Part 11

8.2K 748 196
                                    

(Uni)

နေ့ခင်းပိုင်း နေရိပ်ချိန်လေးတွင် ဒေါ်ဖြူဖြူမောင်နဲ့ ဒေါ်ခင်နှင်းကြည်တို့က စျေးမှာဟင်းစားသွားဝယ်နေတာကြောင့် ခညောင်းဦးတို့သားအမိနှစ်ယောက် ပန်းထိုင်သီကုံးရင်းနဲ့ အိမ်စောင့်ကျန်ခဲ့ရသည်။

စာမေးပွဲနီးနေပြီဖြစ်တာကြောင့် ကျောင်းကိုနေ့တစ်ဝက်သာ သွားရတော့သည့် ခညောင်းဦးက ရတဲ့အချိန်လေးမှာ မိခင်ဖြစ်သူကို အချိန်ပိုပေးဖြစ်လာသည်။ နေရာအသစ်မှာ အသားမကျသေးတဲ့ ဒေါ်ကညောင်းမေခမျာလည်း အခန်းအောင်းပြီး ချောင်ကပ်နေနေခဲ့တာ ရက်အတော်ကြာပြီဖြစ်သည်။

" သမီးလေး.. မေကြီးလှလားဟင် "

ငွေပန်းလေးတစ်ပွင့်ကို နားတွင်ကပ်ပြပြီး လှမ်းမေးလာတဲ့ ဒေါ်ကညောင်းမေအား ခညောင်းဦး ပန်းတွေသီနေရင်းက ပြုံးလျက်ဖြေလာသည်။

" မေကြီးက အမြဲတမ်းလှတယ် "

" ဟီးဟီး! ကိုယ်လှတာ ကိုယ်သိတယ်ဆိုပေမယ့်လေ..။ မေကြီးက ရန်ကုန်မှာမွေးတာမို့ တစ်ခါတလေကျတော့လည်း သူများကိုမေးလိုက်ရမှ ကျေနပ်တတ်တာမျိုး.. သိလား။ ဒါမဲ့လည်း,. မမဖြူရဲ့အလှကိုတော့ မေကြီး မမီသေးပါဘူးလေ "

" သမီးအတွက်ကတော့.. မေကြီးရော ကြီးမေရော.. တစ်ယောက်တစ်မျိုးစီ လှတယ် "

" တကယ်နော်.. ဟိဟိ.. "

ကျွီ!

သားအမိနှစ်ယောက် စကားတပြောပြော လုပ်နေကြတုန်းမှာပဲ..၊ ခြံရှေ့တွင် ဆိုက်ကားတစ်စီးရပ်သံ လှမ်းကြားတာကြောင့် လက်ထဲကအပ်နဲ့အပ်ချည်ကို ဆံရစ်ဝိုင်းဆံထုံးထက်တွင် ခညောင်းဦီး အလျင်ထိုးထားလိုက်သည်။ ထို့နောက် သီလက်စပန်းကုံးလေးများကို စကောဝိုင်းပေါ်တွင် တင်ထားခဲ့လျက် အိပ်ခန်းအပြင်ဘက်ကို အပြေးလေး ထွက်လာမိတော့သည်။

" ညောင်းလေးရေ! "

" လာပြီ ကြီးမေ.. "

စျေးခြင်းတောင်းကြီးတွေနဲ့ ဆိုက်ကားပေါ်ကနေ မနိုင့်တနိုင်ဆင်းလာကြတဲ့ ဒေါ်ဖြူဖြူမောင်တို့အနား ခညောင်းဦး ခပ်သွက်သွက်လေးသွားပြီး ကူသယ်ပေးလေသည်။

ငပြူးငလူးWhere stories live. Discover now