Part 21

6.4K 534 101
                                    

(Uni)

ဒေါင်! ဒေါင်!

ယနေ့ညအဖို့ သံချောင်းခေါက်သံမှာ နှစ်ချက်မျှတောင် ရှိသွားခဲ့ရပြီ။ ထုံးစံအတိုင်းသာ ယမန်နေ့ ညများကဲ့သို့ပင် ထူးမခြားနားပါသော နွေရာသီရဲ့ ညတာရှည်ကာလကို ခက်ခဲစွာဖြင့် ကျော်ဖြတ်ရပါဦးမည်လေ။

ထို့ကြောင့် အိပ်စက်ခြင်းသို့ မကူးပြောင်းနိုင်သေးသည့် ခညောင်းဦးခမျာ မျက်‌တောင်လေး ပုတ်ခတ်ပုတ်ခတ် နေလျက်သာ နှစ်ယောက်အိပ်ဖျာထက်တွင် လဲလျောင်းရင်းနဲ့ ဟိုဟိုဒီဒီ တွေးတောနေမိသည်။

သူမတူစွာ ခက်ခဲကြမ်းတမ်းလွန်းလှသည့် ဘဝဇာတ်ခုံပေါ်တွင် ကျရာဇာတ်ရုပ်နဲ့အပြိုင် လိုက်လျောညီထွေအောင် ကြိုးစား ကျင်လည်ခဲ့ပါသော်လည်း..၊ ဘဝအချိုးအကွေ့တိုင်းမှာ အဘယ်ကြောင့်များ ဆိုးရွားပြီးရင်း ဆိုးရွားလာသနည်းကိုဖြင့် မတွေးတတ်တော့ပေ။ လူတစ်ယောက်ရဲ့ဘဝက ယခုလောက်ထိကို ဆုံးရှုံးခြင်းတွေနဲ့ ကြုံတွေ့လာနိုင်ပါသလား..။

သို့သော် ခညောင်းဦးတို့ မြေးအဘွားအတွက်ကိုတော့ အရေးကြုံလာတိုင်းမှာ အသက်ရှူပေါက်ပေးခဲ့ကြသည့် လူးလွန့်မောင်တို့သားအမိ ရှိခဲ့ပါသည်။ မည်သို့သောအခါမျှ မျက်နှာလွှဲလို့ မထားခဲ့ကြသည်က ဦးမင်းနောင်မဆုံးပါးခင် အချိန်တည်းမှစလို့ ယခုချိန်ထိတိုင်ပင်။

အတိတ်ကံ ဝဋ်ကြွေးများခဲ့သော်လည်း ကုသိုလ်ကံ အထောက်အပံ့လေးမှာဖြင့် အနည်းငယ်လောက်မျှ ရှိခဲ့ဖူးသည်ကြောင့်ထင်..။ ကံကြမ္မာက လူးလွန့်မောင်ဟူသည့် ပြိုင်စံရှား မောင်ကြီးတစ်ယောက်နဲ့ ခညောင်းဦးကိုဆုံစည်းခွင့် ပေးအပ်ခဲ့သည်။

မည်မျှပင် ဝမ်းနည်း အားငယ်နေမိပါစေ။ တစ်နေ့တာတွင် ထွန်းလင်းပေးမည့် နေမင်းကြီးအလား..၊ တစ်ညတာတွင် ဝင်းထိန်ပေးမည့် လမင်းကြီးအလား..။ ခညောင်းဦးဘဝတွင် လူးလွန့်မောင်က အမြဲတစေ လမ်းပြပေးမည့် ကြယ်ပွင့်ကြီးတစ်ပွင့်ဆိုလည်း မမှားနိုင်ပေ။

လောလောဆယ်မှာတော့ အသက်ရှူသံမှန်မှန်နဲ့ နံဘေးတွင် အိပ်မောကျနေတဲ့ လူးလွန့်မောင်ကို ခညောင်းဦးမနာလို ဖြစ်နေရပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်ကို အသာစောင်းငဲ့လို့ လူးလွန့်မောင်ရှိရာဘက်ဆီ မျက်နှာချင်းဆိုင်လှည့်ပြုပြီးနောက် ခညောင်းဦး တိတ်တခိုးလေးသာ စိုက်ကြည့်နေလိုက်သည်။

ငပြူးငလူးWhere stories live. Discover now