Part 23 (U&Z)

6.9K 1K 20
                                    

မိုးထိအောင် မြင့်သည်လားထင်ရသည့် ကျောက်ဆောင်ကြီးနှစ်ခုသည် စိမ်းပြာနေသော ပင်လယ်ပြင်ထဲမှ တိုးထွက်နေသည်။ ထိပ်ဆုံးနားတွင် မည်သည့်သစ်ပင်မှ မပေါက်ရောက်သည့် ကျောက်ချွန်များဖြစ်သည်။ အလယ်နှင့်အောက်ခြေနေရာများတွင်တော့ ချုံနွယ်အချို့နှင့် သစ်ပင်အချို့ရှိသည်။ ထိုကျောက်ဆောင်ကြီးနှစ်ခုကြားတွင် ခပ်ပြေပြေတောင်ကုန်းလေးရှိကာ စိမ်းလန်းစိုပြည်သော သစ်တောအုပ်ငယ်များနှင့်ဖြစ်သည်။ ကျောက်ဆောင်ကြီးနှစ်ခုကြား တောင်ကုန်းအောက်ခြေတွင်တော့ ပင်လယ်ပြင်နှင့်ထိစပ်နေသည့် ဖြူလွင်သော သောင်ပြင်ငယ်လေးတစ်ခု။

ကျောက်ဆောင်ကြီးတစ်ခု၏အောက်ခြေတွင် ချိုင့်၀င်သွားသည့် ပင်လယ်ဂူကြီးတစ်ခုရှိသည်။ သဲသောင်ပြင်ဖြူသည် ဂူ၏အတော်နက်သောနေရာအထိ ရောက်သည်။ သန္တာကျောက်ခက်များနှင့် တန်ဆာဆင်ထားသော ထိုဂူကြီးသည် ‌ရေနတ်ဘုရား အေဒို၏ ဗိမာန်နေရာပင် ဖြစ်သည်။ ပြာလွင်တောက်ပသော ကျောက်ခဲငယ်များသည် ဗိမာန်ကြမ်းပြင်ဖြစ်သည်။

သန္တာမှိုပွင့်ပုံစံ ပလ္လင်ထက်တွင် ထိုင်နေသော ရေနတ်ဘုရား၏ မျက်နှာသည် အလိုမကျမှုများဖြင့် မှုန်ကုပ်နေသည်။ လေနတ်ဘုရား ရီရာသည် ကျောက်တုံးကြီးတစ်ခုပေါ် ခြေချိတ်ထိုင်နေပြီး နေနတ်ဘုရားဆိုရာမှာမူ သဲသောင်ပြင်ပေါ် စိတ်အေးလက်အေး လဲလျောင်းနေသည်။ သူတို့သုံးယောက်သည် မျက်နှာချင်းဆိုင်ခဲကြသည်။ တွေ့ဆုံဖြစ်ခဲ့ကြလျှင်လည်း တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးများနှင့် ရန်စောင်နေချိန်များသည်။ ယခုအချိန်မှာတော့ အားလက်စ်ကိစ္စကြောင့် အချင်းချင်းမတွေ့မဖြစ် တွေ့ဆုံနေကြခြင်းဖြစ်သည်။

"မင်း တောင်းပန်တာတောင် မရဘူးဆိုရင်တော့ မျှော်လင့်ချက်မရှိဘူး အေဒို။"

နေနတ်ဘုရား၏ စကားဆုံးသည်နှင့် လေနတ်ဘုရားသည် တောက်တစ်ချက်ခေါက်လိုက်သည်။

"စောစောကသိရင် ဒီကောင်လေး ကလေးဘ၀ထဲက ကိစ္စပြတ်အောင် ငါလုပ်ထားမှာ။ မင်းအသုံးမကျတာ အေဒို။ ဒန်နရယ်ဘာတွေလုပ်နေတယ်ဆိုတာကို အစောကြီးကတည်းက မင်းသိတယ်မဟုတ်လား။ ဘာလို့ ငါတို့နှစ်ယောက်ကို မပြောခဲ့လဲ။"

Dark AngelWhere stories live. Discover now