Part 30 (U&Z)

7.7K 1.1K 79
                                    

တောင်ပေါ်လေသည် ဒေါသကြီးနေသလို ခပ်ပြင်းပြင်းတိုက်ခတ်နေသည်။ ဒန်နရယ်သည် ကျောက်စွန်းတစ်ခု၏ ထိပ်နားတွင် ရပ်တန့်ကာ ကျယ်ပြန့်စိမ်းစိုသော ချိုင့်၀ှမ်းကို လှမ်းကြည့်နေသည်။ လက်နှစ်ဖက်ကို နောက်ပစ်ထားကာ ငြိမ်သက်စွာရပ်တန့်နေသည်မှာ လက်ရာမြောက်လှသော ကျောက်ရုပ်တစ်ခုလိုပင်။ ၀တ်ရုံဖြူအနားစရှိ ရွှေချည်မျှင်များနှင့် ပုံဖော်ထားသော ပန်းခက်ပန်းနွယ်များသည် လေပြင်းကြောင့် လွင့်ခါသွားတိုင်း ဖျိုးဖျိုးဖျပ်ဖျပ် လင်းလက်နေသည်။

အမြင့်ဆုံးတစ်နေရာမှ ဖြစ်သောကြောင့် တောင်ပေါ်ရေစီးကြောင်းငယ်များကို အဖြူရောင်သဲ့သဲ့ နေ‌ရောင်လက်လက်ဖြစ် မြင်နေရသည်။ မြင့်မားသောသစ်ပင်ကြီးများသည် တစ်ပင်နှင့်တစ်ပင် ရောယှက်ကာ မြင်ကွင်းအားလုံးကို စိမ်းလန်းနေစေသည်။ တစ်နေရာတွင် အစိမ်းရောင်တောတန်းကြားမှ စီးကျနေသော ရေတံခွန်မြင့်ကြီး၏ ရေမှုန်ရေဖွားများကို မြင်နေရသည်။ အုပ်ဖွဲ့ပျံသန်းနေသော ငှက်ငယ်များကို ခေါင်းမော့ကြည့်လိုက်သည့် ဒန်နရယ်၏မျက်လုံးများသည် နောက်နားတွင် ရပ်နေသော အားလက်စ်ရှိရာ အကြည့်ရောက်သွားသည်။

"မင်း ဘယ်တုန်းက ရောက်နေတာလဲ။"

"ကြာပြီ။ ရှုခင်းလှလို့ ကြည့်နေတာ။ ခင်ဗျားရှိနေတာ သတိမထားမိဘူး။"

သူ တမင်ပြောမှန်း ဒန်နရယ် သဘောပေါက်ပါလိမ့်မည်။ မိမိကိုယ်ကို ယုံကြည်တတ်သူတစ်ယောက်၏ အကြည့်နှင့်အပြုံးကို မြင်ရသည်။

"အဆင်ပြေရဲ့လား အားလက်စ်။"

"အင်း.."

"ကျေးဇူးပဲ။"

ရပါတယ်ဟု မဖြေဖြစ်။ ဒန်နရယ့်နဘေးသို့ လျှောက်လာပြီး ယှဥ်ရပ်ဖြစ်သည်။ ယခုအချိန်တွင် အားလက်စ်သည် ခွန်အားအရှိဆုံးသူဖြစ်နေပြီဖြစ်သည်။ ဒန်နရယ့်ကို မုန်းတီးခဲ့စဥ်က ရရှိခဲ့သော အစွမ်းများသည် ဒန်နရယ့်ကို ချစ်မိခဲ့သည့်အချိန်မှာတော့ အားလုံးပြီးပြည့်စုံသွားသလိုပင်။

သူ၏အစွမ်းတန်ခိုးများကြောင့် နတ်ဆိုးများရော၊ နတ်ဘုရားများပါ မတော်လှန်ရဲကြတော့။ နတ်ဆိုးများသည် အားလက်စ်၏သွေးကိုအစာအဖြစ် အသုံးပြုရင်း အေးချမ်းနေသည်။ ယခုလည်း သူ ဘာတွေလုပ်နေသည်ကို သိချင်နေသည့် ဂေါဒနတ်ဆိုးကိုရှောင်ကာ မြေအောက်နေရာမှ ဒန်နရယ်ရှိရာသို့ အမြန်ဆုံး ပြန်လာခဲ့ခြင်းပင်။ သာမာန်လူသားတစ်ယောက်လို ခွန်အားနည်းနေသည့် ဒန်နရယ့်ကို ခေတ္တခဏသာ ချန်ထားခဲ့ရပေမယ့် စိတ်မချနိုင်။

Dark AngelWhere stories live. Discover now