Part 21 (U&Z)

6.7K 985 14
                                    

ဖရက်ဒီ ဘယ်မှာရှိသည်ကို မိမိအစွမ်းဖြစ် လှမ်းကြည့်နေစရာမလို။ ဒန်နရယ်သိပြီးသားဖြစ်သည်။ ထို့ကြောင့်ပင် စမ်းချောင်းငယ်၏ အထက်ပိုင်းရှိ ရေတံခွန်ငယ်ဆီသို့ ဦးတည်လာခဲ့သည်။ ငှက်ငယ်များ၏ တေးသံကို ကြားနေရသည်။ မြက်ပင်များကြားတွင် ရိပ်ခနဲ ရိပ်ခနဲ ခုန်ပျံသွားသည့် နှံကောင်ငယ်လေးများ ရှိသည်။ ရောင်စုံလိပ်ပြာလေးများ ၀ဲပျံနေသည့် တောရိုင်းပန်းလေးများသည် လှပစွာ ဖူးပွင့်နေသည်။ စိမ်းမှောင်နေသော သန်စွမ်းသည့် သစ်ပင်ကြီးများသည် အရာရာကို အုပ်မိုးထားသည်။

တစ်နေရာအရောက် စမ်းချောင်းငယ်ကို ဖြတ်ကျော်တည်ဆောက်ထားသော သစ်သားတံတားငယ်ပေါ် လှမ်းတက်လိုက်သည်။ ကွေးကောက်နေသော အညိုရောင်သစ်လုံးကြီးကို လက်ဖ၀ါးဖြင့် ထိမိချိန် နှုတ်ခမ်းများမှာ အပြုံးသည် သဲ့သဲ့ထင်လာသည်။ ချစ်ရသူသည် ဘယ်တော့မှ ငြိမ်ငြိမ်မနေတတ်သူ။ ဒီတံတားငယ်ကို အပင်ပန်းခံကာ ဆောက်နေတာကို သူ မတားနိုင်ခဲ့။ "မင်း ဘေးဖယ်နေ။ ငါ စိတ်ဆိုးမှာ" ဟု မိမိကို ဟောက်ခဲ့စဥ်က လုပ်သမျှကို ဘေးမှာထိုင်ကြည့်ရင်း ပြုံးရုံသာ တတ်နိုင်ခဲ့သည်။

ယခုတော့ ဖရက်ဒီတည်ဆောက်ခဲ့သော တံတားလေးသည် စမ်းချောင်းငယ်နှင့် လိုက်ဖက်တင့်တယ်စွာ ပြီးစီးခဲ့ပြီပဲဖြစ်သည်။ သစ်လုံးရှည်ကို လက်ရန်းအဖြစ်၊ သစ်လုံးငယ်များကို သုံးထောင့်လှိုင်းတွန့်များပုံစံ ထောက်ပင့်ပြီး ပုံဖော်ထားသည်။ ကြမ်းခင်းသည်လည်း သစ်လုံးခြမ်းများကို ပူးကပ်ထားရုံသာ။ ရိုးရိုးလေးဖြစ်သည်။ သို့ပေမယ့် ချစ်ရသူ၏ လက်ရာ။ ဖြတ်လျှောက်ရချိန်တိုင်း ရင်ထဲမှာ ‌နွေးထွေးစေသည်။

တံတားလက်ရန်းကို လက်ဖ၀ါးဖြင့် ပွတ်သပ်ကာ အဆုံးထိလျှောက်လာခဲ့သည်။ စမ်းရေစီးသံသည် သာယာကြည်နူးဖွယ် နောက်ခံဂီတသံအဖြစ် ထွက်ပေါ်နေသည်။ ရေညှိများဖြင့် ဖုံးအုပ်ထားသည့် ကျောက်တုံးကြီးငယ်များကို ကျော်ပြီးလျှောက်လာခဲ့သည်။ ဒန်နရယ်သည် ဖရက်ဒီ့နားရှိချိန်တွင် သာမာန်လူတစ်ယောက်သာ။ မိမိအစွမ်းအားလုံးကို မေ့ထားတတ်သည်။ ပိတ်လှောင်ထားတတ်သည်။ ဒါကလည်း တာ၀န်နှင့်၀တ္တရားကို ဦးစားပေးချင်တတ်သည့် သူ့အတွက် ချစ်ရသူ၏ တောင်းဆိုချက်တစ်ခုပင်။

Dark AngelWhere stories live. Discover now