19. Hurt Enough

1.2K 159 30
                                    

(Unicode)


တစ်ယောက်တည်းမထားခဲ့နဲ့ဟု ခခယယတောင်းဆိုသူမှာလည်း သူသာဖြစ်ပြီး အနားပြန်ရောက်ချိန်တွင် မိမိအားရှောင်ခွာသွားသူမှာလည်း သူပင်။ ပြန်လာရန်တောင်းဆိုစဉ်က ထိုမိန်းကလေးနှင့်ဝေးဝေးနေမည်ဟု ကတိအထပ်ထပ်ပေးခဲ့သော်လည်း အသွားအလာမပြတ်ဘဲ ပေးထားတဲ့ကတိတွေကိုသာ ချိုးဖျက်သွားခဲ့ပြန်သည်။ ဒါဆို ဘာအတွက်များ သူမကို အနားမှာခေါ်ထားနေသေးလဲ...။

စိတ်ထဲနာကျည်းနေမိသလောက် တစ်ချိန်တည်းမှာပင် ခွင့်လွှတ်ပေးနိုင်စွမ်းလည်း ကြီးမားနေသည်။ သို့သော် မသိစိတ်တစ်နေရာကတော့ ရင်နှင့်အမျှ ခံစားခဲ့ရသမျှကို အငြိုးအတေးကြီးစွာဖြင့် မှတ်ထားပြန်သည်။ ချစ်ခြင်းနှင့်နားလည်မှုနေရာတွင် အချိန်ကြာကြာငုပ်လျှိုးနေခဲ့သည့် မာနသာအပြီးအပိုင်သိမ်းပိုက်သွားသည့်တစ်နေ့တွင် ရင်အကွဲခံကာ သူ့အား စွန့်ခွာမိတော့မည်မှာ အမှန်..။ ထိုနေ့ရောက်လာဖို့ တစ်နေ့ထက် တစ်နေ့နီးကပ်လာပြီမှန်း ကိုယ်တိုင်လည်းသိနေခဲ့ပြီဖြစ်သောကြောင့် အချိန်ရသလောက်လေး သူ့အနားတွင် ကုတ်ကပ်ကာနေနေမိသည်။

ဂျုံးဂု၏စိတ်အား အွန်းဘီရိပ်စားမိစပြုလာသော်လည်း မသိချင်ဆောင်ယောင်ထားမိသည်။ သူမသည် သူ့အတွက် အဖြည့်ခံသက်သက်သာ... သူအထီးကျန်ချိန်တွင် လိုက်ရှာမိသူမှာ သူမ ဖြစ်ရုံဖြင့် ကျေနပ်မိသည်။ သူဝမ်းနည်းချိန် အားကိုးတကြီးလှမ်းဆွဲသည့်လက်ပိုင်ရှင်မှာ သူမ ဖြစ်ရခြင်းကိုပင် ပျော်နေမိသည့်လူတစ်ယောက်။ အဲ့လိုပျော်နေရာကနေ မလိုအပ်လို့ဘေးအချိတ်ခံရပြန်ရင်လည်း ဒီရင်ပဲနာရတာပါပဲ။ အစိုးမရသည့်သူ့စိတ်ကို တယုတယဖမ်းဆုပ်ဖို့ ကြိုးစားခြင်းထက် သူ့ထိခိုက်မှုတွေကိုသာ ပျောက်ကင်းအောင်ဖန်ဆင်းပေးချင်တော့သည်။ ယခုလည်း သူ့အတွက် အမှတ်တရဖန်တီးပေးခွင့်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

မနက်ဖြန် သူ့မွေးနေ့...။ အွန်းဘီ သူ့အား surpriseမဟုတ်တောင် တစ်ခုခု ထူးထူးခြားခြားလုပ်ပေးချင်မိသည်။ အခုတော့ မွေးနေ့မရောက်ခင် တစ်ရက်အလိုညမှာပင် ဖုန်းကိုလက်မှမချနိုင်လောက်အောင် စိတ်လှုပ်ရှားလျက်။ သူ့အားပထမဆုံးတောင်းဆုခြွေပေးသူမှာ သူမသာ ဖြစ်ချင်မိသည်။ ည ၁၂နာရီအား ရင်တမမစောင့်မျှော်မိခြင်းမှာ အွန်းဘီဘဝတွင် ဒါပထမဆုံးအကြိမ်ပင်။ နာကျည်းခြင်း၊ ဝမ်းနည်းခြင်းတို့ကို မေ့ထားကာ အဖြူထည်ချစ်ခြင်းတစ်ခုတည်းဖြင့် သူ့အားဆုတောင်းစကားပါးချင်မိသည်။ နာရီလက်တံသည် ၁၂သို့ညွှန်ပြရန် ဆယ်စက္ကန့်စာမျှသာ လိုအပ်တော့သည်။ အွန်းဘီ ဖုန်းနံပါတ်လေးအား ခေါ်ဆိုရန်အသင့်ပြင်လိုက်ရင်း ၁၂ထိုးသည်နှင့် call buttonလေးကို တန်းနှိပ်လိုက်မိသည်။ အချိန်တစ်ခုအား စောင့်ဆိုင်းပြီးစဉ်တွင် ထွက်ပေါ်လာသည့်သူ့အသံလေး...။


"ဟယ်လို..."

When Rain Falls Down (Book 2) ✔ حيث تعيش القصص. اكتشف الآن