(Uni)
စျေးမှာသွားရောင်းမယ့် ပန်းကုံးလေးတွေကို ခညောင်းဦး လက်ထဲကိုင်လာရင်းနဲ့ တက်ကြွတဲ့ခြေလှမ်းလေးတွေရဲ့ ဦးတည်ရာကတော့ ချစ်ရတဲ့ကြီးမေတို့ရဲ့ အိမ်ဝန်းငယ်လေးဆီသို့သာ..။
လူးလွန့်မောင်တို့ခြံရှေ့မှာ ထမင်းချိုင့်ဆွဲလက်ခံသည်ဆိုတဲ့ ကတ်ထူပြားလေးက ထင်းလို့ပဲ။ ခြံတံခါးကို ခညောင်းဦးတွန်းဖွင့်ဝင်လာတော့ ရေလဲပုဆိုးဝတ်ထားတဲ့ လူးလွန့်မောင်က အခုမှရေချိုးပြီးလို့ အိမ်ပေါ်ပြန်တက်နေချိန်လည်း ဖြစ်သည်။
" ငလူးရေ..! ငါရောက်ပြီနော်.. "
" မြင်ပါ့! အိမ်ထဲ ခဏဝင်ထိုင်ဦးလေ ငပြူး..။ ပြီးရင် ငါစျေးထိလိုက်ပို့ပေးမယ် "
" အင်းအင်း.. ခေါင်းစိုကြီး နေမနေနဲ့ဦးနော်..။ ကြီးမေရေ! သားရောက်ပြီဗျ.. "
အိမ်နောက်ဖေးကနေ ထမင်းအိုးထိုင်ငှဲ့နေတဲ့ ဒေါ်ဖြူဖြူမောင်က အိမ်ရှေ့ခန်းဆီမှ ခညောင်းဦးရဲ့ အသံကျယ်လေးကိုလှမ်းကြားတာနဲ့ အားကျမခံပင် အော်ပြောလာလေတော့သည်။
" ရှိပါတယ်တော်! ဒီညနေ ညောင်းလေးအမေတို့ဆီ ကြီးမေသွားပြီး အဖော်လုပ်ပေးမလို့လေ "
" ဟုတ်..! ကြီးမေလာမှာကို မေကြီးသိအောင် ပြောပြထားလို့ သူတအားပျော်နေတာ..။ အခုလောက်ဆို ရေချိုးပြီးလို့ ဘွားမေနဲ့အတူ ထိုင်ပါစောင့်နေပြီထင်တယ် ဟီး.. "
" ဟင်းဟင်း.. မမေကတော့လေ.. "
ခညောင်းဦး သူ့လက်ထဲကိုင်လာတဲ့ စံပယ် ခရေပန်းကုံးတွေထဲက ပန်းလေးသုံးကုံးကို ဓားသေးလေးနဲ့ဖြတ်ယူလို့ လူးလွန့်မောင်တို့ရဲ့အိမ်ရှေ့ခန်းက ဘုရားစင်ပေါ် ကပ်လှူပူဇော်ထားလိုက်သည်။ ပြီးတာနဲ့ လူးလွန့်မောင် အသင့်ခင်းကျင်းပေးထားတဲ့ သင်ဖြူးဖျာလေးပေါ်ဝင်ထိုင်ပြီး အုန်းမှန်ကူတစ်ကိုက် ရေနွေးကြမ်းတစ်လုပ်ဖြင့် တော်တော်လေးသာယာနေတဲ့ ခညောင်းဦးရယ်..။
ဒေါ်ဖြူဖြူမောင်က ငှဲ့ထားပြီးတဲ့ထမင်းတွေကို ဒန်အိုးကြီးထဲ သေချာပြန်သိပ်ထည့်လိုက်ပြီး ခညောင်းဦးတို့အိမ်ဆီ ယူသွားဖို့ပြင်ဆင်နေသည်။
YOU ARE READING
ငပြူးငလူး
General Fictionပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်