ခင်းတစ်ခုမှာတော့ ခညောင်းဦးက စာရင်းစာအုပ်‌ကြီး တစ်အုပ်နဲ့အတူ အိပ်ခန်းကြမ်းပြင်ပေါ် ထိုင်ပြီး အလုပ်ရှုပ်နေရပါသည်။ လူးလွန့်မောင်နဲ့အတူ ရရှိခဲ့သမျှ လစဉ်စုငွေသုံးငွေ နှစ်ယောက်ပေါင်းစာရင်းကို တစ်လချင်းစီစာ အတိအကျဖြစ်အောင်လို့ ပြန်လည်တွက်ချက်လေသည်။

စာရင်းကို အနှစ်ချုပ်ပြီးသွားတာနဲ့ နှစ်ယောက်အတူ စုထားခဲ့ကြတဲ့ တစ်လတစ်လရသမျှ စုငွေတွေထဲကနေ တချို့တစ်ဝက်ထုတ်ယူကာ ခညောင်းဦး ရေတွက်နေပြန်သည်။ ထို့နောက် လိုအပ်သည့်ငွေပမာဏကို ကြွပ်ကြွပ်အိတ်ထဲ ထုပ်ထည့်ထားပြီး ကျန်ငွေများကိုတော့ သံသေတ္တာထဲသာ သေချာထည့်သိမ်းလျက် သော့ခတ်ထားလိုက်သည်။

" ဘွားမေနဲ့ ကြီးမေရေ..။ သားမြို့ထဲ ခဏသွားမလို့.. ဟီး! ဘာ မှာချင်ကြသေးလဲဟင် "

အခန်းထဲကနေ လွယ်အိတ်လေးလွယ်ရင်း ထွက်လာတဲ့ ခညောင်းဦးက ဧည့်ခန်းထဲမှာထိုင်နေကြတဲ့ လူကြီးနှစ်ယောက်ကိုမြင်တာနဲ့ ဘေးတွင် အလျင်သွားထိုင်ပြီး မေးလိုက်သည်။ ခညောင်းဦး ရယ်ကျဲကျဲလေး လုပ်ပြနေခြင်းမှာ လက်ဖက်ရည်ဝိုင်းထဲက အုန်းမှန်ကူပန်းကန်လေးကို လှမ်းတွေ့လိုက်တာကြောင့်ပင်။

ထိုအခါ အထာနပ်တဲ့ ဒေါ်ဖြူဖြူမောင်လည်း ရေနွေးကြမ်း သောက်နေရင်းက ခညောင်းဦးလက်ထဲကို ခပ်ကြီးကြီး အုန်းမှန်ကူတစ်ခု ရွေးထည့်ပေးလာသည်။

" ကြီးမေတို့က ညောင်းလေးနဲ့အတူ စားဖို့ စောင့်နေကြတာ..။ မနက်စာစားပြီးတည်းက အခန်းထဲကနေကို ထွက်မလာပါလား ကလေးရယ်။ အခုကျ ဘယ်သွားမလို့တုံး "

" ဝယ်စရာလေး နည်းနည်းရှိလာလို့ ကြီးမေရဲ့..။ အဲ့ဒါ စာရင်းလေးလုပ်ပြီး အခုသွားဝယ်မို့.. ဘာမှာကြဦးမလဲ‌ဗျ "

ငပြူးငလူးWhere stories live. Discover now