Part 1

32.1K 1.9K 32
                                    

ပင်လယ်ကမ်းရိုးတန်းတစ်နေရာ..

သဲသောင်ပြင်မရှိဘဲ ကျောက်ဆောင်များဖြင့်သာ အနားသတ်ထားသော ပင်လယ်ကမ်းစပ်နေရာတစ်ခု။ ပင်လယ်ရေမျက်နှာပြင်ထက် လူနှစ်ရပ်စာလောက် မြင့်တက်နေသော ကျောက်ဆောင်များက ကမ်းခြေတစ်လျှောက်တွင် တံတိုင်းသဖွယ် တည်ရှိနေသည်။ ကျောက်ဆောင်များ၏အောက်ခြေသည် ပင်လယ်လှိုင်းများ၏ နှစ်ရှည်လများရိုက်ခတ်မှုကြောင့် ချိုင့်ဝင်နေပြီဖြစ်သည်။

မညီညာသော ကျောက်ချွန်းကျောက်စွန်းများသည် နံရံတစ်ခုလိုဖြစ်နေသည့် ကျောက်ဆောင်ပြင်၏ အောက်ခြေရှိ ရေလှိုင်းများကြားတွင် တွဲလွဲခိုနေကြသည်။ အချို့နေရာများတွင်လည်း ဂူပေါက်ငယ်ပုံစံများဖြစ်နေကာ ပင်လယ်ငှက်များ အသိုက်ဖွဲ့နေထိုင်ကျက်စားရာ နေရာများရှိနေသလို ရေလှိုင်းများနှင့်ကင်းစင်ရာ ကျောက်ဆောင်ထပ်နားတွင်တော့ တွယ်ကပ်ပေါက်ရောက်နေသော ချုံပုတ်တစ်ချို့ရှိနေပါသည်။

ထိုကျောက်ဆောင်များပေါ်တွင် မညီမညာတည်ဆောက်ထားသော အိမ်ငယ်များနှင့် ရွာလေးတစ်ခုရှိသည်။ ရွာငယ်လေးရှိ အိမ်များသည်လည်း ကျောက်ပြားများကို အထပ်ထပ်တည်ကာ တည်ဆောက်ထားသော ကျောက်အိမ်ငယ်များဖြစ်သည်။ အ၀ိုင်းပုံစံ အိမ်အောက်ခြေများမှာ ဘာမှမကျယ်ပါ။ မိသားစု သုံးလေးယောက်နေရုံသာဖြစ်သည်။ မှောက်ရက်ကန်တော့ပုံ အိမ်ခေါင်မိုးမှာတော့ အဝေးမှကြည့်လျှင် ထင်းနေအောင်မြင်ရကာ ၎င်းအောက်တွင် သေးငယ်သော အ၀ိုင်းပုံကျောက်နံရံပတ်ချာလည် အိမ်နံရံရှိသည်။ အိမ်ငယ်များ၏ လူဝင်ပေါက်သည် လေးထောင့်မဟုတ်။ ထိပ်တွင်လေးကိုင်းပုံစံဝိုင်းသွားသည်။

ရွာငယ်ထဲရှိ အိမ်တိုင်းလိုလိုတွင် တံခါးမရှိကြပါ။ ဆောင်းတွင်းရောက်လျှင်သာ အအေးဒဏ်ကိုကာကွယ်ရန် သစ်သားတံခါးလို ယာယီပြုလုပ်ပြီး အကာအကွယ်အဖြစ် အသုံးပြုကြသည်။ ထိုကျောက်အိမ်ငယ်များ၏ ထူးခြားချက်မှာ ကျောက်ပြားများ၏ ကာကွယ်မှုကြောင့် ဆောင်းတွင်းများတွင် နွေးနေတတ်ကာ နွေရာသီဆိုလျှင်တော့ အေးနေတတ်သည်။

တစ်ရွာလုံးတွင် အိမ်အလုံးနှစ်ဆယ်ခန့်ရှိသည်။ တစ်အိမ်နှင့်တစ်အိမ်ကြားတွင် သင့်တော်သလို နေရာခြားကာ ပုံစံတူကျောက်အိမ်ငယ်များ ဆောက်လုပ်ထားခြင်းဖြစ်သည်။ အိမ်ခေါင်မိုးထိပ်နှင့် အောက်ခြေများကို အဖြူရောင်ဆေးသုတ်ထားသောကြောင့် အဝေးမှကြည့်လျှင် ကန်စွန်းပန်းပွင့်လေးများကို တစ်နေရာတည်းမှာ စုပြုံပြီး မှောက်လျက်ချထားသကဲ့သို့ပင်။

Dark AngelWhere stories live. Discover now