ညွှန်းက ညနေကိုထမင်းချိုင့်လာပို့ပေးဟုဆိုသည်။ မနေ့ကလည်း အန်တီသွယ်တို့က ချိုင့်ပို့ပေးရ၏။
အခုတော့ ပို့ပြီးအပြန် အမခြယ်ဆီဝင်ကြည့်ရသေးသည်။ လွှမ်းမခိုင်းလည်း ကိုယ်တိုင်သွားဖို့စိတ်ကူးပြီးသားလေ။ အမခိုင်လာနေပေးမယ်ဆိုသော်လည်း အားနာလို့ထင်သည်၊ သူမ လက်မခံ။
"ထမင်းစားသွားကွယ်၊ တစ်ယောက်ထဲဆိုတော့ လွယ်တာပဲချက်လိုက်တယ်"
အခုမှချက်ပြုတ်ပြီးတာထင်သည်။ ကြက်သားကြော်နဲ့၊ ကန်စွန်းရွက်ကြော်မှာ အငွေ့တထောင်းထောင်းနှင့်။ နေ့လယ်တောင်ရောက်နေပြီကို၊ သူ မနက်ခင်းက ဘာစားလဲမသိ။
"ထမင်းလည်းအခုမှကျက်ရဲ့ရှင်၊ မနက်က ပဲပြုတ်ထမင်းကြော်ဝယ်စားတာလေ၊ မောင်လည်းမရှိတော့ အသေအချာကိုမချက်ဖြစ်ပါဘူး"
ကြွေပန်းကန်ထဲကို ထမင်းတွေခူးခပ်ထည့်၏။ များလွန်းတာကြောင့် ပြန်နှုတ်ခိုင်းရသည်။ ဟန် အဲလောက်အစားမကြီးပေ။
အခုမှကျောင်းကအပြန်မို့ အဖြူအစိမ်းတောင်မလဲရသေး။ ဒီနှစ်ယောက်ဟာလည်း ဟန်တို့အတွက် မိသားစုဝင်တွေလိုဖြစ်နေလေပြီ။
"စားလို့ဖြစ်ရဲ့လား၊ မကြိုက်ရင် ဟင်းသွားဝယ်ပေးမယ်"
"ရတယ် ရတယ်၊ ဒါနဲ့ လက်ရှည်ဝတ်ထားတာ မပူဘူးလားအမခြယ်"
"ကျောင်းမှာပွဲရှိလို့လေ၊ အခါတိုင်းအတိုပဲဝတ်တာဟန်ရဲ့"
"ငရုတ်သီးကြော်လည်းရှိတယ်၊ အများကြီးလည်းမစားနဲ့ဦးနော် ဗိုက်နာမယ်"
"ဘယ်တော့ပြန်လာမှာတဲ့လဲ"
"နောက်နှစ်ရက်လောက်ပေါ့၊ ဒါတောင် ဒီကနေ့ပြန်လာမယ်လုပ်နေတာ၊ စောပြန်လာရင် အိမ်တံခါးဖွင့်မပေးဘူးပြောထားရတယ်"
ဟန်ရယ်မိ၏။ တကယ်ကို လိုက်လည်းလိုက်လွန်းသည်။ လွှမ်းကတဇွတ်ထိုးမို့ အမခြယ်က အမြဲအလျှော့ပေးရသည်။ ဒါကို သူမဟာ ငြိုငြင်ပုံမပေါ်။
"ဟယ် စားနေကြပြီလား"
အမခိုင်ဟာ ခပ်သွက်သွက်ဝင်လာ၏။ ဟန်လည်းပြီးပြီမို့ အမခြယ်ပန်းကန်ကိုပါယူပြီးဆေးလိုက်သည်။
YOU ARE READING
ချစ်ပါရစေ ပုလဲသွယ်