Extra 2 (Unicode)

5.8K 694 44
                                    

မျက်လုံးကို မဖွင့်ရသေး။ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေတာကို သတိထားမိသည်။ လက်မောင်းကြွက်သားတွေသည် တဆစ်ဆစ်ကိုက်ခဲနေသည်။ မျက်လုံးကိုဖွင့်ကြည့်ကာ လက်တစ်ဖက်မြှောက်ကြည့်သည်။ မြှောက်လို့မရ။

"ဒန်နီ..."

ဖြေသံကို မကြားရ။ အလင်းတစ်၀က်၊ အမှောင်တစ်ခြမ်း အိမ်လေးထဲတွင် မည်သူမှ ရှိမနေ။ ထင်းမီးဖိုမှာလည်း မီးသေတော့မည်။ ပြာများဖုံးနေသော မီးခဲများသည် အိပ်ခါနီး မျက်စိမှိတ်တော့မည့်သူများလို။ ထင်းမီးဖိုအနီးရှိ ကြိမ်ခြင်းတောင်းထဲတွင်တော့ မှိုပွင့်ညိုကြီးများ။ ရွှံ့များ၊ သဲများကပ်နေဆဲ။ ယခုမှ လတ်လတ်ဆတ်ဆတ် တူးယူထားပုံရှိသည်။

"ဒန်နီ.. လာဦး။"

မကျေမနပ် တောက်ခေါက်ပေမယ့် အသံထွက်ရတာတောင် နာသည်။ တစ်ကိုယ်လုံး လှုပ်မရ။ အိမ်ပြင်ဖက်မှ ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။ စူးရှသောအလင်းရောင်ကို ကွယ်ကာရပ်လိုက်သည့် ပုံရိပ်တစ်ခု။

"ဘာဖြစ်လို့လဲ အားလက်စ်။"

လက်ညှိုးထိုးချင်ပေမယ့် လက်ပင်မြှောက်မရသည့် မိမိအဖြစ်ကို အားလက်စ် ဘယ်လိုလက်ခံနိုင်ရမလဲ။ သေချာသည်။ အားလုံး ဒန်နရယ့်ကြောင့်။

ကြုံခဲ့ရပေါင်းများပြီဖြစ်သောကြောင့် ကောင်းကောင်းနားလည်နေသည်။ ယခုလို အခြေအနေမျိုးနှင့် နိုးထလာပြီဆိုလျှင် သူ သိသည်။ သူ့ကိုယ်ခန္ဓာသည် မနေ့ကအထိ စေတန်ဖြစ်နေလိမ့်မည်။ ထိုအချိန်တွင် သူ့ချစ်ရသူ ဒန်နရယ်ဆိုသည့် လူလည်လေးသည် ရှိသမျှ အလုပ်တွေ သိမ်းကျုံးခိုင်းလိုက်မည်။ စေတန်ဆိုသည့် လူ့ငတုံးကလည်း ဒန်နရယ်စိတ်တိုင်းကျ မနေမနား လုပ်ကိုင်ပေးလိမ့်မည်။ ဒါပေမဲ့ ဒီ ဒဏ်တွေကို ခံရသည်က သူ။ စိတ်ကပြောင်းပေမယ့် ကိုယ်ခန္ဓာကတစ်ခုပဲဆိုတာကို မေ့ထားသည့် ဒန်နရယ့်ကိုသာ ကျိန်ဆဲမိသည်။

"ဘာဖြစ်နေတာလဲ။ ငါ မင်းကို ဘာမှမလုပ်ထားဘူး။"

ဒန်နရယ်၏ ပါးပြင်သည် ရယ်ချင်စိတ်ကို ထိန်းထားရဟန် နီရဲတက်လာသည်။

"ဘာ မလုပ်တာလဲ။ ခင်ဗျား စွတ်ခိုင်းတယ် မဟုတ်လား။"

"ဘယ်နားနာနေလို့လဲ အားလက်စ်။"

Dark AngelWhere stories live. Discover now