Chapter 2

910 146 1
                                    


🧝Chapter 2 :
ရန်သာ့လန်

"သာ့လန် တောင်အောက်ဆင်းလာပြီ...ရလာတာတွေကတော့ ကောင်းမယ့်ပုံပဲ...ဒီတစ်ခါရော ဘာရောင်းစရာတွေပါလဲ..."

"သမင်သားရောပါလားဟေ့... ရှိရင်ငါရသလောက်ယူချင်တယ်... အရင်တစ်ခေါက်က အသားက တကယ်ကို အရသာရှိတယ်..."

"ရစ်ငှက်ရောပါလားလို့ မေးချင်တယ်...ရစ်ငှက်ကိုမှိုနဲ့ရောပြီးချက်လိုက်ရင် လတ်ဆတ်ပြီး အရမ်းအရသာရှိတာ..."

မြောင်ကျားရွာ၏အနောက်ဘက်တွင် မြေအနေအထားမြင့်မားသော တောင်ကုန်းအုပ်စုလေးများရှိပြီး ထိုနေရာကို ရှီးလုံတောင်ဟုခေါ်ကြသည်။မြောင်ကျားရွာလေးမှာ ရှီးလုံတောင်၏ အရှေ့တောင်ဘက်ခြမ်းရှိ တောင်ခြေတွင်တည်ရှိသည်။

ရန်သာ့လန် အမဲလိုက်ပြီးနောက် အိမ်ပြန်လာချိန်တွင် မြောင်မိသားစုရွာ၏ ဘိုးဘွားပိုင်ခန်းမရှေ့မှ ဖြတ်သွားရလေသည်။ ထိုခန်းမမှာ မြောင်မိသားစုရွာ၏ အဓိကနေရာတစ်ခုလည်း ဖြစ်ချေ၏။လယ်ယာလုပ်ငန်းတွင် လုပ်ကိုင်စရာသိပ်မရှိသော အခါတွင် လူများသည် ထိုနေရာ၌ ရံဖန်ရံခါ စုဝေးကြပြီး ခွေးခြေခုံပုလေးများယူကာ စကားပြောလေ့ရှိကြသည်။

ယနေ့၌ နွေဦးတွင် ထွန်ယက်စိုက်ပျိုးဖို့အတွက် လူအင်အားစုစည်းရန် တာဝန်များခွဲဝေပေးရင်း အစည်းအဝေးတစ်ခုလုပ်ဖြစ်သွားကြပြီး လူတိုင်းကသူတို့၏ အတွေးများကို ချပြပြောဆိုနေကြသည်။အစည်းအဝေးပြီးသွားသည့်နောက်တွင်လည်း လူကြီး၊လူငယ်အချို့မှာ ဤနေရာတွင် ဆက်လက်စုဝေးနေကြတာမို့ ပုံမှန်ထက်သက်ဝင်လှုပ်ရှားနေ၏။

ရန်သာ့လန်၏ အကျင့်အရ သူ့ထံတွင်သားကောင်ရလာပါက ထိုသားကောင်၏ တန်ဖိုးမှာ နည်းနေပါလျှင် နာရီအတော်ကြာသွားရသည့် မြို့သို့သွားကာ မရောင်းဘဲ ဘိုးဘွားပိုင်ခန်းမရှေ့မှ နေရာကိုသွားပြီး ရွာသူရွာသားများကို စျေးချိုချိုဖြင့်ရောင်းလေ့ရှိသည်။ဤသည်မှာ နှစ်သစ်ကူးရက်မဟုတ်ပါဘဲ ပါးစပ်ဆီဝေ့စေရန်အတွက် အခွင့်အရေးတစ်ခုဖြစ်ပြီး ရွာသားများကြားတွင်လည်း ပို၍ ဈေးသက်သာသောအရာက ပိုပြီးကျော်ကြားလေ၏။

ဤသည်မှာ အခြားရွာမှပြောင်းလာသည့် ရန်မိသားစုအနေဖြင့် မြောင်ကျားရွာတွင် ယခုကဲ့သို့ ခြေကုပ်ရယူနိုင်သည့် အဓိကအကြောင်းအရင်းလည်းဖြစ်၏။ ရန်သာ့လန်၏မိသားစုအခြေအနေမှာ သိပ်မမြင့်မားသောကြောင့် သူက နှစ်ပေါင်းများစွာ အမဲလိုက်လာခဲ့ရတာမို့ သူ့လက်မောင်းရှိ ကြွက်သားများမှာ အဖုအထစ်များစွာရှိပြီး  သူ၏ဂျုံရောင် အသားအရည်နှင့် ဘယ်ဘက်ပါးပေါ်တွင်ရှိသော အမာရွတ်သုံးခုကြောင့် သူ့ပုံစံမှာအန္တရာယ်ရှိသည့်ပုံပေါ်နေ၏။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now