14. Will you...?

1.1K 145 10
                                    

(Unicode)



အွန်းဘီ သူ့ကိုမဆိုစလောက်လေး ရှောင်ခွာနေခဲ့သော်လည်း အပြောအဆိုတော့မပျက်သောကြောင့် အနည်းငယ် စိတ်ချလိုက်သည်။ သူမအပေါ် အတတ်နိုင်ဆုံးရိုးသားချင်သည်ဟူသည့် ဆန္ဒများမှာလည်း မကြာခဏဆိုသလို ပေါ်ပေါက်နေသောကြောင့် ဂျုံးဂု မိမိ၏ခံစားချက်များကို ဝန်ခံလိုက်လျှင်ကောင်းမည်လောဟု ဒွိဟများပင်ဖြစ်နေခဲ့သည်။ သို့သော်လည်း ကံတရားက သူ့ကို အခြေအနေမပေးခဲ့...။


"ဂျုံးဂု... ငါတို့ ပရောဂျက်တစ်ခု လုပ်ဖို့ရှိတယ်"

"ထူးထူးခြားခြားပါလား နမ်ဂျွန်းရ... ဒီရက်ပိုင်း ကျောင်းကဘာမှလည်း မခိုင်းထားဘဲနဲ့"

"ကျောင်းကမဟုတ်ဘူး... ဒီအတိုင်း အပြင်ပရောဂျက်"

"ဘယ်လိုဟာမျိုးလဲ"


ဂျုံးဂု နဂိုကတည်းက နေရာတကာ ဟိုစပ်စပ်၊ ဒီစပ်စပ် ဝင်ပါတတ်သောကြောင့် နမ်ဂျွန်းပြောသည့်အရာအား စိတ်ဝင်တရားမေးကြည့်လိုက်မိသည်။ နမ်ဂျွန်း၏ရှင်းပြချက်အရ အဖွဲ့အစည်းတစ်ခုမှဦးစီးသည့် ပြိုင်ပွဲတွင် business planတစ်ခုတင်ပြရန်ဖြစ်သည်။ အဖွဲ့လိုက်ပရောဂျက်ဖြစ်သောကြောင့် လူညီသည့်သူငယ်ချင်းအချို့နှင့်စုကာ လုပ်ဆောင်မည်ဟုတော့ နမ်ဂျွန်းက ပြောသည်။


"ဂျုံးဂု ဒါsecretနော်... မင်း အတန်းထဲက ဘယ်သူကိုမှပြောလို့မဖြစ်ဘူး၊ မင်ဂျွန်းတို့ရော... ပြီးတော့ အွန်းဘီကိုရော"

"အင်းပါ... ဒါနဲ့လူကစုလို့ရောပြီးပြီလား မင်းက"

"စုပြီးပြီ... ဒီည အဲ့ဒီဂရုချက်ထဲ မင်းကိုထည့်ပေးမယ်"


ဂျုံးဂု ဘာရယ်မဟုတ် အတွေ့အကြုံရစေရန် ထိုပရောဂျက်တွင်ပါဝင်ဖို့ သဘောတူဖြစ်ခဲ့သည်။ အဖွဲ့ထဲတွင် ဘယ်သူဘယ်ဝါပါဝင်ဦးမည်မသိသည်ကလည်း သူ့ကို စိတ်လှုပ်ရှားစေသည်။ ဘယ်အရာမဆိုအကောင်းဆုံးလုပ်တတ်လေ့ရှိသည့် နမ်ဂျွန်းက ကြိုးစားမှုရှိသည့်သူများနှင့်သာ အဖွဲ့ဖွဲ့မည်ဟုလည်း ယုံကြည်ထားမိသည်လေ။

စိတ်အနည်းငယ်လောတတ်သည့်နမ်ဂျွန်းက အချိန်ဘယ်လောက်လိုသေးသေး အစောကြီးကြို၍ပင် ပြင်ဆင်မည်ကို သိသောကြောင့် ပရောဂျက်အတွက် အချိန်ဖဲ့ပေးရင်း ကျောင်းစာကိုပါ မလစ်ဟင်းစေရန် အစွမ်းကုန်ကြိုးစားရန်သာ ဂျုံးဂု ဆုံးဖြတ်လိုက်သည်။

When Rain Falls Down (Book 2) ✔ Where stories live. Discover now