အခန်း ၆၀ unicode

2.4K 217 16
                                    

မွေးနေ့လက်ဆောင်ကို ညွှန်းက ရှပ်အရောင်စုံငါးထည်ပေးသည်။ ဒီနေ့တော့ အနည်းငယ်ပူတာကြောင့် ဘပုံပေးတဲ့ စွယ်ကျယ်သာဝတ်ထားရ၏။ ဧည့်ပါးတာမို့ အချိန်တိုင်းစောင့်နေစရာမလို။ စျေးဝယ်လာပါလျှင် အောက်က မေမေဖြစ်ဖြစ် တီတီငယ်ဖြစ်ဖြစ် လှမ်းခေါ်ပေးသည်။

ဟန် ကုတင်ပေါ်ကနေ ညွှန်းအခန်းဆီ ချောင်းမိသည်။ သီချင်းခပ်တိုးတိုးဖွင့်ထားပြီး အိပ်နေပါ၏။ အခုနောက်ပိုင်း ညွှန်းက အခန်းထဲပဲနေတာများသည်။ ရွာထဲ သာရေး၊ နာရေး ကိစ္စတွေရှိရင်တောင် အန်တီသွယ်က ဇွတ်ခေါ်ရ၏။

"ဟန်ကလေးရေ တီတီငယ်ပါ"

"ဟုတ် ဝင်ခဲ့လေ"

မီးပူတိုက်စရာ အဝတ်တွေကို ကုတင်ပေါ်ပုံတင်ထားရင်းကနေ ပက်လက်ကုလားထိုင်ပေါ် ပစ်တင်လိုက်သည်။

"စံကားဝါ့ဆီသွားဦးမှာမလား၊ ဒါလေးယူသွားပေး"

"ဘာတွေလဲ"

"မုန့်တွေလေ၊ အကိုမြိုင် မြင်းမူသွားတော့ မှာလိုက်တာ"

တီတီငယ့်လက်ထဲမှ ကျွတ်ကျွတ်အိတ်ကိုဆွဲယူပြီး ဗီဒိုအနောက်ဆုံးထဲထည့်ထားလိုက်သည်။ ဘာလို့ဆို ဟန့်အခန်းက ညွှန်းဝင်ထွက်နေကျမို့ပေါ့။

"တီတီလိုက်လို့ရမလား"

"ပြောပြီးပြီလေဗျာ မဖြစ်ပါဘူးဆို၊ ပြီးတော့ ကျွန်တော့်ကိုပါ မလာခိုင်းဘဲနေမယ်"

"ညွှန်းကတော့ သိသင့်တယ်မထင်ဘူးလား"

"ဝါက.."

"မင်း တဝါဝါနဲ့ ညွှန်းဘက်ကိုလည်း နည်းနည်းလောက်ကြည့်ပေးပါဦး၊ သူ့မှာ မင်းခြေလှမ်းတွေပျက်နေတာသိသိနဲ့ မျက်နှာလွှဲနေရှာတာ"

"ကျွန်တော်မဟုတ်တာလုပ်နေတာမဟုတ်ဘူး၊ ဝါနဲ့လည်း မရိုးသားတာရှိမနေဘူး"

"ဒါပေမဲ့ တချိန်ချိန်သိမှာပဲ၊ အနေအထိုင်ဆင်ခြင်ပါကလေး၊ ညွှန်းက အဲလောက် အရိပ်သုံးပါးနားမလည်တဲ့သူမဟုတ်ဘူး"

ခင်လင်းက ဟန့်ပခုံးကို ဖွဖွပုတ်၏။

"လွန်းဘိုကို ရွာသစ်လေးမှာ တွေ့တယ်တဲ့၊ ဒီအတိုင်းထားမှာလား"

ချစ်ပါရစေ ပုလဲသွယ်Tempat cerita menjadi hidup. Temukan sekarang