Chapter 1

1.9K 190 2
                                    

🧝Chapter- 1

ရောင်နီလင်းချိန်တွင် ကြက်တွန်သံသဲ့သဲ့က အပြိုင်အဆိုင် ထွက်ပေါ်လာ၏။

ခေတ်မီမြို့ကြီးများတွင် ကြားပင်မကြားဖူးခဲ့သော အတိုင်းအတာများဖြင့် မြောင်ဟယ်တစ်ယောက် အချိန်ကို တိုင်းတာနေရသည်။ လက်ရှိအချိန်၌ မြေအောက်ရထားစီး၍ အလုပ်သွားရန် မလိုတော့သည့် အလျောက် မဖြစ်မနေ အိပ်ရာမှထရန် မလိုအပ်တော့ပါချေ။

ခန္ဓာကိုယ်၏ ပုံမှန်နာရီကြောင့် ဖြစ်ပေလိမ့်မည်။ မြောင်ဟယ်က အိပ်ရာပေါ်တွင် လိမ့်လိုက်ပြီးနောက် မျက်လုံးများကို ပွတ်သပ်ကာ အိပ်ရာမှ ထလိုက်၏။ နွေဦးရာသီဖြစ်သည့် အတွက် ဇိမ်ကျသော အိပ်ရာနှင့် ထွေးပွေ့ထားသော်လည်း အိမ်ထဲသို့ ဝင်ရောက်လာသည့် အအေးဓာတ်ကို ခံစားနေမိဆဲ ဖြစ်၏။ မြောင်ဟယ်က အိပ်ရာမှထကာ အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် အနောက်ခန်းမှ မြေသားမီးဖိုအား မီးမွှေးကာ မျက်နှာသစ်ရန် ပြင်လိုက်သည်။

သူက ရေခဲတမျှ အေးစက်နေသော ရေဖြင့် မျက်နှာမသစ်လိုချေ။ ထို့ကြောင့် သစ်သားချောင်း အချို့ကိုထည့်ရင်း မီးမွှေးကာ ခေတ္တစောင့်ဆိုင်းလိုက်သည်။ အဆိုပါ ကျင့်သားရနေသည့် အပြုအမူကို ကြည့်ခြင်းဖြင့် မြောင်ဟယ်က ဖူးဖူးမှုတ်ခံ၍ မွေးဖွားလာခဲ့သည့် ကလေးငယ်တစ်ဦး မဟုတ်ကြောင်း မှတ်ယူနိုင်၏။ သို့သော် သူအသုံးပြုနေသည့် မြေသားမီးဖိုသည် တောရွာအတွင်းရှိ လယ်တဲတွင် မရှိမဖြစ် အရေးပါသည့် အခြေခံပစ္စည်းတစ်ခုသာ ဖြစ်၏။

အိမ်ကို ဘယ်လိုလုပ် ပြင်ရပါ့မလဲ …

ကောက်ရိုးများဖြင့် မိုးထားသည့် အိမ်ခေါင်မိုးက‌ လေဒဏ်မိုးဒဏ်ကို တောင့်ခံနိုင်သော်လည်း မြေကြီးနံ့က အမြဲလိုလို အိမ်ထဲတွင် ပျံ့လွင့်နေတတ်သည်။ အရှေ့ဘက်ရှိ သစ်သားပြတင်းပေါက်သည် အိမ်၏ တစ်ခုတည်းသော အလင်းရောင် ရနိုင်သည့်နေရာ ဖြစ်သည်။ အိမ်ခန်း ဖွဲ့စည်းထားပုံမှာ အလွန်ရိုးရှင်း၏။ အဓိကအခန်းအပြင် နောက်ထပ် အခန်းနှစ်ခန်းသာ ပါရှိသည်။ အိမ်မကြီးတွင် ထမင်းစားခန်းနှင့် ဧည့်ခန်းအဖြစ် ထပ်မံခွဲထား၏။ ထမင်းစားခန်းဘက်တွင် စားပွဲနှင့် ကုလားထိုင်များချထားပြီး ပြတင်းပေါက်နံဘေးတွင်မူ ပစ္စည်းအတိုအစများ ထည့်ထားသည့် ဘီရိုပုကလေးများ ရှိနေသည်။ အခန်း၏ အရှေဘက်တွင် သစ်သားကုတင်တစ်လုံး၊ သစ်သား သေတ္တာတစ်လုံးနှင့် ဘီရိုတစ်လုံး ရှိ၏။ အနောက်ဘက်အခန်းတွင် မီးဖိုတစ်လုံးနှင့် ရာသီစာများ၊ တိုလီမုစများ ထားရှိသည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now