21. Parting

1.3K 146 24
                                    

(Unicode)



ဖုန်းစခရင်တွင်ပေါ်နေသည့် profileလေးတစ်ခုကြောင့် ဂျုံးဂုကြောင်အနေမိသည်။ ထိုအတိုင်းသူငိုင်နေမိသည်ပင် ဘယ်လောက်ကြာခဲ့ပြီမသိတော့။ တစ်နေ့တစ်နေ့ ထိုအကောင့်လေးထဲဝင်ကြည့်ကြည့်ကာ ပြန်ထွက်လာမိသည့်ရက်ပေါင်းလည်းမနည်း။ နေ့စဉ်ရက်ဆက်နီးပါး အကောင့်လေးကိုဝင်ကြည့်နေမိသော်လည်း ဘေးနားရှိ addဟူသည့်နေရာလေးကိုတော့ သူ မနှိပ်ရဲခဲ့။ တစ်ချိန်က သူ၏လွှမ်းမိုးမှုမှာ ပြင်းထန်ခဲ့သလောက် ယခုတော့ သူမ၏အပြုအမူသေးသေးလေးတွေကအစ သူ့အားတုန်လှုပ်စေလျက်ရှိသည်။


"ငါသွားaddလိုက်ရင် စိတ်များဆိုးသွားမလား"


ပြုံးရွှင်နေသည့်မျက်နှာထားဖြင့်ရိုက်ထားသော သူမ၏ပရိုဖိုင်းဓာတ်ပုံလေးကတော့ friend requestမလုပ်ရဲလောက်သည်အထိ ချီတုံချတုံအဖြစ်ကြီးဖြစ်နေသော သူ့အားလှောင်ရယ်နေသကဲ့သို့ပင်။ မိမိ၏မရွံ့မရဲဆန်နေမှုတို့မှာ တစ်ချိန်က သူမအပေါ်အမှားလုပ်ခဲ့ဖူးကြောင်းကို သွယ်ဝိုက်သောနည်းလမ်းအားဖြင့် ဝန်ခံနေသယောင်ယောင်။ ခေါင်းကိုသာ တွင်တွင်ခါလိုက်ရင်း ဖုန်းကို လက်တစ်ကမ်းအကွာရှိ စားပွဲထောင့်စွန်းလေးသို့ ပို့ထားလိုက်မိသည်။ မနက်ဖြန်က ဘဝရဲ့မှတ်တိုင်တစ်ခုကို စိုက်ထူမယ့်နေ့တစ်နေ့... ထိုနေ့ကျော်လွန်ပြီးလျှင် မြင်နေခွင့်ပင်မရှိတော့မည့် တစ်ယောက်တစ်နေရာဆီသို့ သူတို့အပြီးအပိုင် ခွဲခွာကြရတော့မည်။ ဂျုံးဂု အမှန်တကယ်ရောက်ရှိလာမည့်အဆုံးသတ်ကို လက်မခံနိုင်လောက်သည်အထိ ရင်ထဲတင်းကြပ်လေးလံနေမိသည်။


"သတိရတယ်..."


အမှတ်တမဲ့ထွက်ကျသွားမိသည့်နှုတ်ဖျားမှ စကားကြောင့် ဂျုံးဂု နာနာကျင်ကျင်ပြုံးလိုက်သည်။ တင်းခံထားသမျှက နောက်ဆုံးအချိန်မှ ပွင့်အန်ထွက်ကုန်သတဲ့လား...။ အများရှေ့ အထူးသဖြင့် အွန်းဘီရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်ကောင်းခဲ့တာလည်း သူပဲ။ မိမိဘေးက လစ်လပ်သွားတဲ့သူမရဲ့နေရာလေးမှာလည်း အခြားသူကို ခပ်ပေါ့ပေါ့နဲ့အစားထိုးရက်ခဲ့တာလည်း သူပဲ။ သူမကတော့ သူ့နေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးဘဲ သူပေးခဲ့တဲ့ဒဏ်ရာဟောင်းတွေရော၊ ထပ်ပေးမိတဲ့ဒဏ်ရာအသစ်တွေကိုပါ ပွေ့ပိုက်ပြီး သူနဲ့ဝေးရာကို တတိတိနဲ့ထွက်သွားတယ်...။ သူမနဲ့ပတ်သက်ပြီးအရာအားလုံးကို အပေါ်ယံကနေသာ မသိချင်ယောင်ဆောင်ထားပေမယ့် တကယ်တမ်းကျ မျက်နှာလေးညိုှးတာကအစ မျက်ခြေမပြတ်ကြည့်နေမိတာ...။


"အွန်းဘီ..."


ဟော... ထပ်ခေါ်မိပြန်ပြီ။ တကယ်တော့ သူက ကိုယ့်ဒဏ်ရာအတိမ်အနက် ကိုယ်မသိတဲ့ လူပဲ။ ဘာမှမဖြစ်သလိုနေပြတိုင်း အဆင်ပြေမယ်လို့ ယူဆခဲ့မိတာကိုက သူ့အမှား။ အစကတည်းက သူမကို ဘာပဲဖြစ်ဖြစ်တောင်းပန်ခဲ့ရင်တောင် ခွင့်လွှတ်မှုတစ်ခုခုရရင်ရနိုင်ဦးမယ်...။ အဲ့လိုအတွေးတွေ ဝင်လာပြန်တော့လည်း အွန်းဘီသည် ဘယ်လိုမှတောင်းပန်၍ရတော့မည်မဟုတ်ကြောင်းကို သေချာနေပြန်သည်။





... Only fools fall for you... Only fools fall...





ထွက်ပေါ်လာသည့်ဖုန်းသံကြောင့် မဖြစ်နိုင်မှန်း သိသော်လည်း အွန်းဘီဟု သူမျှော်လင့်မိသေးသည်။ သို့ရာတွင် မဟုတ်ခဲ့...။ စိတ်မပါသော်လည်း ကိုင်ရမည့်ဖုန်းဖြစ်နေသောကြောင့် နားနားကပ်လိုက်မိသည်။


"အင်း... ဂျူယောင်း ပြော"

When Rain Falls Down (Book 2) ✔ Where stories live. Discover now