Part 1

52.7K 717 26
                                    

စွဲနေပြီ
အပိုင်း(၁)
#စွဲနေပြီ

“နိုင်ထူးလတ် ထစမ်းဟာ...နင့်ကို နှိုးရတာ ငါ့ ခြေထောက်ညောင်းလာပြီနော်...”
“မလတ်ကို ဘယ်သူက နှိုးခိုင်းလည်း..”
“နင် ကျောင်းမသွားဘူးလား...”
လတ် ခြေသံကို ခပ်ဖွဖွ လျှောက်ပြီး အိပ်ယာ အနားကို ရောက်တော့ စောင်ခေါင်းမြီး ခြုံထားဆဲ...
ကြည့်စမ်း..မနက် ၇ နာရီကတည်းက နိုးနေတာ အခု ရှစ်နာရီ...ကျောင်းကို ဘယ်လိုသွာမလည်း..။
“ဟဲ့...”
စောင်ပေါ်မှာ ခေါင်းအုံးထပ်ဖိလိုက်တော့မှ ဝူးဝူးဝါးဝါး ထလုပ်ပြီး ငုတ်တုတ် ထိုင်တော့သည်...။
“မောင်နှမ နှစ်ယောက်တည်း ရှိတာ ကျွန်တော်သေရင် မလတ်တော့ ဦး၀င်းနိုင် လက်ထဲက ပြေးလွှတ်မှာ မဟုတ်ဘူး..”
“ဟဲ့...တိုးတိုးပြောစမ်း....ကြားသွားတော့မှ ပြသာနာပဲဟာ..”
“မလတ်...”
“ပြော...”
“နောက်နေ့ဆို ကျွန်တော် ၀င်ခေါ်မှ ပြန်လာနော်...မလတ် တစ်ယောက်တည်းဆိုရင် ဒုက္ခရောက်လိမ့်မယ်...”
“အေးပါဟာ...ဒေါ်လေးမိုး ရှိရင် သူ ဒီလောက် မရဲပါဘူး..”
“ဟူး..ဒုက္ခပါပဲ...”
“ဒုက္ခ လုပ်မနေနဲ့ ကျောင်းနောက်ကျနေပြီ...ငါ့လုပ်အားခ ချွေးစာတွေနဲ့ ကျူရှင်ထားပေးတာ စာကြိုးစားပါ မောင်လေးရယ်...”
“အင်းပါ...မျက်လုံးမှိတ်ဖြေနိုင်အောင် ကြိုးစားနေပါတယ်...မလတ်ရာ...”
မောင်ဖြစ်သူရဲ့  ခမ်းနားကြီးကျယ်သည့် စကားလုံးများကို မဲ့ပြုံး ပြုံးရင်း ခြင်ထောင်တွေ ခေါက်သိမ်းပြီး အိပ်ယာသိမ်းခါ တံမြတ်စည်းပါ လှဲကျင်းပေးရသည်..။

“ဟဲ့ ကောင်လေး...ဒီမှာ ချိုင့်..နေပါဦး နင်မျက်နှာ မသစ်ဘူးလား..”
“ရတယ်...ကျောင်းရောက်မှ..’
‘သွားတိုက်ဖို့..”
‘ရတယ်..ပီကေ စားလိုက်မယ်...”
“ကောင်းလိုက်တာ...”
နိုင်ထူး ကျောင်းသွားတော့မှ ထမင်းဘူး ကပျာကယာထည့်ပြီး ဖိနပ်ဆိုင်ကို တစ်ခါ ချီတက်ဖို့ ပြင်ရတော့သည်..။
အ၀တ်အစားလဲဖို့တောင် အခန်းတံခါးကို ဂျက်သေချာထိုးပြီး နောက်ကျောမလုံစွာ လဲနေရသည့်ဘ၀...။
“မြူနှင်းလတ်...”
“ရှင်...”
“လာစမ်း...ငါ့ အတွက် မနက်စာ မရှိပါလား..”
လတ် မျက်နှာ တစ်ခုလုံး ရှုံ့မဲ့ သွားရပြီး အကျီ င်္ ကို ကြယ်သီးစုံလင်အောင်တပ်ရင်း အခန်းထဲက ခပ်သွက်သွက် ထွက်လာရသည်..။
ထမင်းစားပွဲမှာ ဒူးပေါ်ပေါင်ပေါင် ထိုင်နေတဲ့ ဦး၀င်းနိုင်ကို အကြည့် ခပ်လွဲလွဲဖြင့် အနားကို ရောက်သွားရသည်..။
“ဟို..ထမင်းကြော်ထားတယ်...ဦးလေး..”
“ဘယ်မှာလည်း..”
“ဒီမှာပါ..”
ပန်းကန်ပြားထဲ ထည့်ထားတဲ့ စတီးပန်းကန် တစ်ချပ် နဲ့ အုပ်ထားတဲ့ ထမင်းကြော်ပန်းကန်ကို ယူပြီး  ဇွန်းထပ်ခါ ရှေ့မှာ အသံမမြည်အောင်ချပေးလိုက်သည်..။
“အလုပ်သွားတော့မလို့လား သမီး..”
“ရှင်..ဟုတ်...”
“အင်း...ငါ့သမီးက ဒီရက်ပိုင်းမှ သိပ်လှလာတယ်...”
လက်ကြမ်းကြီးက ပခုံးကို ဆုပ်ကိုင်လိုက်တော့ လတ် နောက်ကို ဆက်ခနဲ့ ဆုတ်လိုက်သည်..။
ရင်ဘတ်ထဲမှာ တဒိန်းဒိန်း ဖြစ်လာခါ ကြောက်စိတ်က လူ တစ်ကိုယ်လုံးကို ချွေးပြန်စေသည်..။
“ဘာဖြစ်တာလည်း..”
“လတ် နောက်ကျနေလို့ပါ ဦးလေး...သွားတော့မယ်နော်..ဒေါ်လေး လည်း ပြန်လာတော့မှာပါ...”
ဘာစကားမှ မပြောပေမဲ့ ဇွန်းကို ဆောင့်ချလိုက်ပုံက အခြေအနေ ကို သဘောပေါက်လိုက်သည်..။
ဒီပုံစံဆို ညရောက်ရင် အငြိုးနဲ့ ဒုက္ခပေးတာ့မှာ သိလိုက်ပြီ..။
ဘာပဲဖြစ်ဖြစ် အခု လွတ်ရင် ပြီးတာပဲ ဆိုတဲ့ စိတ်နဲ့ ထမင်းချိုင့်ကောက်ခါ အိမ်ပေါ်က ခပ်သွက်သွက် ဆင်းလာလိုက်ရသည်..။
ဆိုင်ရှေ့မရောက်ခင်  လုံးချင်းတိုက် ရဲ့ ခြံထဲမှာ ရွယ်တူ သူငယ်ချင်း ဂျူးဂျူး က ခွေးမွေးပွ လေးပိုက်ပြီး ဒန်းစီးနေသည်..။
လူချင်းတူ အရွယ်ချင်းတူပေမဲ့ ဘဝတွေ မတူလိုက်တာ...။
ဟိုနေ့ကလည်း လမ်းမှာတွေ့လို့ ကားထိုးရပ်ပြီး နှုတ်ဆက်တာထက် ကားမောင်းတက်ပြီ ဆိုတာ ကြွားချင်တာ ခပ်များများရယ်...။
လတ် ကိုယ့်ဘ၀အကြောင်း ကိုယ်တွေးရင်း မျက်ရည်စတွေ ခိုသီလာတော့ မျက်တောင်တွေကို ပုတ်ခတ်ပစ်လိုက်သည်..။
တစ်ချိန်တုန်းက လတ်တို့ မိသားစုက မချမ်းသာပေမဲ့ ပျော်ရွှင်ခဲ့ကြသည် မဟုတ်လား...။
ဖေဖေရယ် မေမေရယ်...လတ် နဲ့ မောင်လေး တို့  ရှိအတူ မရှိအတူ ပါပဲ..။
ဖေဖေ ဆိုက်ကား လိုက်ရတဲ့ နေ့ဆို ပိုပျော်ဖို့ကောင်းပါသည်..။
တစ်ခါတလေ ဆိုက်ကားပေါ် မောင်နှမ နှစ်ယောက်တင်ပြီး မုန့်လိုက်၀ယ်ကျွေးတက်သည်..။
ကံကြမ္မာဆိုး အဖြစ်ဆိုးတွေဖြစ်ပေါ်လာခြင်းရဲ့ အစက စိတ်ဆိုး စိတ်ယုတ်တွေကြောင့်လို့ လတ် သက်မှတ် လိုက်မိသည်..။
ဖေဖေ က အရက်မူးလာတဲ့ တစ်နေ့ အိမ်မှာ တူတူ နေတဲ့ မေမေ့ ညီမအရင်း ဒေါ်မိုးဝေ နဲ့ မှားကုန်ကြသည်..။
မေမေ သိပြီး ပြသာနာတွေတက် စကားတွေ များခဲ့သည်..။
ဖေဖေ့ လုပ်ရပ်ကို မကျေနပ်တဲ့ မေမေ က ဆိုက်ကားဆရာ ဘကျော် နဲ့ လိုက်ပြေးသည်..။
တကယ်တော့လည်း အကြောင်းပြချက်ပါ မေမေ နဲ့ ဘကျော်က  အစကတည်း ရင်းနှီးတာထက် ပိုနေတာ တစ်မိသားစုလုံး ရိပ်မိပါသည်..။
မေမေ မရှိတဲ့ နောက်မှာတော့ မေမေ့ ညီမ ဒေါ်မိုးက ဖေဖေ့ ဒုတိယ ဇနီးဖြစ်လာတော့သည်..။
လတ် တို့ မောင်နှမ က ဒေါ်လေး လက်ပေါ်မှာ ကြီးခဲ့တာ က တစ်ကြောင်း မိခင်ကလည်း ထားပြီး ထွက်သွားတာဆိုတော့ ဒေါ်မိုးကို ပိုခင်မိသည်..။
ဘာပြသာနာမှ မရှိ...။
ဒေါ်လေးက မိထွေးလို မဆက်ဆံပဲ တကယ့် အမေအရင်းနဲ့ မခြား ပြုစု စောင့်ရှောက်ပေးခဲ့ရှာပါသည်..။
ဒါပေမဲ့ အိမ်တစ်အိမ်ကို ကံကြမ္မာဆိုး ၀င်ပြီးရင် ပြန်ထွက်သွားရိုး မရှိဘူးထင်ပါရဲ့လေ...။
ဖေဖေ ဆိုက်ကားနဲ့ ကုန်ကား တစ်စီး ချိတ်မိပြီး ဖေဖေ ခြေထောက်ကျိုးသွားရတော့သည်..။
လျော်ကြေး မစို့မပို့က ရောဂါ ပျောက်ကင်းလောက်အောင် ကုသဖို့ မတက်နိုင်လို့ ဆေးရုံက ဆင်းခဲ့ရသည်..။
ဖေဖေ့ ခြေထောက် ပြန်မကောင်းလာတော့ပါ...။
ဒေါ်မိုးကတော့ မိသားစု စား၀တ်နေရေး အတွက် နေ့ပိုင်းဆို အကြော်ရောင်းလိုက် ညနေဆို လက်ဖက်ရည်ဆိုင်မှာ ကူရသည်..။
လတ် ဆယ်တန်း မအောင်တော့ ဒုတိယအကြိမ် အခွင့်အရေးမရတော့ပဲ ကျောင်းထွက်ခါ ဒေါ်မိုး အကြော်ရောင်းခြင်းကို ကိုယ်စားလှယ် ယူလိုက်ရသည်..။
ဖေဖေ ကတော့ စိတ်ကော လူကော ချုံးချုံးကျခါ  ဝါဆိုမိုးကျချိန် လောကမှ ထွက်ခွါသွားတော့သည်..။
မောင်လေးက ၈တန်း အရွယ် လတ်က ဆယ့်ခြောက်နှစ်သမီး မို့ ခဏတဖြုတ်သာ ခံစားလိုက်ရပြီး ဒေါ်မိုး နဲ့ မောင်နှမ နှစ်ယောက် ဘဝလေး ပြန်လည်စိုပြည်လာပြန်သည်..။
ဒေါ်မိုးက မုန့်ဟင်းခါး ဆိုင်ဖွင့်တော့ လတ်ကို ကျောင်းပြန်ထားဖို့ ကြိုးစားပေမဲ့ လက်မခံခဲ့ပါဘူး..
တည်မြဲတဲ့ အလုပ်တစ်ခုရှာရင်း ဖိနပ်ဒိုင်မှာ အလုပ်စ၀င်ခဲ့သည်..။
အခုတော့ သုံးနှစ်ကြာပြီမို့ အရောင်း၀န်ထမ်းဘ၀ကို ကူးပြောင်းသွားရတော့သည်..။
ဒေါ်မိုးနဲ့ လတ်တို့ အတွက် ဒုက္ခပေးဖို့  အိမ်ပေါ်ရောက်လာသူက ဦး၀င်းနိုင်...
ဒီလူက အရက်သမားကြီး...အလုပ်မရှိ အကိုင်မရှိ..ဒါကိုများ ဒေါ်မိုးဘာလို့ ယူလိုက်သလည်း စဉ်းစားလို့ကို မရပါ...။
“ဟဲ့...ချစ်တာကိုး..နင်တို့ အဖေ..ကိုဇော်လတ် ကို အမှောက် အမှားတစ်ခုနဲ့ ပတ်သက် ဆက်နွယ်ပြီး ယူလိုက်ရတာလေကွယ်..အကိုကြီးလိုပါပဲ...အခု ကို၀င်းနိုင် ကို ကျတော့ ချစ်လို့ ယူတာပါတဲ့တော်...”
“ဟား..ဟား..”
မောင်နှမ နှစ်ယောက်လှောင်ရယ်ခဲ့ကြပေမဲ့ အခုတော့ ဒုက္ခပင်လယ်ဝေနေပါပြီ...။
ဦး၀င်းနိုင် က မနက်သောက်ညသောက် နေ့ခင်း တရေးနိုးသောက်ဖို့တောင် ပုလင်းထောင်ထားတဲ့သူ...။
စကားပြောရင် တဟဲဟဲ နဲ့ လက်ပါတက်ပြီး...မကြည်ရင် မကြည်သလို ပိုးစိုးပက်စက် ဆဲဆို တက်သူ တစ်ဦး..။
ကိုယ့်ဦးလေးတစ်ယောက်လို သဘောထားပြီး လိုအပ်တာတွေ လုပ်ပေးမိပေမဲ့ ဒီလူ ကြီး အသားယူတာ များလာတော့ ဒေါ်လေးကို တိုင်မိသည်..။
“ဒေါ်လေး လူကို ကြည့်ပြောနော်...မနေ့က လတ် ကို လက်ကိုင်ပြီး တဟဲဟဲ ရယ်နေတာ ရုန်းတာကို လည်း မလွတ်ဘူး..”
“ဟင်း..ငါတော့ သေသာ သေလိုက်ချင်တော့တယ် မိလတ်ရယ်....အင်း..ယောင်္ကျားတွေကို အပြစ်ဆိုရမှာလည်း ခက်ခက်...”
“လတ် အနေအထိုင် မတက်ဘူးလို့ ပြောတာလား..ဒေါ်လေး..”
“မဟုတ်ပါဘူးလေ..ငါလည်း သူ့ အကျင့်ကို သိပါတယ်...သမီးရယ်...ဒေါ်လေးလည်း ဒင်းကို ကြောက်ရတာ သမီး သိတယ်မလား..အဲတော့ ခပ်ရှောင်ရှောင်သာနေပါ သမီးရယ်...သူ့အိမ်ပေါ်တက်နေရတာမဟုတ်လား...သူနှင်ချရင် ဒေါ်လေးတို့ ဘယ်သွားနေကြမလည်း ...သူ နည်းနည်း လန့်တာဆိုလို့ နိုင်ထူးပဲ ရှိတယ်..ဒီတော့..ဒီကိစ္စ နိုင်ထူးကို ပြောပြီး နည်းနည်း ခြောက်ထားရမယ်...သမီးကလည်း ဂရုစိုက်ပေါ့...ဒေါ်လေး အိမ်မှာ မရှိတဲ့ မနက်ပိုင်းဆိုရင် သမီးလည်း သတိထားနေ...အိုး..ပြောသာပြောတာပါဟယ်...ဒင်းက ငါ့ကို ဂရုစိုက်တာလည်း မဟုတ်ပါဘူး..မနက်က လှိုင်စိုး ကို မူးမူးနဲ့ ဖက်နမ်းဖို့လုပ်တာပဲ ဟိုကလည်း အနေအထိုင်မတက်တော့ ခံရတာပေါ့...ငါ့မှာ အားနာတာ မပြောပါနဲ့ မသာက မူးလေ ဆိုးလေပဲ....ဒီတော့ နောက်ဖေးခန်းမှာလည်း မဖြစ်ဘူး...သမီး က နိုင်ထူး အခန်းထဲကို ပြောင်းလိုက်...မောင်နှမ က ဘာမှ မဖြစ်ဘူး..သူက ကျားလိုပဲ ချောင်းတော့မှာသမီးရဲ့..ဒေါ်မိုး....စိတ်မကောင်းပါဘူး...သမီးလေးရယ်...ဘယ်လိုလုပ်ပေးရမှန်း မသိတော့ဘူးကွယ်....အင်း..တို့ ဒုက္ခတွေကလည်း မပြီးဆုံးပါလား...အစ်မရဲ့ ကျိန်စာတွေပေါ့လေ...အမလေး....အစ်မရယ်...လာကြည့်ပါအုံး..ဟီး..”
အကြောင်းတိုက်ဆိုင်တိုင်း ဒေါ်လေးက သူ့ဘ၀ အကြောင်း ယူကြုံးမရငိုကြွေးတက်သည်..။
နောက်ပိုင်းတွေမှာ ဒေါ်လေးက လည်း သိပ်ပြီး ခေါင်းငုံ့ မနေတော့ပါဘူး..။
“ဟေ့...မြူနှင်းလတ်...လာစမ်း..ငါ့လာပြီး ဇက်ကျောဆွဲပေးစမ်း..”
“ကလေး အိပ်နေပြီ...”
“ဒီလောက် အစောကြီး..ခေါ်လိုက်စမ်းဟာ...”
“အိပ်နေပါပြီဆို..”
“တောက်..အိပ်နေရင် နင်နှိပ်..လာ..မသာမ..နှိပ်စမ်း...”
“အ..မသာမ...နင်မနှိပ်တက်ဘူးလား...”
“ဖြန်း...ဘုန်း..”
ရိုက်နှက်သံတွေ ထုရိုက်သံတွေ ကြားပေမဲ့ လတ် ကို အခန်းထဲက တစ်ဖဝါးမှ မခွါဖို့ ဒေါ်လေး မှာထားလို့ အခန်းထဲမှာပဲ ငိုနေရသည်..။
ဒေါ်လေးကို သနားသလို ဟိုလူကြီးကိုလည်း သတ်ပစ်ချင်သည်..။
အိမ်တစ်လုံးသာရှိရင် ဘာကြီးဖြစ်နေနေ ဆင်းသွားပါတယ်...မောင်လေး ကျောင်းစားရိတ်နဲ့ဆို အဆောင်ငှားနေဖို့က ငွေလောက်မှာ မဟုတ်..။
အခုတော့ နေ့စဉ်အမျှ ဘ၀ပျက်မှာ တွေးကြောက်နေရသည်မဟုတ်လား..။
“ဦး၀င်းနိုင်...ခင်ဗျား..ခုရပ်စမ်း..”
“ဟင်..”
နိုင်ထူး အသံကြားလို့ လတ် ခေါင်းထောင် သွားရသည်..။
နိုင်ထူးက ဆယ်တန်းပဲ ရှိသေးပေမဲ့ အရပ်အမောင်းနဲ့ ကိုယ်ခန္ဓာက ဦး၀င်းနိုင် နှစ်ကိုယ်စာ ရှိလို့ နည်းနည်းတော့ ဖြုံသည်..။
နိုင်ထူး အော်သံကြားပြီး ခဏကြာတော့ တောက်ခတ်သံ တံခါးဖွင့်သံကြားရသည်..။
ဟူး..တော်ပါသေးရဲ့...ထွက်သွားပြီ...။
“ဗုန်း...”
နိုင်ထူးက လွယ်အိတ်ကို ကြမ်းပြင်ပေါ် ဘုန်းခနဲ့ ပစ်ချပြီး မျက်နှာ နီနီ နဲ့ နံရံကို ကျောမှီထိုင်လိုက်သည်..။
“မလတ်..”
“ဟင်..”
“ဒီလူကြီး ဘာအချိုးလည်း ငါ သိတယ်...ငါတို့ ထွက်သွားမယ်ဟာ...”
“ငါတို့ထွက်သွားပြီး ဘယ်မှာနေကြမလည်း.”
“အင်း...မလတ်က ယောင်္ကျားလေး ဆိုရင် ကောင်းမှာပဲ ပလက်ဖောင်းမှာအိပ်ရလည်း ပြသာနာ မရှိဘူး...ကျစ်...စိတ်ဆင်းရဲလိုက်တာ..ဟာ...”
ခေါင်းကို တပျင်းပျင်းကုတ်ပြီး မျက်နှာကြီး တစ်ခုလုံး ရှုံ့မဲ့နေတဲ့ မောင် ဖြစ်သူကို ကြည့်ခါ လတ် သက်ပြင်းတွေသာ အဖြေရသည်...။
အနေအစား ကြည့်ရှောင်နေပေမဲ့ အကာအကွယ် မရှိတဲ့ သမင်ပျို တစ်ကောင် သားရဲ တောထဲ ရောက်နေသလို သတိထားနေရသည်..။
“ဟဲ့...လတ်လတ်....နောက်ကျနေပါလား..”
“အေးဟာ...ငါ့မောင် ကာလနဂါးကို နှိုးနေရလို့ပါ...”
“လုပ် မြန်မြန်....အ၀တ်အစားလဲပြီးရင် ရှေ့ပိုင်းမှာနေ...”
“အင်း..”
၀န်ထမ်းတွေကို ၀တ်စုံ အိမ်မပေးလိုက်လို့ ဆိုင်ရောက်တော့မှ လဲ၀တ်ရသည်..။
တစ်နေ့ကုန် မတ်တက်ရပ်ရတော့မှာမို့ ဖိနပ်အပါး ပြောင်းစီးခါ အ၀တ်လဲဖို့ ပြင်ရသည်..။
ညနေ နိုင်ထူး ကျူရှင် ဆင်းမှဆိုရင် ဘယ်အချိန်ထိ ဒီမှာစောင့်နေရမှာလည်း...။
တော်ပါသေးရဲ့...အလုပ်ရှင်က မိသားစု စိတ်ဓာတ်ရှိပေလို့...။
ဆိုင်ပိတ်ပြီးလို့ မပြန်ရသေးရင် ဖိနပ် တွေ ပါကင် ၀င်လုပ်ပေးလို့ ရသည်..။
ကိုယ်လုပ်နိုင်သလောက် လုပ်ပြီး အပို ပိုက်ဆံလည်း ရသေးသည် မဟုတ်လား...။
ညနေ နိုင်ထူး မလာခင် အချိန်အထိတော့ ဒီလိုပဲ နေရမှာပါပဲ...။
.
“ဟေ့ကောင် နိုင်ထူး..”
“ပြော..”
“ဒီနေ့ ကျောင်းသားသစ်လာမယ်တဲ့...မင်းဘေးမှာ ထိုင်ရင်တော့ မဟန်ဘူးနော်..”
“ဘာဖြစ်လို့လည်း..”
နိုင်ထူး လက်ထဲက စကားပြေ စာအုပ်ကို ဘေးမှာ ချလိုက်ပြီး စာရေးခုံမှာ လက်ထောက်ခါ တက်ထိုင်လိုက်သည်..။
ကျော်စိုး ကတော့ မျက်လုံးကျဉ်းကျဉ်းကို ပိတ်သွားလောက်အောင်မှေးပြီး ငမြွေတိုး မျက်ခွက်ဖြင့်ပြုံးနေသည်..။
“မင်းသောက်ခွက်က ဘာဖြစ်နေတာလည်း..”
“ငင့်...မင်းကလည်းကွာ နည်းနည်း ပါးပါးတောင် အိုက်တင် ခံလို့မရဘူး..”
“မိန်းကလေးတွေရှေ့ကျမှ ခံပေါ့ ငါတော့ ရွံတယ်..”
“မသာ..”
“ကဲကဲ..ပြောမယ်...အခုလာမဲ့ ကျောင်းသားက သေချာတာတော့ လူမဟုတ်ဘူး..”
“နတ်က ကျောင်းတက်မယ်ပေါ့..”
“ဖော့စ်..”
“ထရု အော် ဖော့စ် ရွေးခိုင်းနေတာလားကွာ...”
“ဟာကွာ မဟုတ်ပါဘူး..ဒီကောင်က ဗဟန်းကျောင်း ကနေ ပြောင်းလာမှာ စာသင်နှစ်၀က်ကြီး ပြောင်းလာတာ ဘာဖြစ်လို့ ထင်လည်း..”
နိုင်ထူး ဘောပင်ကို လှည့်ရင်း အောက်မှာ ပြုတ်ကျနေတဲ့ ခဲဖျက်ကို ကောက်ခါ ခုံပေါ် တင်ပေးလိုက်ရသည်..။
“အိမ်ပြောင်းလို့နေမှာပေါ့..”
“မဟုတ်ဘူးကွ...နေတာက သု၀ဏ္ဏ ပန်းခြံနားမှာတက်ရတော့ ဗဟန်း..အခု ဒီကို ထပ်ပြောင်းရတာနဲ့ဆို ကျောင်းကိုးကျောင်းတောင် ရှိပြီကွ...”
“ရန်ဖြစ်လို့လား..”
“ဒါပဲပေါ့..”
“ဆရာမတွေကလည်း လက်ခံတာပဲလား..”
နိုင်ထူး နှာခေါင်းထဲ လက်နှိက် မွေရင်း ပြောလိုက်တော့ အသံက တစ်မျိုး ပြောင်းသွားသည်..။
ကျော်စိုးက မျက်နှာကြီး ရှုံ့မဲ့ လျက် အကြည့်လွဲသွားတော့ ဟက်ကနဲ့ ရယ်မိသည်..။
“ဒီကောင် ဘဂရောင်း ကောင်းပုံရတယ်...သူ့အစ်မက ဘာကားလည်းကွာ မျက်လုံးအများကြီးကားလေ..”
“တော်လိုက်တော့....လိုရင်းပဲ ပြောစမ်း သူအစ်မကချောလား..”
“ချောတယ်...ဟာ..မချောဘူး..”
ကျော်စိုး စကားကြောင့် နိုင်ထူး မျက်မှောင်ကြုတ်လိုက်တော့ ရယ်ပြပြန်သည်..။
“ဘာလည်းကွ..”
“မိန်းကလေး ပုံစံဆိုရင်တော့ ချောမှာပေါ့ကွာ အခုက နားမှာ အပေါက်တွေချည်းပဲ ဆရာမ နဲ့စကားပြောပြီးလို့ အပြင်ရောက်တာနဲ့ ဆေးလိပ်ထုတ်တော့တာပဲ...ဖိုက်တာကြီး ကျနေတာပဲ..”
“ဒါဆို သူ့မောင်လည်း ဖိုက်တာပေါ့..”
“ဒါပေါ့...မင်းက လူကောင်ကြီးနေတာ သူ့လို ကျောင်းပြောင်းရလောက်တဲ့ အထိ မဖိုက်ရဲဘူးမလား..မင်းတော့ ရာထူးကျပြီ နိုင်ထူး..”
စကားပြောနေရင်း ကျောင်းခေါ်သံ ကြားရတော့ ကျောင်းခန်း ပြင် ထွက်ဖို့ ပြင်ရတော့သည်..။
နိုင်ထူးလည်း ခုံပေါ်က ခုန်ဆင်းပြီး ပုဆိုးပြင်၀တ်ခါ ဆံပင်ထောင်ထားတာတွေကို သေချာဖိကပ်ရသည်..။
အတန်းမှူးဆရာကြီးက သူစိတ်တိုင်းမကျတဲ့ ဆံပင်ဆိုရင်  ကတ်ကြေးနဲ့ ထိုးညှပ်တက်သည်..။
“ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံတော်အား အလေးပြု...”(ဘာထိုင်ဖတ်နေတာလည်း အလေးပြုဖို့ ထလေ...ဟီး.ဟီး..)
အခန်းထဲ ပြန်ရောက်ပြီး ခဏကြာတော့ အတန်းပိုင် ဆရာမက စာအုပ်နဲ့ တုတ်တစ်ချောင်း ကိုင်ပြီး ၀င်လာသည်..။
တုတ်မကိုင်လို့လည်းမရ ....နိုင်ထူးတို့ အခန်းက နောက်ဆုံးအခန်း အဆိုးဆုံး အခန်းလေ...
ဒီလောက် အတန်းကြီးနေလည်း နေပူလှန်းခံရရင် ဒီအခန်းပဲ...ကျောင်းအုပ်ကြီး ၀င်သမ လည်း ဒီအခန်းပဲ..။
“အဟမ်း...ကျောင်းသားသစ် ၀င်လာပါ..”
အားလုံးရဲ့ အကြည့်တွေက စာသင်ခန်းအ၀က တံခါးဆီကို သာ ရောက်နေသည်..။
နိုင်ထူးကတော့ ထိုင်ခုံမှာ ကိုယ်ခပ်စောင်းစောင်း လုပ်ပြီး မသိမသာ အကဲခတ်နေလိုက်သည်..။
ဆံပင် နီညိုရောင်တွေအစ နားကပ်အဆုံး ဘာတစ်ခုမှ ကို အချိုးမပြေတဲ့ ဒီကောင်က မျက်ခွက်ကျတော့ ဖြူစုပ်စုပ်ဖြင့် လူမိုက်ပုံ မပေါက်...။
မျက်လုံးကလည်း ရော့ခ်စတား တစ်ယောက်လို ဆွဲထားတာ အမဲထင်းထင်း ဖြစ်နေသည်..။
ဆရာမက သူ့ကို ကျတော့ သူဌေးမို့လို့ ဒီလို ခွင့်ပေးတာလား..။
နိုင်ထူး ဘောပင်လှည့်ရင်း မျက်မှောင်ကြုတ်ပြီး ကြည့်နေချိန် သူက ကျောက်သင်ပုန်း ရှေ့မှာ လက်နောက်ပစ်ရပ်သည်..။
“သူ နာမည် က” ”သတိုးမင်းနောင်..”
“ဟမ်..”
“သတိုးမင်းနောင်နောင် ..ဟား..ဟား..”
“ဟဲ့...နိုင်ထူး..”
ဆရာမက တစ်ချက်ဟန့်လိုက်တော့ နိုင်ထူး ခြေထောက်ပြင်ထိုင်လိုက်ခါ…
“တီချယ်ကလည်း ကျွန်တော်ကြားတာ ပြောတာလေ...”
“သတိုးမင်းလင်ပါ သူငယ်ချင်း..”
နိုင်ထူးကို ပြုံးပြီး ဖဲ့လိုက်တော့ မျက်ခုံးနှစ်ခု ဆိုင်သွားလောက်အောင် မျက်မှောင်ကြုတ်လိုက်မိသည်..။
“သြော်....ဆံပင်ဆေးမဆိုးရဘူးနော် သား..”
“ကျွန်တော့် ဆံပင်က ခဏခဏ ပြောင်းရင် မရလို့...တစ်ပတ်လောက် ခွင့်ပြုပါဆရာမ..”
“သြော်..အေး..”
“တီချယ်မရဘူး...ဒီကောင်ရရင် ကျွန်တော်တို့လည်း ရသင့်တယ်...ကျွန်တော့် တို့လည်း တစ်ပတ်လာက် ဆိုးခွင့်ရရမယ်..”
ဆရာမ က ဘာပြောရမှန်းမသိလို့ ပါးစပ် တပြင်ပြင် ဖြစ်နေပေမဲ့ ဟိုခွေးသားကတော့ ပခုံးချိတ်ထားတဲ့ ကျောပိုးအိတ်ကို လျောဖြုတ်ပြီး ရိပ်စက်ကို ထုတ်သည်.။
“ဟင်..”
“ဟာ..”
ခေါင်းပေါ် လက်တင်ပြီး ဆံပင်တွေကို ထိုးရိပ်တော့ ဆရာမကော တစ်ခန်းလုံးကော မျက်လုံးပြူးနေရသည်.။
ကွက်တိကွက်ကြား ဆံပင်တွေနဲ့ ကြည့်ရဆိုးနေတဲ့ ကောင်က သူ့ဆံပင်တွေကို ကောက်ပြီး အမှိုက်ဘုံးထဲ သွားထည့်သေးသည်..။
ခပ်ဆိုက်ဆိုက် တစ်ချက်လှမ်းကြည့်တော့ နိုင်ထူး မျက်နှာ လွဲပစ်လိုက်သည်..။
သူ ရှေ့ဆုံးအစွန်က ခုံလွတ်မှာ ၀င်ထိုင်တော့မှ ဆရာမက စာသင်ဖို့ ပြင်ဆင်နိုင်တော့သည်..။
မုန့်စားကျောင်းဆင်းပြီး ပြန်တက်တော့ မနေနိုင်ပြန်ဘူး..။
ကျောင်းသားသစ်ကို ကိုယ်ဘာကောင်လည်း သိအောင် ပြချင်နေတာ ဆိုတော့ နိုင်ထူး ပြင်ရဆင်ရတော့သည်.။
“ဟေ့ကောင်..မင်းထွက်စမ်း...”
ဆရာ လက်ညိုးထိုးပြီး ခေါ်လိုက်တော့ ကိုယ့် အကြောင်း ကိုယ်သိသူလို နောက်ဆုံးခုံက ထပြီး တံခါးပေါက်က ထွက်ခါ အရှေ့တံခါးပေါက်က ပြန်၀င်ရသည်..။
“မင်းမျက်နှာက ဘာတွေလည်း..”
“ရော့ခ်စတိုင် လုပ်ထားတာပါ...”
“ဘာကွ...သွားအခု ပြန်ဖျက်...”
“ပိုက်ဆံချမ်းသာလို့ အခွင့်အရေးရနေတာတော့ မကောင်းပါဘူး ဆရာကြီး..”
“ဘယ်လို..”
ဆရာကြီးက မျက်လုံးပြူးကြီးနဲ့ ကြည့်နေတော့ နိုင်ထူး အကြည့်တွေကို နေရာ ရွေ့လိုက်သည်..။
“ဟာ..ဟိုကောင်..ထွက်စမ်း..”
ခုံကို တွန်းပြီး ထွက်လာပုံက အေးအေးဆေးဆေး ဆိုတော့ နိုင်ထူး ပိုဒေါသထွက်ရသည်..။
ဒီကောင်က ဘောင်မ၀င်ဘူးဆိုတဲ့ ပုံစံ လုပ်ပြနေတော့ ပညာပြစရာကို ရှာကြံတွေးနေရသည်..။
“မင်း မျက်နှာက ဘာလည်း..”
‘မျက်နှာ က မျက်နှာပါ ဆရာ..”
‘မဟုတ်ဘူး..မျက်လုံးကို ပြောတာ..”
“သြော်...ဟုတ်ကဲ့..ကျွန်တော့် မျက်တောင်တွေက ထူလို့ ထင်းနေတာပါ  ဘာမှ ဆွဲစရာမလိုပါဘူး..မွေးရာပါ ရော့ခ်စတား ရုပ်ပါ..”
ပြောလိုက်တာက စိန်ခေါ်သလိုလိ်ု.... စူးရှတဲ့အကြည့်တွေနောက်မှာ ရယ်သံပါနေသေးသည်..။
“ရှေ့တိုးစမ်း..”
ဆရာကြီး အနားတိုးပြီး  နိုင်ထူးပါ သေချာ ကြည့်မိတာ တကယ့် မျက်တောင် အစစ်တွေ...
မျက်တောင်ရှည်တာ မဟုတ်ပဲ ဒီလောက်ထင်းနေအောင် ထူပိန်းနေတာ အစစ်တွေမှ ဟုတ်ရဲ့လားလို့ တွေးမိသေးသည်..။
“ကဲ ပြန်...ဟေ့ကောင်..မင်းလည်း ဖျက်..”
‘ဟုတ်...”
အောင့်သပ်သပ်ဖြင့်  နေရာကိုပြန်ပြီး ခုံဆွဲထိုင်လိုက်ရသည်..။
ကျော်စိုးက စနိုးတာဝါ လှမ်းပေးလို့ ရေစွပ်ပြီး ဖျက်နေတာ တော်တော်နဲ့ မပျက်..။
ကျစ်....။
“ကျောင်းဆင်းရင်  .... သတိုးမင်းနောင် က.... မိတ်ဆက်ပွဲ တစ်ခု လုပ်ချင်လို့တဲ့..အဲဒါ အားလုံး မပြန်လို့ ဖြစ်တယ်မလား..”
အတန်းခေါင်းဆောင်က မျက်လုံးမပွင့်ပဲ ညောင်နာနာ အသံနဲ့ ပြောပြီး ခေါင်းမှောက်ခါ ပြန်အိပ်နေသည်..။
ဟိုကောင်ကတော့ ပခုံးတွန့် ပြီး ရှေ့ပြန်လှည့်ခါ စာအုပ်တွေ နဲ့ အလုပ်ရှုပ်ပြသည်..။
အခန်းထဲမှာ အခုထိ နိုင်ထူး ဆိုတာ ထူးပဲ နေရမှာ အခုတော့ ဒီကောင်ကိုပဲ အားလုံးက စိတ်၀င်တစား ဖြစ်နေတာ နည်းနည်းမှ မကျေနပ်နိုင်သေး..။
“ဟာ..ဒံပေါက်လား... ဒံပေါက်ဟ...”
“ဆွဲရပြီ..ဟေးဟေး..”
“အချိုရည် အကဒ်တွေလည်း ပါလာတား...ဟုတ်ပြီ..”
“အဲဒါ သူ့အစ်မလေ...ေ-ာက်ရမ်း ဂေါ်တယ်နော်...ကြက်သီးတောင်ထတယ်..”
“အ..မော့ကြည့်နေတယ်ဟ...”
ပြတင်းပေါက်က ခေါင်းတွေကို အခန်းထဲ ပြန်သွင်းပြီး ပြောမဆုံးနိုင်သေး..။
ဘယ်မှာ ဘာပွဲ လုပ်မှာလည်း စိတ်၀င်တစား ဖြစ်နေကြသည်..။
မိန်းကလေးတွေ အကုန်လုံးကတော့ အိမ်ကိုမပြောရသေးလို့ ပြန်ကြသည်..။
အခန်းထဲမှာ အိမ်မနိုင် ဆရာ မနိုင် ခပ်ပေပေ အယောက်  နှစ်ဆယ်လောက်သာ ကျန်ခဲ့သည်..။
“စားပွဲတွေကို စုလိုက်မယ်နော် မောင်လေး..”
“ဟဲ..ဟဲ...ဟုတ်ကဲ့မမ..”
အတန်းခေါင်းဆောင် ငမှိန်းက အခုကျတော့ ပြူးလိုက်တဲ့ မျက်လုံး အပြင်တောင် ထွက်တော့မဲ့ အတိုင်း..။
နိုင်ထူး ခုံနောက်မှီကို လက်တင်ပြီး တစ်စောင်းထိုင်နေလိုက်သည်..။
“ကြာဇံချက်လည်း ပါတယ်...ပူပူလေး..”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မမ..”
စာရေးစားပွဲ ခုံတွေကို စီလိုက်ပြီး ထိုင်ခုံတွေ ပြန်ချလိုက်တော့ စားပွဲရှည်ကြီး လို ဖြစ်သွားသည်.။
အစားအသောက်ဘူးတွေ အအေး ပုလင်းတွေ စီနေတာ တွေ့တော့ ကိုယ်တိုင်လည်း ၀င်ဆွဲချင်လာပြန်ပြီ..။
ဟူး..မနက်က ဘဲဥကြော်နဲ့ ထမင်းမကုန်ဘူး..ဒံပေါက် မစားရတာ ဘယ်လောက်ကြာပြီလည်း..။
“နိုင်ထူး..လာလေ...”
ဟို ကျော်စိုး ခွေးကောင်က လှမ်းခေါ်တော့ နိုင်ထူး ထိုင်နေရာက ထပြီး စားစရာတင်ထားတဲ့ ခုံမှာ ၀င်ထိုင်လိုက်ရသည်..။
ရှေ့မှာ လှမ်းချပေးတဲ့ ဒံပေါက် ပန်းကန်နဲ့ ဇွန်းခရင်းကို ကြည့်ပြီး ပါးစပ်ထဲမှာ ချဉ်စုပ်စုပ်တောင် ဖြစ်လာသည်..။
“ငါ့ မောင်လေးက နည်းနည်းတော့ လိမ်မာတယ်...အဲဒါကြောင့် ပေါင်းသင်းဆက်ဆံရေး တော်နေရင် ခွင့်လွှတ်ပါလို့ ကြိုတောင်းပန်ချင်လို့ပါ..”
‘ဟား..ဟား..”
“စားကြပါ..”
အားလုံးက အိနြေ္ဒရရ ဇွန်း ကိုင်ပေမဲ့ နိုင်ထူးကတော့ အသံထွက်အောင် ခပ်ခါ ပန်းကန်ကို ဆွဲလိုက်သည်..။
“ဒီမှာပဲ စားမယ်..”
နိုင်ထူးနဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်တဲ့ သူဌေးသားကို မျက်လုံးပင့်ကြည့်လိုက်သည်..။
ကတုံးပြောင်ပြောင်နဲ့ ခပ်ပြုံးပြုံး စားသောက်နေတာ ကို တစ်ချက်ကြည့်ပြီး ရှေ့က ပန်းကန်ကို ပြန်ငုံ့ စားလိုက်သည်..။
“ ထည့်စားလေ..ဒီဘက်မှာလည်း ရှိတယ်..”
‘ဟုတ်ကဲ့..”
သူ့ အစ်မ ဆိုသူကိုတော့ ချိုချိုသာသာ ပြန်ပြောပြီး အပိုအစစ် ပြုံးပြလိုက်မိသေးသည်..။
“နင့်မှာ မောင်နှမ ရှိလား..”
‘အဲ...ဟာ..မေ့နေတာ...ကျွန်တော် ကျူရှင် ရှိတယ်... သွားလိုက်ဦးမယ်နော်....”
မလတ်ကို သတိရပြီး စားလက်စ ဇွန်းကို ပစ်ချခါ လွယ်အိတ်ဆွဲပြီး လှေကားတွေကို ပြေးဆင်းလာရသည်..။
ကျစ်...ကျူရှင်ဆင်းတာ နောက်ကျရင်တော့ သေပြီပဲ..။
အလုပ်ဆင်းတာက ညနေ ငါးနာရီ နိုင်ထူး ကျူရှင်ဆင်းတာက ရှစ်နာရီမှဆိုတော့ မလတ် အချိန်အကြာကြီး အလုပ်ရှင်အိမ်မှာနေရတာလည်း မကြိုက်...
ဒါပေမဲ့ အိမ်က ဟိုသတ္တဝါထက်စာရင် လုံခြုံတယ် ထင်လို့ အခုလို အစီအစဉ်ဆွဲထားရသည်..။
မဟုတ်လို့ကတော့...
နိုင်ထူး စိတ်ထဲက စက်ဆုပ်မှု အတိုင်း မျက်နှာရှုံ့ခါ လမ်းဘေးကို တံတွေးထွေးပစ်လိုက်သည်..။
“မလတ်..ဘာလုပ်နေတာလည်း..”
‘ငါ ခြေထောက်ညောင်း လို့ ခဏ နှိပ်ခိုင်းထားတာ..”
မလတ်က မျက်ရည်ဝေ့နေတဲ့ မျက်၀န်းနဲ့ မော့ကြည့်လာတော့ နိုင်ထူး ဒေါသ ငယ်ထိပ်တက်လာသည်..။
“တောက်...အခုထစမ်း...ခင်ဗျား မိန်းမကို ခင်ဗျားခိုင်း..ကျူပ်အစ်မကို ခိုင်းစရာမလိုဘူး..”
“ဘာကြ...”
မလတ် လက်မောင်းကို ဆွဲထူလိုက်ပြီး နောက်ကို တွန်းပို့လိုက်တော့ ရှေ့က သတ္တဝါကလည်း မတ်တက်ရပ်လာသည်..။
မကြောက်ပါဘူး..သူသတ်ကိုယ်သတ်ဖို့ ဆုံးဖြတ်ပြီးသား..။
“မင်း...မိုက်ရိုင်းလှချည်လား..”
‘ဟား..ဟား..သူခိုးကများ လူပြန်ဟစ်နေတာ….ရိုင်းတယ်…ရိုင်းတယ်ဆိုတာ ဘယ်လိုလည်း အတိအကျသိချင်လား…”
နိုင်ထူး ရှေ့ကို တစ်လှမ်းတိုးတော့ နောက်ကို ဆုတ်သွားပြီး မျက်မှောင်ကြုတ်ခါ ဆိုက်ကြည့်နေသည်..။
“တစ်သက်လုံး မှတ်ထား..ကျူပ်ရှိနေသရွေ့ ကျူပ်အစ်မ အတွက် လူသတ်ဖို့လည်း ၀န်မလေးဘူးနော်...နောက်တစ်ခါ ခိုင်းတာ တွေ့ကြည့်...တစ်ကိုယ်လုံး ကျိုးအောင် လုပ်ပြမယ်...”
‘တောက်.....ငါ့အိမ်တက်နေပြီး ငါ့ကို စော်ကားနေတာ..လုပ်ရရင်သေတော့မယ်..”
“ကျူပ်တို့ အိမ်ကို ရောင်းပြီး ငွေတွေ သိမ်းလိုက်တာ ဘယ်သူလည်း ...ကိုယ့်အကြောင်းကိုယ်သိပြီး အေးဆေးနေလိုက်...”
ပခုံးချင်းတိုက်ပြီး မလတ်ကို အခန်းထဲ ဆွဲခေါ်လာတော့ နောက်မှာ တောက်ခတ် ကျန်ခဲ့သည်..။
“ဘယ်လိုဖြစ်တာလည်းဟာ..”
‘ငါ့အခန်းတံခါးကို တဒုန်းဒုန်းထုနေလို့ ထွက်လာတာ..နှိပ်ခိုင်းတယ်...ဒေါ်လေးကလည်း စျေးမသိမ်းသေးဘူး...ငါကြောက်လိုက်တာဟာ..နင်ပြန်လာလို့တော်သေးတယ်..”
“ကြာပြီလား..”
နိုင်ထူး ကျူရှင် လွယ်အိတ်ကို ဖြုတ်ချရင်း မေးလိုက်တော့ မလတ်က ခေါင်းရမ်းရင်း..
“ဆယ့်မိနစ်လောက်ပဲ ရှိသေးတယ်..”
“ကျစ်...နောက်နေ့...ငါ လာခေါ်မှ ပြန်..”
“နောက်ကျရင်..”
‘မကျဘူး..ငါ ရှစ်နာရီ အပြီး စာလုပ်မယ်...ပြီးရင် ၀င်ခေါ်မယ်...အဲဒီ့ အချိန်ထိ အိမ်ပြန်မလာနဲ့ အလုပ်မှာပဲနေ...မလတ်ပြောရင် အလုပ်ရှင်က ရတယ်မလား.’
‘အင်း..မမငုဝါကို ပြောလို့ရပါတယ်..”
“အဲလိုပဲ လုပ်ရမှာပဲ..ဒီလူ ကို မယုံရဘူး.”
“အေးဟာ...စိတ်ဆင်းရဲတယ်...လူကြားလို့မှ မကောင်း..ငါတို့ဘဝတွေ ကလည်း..အဟင့်...ဟီး..”
မလတ်လည်း ငိုရသလို နိုင်ထူးလည်း စိတ်ညစ်ရသည့်ဘ၀ကို တဖြည်းဖြည်း မုန်းလာပါပြီ..။
ထွက်သွားဖို့ နေရာသာ ရှိရင် ဘယ်လောက်ကောင်းမလည်း..။
မနေ့ တစ်နေ့က အတိတ်ပုံရိပ်တွေကို မြင်ယောင် မိတော့ ဒံပေါက်စားချင်စိတ်ကို အပြစ်တင်ရင်း
ခြေလှမ်းတွေကို ဖိနင်းပြီး ကျူရှင်ဆီ မြန်မြန် ရောက်အောင် ခပ်ကြဲကြဲ လှမ်းမိသည်..။

*✭˚・゚✧*・゚*✭˚・゚✧*

မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

😢Group က စာဖတ်သူလေးတွေ ဖတ်လို့ရအောင်
share ပေမဲ့ မရောက်ဘူးဖြစ်နေတယ်
So So Sorry  😢

စွဲနေပြီWhere stories live. Discover now