Part 31 (U&Z)

7K 1.1K 114
                                    

မြေအောက်လှိုဏ်ဂူများထဲတွင် သက်ရှိသတ္တ၀ါများ မရှိဟုပင် ထင်မှားနိုင်သည်။ နတ်ဆိုးများသည် အားလက်စ်နှင့်အတူ လိုက်ပါလာသော ဒန်နရယ့်ကို ကြောက်လန့်ကာ မှောင်သည်ထက်မှောင်သည့် ချောင်ကြိုချောင်ကြားနေရာများတွင် အလုအယက် ပုန်းအောင်းတိုး‌‌‌ေ၀ှ့နေကြသည်။ ၎င်းတို့၏မျက်လုံးနီနီကြီးများသည် ပေါက်ထွက်တော့မည်အလား ပြူးကျယ်ထိတ်လန့်နေကြသည်။ ရန်လိုဟန်တော့မရှိ။ နှစ်ကာလများစွာ ဒန်နရယ်၏ အသွေးဖြစ် အသက်ဆက်ခဲ့သူများ ဖြစ်သောကြောင့် ဖြစ်သည်။

ရုတ်တရက် မြေအောက်လှိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာမှ ခြောက်ခြားဖွယ် မာန်ဖီသံကြီး ထွက်ပေါ်လာသည်။ ပဲ့တင်သံများသည် တော်တော်နှင့်မရပ်။ သိပ်မကြာခင်မှာပင် ‌ဂေါဒ၏ ကြောက်မက်ဖွယ်မျက်နှာကြီးသုံးခု အမှောင်ထဲမှ ပေါ်လာသည်။ ပုပ်ဟောင်နေသော အနံ့ဆိုးကြီးနှင့်အတူ သွားချွန်များ၊ အစွယ်များပေါ်အောင် မာန်ဖီရင်း တောင်ပံကျိုးကြီးကို တရွတ်ဆွဲရင်း လာနေသည်။

အားလက်စ်သည် ဒန်နရယ့်ရှေ့နား တိုးရပ်လိုက်သည်။ ဒန်နရယ်၏အမူအရာသည် မပြောင်းလဲ။ ဘာမှမဖြစ်ပါဘူးဆိုသည့်သဘောဖြစ် အားလက်စ်၏ ပခုံးကို ဆုပ်ကိုင်လိုက်ရုံသာ။

"သခင်လေး.. ဒါ ဘာလဲ။ ဘာသဘောလဲ။ ဒီကောင် ဘာလာလုပ်တာလဲ။"

"မင်းနဲ့မဆိုင်ဘူး ဂေါဒ.. ဘေးဖယ်.."

"သခင်လေး ဒီကောင့်ကိုမယုံနဲ့။ သူ့မှာ အကြံရှိတယ်။ အကြံရှိတယ်။"

အရိအရွဲများစိုရွှဲနေသည့် အရိုးသာသာလက်ချောင်းများနှင့် ဒန်နရယ်ရှိရာ လက်ညှိုးညွှန်သည်။

"ဖရက်ဒီကို အသုံးချပြီး သခင်လေးကို သတ်ခဲ့တဲ့ကောင်။ အခုလည်း သခင်လေးအရင်ဘ၀က အဖြစ်တွေကို မမှတ်မိသေးတာကို အသုံးချပြီး သိမ်းသွင်းထားတာ။ အင်မတန် အကြံကြီးတဲ့ကောင်။ မာယာတွေနဲ့ သခင်လေးကို အယုံသွင်းထားတာ။ ဒီကောင့်ကို အရှင်မထားနဲ့။"

"တိတ်စမ်း"

အားလက်စ်၏အမိန့်သံအဆုံးမှာ ဂေါဒနတ်ဆိုးသည် အရှိန်ပြင်းစွာလွင့်စင်သွားသည်။ ကျောက်နံရံနှင့် တိုက်မိကာ အရိုးများကျိုးကြေသံများထွက်ပေါ်လာသည်။ နာကျင်စွာ အော်ဟစ်လိုက်သော ဂေါဒနတ်ဆိုး၏ ခြောက်ခြားဖွယ် အသံကြီးကြောင့် အခြားနတ်ဆိုးများ ပိုမိုထိတ်လန့်သွားကြသည်။ အားလက်စ်သည် နောက်တစ်ကြိမ် လက်ကိုမြှောက်စဥ် ဒန်နရယ်သည် ဂေါဒရှေ့မှ ကာရပ်လိုက်သည်။

Dark AngelWhere stories live. Discover now