Part 16 (U&Z)

7.6K 1K 21
                                    

ဒန်နရယ် စမ်းချောင်းနဘေးရှိ သစ်ပင်ကြီး၏ ပင်စည်ကို မှီရပ်လိုက်သည်။ မျက်နှာနား ၀ဲကျနေသော နွယ်ကြိုးကို လက်နှင့်အသာဖယ်လိုက်သည်။ စမ်းရေစီးသံတသွင်သွင်သည် နားထောင်လို့ မရိုးနိုင်အောင် ငြိမ်းချမ်းသာယာလှပါသည်။ ကြည်လင်သော စမ်းရေချောင်းငယ်တစ်လျှောက် ရေစီးနှင့်မြောပါလာသော ပန်းပွင့်ငယ်များမှာလည်း မရှားပါ။

သာယာငြိမ်းချမ်းသော ဗိမာန်နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း ရင်ထဲမှ နာကျင်မှုက လျော့နည်းမသွား။ တစ်ကိုယ်လုံးမှ သွေးစီးကြောင်းများနေရာတွင် အဆိပ်ရည်များ စီးဆင်းနေသလားထင်ရအောင် ခံရခက်စေသည်။ ဝမ်းနည်းမှုများက သူ့ မျက်လုံးများကို ပူစပ်တောက်လောင်နေအောင် လောင်ကျွမ်းနေစေသည်။

သူ မျက်ရည် မကျချင်တော့။ မောပန်းလွန်းလှပြီဖြစ်သည်။ ပင်ပန်းလွန်းလှပြီဖြစ်သည်။ နှစ်ပေါင်းများစွာ အထီးကျန်စွာ ရှင်သန်ရခြင်းသည် ခံနိုင်ရည်များကို ၀ါးမြိုပစ်နေသလို။ တစ်လောကလုံးမှာ အစွမ်းအရှိဆုံးနတ်ဘုရားတစ်ပါးသည် မိမိ၏မျှော်လင့်ချက်အဆိပ်ရည်နှင့် မိမိကိုယ်တိုင် သွန်းလောင်းညှင်းဆဲနေသည်မှာ လက်ခံနိုင်စရာမရှိ။

"အရှင်.."

အနားရောက်နေသော ရေနတ်ဘုရားကိုပင် သတိမမူမိနိုင်တော့အောင် ဒန်နရယ်၏ အာရုံများက စုစည်းလို့မရတော့။

"အရှင့်ကိုတောင်းပန်ပါတယ်။"

"ကျွန်တော်တို့ကြားမှာ ဒီစကားတွေ မလိုအပ်ပါဘူးဗျာ။"

မိမိရှေ့မှာ ဒူးထောက်နေသော ရေနတ်ဘုရား၏ လက်မောင်းကို ဆွဲထူလိုက်သည်။ ဖြစ်ခဲ့သမျှသည် ရေနတ်ဘုရား၏ အမှားမဟုတ်။ ထို့အတူ နေနတ်ဘုရားနှင့် လေနတ်ဘုရားကိုလည်း အပြစ်မဆိုချင်။ သူတို့အားလုံးသည် အားလက်စ်ကို လက်မခံနိုင်သည်မှာ သဘာ၀ကျသည်။ သုတ်သင်ချင်သည်မှာ ဖြစ်သင့်သည်။ မှားယွင်းသူရှိမည်ဆိုလျှင် သူတစ်ယောက်ပဲဖြစ်ပါလိမ့်မည်။

"ဘာကိစ္စရှိလို့လဲ အေဒို.."

အမှန်တကယ်တော့ မိမိရှိရာကို ရေနတ်ဘုရားရောက်လာသေးသည်ကို အံ့သြမိသည်။ ဖြစ်ခဲ့ပြီးသော အဖြစ်အပျက်များအတွက် နတ်ဘုရားသုံးပါးစလုံးသည် မိမိကို အမြင်ကြည်နိုင်တော့မည်မဟုတ်သည်ကို နားလည်ထားသည်။

Dark AngelWhere stories live. Discover now