အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်

21.4K 858 31
                                    

•unicode

ကြယ်ရောင်များက မှိတ်တုတ်မှိတ်တုတ်နှင့် ကောင်းကင်အပြည့်နေရာယူထားသည်။ ရေကန်ရှေ့တွင် သူတို့နှစ်ယောက် ရပ်နေကြသည်။ လမင်းကြီး၏ ပုံရိပ်သည် လှိုင်းကြက်ခုတ်များကြား ခပ်ရေးရေးထင်ပေါ်နေ၏။ ဆောင်းလေလေးကလည်း ကန်ရေပြင်၏ အအေးဓာတ်နှင့်အတူ စိမ့်စိမ့်လေး တိုးဝှေ့လာသည်။

မျက်လုံးများပြန်ကောင်းလာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ဝမ်းသာအားရနှင့် သူကြည့်နေမိသည်။

ကြယ်ရောင်များသည် လှသည်။ ကာလများစွာ အဆက်ပြတ်ခဲ့သော လမင်းကြီးကို သူတစ်ဝကြီး စကားပြောချင်သည်။ တည်ငြိမ်အေးမြသော ကန်ရေပြင်ကို ဖြတ်ကျော်၍ တိုက်ခက်လာသော လေနုအေးလေးများကိုလည်း တစ်ဝကြီး ရှူ ရှိုက်လိုက်သည်။ စိတ်ထဲမှာ ကြည်လင်သွားသလိုလို လန်းဆန်းသွားသလိုလို သူခံစားလိုက်ရသည်။

' ညီ...ညီ့ကိုကြည့်ရတာ သိပ်ပေါ့ပါးလန်းဆန်းနေသလိုပဲ '

' အကို ကြည့်စမ်း ကြယ်လေးတွေက မလှဘူးလား '

' လှတာပေါ့ ၊ ကြယ်လေးတွေနဲ့အတူ နဂိုကထက် အရောင်တောက်ပနေတဲ့ ညီ့ရဲ့ မျက်လုံးလေးတွေကလည်း သိပ်လှနေတယ် '

' ဟုတ်လို့လား အကိုရဲ့ ၊ တမင်မြှောက်ပြောနေတာများလား ' ဟုသဘောကျစွာရယ်ရင်းပြောလိုက်သည်။

' ကိုယ်ညာမပြောပါဘူး အရှိကိုအရှိတိုင်း ပြောတာပါကွာ '

' ဟုတ်ပါပြီ အကို့ကို ညီ သိပ်ကျေးဇူးတင်ပါတယ် '

' ဘာပြုလို့တုန်းညီ '

' အကိုက ညီ့မျက်လုံးတွေကိုပြန်မြင်ရအောင်လဲ ကုပေးတယ်၊ နောက်ပြီး ညီမျက်လုံးမမြင်ရတဲ့ အချိန်တွေမှာလဲ ဂရုစိုက်ပေးတယ် ၊ အကို့ကျေးဇူးတွေက ညီ့အပေါ်မှာ အများကြီးပါ ၊ တနေ့ဆပ်ခွင့်ကြုံရင် ညီပြန်ဆပ်ပါ့မယ်နော်...'

သူက သဘောကျစွာရယ်သည်။

' မလိုပါဘူး ညီရယ် ၊ ကိုယ်ချစ်တဲ့သူကို စောင့်ရှောက်ရမှာ ကိုယ့်တာဝန်ပါပဲ ၊ ညီသိလား ကိုယ် ညီ့ကို သိပ်ကို သံယောဇဉ်တွယ်နေမိပြီ ၊ သံယောဇဉ်ဆိုတာ အချိန်တိုတိုလေးနဲ့ သိပ်ခိုင်မြဲလိုက်တာ ညီရယ်၊ ကိုယ်ညီ့ကို သိပ်ချစ်မိပြီ ၊ ဒါပေမယ့် ညီ့အပေါ် ညီလေးတစ်ယောက်လိုပဲ ချစ်ပါမယ် ၊ ဒီလိုဆိုရင်ရော ခွင့်ပြုမှာလား '

အကယ်၍များ သူနဲ့ဝေးသွားခဲ့လျှင်Where stories live. Discover now