27. End of the Beginning (End)

2.8K 194 30
                                    

(Unicode)
 


အမှားကို ရင်ဝယ်ပိုက်ပြီး တမြေ့မြေ့နောင်တရနေခြင်းမှာ သူ့စတိုင်လ်မဟုတ်သောကြောင့် တစ်ရက်၊ နှစ်ရက်ပိုပြီး စိတ်ထဲထားမနေ။ သို့သော် ရုံးဆင်းတိုင်းတော့ ဟိုတယ်ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်မိတတ်သည်။ ယွန်းဂီကို အရိပ်အယောင်တောင်မမြင်ရ။ ကြည့်ရတာ ဟိုတယ်နားကို အလွမ်းဖြေဖို့တောင် ပေါ်မလာတော့ပုံထောက် တော်တော်အထိနာသွားပုံရတယ်...။

ဂျုံးဂု အွန်းဘီတို့ဘာဖြစ်သွားကြသည်ကို သူသိချင်လှသည်။ မင်ယွန်းဂီ ဘယ်လိုဆုံးဖြတ်သွားတယ်ဆိုတာကိုရောပေါ့။ သိချင်စိတ်ပြင်းပြလွန်းနေသည်ကလွဲလျှင် သူ့တနေ့တာမှာ အလုပ်ခွင်တွင် ပုံမှန်အတိုင်းလည်ပတ်လျက်ရှိသည်။ အွန်းဘီထံမှ ပုံမှန်ဝင်လာလေ့ရှိသော reportများမှာလည်း အမှားအယွင်းကင်းနေသောကြောင့် ဂျုံးဂု သူပြောလိုက်သည့်စကားများကြောင့် ဟိုနှစ်ယောက် စကားပင်များကြရဲ့လားဟုပင် သံသယဝင်ချင်လာမိသည်နှင့်အတူ အွန်းဘီပြန်လာမည့်နေ့ကိုသာ လက်ချိုးရေရင်းစောင့်နေမိပြန်သည်။

လွမ်းနေတယ်လို့တော့ မပြောချင်ပေမယ့် မျှော်နေမိတာတော့အမှန်ပါ... မင်း အလုပ်လုပ်နေကျစားပွဲလေး လစ်ဟာနေတာကိုမြင်ရတိုင်း ပိုသတိရတယ်။ နားနေခန်းထဲက ကော်ဖီစက်လေးတောင် မင်းမရှိတော့ ခြောက်ကပ်နေရောပေါ့... မင်းကြိုက်တဲ့ကော်ဖီတွေကို ကိုယ် ခုချိန်ထိ မသောက်တတ်သေးတာကလွဲရင် ကော်ဖီစက်ရှိတဲ့နေရာကိုတော့ ခဏခဏရောက်ပါတယ်။

အဲ့လို ဆွေးရင်း ငေးရင်းနဲ့ပဲ... မင်းပြန်လာမယ့်အချိန်ကျရောက်လာခဲ့ပြီဆိုပါတော့။

ပြန်ရောက်ပြီးနောက်တစ်ရက်တွင် အွန်းဘီ ရုံးမတက်သောကြောင့် အနားယူနေသည်ဟုသာ ရိုးရိုးတန်းတန်းတွေးခဲ့မိသည်။ သို့သော် သူမ ရုံးပြန်တက်သည့်နေ့တွင် သူ့အထင်လွဲမှားခဲ့ကြောင်းကို သူမ၏မို့နေသည့်မျက်ခွံများက သက်သေပြနေသည်။ နောက်ဆုံးတွေ့ခဲ့ရသည့်အချိန်ထိ ပြည့်ဖောင်းနေခဲ့သောမျက်နှာလေးက ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် ချောင်ကျသွားခဲ့သည်။ ညဘက်တွေလည်း အိပ်ရေးတွေမည်မျှပင် ပျက်ခဲ့သည်မသိ မျက်ကွင်းလေးတွေတောင် ညိုလို့... စိတ်ညစ်စရာရှိရင်တောင် ပြုံးရွှင်အောင်နေတတ်တဲ့မျက်နှာလေးက အခုတော့ နည်းနည်းလေးတောင်မလန်း။ အလုပ်ကိုချိုးကပ်အောင် မလုပ်တတ်သည့်မိန်းကလေးက ခရီးကပြန်ရောက်ကတည်းက အနားပင်မယူဘဲ အချိန်ပိုတွေပါဆင်းနေသည်အထိ နေ့နေ့ညညအလုပ်ထဲကို စိတ်နှစ်ထားသည်။ အဲ့လောက်တောင် ချစ်တာလား မင်ယွန်းဂီဆိုတဲ့လူကို... အလုပ်ခွင်တွင်ဖြစ်၍ မည်မျှဟန်ဆောင်ကောင်းကောင်း အွန်းဘီမျက်နှာကိုတော့ သူ တချက်ကြည့်ရုံဖြင့် ဖတ်တတ်သည်။

When Rain Falls Down (Book 2) ✔ Where stories live. Discover now