Part 6

11.1K 848 158
                                    

(Uni)

ခညောင်းဦးတို့နေထိုင်ရာ သပြေညိုရပ်ကွက်နဲ့အတူ အနီးနားရှိရပ်ကွက်နှစ်ခုမှ ပေါင်းစုပြီး အကြီးကျယ်ဆုံးသော မဟာဘုံကထိန်ပွဲကြီးကို မကြာမခင်မှာတင် ပြုလုပ်ကျင်းပတော့မည်ဖြစ်သည်။ ထို့ကြောင့် ရပ်ကွက်လုံးကျွတ် ပါဝင်အားဖြည့်ပေးကြဖို့အရေး ရပ်ရေးရွာရေးတာဝန်ရှိသူများက အစည်းအဝေးစုခေါ်ကာ စတင်ဆွေးနွေးတိုင်ပင်လေသည်။

ဆိုင်ရာတာဝန်တွေခွဲဝေကြရာမှ အားလုံးရဲ့သဘောတူညီမှုအတိုင်း သပြေညိုရပ်ကွက်ထဲရှိ ကာလသားလူငယ်တွေရဲ့ ခေါင်းဆောင်အဖြစ် လူးလွန့်မောင်ကိုတာဝန်ပေးဖို့သာ ဆုံးဖြတ်လိုက်ကြသည်။ ထိုအခါ လူးလွန့်မောင်ဦးဆောင်သော ကာလသားများက ဉတ်သင်္ကန်းကပ်လှူရန်နှင့် ဒါတဗ္ပဝတ္ထုလှူဖွယ်အစုစုတို့အတွက် ရပ်မိရပ်ဖများမှ အနည်းအများမဆို စုပေါင်းပါဝင်လှူဒါန်းပေးကြဖို့ တစ်လမ်းဝင်တစ်လမ်းထွက်ကာ လိုက်လံအလှူခံကြတော့သည်။

ဂျောင်ဂလောင်ဂျောင်..ဂျောင်ဂလောင်ဂျောင်!

" သဒ္ဓါတရားအနည်းအများမဆို ကုသိုလ်ပါဝင် လှူဒါန်းပေးကြပါဦးခင်ဗျ! "

မီးဖိုချောင်ထဲမှာ ကန်စွန်းရွက်ကြော်ဖို့မီးမွှေးနေတဲ့ ခညောင်းဦးက ခွေးချီသွားရင်တောင် မမှတ်မိနိုင်စရာမရှိမယ့် လူးလွန့်မောင်ရဲ့အသံဩရှရှကြီးကို ခပ်သဲ့သဲ့လေးလှမ်းကြားတာနဲ့..၊ လှစ်ခနဲနေအောင် အိမ်ရှေ့ခန်းဆီ ပြေးထွက်လာလေသည်။

" ဟိုက်! နင့်အမေကလွှား..! "

ဘုရားစင်ပေါ်ကနေမစွန့်ရသေးတဲ့ ကရေကရာမုန့်ဆွမ်းကို ဘယ်သူမှမမြင်ခင် တိုးတိုးတိတ်တိတ်လေး ခိုးစားဖို့ပြင်နေတဲ့ ဒေါ်ကညောင်းမေခမျာ သူ့အနားကနေဖြတ်ပြေးသွားတဲ့ ခညောင်းဦးကြောင့် လန့်ဖျန့်ကာအော်ဆဲမိတော့သည်။ ကွပ်ပျစ်ပေါ်ပန်းထိုင်သီနေတဲ့ ဒေါ်ခင်နှင်းကြည်မှာလည်း မနိုင်မနင်းမိညောင်းမကို ခပ်သော့သော့လေး လှမ်းဟန့်လိုက်ရရှာသည်။

" ဟဲ့.. မိညောင်းမရေ! ဘုရားစင်ရှေ့မှာမှအေ.. ညည်းနဲ့တော့ခက်ပါပြီ "

ခညောင်းဦးတစ်ယောက် အလျင်အမြန်ဆန်စွာနဲ့ ခြံအပြင်ဘက်ကိုလည်းရောက်ရော သူမျက်နှာမူလိုက်ရာအရပ်မှာ ခမောက်ဆောင်းထားတဲ့ လူးလွန့်မောင်က ခြံစည်းရိုးကိုမှီထားရင်း ပြုံးပြုံးကြီးရပ်စောင့်နေလို့..။ လက်ထဲမှာလည်း အလှူခံငွေဖလားတစ်လုံးနဲ့လေ။

ငပြူးငလူးWhere stories live. Discover now