24. Rejected

1.3K 152 49
                                    

(Unicode)



ဌာနတွင်းအစည်းအဝေးရှိသည်ကြောင့် အစည်းအဝေးကျင်းပမည့်အခန်းငယ်အတွင်း လူစုံသင့်သလောက်စုံနေပြီဖြစ်သော်လည်း တစ်ယောက်သောသူက ရှိမနေ။ ဂျုံးဂု သက်ပြင်းကိုခပ်ရေးရေးချလိုက်မိသည်။ ကျောင်းတုန်းကလို အခြေအနေမဟုတ်တော့သောကြောင့် အွန်းဘီအနေဖြင့် သူ့အား ထိုမျှပုန်ကန်ရန်မလိုဟု တွေးမိကာ စိတ်ထဲဒေါသထွက်မိသည်။ သူ့အားကျန်သည့်အချိန်တွင် မည်မျှအရိုအသေကင်းမဲ့နေပါစေ ဤကဲ့သို့ ဌာနတစ်ခုလုံးနှင့်ဆိုင်သည့်နေရာမျိုးတွင်တော့ လေးစားသမှုရှိသင့်သည်။ အခုတော့ အစည်းအဝေးကျင်းပမည့်အရေးတွင် မန်နေဂျာက လက်ထောက်မန်နေဂျာအရောက်ကို ပြန်စောင့်နေရခြင်းမှာ ဘယ်လိုမှမဖြစ်သင့်တော့။ သို့သော် သူမအား ထောက်ထားသောအားဖြင့် ဂျုံးဂု လက်အောက်ဝန်ထမ်းတစ်ယောက်အား တိုးတိုးတိတ်တိတ်ဖြင့် အွန်းဘီကို အခေါ်ပြန်လွှတ်ရသည်အထိ သူ့စိတ်ကို အဆုံးစွန်ထိလျှော့ချထားသည်။

ခေါ်လိုက်မှ အစည်းအဝေးခန်းမတွင်းသို့ ကုတ်ကုတ်၊ ကုတ်ကုတ်ဖြင့်ဝင်လာသည့် သူမကို ဂျုံးဂု ဂရုမစိုက်ဘဲနေလိုက်မိသည်။ ဝင်လာချိန်ခဏတွင်တော့ အွန်းဘီက ခါးကိုညွတ်ပြကာ နှုတ်ဆက်သွားသောကြောင့် ခွင့်လွှတ်ပေးမိရန် ကြံလိုက်သော်လည်း အစည်းအဝေးကျင်းပနေချိန်တွင် ထပ်မံ၍ စိတ်အနှောက်အယှက်ဖြစ်ရပြန်သည်။ ဝန်ထမ်းများ၏ လုပ်ငန်းဆိုင်ရာ တိုးတက်မှုအချက်အလက်များကို ရှင်းလင်းတင်ပြနေခြင်းအား နားထောင်နေခြင်းမှာမှန်သော်လည်း presentation slideကို စိုက်ကြည့်ရုံသာကြည့်နေသည့် အွန်းဘီရဲ့စိတ်တွေ ပျံ့လွင့်နေမှန်း သူ သိသည်။ သို့သော် ကျောင်းတက်ခဲ့ကြစဉ် အချိန်တုန်းကကဲ့သို့ သူမအား လက်တို့ရုံဖြင့် သတိပေးကာ အာရုံပြန်စုခိုင်းလို့ရတဲ့အခြေအနေမျိုးတွင်မရှိ။ သူ့အား အလုပ်ခွင်နှင့်ကိုယ်ရေးကိုယ်တာကို ခွဲထားရန် လေသံမာမာဖြင့်ပြောခဲ့သည့်မိန်းကလေးက ဤကဲ့သို့ အလုပ်ထဲတွင် အာရုံမစိုက်ခြင်းအား အထက်လူကြီးတစ်ယောက်အနေနှင့် ဂျုံးဂု ဒီအတိုင်းလွှတ်ထား၍မဖြစ်။ အွန်းဘီက သူ့ဘေးရှိခုံတွင် ထိုင်နေခြင်းကြောင့် သူမအား အာရုံစိုက်ရန်အသိပေးခြင်းမှာ သိပ်တော့မခက်ဟု တွေးမိလိုက်သည်။


"အွန်းဘီ..."


ပထမအကြိမ် သတိပေးရန် သူ ခပ်တိုးတိုးခေါ်လိုက်သော်လည်း အတွေးကမ္ဘာထဲနစ်မြောနေသည့် သူမကတော့ လှည့်ပင်မကြည့်။ အွန်းဘီ ဘာတွေးနေသည်ကိုတော့ ဂျုံးဂု မေးစရာမလိုဘဲကို သိသည်။ သူနဲ့မျက်နှာချင်းမဆိုင်ချင်ဘူးဆိုတာကို စီကာပတ်ကုံးတွေးနေမည်သာ။ သို့ရာတွင် ကျန်သည့်အချိန် ကြိုက်သလို သူ့ကို အမြင်ကပ်ကြောင်းတွေးနိုင်သော်လည်း အစည်းအဝေးခန်းတွင်တော့ မဖြစ်။


"အွန်းဘီ"


သူမ ကြားရုံကနေ အသံကိုနည်းနည်းတဆင့်မြှင့်ကာ ခေါ်လိုက်သော်လည်း မကြားပြန်။ သူမ၏ငူငူငိုင်ငိုင်ပုံစံကြောင့် တစ်ယောက်စ၊ နှစ်ယောက်စကပင် ကွက်ကြည့်ကွက်ကြည့်လုပ်နေသည်ကို ဂျုံးဂု မြင်နေရသည်။ ဒီပုံစံအတိုင်းဆို သူမ အာရုံမရှိမှန်း အခြားသောဝန်ထမ်းများပါ သတိထားမိသွားနိုင်သည်။ အကြံပေးထောက်ပြရမည့်အရာမျိုးတွင် သူမဘက်မှ ဘာမှမပြောနိုင်သည့်အခါ ပိုပြီးမျက်နှာပျက်ရခြင်းထက်စာလျှင် ရာထူးကြီးသည့်သူက အရင်ဟန့်လိုက်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်မလားဟု စဉ်းစားမိလိုက်သော်လည်း အွန်းဘီ စိတ်များကွက်သွားမည်လော... ဂျုံးဂု တွေဝေနေမိသည်။ သို့သော် သူမှမပြောလျှင် အွန်းဘီကို အလုပ်ကိုမလေးစားဟု ကွယ်ရာတွင်သမုတ်ကြမှာစိုးသည်။ သူ စောင့်ကြည့်နေသော်လည်း ခုထိ သူမ၏စိတ်အာရုံက အစည်းအဝေးဆီပြန်မလာသေး။ လူအများရှေ့တွင် သူမအား ဆူဟောက်ခြင်းမလုပ်ချင်သော်လည်း အွန်းဘီက သူ့အား ရွေးချယ်စရာမရှိအောင် လုပ်နေသည်။ ဟိုတယ်သို့ စရောက်လာသည့်အချိန်ကတည်းက စည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသည့်သူက အွန်းဘီအပေါ်မှာမှ favorပေးနေသည့်ပုံစံမျိုးလည်းမဖြစ်လို။ ဂျုံးဂု ပြောရမည့်စကားလုံးတို့ကို စဉ်းစားရွေးချယ်ပြီးသည်နှင့် လေသံမာမာဖြင့် သူမအား ခေါ်လိုက်ရတော့သည်။


"လီအွန်းဘီရှီ..."

When Rain Falls Down (Book 2) ✔ Where stories live. Discover now