Part 17

7.5K 617 177
                                    

(Uni)

ဦးဥက္ကာရှိန် ပြန်ပေါ်လာတာနဲ့ လူးလွန့်မောင်တို့အိမ်ရှိရာ လမ်းအဝင်အထွက်ကို ဦးထင်ကျော်ကချက်ချင်း လုံခြုံရေး စယူပေးခဲ့သည်။ ထိုအခါ မသိသူများအဖို့တော့ အမေးစကားများသာ အချင်းချင်းကြားတွင် ပလူပျံလာရရှာပေါ့။

အဘယ်ကြောင့်များ ဦးဥက္ကာရှိန်ကို သပြေညိုတစ်ရပ်ကွက်လုံးက မကြိုဆိုချင်ကြပါသနည်း။ အကြောင်းမှာ အမြဲတစေ ကြမ္မာဆိုးများကိုသာ ယူဆောင်လာပေးတတ်သူတစ်ဦး ဖြစ်နေ၍များလားလေ။

ကြားဖူးနားဝပဲဆိုဆို..၊ ဦးဥက္ကာရှိန်လက်ချက်နဲ့ ဇီဝိန်ချုပ်ငြိမ်းသွားခဲ့သူများမှာ တစ်ယောက်ပင်မက ရှိခဲ့ကြသည်‌တဲ့‌။ တစ်ဖက်သတ် စွပ်စွဲချက်အောက်၌ ဆေးကြောင်နေသူတစ်ယောက်၏ လက်ရဲဇက်ရဲနိုင်မှုကိုဖြင့် တားဆီးနိုင်ခြင်းငှာ မစွမ်းသာခဲ့ကြဘူးထင်..။

သေချာသည်ကတော့ မစတင်ခဲ့သင့်တဲ့ အတိတ်ကဖြစ်ရပ်တချို့မှာ မမျှော်လင့်ပါဘဲ ကျိန်စာတစ်ခုအဖြစ်နဲ့သာ လုံးဝဥဿုံပြောင်းလဲသွား၍ပင်။ ထိုအခါ အတိတ်ခြေရာ ပြန်ကောက်လိုကြသူများအဖို့တော့ ဖြစ်ရပ်အချို့ကို သိရှိထားခဲ့သူများမှာ ဆရာတစ်ဆူကဲ့သို့ ဖြစ်နေပေလိမ့်မည်။

" မြေးလေးရေ.. ဒီတလောဖြစ်နိုင်ရင် အပြင်မထွက်နဲ့နော်။ ဘွားမေ စိတ်ပူလွန်းလို့ပါကွယ် "

နေ့လယ်နေ့ခင်း ထမင်းစားသောက်ပြီးနောက် ချဉ်ပေါင်ရွက်များကို ဝိုင်းခြွေနေကြရင်းက ယခုတလောတွင် ပါးစပ်ထဲရောက်နေဆဲ အကြောင်းအရာနဲ့ပတ်သက်ပြီး စိုးရိမ်တကြီးနဲ့ဆက်လက် ပြောဆိုနေမိကြခြင်းပင်။ မပြောမပြီး မတီးမမြည်သည်မို့ ဦးထင်ကျော်ကိုယ်တိုင် ဒေါ်ခင်နှင်းကြည်တို့ကို အကျိုးအကြောင်း လာရောက်
အသိပေးချိန်ကစပြီး လူကြီးတွေခမျာ ရတက်မအေးနိုင်စွာ ပူပန်သောက များရရှာတော့သည်။

" ဟုတ်ကဲ့ ဘွားမေ.. "

" စာမေးပွဲမဖြေရခင်အထိ ဒီအိမ်ကနေညောင်းလေး ဘယ်မှသွားစရာမလိုဘူး ဟုတ်ပြီလား..။ စာကလွဲပြီး တခြားဘာအာရုံမှမထားနဲ့နော် ကလေး "

ကံအားလျော်စွာဖြင့် စာမေးပွဲကြီးဖြေဆိုရန်မှာ ရက်နီးကပ်နေပြီဖြစ်တာကြောင့် အိမ်တွင်သာခညောင်းဦး စာကျက်ချိန်အပြည့် ယူနေချိန်လည်းဖြစ်သည်။ ထို့အတူ မနက်တစ်ပိုင်း ပဲပြုတ်ရောင်းတာရော ညနေတစ်ပိုင်း ပန်းရောင်းတာကိုပါ လပိုင်းခေတ္တ ရပ်နားထားခဲ့ပြီဖြစ်လို့ အပြင်ထွက်ဖို့ရာ အကြောင်းမှာလည်း ရှိမနေခဲ့တော့ပေ။

ငပြူးငလူးWhere stories live. Discover now