Part 13

5.7K 312 2
                                    

စွဲနေပြီ
အပိုင်း (၁၃)
#စွဲနေပြီ

“ငါလည်း ရှာတာပဲ..မိလတ်ရယ်…”
“ငါတို့ တော်တော် ကြပ်နေပြီ…”
“ဟင်း…နင့်ယောင်္ကျားက အလုပ်ရှာရမှာကို နင်ကချည်း အလုပ် ရှာနေတာ မဟုတ်သေးပါဘူး..”
“သူ့ကို ခိုင်းလို့မရဘူး..လုပ်တက်တာလည်း ဘာမှ မရှိဘူးဟယ်…ခိုင်းလည်း မခိုင်းချင်ဘူး..”
“နင့်စိတ်ကလည်း တစ်မျိုးပဲ..”
“အေးလေ…”
နင်ဒါလုပ် နင့်မှာ တာ၀န်ရှိပါတယ် လို့ ဘယ်လို ပြောမလည်း..။
သူက ကိုယ်နဲ့ ဘာမှ မသက်ဆိုင်တဲ့ သူစိမ်းတစ်ယောက်..နောက်ပြီး ကိုယ့်ကို ကူညီနေတဲ့ ကျေးဇူးရှင်လို သဘောထားရမဲ့သူမို့လို့ လတ်ကသာ စားဖို့သောက်ဖို့ နေဖို့ ထိုင်ဖို့ တာ၀န်ယူပေးချင်သည်..။
သူဌေးသားဆိုပြီး ပိုက်ဆံမရှိဘူးလားဆိုတဲ့ အပြုသဘောဆောင်တဲ့ မေးခွန်းမျိုးတောင် နှုတ်က စကားရိပ်မသန်းမိအောင် ဂရုစိုက်မိသည်..။
လတ် စိတ်ထဲမှာ သူ့ကို နိုင်ထူး သူငယ်ချင်း မောင်လေး တစ်ယောက် အဖြစ် သာ ပတ်သက်ချင်ပါသည်..။
“သြော်…လာ..ကိုကျော်…ဘာယူမလည်း..”ဇာဇာ က စကားပြောနေရင်း စျေး၀ယ်သူလာတော့ ထသွားခါ မေးလိုက်သည်..။
“ဖုန်းကဒ်ဗျာ..ကုန်သွားလို့…အမ်ပီတီ နဲ့ အော် တစ်ကဒ်ဆီပေး..”
“ဟုတ်ကဲ့…”
ဇာဇာက ပိုက်ဆံကို အံဆွဲထဲ ထည့်ရင်း လတ်ကို ကြည့်ခါ မျက်လုံးပြူးပြသည်..။
“သြော်..ကိုကျော်..ကိုကျော်..ခဏ..”
“ဟင်..”
“ကိုကျော့် ထမင်းဆိုင်မှာ လူမလိုဘူးလားဟင်…ကျွန်မသူငယ်ချင်း အလုပ်လုပ်ချင်လို့ပါ..”
ဆိုင်အ၀အနားရောက်ပြီးမှ ပြန်လှည့်၀င်လာခါ ထိုင်နေတဲ့ လတ်ကိုလည်း တစ်ချက်ကြည့်သည်.။
“ဟို…ထမင်းဆိုင်ဆိုတော့…ပင်ပန်းတယ်..ပြီးတော့..သွက်သွက်လတ်လတ် မှ အဆင်ပြေတာဆိုတော့..”
လတ်ကိုကြည့်ပြီး ၀တယ်ထင်လို့ ပြောလိုက်တာ သိတော့ ဘာပြန်ပြောရမှန်းမသိ..။
လူတွေကလည်း ဘာဖြစ်လို့ ၀တယ်ပဲ မြင်နေတာလည်း မသိ..။
အရပ်က ငါးပေ မပြည့်တပြည်ပေမဲ့ ပေါင်က ၁၄၀ ကျော်နေတော့ ၀တာထက်တောင် ပိုနေပြီ ထင်ပါရဲ့..။
“ရပါတယ်..ကိုကျော်ရဲ့..လတ်က အရင်တုန်းက အိမ်ဆိုင်တောင် ဖွင့်ထားသူပါ..”
“ဟုတ်ပါတယ်…ကျွန်မ အလုပ်မခိုတက်ပါဘူး..အိမ်မှာလည်း မုန့်ဟင်းခါးရောင်းဖူးပါတယ်..”
“အင်း…ချက်တဲ့ပြုတ်တဲ့သူက ရှိပြီသားပါ..မီးဖိုချောင် အကူသဘောမျိုးလိုတာပါ… ပင်ပန်းမယ်နော်..”
“ဟုတ်ကဲ့..ရပါတယ်…”
“မဇာက အတင်းတောင်းဆိုနေတော့ မျက်နှာပူရတယ်ဗျာ…အလုပ်က မနက်ခြောက်နာရီ အရောက်လာပြီး ညခုနှစ်နာရီလောက် မှ ပြန်ရလိမ့်မယ်..ပိတ်ရက်လည်း မရှိဘူး..”
“ဟုတ်ကဲ့..”
“အဟွင်း..ပြောရတာတောင် အားနာလာပြီ…ဟုတ်ပြီလေ…အားတဲ့အချိန် ဆိုင်ကိုလာခဲ့ပေါ့..ကိုယ့်ဆိုင် မဇာသိပါတယ်..”
“ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်…”
ဆိုင်ရှေ့မှ ကားအဖြူရောင်လေး ထွက်သွားတော့ ဇာဇာ လက်ကို အပျော်လွန်ပြီး ဆုပ်ကိုင်မိသည်..။
“ကျေးဇူးတင်လိုက်တာ ဇာဇာရယ်..”
“အေး..တိုက်ဆိုင်တာသိလား..အခုတောင် နင့်ကို တွေ့လိုက်လို့ သတိရတာ…သူ့ဆိုင်အတွက် တစ်ယောက် ခေါ်ပေးဖူးတယ်လေ…နင့်ကိုသာ မတွေ့ရင် ငါမေ့ဦးမှာသလား..”
“တော်တော်…အားကိုးရတယ်..”
“အေးပါဟာ…ငါ့အလုပ်က များတာကိုး…ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားရဦးမယ်…ကိုကျော်က အရမ်းစည်းကမ်းကြီးတာနော်…အလုပ်ကိုလေးစားမှ ကြိုက်တာ..”
“အေးပါ..ငါ ကောင်းကောင်း လုပ်မှာပါ..နင့်ကို မျက်နှာ မပျက်စေရပါဘူး..”
“ဟုတ်ပြီ..ဟူး..ငါလည်း အခုမှ တာ၀န် တစ်ခုပေါ့သွားသလို ခံစားရတယ်…ငါ့အ၀တ်တွေ နင် တော်လာအောင် မကြိုးစားချင်ဘူးလား..”
“အဟွင်း…စိတ်ဆင်းရဲလေ..ပို၀လာလေ ဖြစ်နေတယ်…”
ဇာဇာ့ အ၀တ်အစားတွေ ပေးပေမဲ့ လတ် နဲ့ မတော်လို့ မ၀တ်ရပြန်ဘူး..။
အကျီ င်္ ၀တ်တိုင်း အိမ်က ပြန်သယ်လာပေးတဲ့ ကျေးဇူးရှင်ကိုသာ တိတ်တိတ်လေး ကျေးဇူးတင်နေရသည်..။
ဟင်း…အခုလည်း ခိုင်းခဲ့တာတွေ ပြီးရဲ့လား..။
အိပ်ပျော်နေပြီလား မသိပါဘူးလေ…။
ဇာဇာ့ ကို နှုတ်ဆက်ပြီး ပြန်လာခဲ့ချိန် ခြေလှမ်းတွေက ပိုသွက်လာသည်..။
ဟုတ်ပါရဲ့..အခုတော့ အလုပ်ကိစ္စ အဆင်ပြေပြီ..ဘာလိုပဲ ပင်ပန်းပါစေ..ကြိုးစားပြီး လုပ်ရမှာပဲလေ…။
ငွေဆိုတာကလည်း ရှာရတာ ခက်လိုက်တာ မပြောပါနဲ့…။
“ဟော…”
လတ် ကိုတွေ့တော့ ပြုံးပြလိုက်ပုံကိုကတည်းက အချိုးက သိပ်မပြေချင်…။
“ပြီးပလား..”
“အမ်း..ဒီမှာ..”
အိတ် နှစ်ခုကို ရှေ့တိုးပြတော့ ထင်ထားတာထက် ပိုနည်းနေသလိုလို…။
လတ် အိတ်ကို ကောက်ပြီး မြှောက်ကြည့်တော့ အခွံအိတ်က ပိုလေးနေသည်..။
လက်နှိုက်မွှေလိုက်တော့ အောက်မှာ ပဲကြီးတွေ အပြည့်..။
“မင်းနောင်..”
“မလတ်ရယ်…မနှိပ်စက်ပါနဲ့..ဇက်ကြောတွေလည်း ထိုးနေပြီ…”
“အလုပ်တစ်ခုကို ပြီးဆုံးအောင် တာ၀န် မယူနိုင်ဘူးလား..”
“ပျင်းဖို့ကောင်းတယ်..”
“အဆုံးသတ် အထိ တာ၀န်မယူရင် ယောင်္ကျားမဟုတ်ဘူးလို့ ပြောတာ ဘယ်သူလည်း..”
“ပေး..အခုလုပ်မယ်..”
လတ် လက်ထဲက အိတ်နှစ်ခုကို ပြန်ဆောင့်ဆွဲယူပြီး ဆောင့်ကြောင့်ထိုင်ခါ ပဲကြီး အခွံပြန်ထွတ်သည်..။
နေပါစေ……ဒီလောက် အပျင်းကြီးတာ…ပြီးရင် ရပ်ကွက်လည်ပြီးကို ရောင်းခိုင်းလိုက်ဦးမယ်..။
“ပြီးပြီ..”
“အင်း..”
ပဲကြီးတွေကို ဇလုံထဲ ပြန်ထည့်ပြီး နို့ဆီခွက်ပါ ထည့်ခါ ခုံ တစ်ခုံယူ၍ လမ်းပေါ် ထွက်လာ ခဲ့လိုက်သည်..။
“မလတ်..”
“ဘာလည်း..”
“ဗိုက်ဆာနေပြီ..”
“လာ..ဒီကို..”
မုန့်၀ယ်ကျွေးတော့မလားဆိုတဲ့ မျှော်လင့်ချက်ဖြင့် ပုဆိုးကို ပြင်၀တ်ခါ နောက်ကို ပြေးလိုက်သွားမိသည်..။
“ထိုင်..ဒီမှာ..”
“ဟမ်…”
“ပဲကြီး တစ်ဘူးကို နှစ်ရာ နဲ့ရောင်း..စျေးဆစ်ရင် တစ်ရာ့ငါးဆယ်အထိလျော့ပေးလို့ရတယ်..ကြားလား..”
“ဟာ..မရောင်းဘူး..မရောင်းနိုင်ဘူး…မစားတော့ဘူးတော်ပြီ..”
“ဟဲ့…”
ထပြေးဖို့ ရွယ်နေတဲ့ နောင့် လက်မောင်းကို ဆုပ်ကိုင်ပြီး ဆွဲထားတော့ ရုန်းနေရသေးသည်..။
“ငတ်မရှက်ဆိုတဲ့ စကားအတိုင်းပဲပေါ့ဟာ…သူများဆီက တောင်းတာမှ မဟုတ်တာ..စျေးရောင်းစားတာ ပိုကောင်းပါတယ်…ငါ..ဟင်းချက်ပြီးရင် လာရောင်းပေးမယ်..ခဏပဲ ရောင်းထားပေး..”
“ကျစ်..မလတ်…နောင်.. မရောင်းတက်ဘူး..”
“မခက်ပါဘူး…ဒီမှာ အိတ်…ဒီလိုယူ…ဘူးထဲထည့် ဒီလိုပေး..နှစ်ရာယူထားလိုက်.. ဟုတ်ပြီလား..”
ပဲကြီးသည် သရုပ်အတိုင်း လက်တွေ့ လုပ်ဆောင်ပြနေတော့ နောင် စိတ်ရှုပ်စွာဖြင့်…
“မရောင်းနိုင်ဘူးနော်..”
“အေးပါ..ဆိုင်ထိုင်ပေး..ခဏပဲ..”
ဆိုင်တဲ့…ခုံတစ်လုံးချပြီး ရှေ့က ဇလုံထဲက ပဲကြီးကို ထိုင်ကြည့်နေရတာ ဆိုင်ထိုင်တာတဲ့လေ..။
နို့ဆီခွက် တစ်ခွက်က လည်း ရှေ့မှာ လှောင်နေသလိုလို…။
“ဟဲ့…သူပေါ့…”
“ဟုတ်လား..အဆောင်ကလား..”
“မသိဘူး..ဒီထဲမှာနေတာလေ…”
လမ်းမှာ ဖြတ်သွားတဲ့ ကောင်မလေး သုံးယောက်ဆီက အသံကြောင့် ရှက်မိရပြန်ပြီ..။
ကျစ်…ဘယ်ဘုံဘဝရောက်နေပြီလည်း.. ဒက်ဒီမြင်ရဲ့လား..။
ရူပါက စော်ကြွေစရာ အထာကျကျ စတိုင်လ်မိုက်မိုက် မွေးရာပါ အရည်အချင်းတွေ ရှိပေမဲ့ အခုတော့ စျေးသည်ကြီးဘ၀ ခါးခါးသီးသီး ရောက်နေပြီလေ…။
ရေသိပ်မခြောက်သေးတဲ့ ဆံပင်တွေထဲ လက်ထိုးမွှေပြီး စိတ်ညစ်ငြူစွာဖြင့် ထိုင်နေမိသည်..။
“ဟယ်…နောင်နောင်..”
“ငင့်..”
“စျေးရောင်းနေတာလား..မောင်လေး..”
“အဲ..မဟုတ်…မလတ်ထိုင်ခိုင်းလို့..”
“သြော်..ပဲကြီးရေစိမ်ပဲ…အတော်ပဲ.. အတော်ပဲ..အားပျက်နေတာနဲ့ ပဲကြီးအားပေးရမယ်နော်…ကလေး ရောင်းလို့ ၀ယ်တာသိလား..”
“အဲ..ဟုတ်…မလတ်ကိုခေါ်လိုက်ဦးမယ်..”
“ခေါ်မနေပါနဲ့..နောင်နောင်ရဲ့.. တစ်ဘူးပေး..”
“ဟို..”
နောင် ခေါင်းကုတ်ပြီး ပဲကြီးတွေကောက်ခါ နို့ဆီဘူးထဲ ထည့်ပစ်လိုက်သည်..။
အိတ်တစ်အိတ်ထဲ လောင်းထည့်လိုက်တော့ မောင်နီနီက တစ်ကိုယ်လုံး တွန့်လိမ်ပြီး လက်ခုတ်တီးပြန်သည်..။
“ဘူး အမောက်ချိန် ပေးတာပဲ…နီပျော်လိုက်တာ…”
“အဲ..ဟုတ်..”
“ဘယ်လောက်လည်းဟင်..”
“ငါးရာပါ..”
“ဟယ်…ငါးရာ…”
“အင်း..အကြွေပြန်အမ်းဖို့ရှုပ်လို့ ငါးရာဖိုးထည့်ပေးလိုက်တာ..”
“သြော်..အလိုလား…အမ်း….”
စပ်စလူးစိန် ဒေါ်နီနီ တစ်ယောက် အသံတွေ တိတ်ကျသွားပြီး ပိုက်ဆံအိတ်ထဲက ငါးရာတန်လေးကို ထုတ်ခါ ကတုန်ကယင်ဖြင့် လှမ်းပေးသည်..။
“ကျေးဇူးတင်ပါတယ် ခင်ဗျာ..နောက်လည်း အားပေးဦးနော်..”
“အင်း..အင်း..နီနီက ပဲနဲ့ သိပ်မတည့်လို့ပါ..”
ဒေါ်နီနီ စက်ဘီးတွန်းပြီး အဆောင်ထဲ ၀င်သွားတော့မှ နောင် လက်ထဲက ငါးရာတန်ကို ကြည့်ပြီး တခွီးခွီး ရယ်နေမိသည်..။
မှတ်ပလား…နောက်တစ်ခါ ဖွန်ကြောင်ချင်ဦး…ဟီး..ဟိ…။
“ဘာတွေ ဒီလောက်..ရယ်နေတာလည်း..”
“အယ်..”
နောက်က ထွက်လာတဲ့ မလတ် အသံကြောင့် ငါးရာတန် ကိုင်လျက်သား လှည့်ကြည့်မိသည်..။
“ဒီမှာလေ…ရောင်းရတာ..ငါးရာ..”
“တယ်ဟုတ်ပါလား..ငါးရာဖိုးဆိုတော့ ဘယ်နှဘူးပေးလိုက်လည်း..”
“တစ္ဘူး ပိုပို..”
“ဟယ်တော့….စျေးကြီးရင် ဘယ်သူမှ လာ၀ယ်မှာ မဟုတ်ဘူးနောင်…”
“ပဲကြီးတစ်ဘူးက နှစ်ရာလေ…ဘူးခက သုံးရာ ပေါင်း ငါးရာ..”
“ဟမ်..”
လတ် လက်ထဲက ဇွန်းကို ပြင်ကိုင်ပြီး နားမလည်လို့ သူ့ရှေ့နားသွားခါ ဆောင့်ကြောင့်ထိုင်လိုက်ရသည်..။
“ဘယ်လို…”
“ဒေါ်နီနီ ၀ယ်သွားတာ…”
“သြော်..အဟွင်း…သဘောပေါက်ပြီ..”
“နောင်နောင်…နောင်နောင်…နဲ့..လူကို အချဉ်ပေါင်းရောင်းတဲ့ကောင်များ မှတ်နေလား မသိဘူး..”
“အဟွင်း…ဗိုက်ဆာနေမလား.. ခဏပဲစောင့်နော်…ဟင်းကျက်ရင် တစ်ခါတည်း ထမင်းပွဲပြင်ပေးမယ်..”
“မိန်းမတွေများ အဆံတော်တော် မက်တယ်..ငါးရာ ရှာနိုင်တော့ မျက်နှာ ချက်ချင်းပြောင်းသွားတယ်..”
“ဘာ…”
“ငါးရာ မက်တယ်..ဟလား..”
“အ..”
ဇွန်းနဲ့ ခေါင်းခေါက်ပြီး ခြေဆောင့်ခါ ထွက်လာခဲ့လိုက်သည်..။
ငါးရာပဲ မက်ရဦးမယ်…မနက်ကတည်းက မုန့်မစားရတာ သနားလို့ ဟင်းအမြန်ချက်ပေးနေတဲ့ စေတနာကို စော်ကားနေတယ်…
ဗိုက်ဆာလည်း နေပါစေ..တကယ် မကျွေးတော့ဘူး…။
“ဘာတွေလည်း..”
“စော်ကြည်…အဲ…ပဲကြီးပါ…”
ကောင်မလေး တစ်ယောက်ပြောသွားတဲ့ စကားကို တွေးနေတုန်း မိန်းမတစ်ယောက်က ရောက်လာတော့ ယောင်ပြီး စကားထွက်သွားမိသည်..။
မလတ်ကို ခေါ်ဖို့ လှည့်ကြည့်လိုက်တော့ မီးဖိုရှေ့မှာ အလုပ်များနေလို့ မခေါ်ပဲ နေလိုက်သည်..။
“ဆူးပုတ်ကော ပါလား..”
“ဗျာ….အဲ..ဆူးပုတ် မပါဘူး..သေချာရေဆေးထားပါတယ်…”
ပဲတွေထဲ ဆူးအပုတ် ဘယ်ပါမလည်း ကိုယ်တိုင်ရွေး ထားတာကိုး..။
ကိုယ့်ပဲ ကိုယ် ညွန်းဆို ပြောလိုက်ပေမဲ့ ကောင်မလေးက မယုံသလို ပြုံးစေ့စေ့ လုပ်နေတော့ ခံပြင်းရသည်..။
“တစ်ဘူး ဘယ်လောက်လည်း..”
“နှစ်ရာပါ…”
“အင်း..ဆူးပုတ်မပါပေမဲ့…၀ယ်သွားလိုက်မယ်….နှစ်ဘူးပေးပါ..”
“ဟုတ်ကဲ့..”
ပဲကို ချိန်ပြီး အိတ်ထဲ ထည့်တော့ အိတ်ကသေးလွန်းလို့ တစ်ဘူးပဲ ဆံ့သည်.။
“အယ်…ခွဲထည့်လိုက်ပါ ရတယ်..”
“ဟုတ်ကဲ့….ဒီဘက် အိတ်က များသွားတယ်..”
ကောင်မလေးက နှုတ်ခမ်းကို ဖိပိတ်ပြီး ရယ်ချင်သလို လုပ်နေတော့ ခပ်ရှက်ရှက်ဖြင့်ပင် အိတ်ကို အမြန်ချည်ပေးလိုက်ရသည်..။
“ဟို..ပြန်အမ်းဖို့ မရှိလို့…”
နှစ်ရာတန် အသစ် နှစ်ရွက် လက်ထဲရောက်လာတော့မှ ရှေ့က ကောင်မလေးကို စိတ်၀င်တစား ကြည့်မိသည်..။
ကလေးဆန်တဲ့ မျက်နှာလေး နဲ့ နှုတ်ခမ်းဖူးဖူးလေး…။
ကျောခိုင်းထွက်သွားပေမဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလေးက ယဉ်တစ်ကိုယ်မယ် အလား..မြန်မာ၀တ်စုံလေး နဲ့ လိုက်ဖက်လွန်းပါသည်..။
“မျက်လုံးတွေလည်း ကျွတ်ကုန်ဦးမယ်..”
“လာပြန်ပြီ..”
“ဘာလာပြန်ပြီလည်း…စျေး၀ယ်သူကို ဘယ်လို ရောင်းလည်း လာကြည့်တာ..”
“အားလုံး အဆင်ပြေတယ်…”
လက်ကို ခါပြီး နှင်နေတော့ လတ် မျက်စောင်းဝဲရင်း အခန်းဆီ ပြန်လာရပြန်သည်..။
ပြောတော့ မရောင်းနိုင်ဘူး မရောင်းတက်ဘူးတဲ့လေ…တကယ့်ကို အမျိုးမျိုး…။
“အင့်..ကုန်ပြီ..”
“ဟမ်..”
အ၀တ်တွေ ခေါက်နေချိန် ပလတ်စတစ် ဇလုံကို ခေါင်းစွပ်ပြီး ပြန်၀င်လာတော့ လတ် မယုံနိုင်စွာ မျက်လုံးပြူးသွားရသည်…။
ကိုးနာရီခွဲပဲ ရှိသေးတာ ရောင်းကုန်ပြီဆိုတော့ ဟုတ်ပါ့မလား…။
မြောင်းထဲ သွန်ခဲ့ပြန်ပြီထင်ပါရဲ့… ကလိမ်ကကျစ်ကောင်လေး..။
“အဲလို မကြည့်နဲ့ တကယ်ကုန်သွားတာ…နောက်ဆုံးဒေါ်ကြီး က စျေးဆစ်လို့ လေးဘူး ငါးရာနဲ့ ပေးလိုက်တယ်..”
“တစ်ဘူး..တစ်ရာ့ငါးဆယ်ပါဆို..”
“ဒေါ်နီနီ ပိုတဲ့ ပိုက်ဆံနဲ့ ဖြည့်လိုက်ပေါ့..မလတ်ကလည်း အတွက်အချက် ညံ့လိုက်တာ…”
“ဟုတ်ပါတယ်..ဘယ်လောက်ရခဲ့လည်း..”
“သုံးထောင့်ငါးရာ..”
“ဟမ်…”
“အားလုံး ဆယ့်ရှစ်ဘူး ရှိတယ်…အစစ်ပိုထည့်ပေးလို့ တစ်ရာ ကွာသွားတာ…”
ပိုက်ဆံကို လက်ကြားထဲ ခေါက်ထည့်ပြီး သေချာ လက်ချိုးတွက်ပြနေတော့ လတ် ပြုံးလိုက်မိသည်..။
ဒီလိုဆိုရင်တော့ နိုင်ထူးထက် သာသွားပြန်ပြီ…။
နိုင်ထူးကို မုန့်ဆိုင်လေး ခဏ စောင့်ပါဆိုတာတောင် ရှက်လွန်းလို့ သေတော့မယ်ချည်း ညီးတွားနေတာလေ…။
“လာ..ထမင်းစားလို့ရပြီ..”
“အင့်..”
ပိုက်ဆံတွေကို လှမ်းပေးတော့ လတ် ခေါင်းညိတ်ပြီး ယူလိုက်ခါ နှစ်ရာတန်တွေ ရေတွက်၍ သူ့ဆီ ပြန်ပေးလိုက်သည်..။
“ဘာလည်း..”
“အမြတ်လေ..”
“ဟမ်…”
“လိုရင် သုံးလို့ရအောင်ယူထားပေါ့….နေ့ခင်း အလုပ်တစ်ခု သွားပြောကြည့်ဦးမယ်…”
“ကောင်းတယ်…”
နောင် ခေါင်းညိတ် ထောက်ခံပြီး လက်ပြေးဆေးခါ ထမင်းပန်းကန်ကို လက်ဝါးပေါ် တင်လိုက်သည်..။
“ဘာဟင်း..”
“ပုဇွန် အာလူး..”
“ဟူး..တော်ပါသေးရဲ့..”
ငါးဟင်း မချက်လို့ နောင့် အတွက် စိတ်ချမ်းသာစရာ ဖြစ်ခါ ဟင်းထည့်ပြီး ငုံ့စားတော့သည်..။
အခုတော့ ဧည့်မထနဲ့ပဲ အသားကျသွားပြီလေ..။
.
“ဟယ်တော့…”
ဗိုက်ထဲက ဆစ်ခနဲ့ ဖြစ်သွားတော့ လတ် သက်ပြင်းချလိုက်မိသည်..။
ဒီနေ့ ဇာဇာ့ နဲ့ ထမင်းဆိုင်သွားမယ်ဆိုကာမှ ပြသာနာကတော့ စလာပြီ..။
ဟူး..မိန်းမတွေ ဒုက္ခလည်း မသေးပါလားနော်…
လတ် အ၀တ်ထုတ်ထဲက အသုံးအဆောင်တွေကို လိုက်ရှာကြည့်မိသည်..။
ယောင်္ကျားလေး တစ်ယောက် လိုအပ်တာတွေ ထည့်လာတာဆိုတော့ အ၀တ်ဘီဒိုထဲက ရှိသမျှ အကုန်ဆွဲထည့်လာတာ သိသာသည်..။
အတွင်း၀တ်တွေ အကုန်ပါလာပေမဲ့ လောလောဆယ် လိုအပ်တာ ပါမလာ…။
ပြီးခဲ့တဲ့ လတွေတုန်းကတော့ သော်တာ ဆီက အကုန်ယူသုံးပြီး ဖြတ်ကျော်ခဲ့ရတာ..အခုတော့…။
“ဟူး..”
“ဘာပျောက်လို့လည်း..”
‘ဂွမ်း..အဲ..ဘာမှ မဟုတ်ဘူး..”
အ၀တ်ထုတ် နားမှာ လာရပ်ကြည့်နေတော့ လတ် အ၀တ်တွေကို ကောက်ပြီး အိတ်ထဲ ပြန်ထိုးထည့်လိုက်ရသည်..။
“ဘာတံဆိပ်လည်း..”
“ဟမ်..”
“သွား၀ယ်ပေးမယ်လေ…”
လတ် မျက်လုံး အပြူးသားဖြင့် ကြောင်ပြီး မော့ကြည့်နေချိန် သူက လက်ဝါးဖြန့်ပြီး တောင်းနေသည်..။
“ဟို…ရပါတယ်…ဘာဖြစ်ဖြစ်ပေါ့…နင်သွားလို့ အဆင်ပြေပါ့မလား...”
“ရတယ်..မဇာဆိုင်ဆိုတော့ အဝေးကြီးလျှောက်ရမှာ..နောင်ပဲ သွားလိုက်မယ်..”
“ကျေးဇူး..”
လတ် ပိုက်ဆံငါးရာတန် နှစ်ရွက် လှမ်းပေးလိုက်တော့ ဆွဲယူပြီး ထွက်သွားသည်..။
ဘယ်လိုကောင်လေးလည်း..။
.
“မဇာ…”
“အဲ…မောင်လေး ပါလား..မိလတ်ကော..”
“အိမ်မှာ ဗိုက်မှောက်နေတယ်..”
“ဗိုက်ဆာလို့လား..”
“အဟွင်း..ဟုတ်မယ်..အခု..ပေါင်မုန့်လာ၀ယ်တာလေ..”
“ပေါင်မုန့်..သြေ်ာ..ကြည့်လေ…ရှေ့စင်မှာ Good Morning လည်း ရှိတယ်..”
“အဲဒီပေါင်မုန့် မဟုတ်ဘူး..ဟို နောက်က ရွှေရောင်လေး ပေး..”
နောင် လက်ညိုးထိုးပြလိုက်တော့ မဇာဇာက လှမ်းကြည့်ပြီး မျက်လုံးပြူးဖြင့် ပြန်ကြည့်သည်..။
“အဲဒါ ဘယ်လောက်လည်း..”
“ဟို…အယ်…အဲဒါ…ခုနှစ်ရာ..”
မဇာဇာ က ကြောင်တောင်တောင် ဖြင့် ယူပြီး လှမ်းပေးတော့ နောင် သေချာ ကြည့်လိုက်မိသည်..။
တံဆိတ်ပေါ်က ကာတွန်း ကောင်မလေးက မလတ်လိုပဲ မေးနှစ်ထပ်ဖြစ်နေတော့ ပြုံးမိသည်.။
“မဇာ..ပြန်အမ်းလေ..”
“သြော်..အင်း…”
“ဟား..မလတ် နဲ့ တူတယ်နော်..”
လက်ထဲက အထုတ်ကို ထောင်ပြတော့ မျက်လုံးပြူးဖြင့် ခေါင်းညိတ်ပြရှာသည်..။
ဘာတွေ ကြောင်နေမှန်းကို မသိဘူး..။
.
“မိလတ်ရေ…ခဏ…ခဏ…”
“ဟုတ်ကဲ့…”
လတ် အခန်းထဲက ထပြီး သွားလိုက်တော့ ဒေါ်လေးပု အခန်းရှေ့က သရက်ပင်အောက်မှာ သုံးယောက် ထိုင်နေသည်..။
“အေးမိရယ်…မူးလို့တဲ့…သမီးဆီမှာ သံပုရာ သီး ရှီလား..”
“ရှင်…မရှိ..မရှိဘူး.ဒေါ်လေးပု..”
“ဒုက္ခပါပဲ..သူ့ယောင်္ကျား အဖိုးလေးကလည်း ပြန်မလာသေးဘူး..”
“မအေးမိ ခဏလှဲနေပါလား ဟင်..သွေးတိုးတက်သလား..”
“တစ်ခါမှ အခုလို မမူးဖူးပါဘူး…လတ်လတ်ရယ်…”
“သကြားလေး ရေဖျော်သောက်မလားဟင်..”
“ကောင်းမလား ဒေါ်လေးပု.”
“အေး..အေး…လုပ်ပေးလိုက်ပါ မိလတ်ရယ်..”
လတ် အခန်းဆီ ပြန်လာပြီး သကြား တစ်ရာတန်အိတ်ကို ဖောက်ခါ ခွက်ထဲ နည်းနည်း ထည့်လိုက်ပြီး ဆားနည်းနည်း ထည့်မွှေလိုက်သည်..။
“မအေးမိ..ဒီမှာ..”
“အင်း..”
နောင် ပြန်လာချိန် အဆောင်ရှေ့ အပင်အောက်မှာ စုပြီး အတင်းပြောနေကြပြန်ပြီ..။
မလတ်ကလေ…နေမကောင်းလည်း ပါလေရာ ငပိချက်…။
“မလတ်….ဒီမှာ ပေါင်မုန့်ရပြီ..”
“ဟဲ့…”
သူ့လက်ထဲက ပစ္စည်းကို မြှောက်ပြပြီး ပြောတော့ အားလုံးက ကြည့်ပြီး ပြုံးကုန်ပြီလေ…။
“ဘာဖြစ်လို့လည်း..”
‘မအေးမိ မူးလို့..ပေး..”
သူလက်ထဲ အထုတ်ကို ဆောင့်ဆွဲယူပြီး အခန်းပြန်လာတော့ ရယ်ကြဲကြဲ ဖြင့် နောက်က လိုက်လာသည်..။
“နင်က ဘာလာလုပ်တာလည်း..”
“ပိုက်ဆံပိုတာ လာပေးတာ..”
လှမ်းပေးတဲ့ ပိုက်ဆံကို မျက်စောင်းဝဲပြီး ယူလိုက်ခါ မေးငေါ့ နှင်လိုက်သည်..။
“မလတ်နဲ့ တူတာ ရှာလာတာ…”
အထုတ်ကို မေးငေါ့ပြီး ပြောသွားတာ လတ်ကြည့်လိုက်တော့ မြန်မာကာတွန်းပုံလေးက ဝဝကစ်ကစ် မေးနှစ်ထပ်လေး ဖြစ်နေသည်..။
ခွေးကောင်…။
“ဟယ်တော့…အေးမိ…”
“အေးမိရေ…”
“ဘာဖြစ်တာလည်း..”
“ခေါ်လို့မရတော့ဘူး..”
“ဟာ..”
အသံဆူဆူ ညံညံတွေကြောင့် လတ် အပြင်ထွက်လာတော့ နောင် က မအေးမိကို ပွေ့ချိပြီး လမ်းဘက်ကို ထွက်သွားသည်..။
ဒေါ်လေးပုသား အောင်ဦးက ဆိုက်ကားသိမ်းလာတော့ ဆိုက်ကားပေါ်တင်ပြီး သွားကြပြန်သည်..။
“လာ..လာ..လိုက်သွားရအောင်..”
ဒေါ်လေးပုနဲ့…မမိုးကပါ ပြေးလိုက်သွားတော့ လတ်က လိုက်ရမလို မလိုက်ရမလို..အဆောင် တစ်ခုလုံး ဘယ်သူမှ မရှိလို့ ကျန်ခဲ့လိုက်ရသည်..။
“တော်ပါသေးရဲ့…သား ကူညီလိုက်လို့..”
“ကျေးဇူးတင်ပါတယ်ကွာ..”
“ရပါတယ်..”
နောင့်ကို မအေးမိ ယောင်္ကျားကပါ လက်ဆွဲပြီး ကျေးဇူးတင်စကားပြောတော့ မနေတက်ဖြစ်ရပြန်သည်..။
အားလုံးက နောင့်အပေါ် ကောင်းကောင်းမွန်မွန်
ပြောဆို ဆက်ဆံ နေပေမဲ့ မလတ် တစ်ယောက်တည်း ဖောက်နေတာလေ…။
စိတ်မှ မမှန်တာ…ဘယ်ကောင်းမလည်း..။
“ငါသွားတော့မယ်..”
“အမ်း…လိုက်ပို့ရမလား..”
“မလိုဘူး..”
စူပုတ်ပုတ် မျက်နှာထားနဲ့ ခြေလှမ်းကြမ်းကြမ်း လှမ်းပြီး ထွက်သွားတော့ နောင် ပခုံးတွန့်ခါ အခန်းထဲ ပြန်ရောက်လာခဲ့သည်..။
မလတ်သာ အလုပ်ရသွားရင် နောင် လည်း တစ်နေ့ကုန် လွတ်လပ်ပြီလေ..။
.
“ကိုကျော်..”
“သြော်..မဇာလာ…သီရိရေ.. ခဏလာခဲ့..”
“ဟုတ်..”
လတ် ထင်ထားတာက လမ်းဘေးထမင်းဆိုင် သေးသေးလေးလို့ပါ..။
အခုတော့ စားပွဲတွေ အပြည့် လူတွေကလည်း များလိုက်တာ ၀န်ထမ်းတွေကလည်း ၀တ်စုံတူတွေ ၀တ်ထားတော့ ၀န်ထမ်း အများကြီး ရှိမှန်း ခန့်မှန်းမိသည်..။
“အဟမ်း…ဒီက ညီမတွေ့တဲ့ အတိုင်းပဲ..အလုပ်တော့ အရမ်းများတာ သွက်လက်မှ ဖြစ်မယ်..”
“ဟုတ်ကဲ့…”
“လစာကတော့ နေစား စရိတ်ငြိမ်း တစ်သိန်းသုံးသောင်းပေးပါတယ်..”
‘ဟို..ကျွန်မက အိမ်ပြန်မှာပါ..”
“သြော်…ဒါဆို…အလုပ်ချိန်ထိခိုက်မှာပေါ့..လူလည်း ပင်ပန်းတယ်…ဒီမှာ အလုပ်သမားနေဖို့ အခန်းတွေ ရှိပါတယ်..”
“ကျွန်မ မောင်လေး ရှိလို့ပါ…”
‘အင်း..သဘောပေါက်ပြီ…အလုပ်အကိုင်ကို ကြည့်ပြီး နောက်ဆို လစာ တိုးပေးမယ်လေ..စားတာတော့ ဒီမှာပဲ စားပေါ့..”
“ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..”
“အလုပ်နဲ့ပဲ သက်သေပြပါ…ခုစလုပ်တော့မလား..”
“ဟုတ်..”
“ဖိုးအောင်... တစ်ယောက်လောက်လာစမ်း..”
“ဟုတ်ကဲ့..ဆရာ..”
“သူ့ကို မီးဖိုခန်းကို ခေါ်သွား..မကြူတို့အနားမှာ လိုအပ်တာ လုပ်ပေးလိမ့်မယ်..”
“ဟုတ်ကဲ့…”
“ဇာဇာ ကျေးဇူးနော်..”
“အေးပါ..ရတယ်..”
ဇာဇာ့ကို နှုတ်ဆက်ပြီး ကောင်လေး တစ်ယောက် ဦးဆောင် ခေါ်လာတဲ့ မီးဖိုဆောင်ထဲကို လိုက်လာရသည်..။
မီးဖိုဆောင်ဆိုတာက လတ်တို့ အဆောင် တစ်ခုစာလောက်ကို ကြီးနေပါပေါ့လား…။
“မကြူ..ဒီမှာ အသစ်..”
“သြော်…လာ…. ပန်းကန်ဆေးဖို့တွေ အရင်ဆေးလိုက်..”
“ရှင်…ဟုတ်…”
ထမင်းပန်းကန် အထပ်တွေ စီနေတဲ့ ရေသုံးစင် တစ်ခုမှာ ၀င်ရပ်ပြီး တခြားသူတွေ လုပ်တာ ကြည့်ရင်း ဆေးနေရသည်..။
ပန်းကန်ဆေးရုံပဲဆိုရင်တော့ ဒီအလုပ်ကို ကပြီးတောင် လုပ်လိုက်ဦးမယ်..။
လတ်လတ်တို့ အကျွမ်းကျင်ဆုံး အလုပ်က ပန်းကန်ဆေးခြင်း အနုပညာလေ…။
“ဟိုကောင်မလေး..ပန်းကန်ဆေးပြီးရင်… ကြက်သားဟင်းအိုး တိုက်ဦး..”
“ဟုတ်ကဲ့…”
“ဟို အစ်မ…ဒီကြိတ်စက် အရင်ဆေးပေးပါ..”
“ဟုတ်..”
“ဧည့်သည်က ကျနေပြီ..ဇွန်းခရင်းတွေ ဆေးတာ မပြီးသေးဘူးလား..ဟေ့..”
“ဟုတ်..ပြီးပါပြီ…ဒီမှာပါ..”
ဟူး…နာရီပိုင်း အတွင်း လက် ရှစ်ဘက်သာ ရှိရင် ဆိုတဲ့ အတွေးမျိုး ငါးချိန်လောက် တွေးမိသည်..။
“နင့်နာမည် ဘယ်သူတုန်း..”
“လတ်လတ်ပါ..”
“အေး..ငါက မီးဖိုဆောင် ဦးစီးပေါ့…မကြူလို့ ခေါ်တယ်..”
“ဟုတ်…”
“အလုပ်လုပ်တာ မြန်ဖို့ အရေးကြီးတယ်…အခုတွေ့တယ်မလား.. ဒီပုံစံအတိုင်း အမြဲလုပ်ရမယ်.. ကြားလား..”
“ဟုတ်ကဲ့..”
“အင်း…ဓားနဲ့…ကြက်သွန်တွေ ရေဆေးလိုက်ဦး..ကြက်သွန်ကြိတ်စက်ထဲ ထည့်ကြိတ်ထား..”
“ဟို..မကြိတ်တက်လို့.”
“နော်မု့ ပြပေးလိုက်..”
“ဟုတ်..”
ကောင်မလေး တစ်ယောက်က အနားကို ရောက်လာပြီး ကြက်သွန်စက်ထဲ ကြက်သွန်ထည့်ခါ ခလုတ်တွေ နှိပ်နည်းပါ သင်ပေးသည်..။
တစ်နေကုန် မတ်တက်ရပ်ပြီး မရပ်မနား လုပ်ထားတာ ခြောက်နာရီ ဆိုင်သိမ်းတော့ အရောင်း၀န်ထမ်းတွေ နားရပေမဲ့..လတ်တို့ ခြောက်ယောက်က မီးဖိုဆောင်ကို သန့်ရှင်းရေး လုပ်ရပြန်သည်…။
၀န်ထမ်းတွေ အားလုံး ထမင်းကျွေးတော့ ပန်းကန်တွေက အချပ်ငါးဆယ်လောက် ပုံလာပြန်သည်..။
“လတ်လတ်…ပန်းကန်..”
“ဟုတ်…ဟို..အိမ်ယူသွားလို့ ရလားဟင်..”
“မရဘူး..”
“သြော်..ဟုတ်ကဲ့..”
ပန်းကန်တွေ ဆေးပြီး မှောက်သိမ်းခါ စားသောက်ဆိုင် ဧည့်သည်စားပွဲတွေကို သန့်ရှင်းရေးလုပ်ရသည်..။
ဟင်းချက်တဲ့ အဖွဲ့တွေပါ အသီးသီး ပျောက်သွားပေမဲ့ လတ်တို့အကူ ခြောက်ယောက်ကတော့ ခုနှစ်နာရီ ထိုးတာတောင် အလုပ်မပြီးနိုင်သေး…။
“အစ်မ..တစ်ရှုးလိတ်တွေ ဖြည့်ပြီးပြီလား..”
“အင်း…”
“ဒါဆို ပြီးပြီ…အစ်မ ပြန်လို့ရပြီနော်…နော်မု့တို့လည်း အခန်းပြန်တော့မယ်..”
လတ်ကို မီးဖိုဆောင်တံခါး လိုက်ဖွင့်ပေးတဲ့ ကရင်လူမျိုး ကောင်မလေးကတော့ အားလုံးထဲမှာ သဘောကောင်းပြီး ညှာတာ တက်ပါသည်..။
ဟင်း..
တစ်နေ့ကုန် မဟုတ်..နေ့တစ်၀က်တောင် ဒီလောက် ပင်ပန်းနေရသလား မိလတ်ရယ်….
မနက်ဖြန်တွေဆို ပိုပင်ပန်းမယ်လို့ နှလုံးသွင်းပြီး ရင်ဆိုင်ဖို့ ပြင်ဆင်ထားစမ်းပါ…။
ကိုယ့်ကိုယ်ကို သတိပေးရင်း ဆိုင်ရှေ့လမ်းကို လျှောက်လာတော့ အမူးသမား တစ်ယောက် နှစ်ယောက် လှည့်ကြည့်သွားသည်..။
ဟုတ်တာပေါ့…ဒီလမ်း တစ်လျှောက်လုံး ညပိုင်း မှ ထင်ရှားလာသည့် ကေတီဗွီ နဲ့ အရက်ဆိုင်တွေချည်းပဲလေ…။
လတ် လေးကန်နေတဲ့ ခြေလှမ်းတွေက ခပ်သွက်သွက် ဖြစ်လာပြီး ဖိလျှောက်မိသည်..။
“ဟိတ်..”
“အမလေး..”
“ဟား..ဟား..လန့်တာ..”
အထိတ်တလန့်ဖြစ်သွားရလို့ စိတ်ဆိုးမိပေမဲ့ သူ့မျက်နှာ မြင်တော့ စိတ်ထဲ ပျော်သွားတာက ပိုပါသည်..။
ဟူး..တော်ပါသေးရဲ့..အလိုက်သိပေလို့…။
“ဘယ်လိုလည်း..ပထမဦးဆုံး အလုပ်ဆင်းတာ အဆင်ပြေလား..”
“ခြေထောက်တွေတောင် မသယ်ချင်တော့ဘူး..”
“မိန်းမ ဖြစ်ပြီး ညီးတွားနေလိုက်တာ..ကြားလို့ မကောင်းဘူး..”
ခပ်ရွဲ့ရွဲ့ ထိုစကားကြောင့် လက် လက်ဝါးက အတားအဆီးမဲ့စွာ ကျောပြင်ကို ကျသွားသည်..။
ရိုက်ပြီးမှ သူမကြိုက်ဘူးဆိုတာ သတိရတော့ နောင်တရပြန်သည်..။
သူနဲ့ နေရင် ကိုယ့်မောင် တစ်ယောက်နဲ့ နေသလိုပဲ လက်ဝါးတွေ စိတ်တွေက အကျင့်ပါနေပြီ…။
“ဘယ်လိုသိတာလည်း..”
“ညနေကို ပြန်လာမယ် ထင်တာ…ခြောက်နာရီကျော်တဲ့ အထိပြန်မလာလို့ မဇာဇာ ဆီ လိုက်သွားတော့ ခုနှစ်နာရီမှ ပြန်လာရမှာတဲ့…အဲဒါ လိပ်စာမေးပြီး လိုက်လာတာ…၀န်ထမ်း ကောင်မလေးတွေထဲမှာ မလတ်ကို မတွေ့ပါဘူး..”
“ငါက အိုးတိုက်ပန်းကန်ဆေး…”
“ဝါး..မလတ်အထူးပြု ဘာသာရပ်ပဲ ကျွမ်းတယ်မလား..”
“ကျွမ်းတယ်…ခြေထောက်တွေလည်း ခွေကျချင်လာပြီ…”
“ဟာ..ဒီမှာတော့ မလုပ်နဲ့နော်…”
“ဘာဖြစ်လည်း..နင်သယ်သွားပေါ့..”
“ဟာ..မလတ် ကိုယ်ကြီးကို ဘယ်လို နိုင်မလည်း..”
“အမလေး မနက်က မအေးမိကို ပွေ့သွားတာများ ပေါ့ပေါ့လေးလိုပဲ..”
“တကယ်ပေါ့တယ်လေ…မအေးမိက ပေါ့ပေါ့လေး..မလတ်ကိုသာ ပွေ့ရရင် နောင် ပိသေလိမ့်မယ်..”
“ဘာ…မအေးမိ နဲ့ ငါ တူတူ လောက်ပဲ၀တာပါ..”
“အဟား…ပြောတက်တယ်…အဲဒါပြောတာပေါ့..၀တဲ့ မိန်းမတွေက သူတို့ကို သူတို့၀တယ်ကို မထင်ဘူး..အနားက သူတို့လောက် မ၀တဲ့ ဖြတ်သွားရင်…အမလေး ၀လိုက်တာ ဆိုပြီး လိုက်ကဲ့ရဲ့တက်တယ်…”
“နင်က မိန်းမကျမ်းကြေပဲ..”
“အဟဲ…ဟုတ်တယ်လေ…”
ဂုဏ်ယူ၀င့်ကြွားစွာဖြင့် လက်မထောင်ပြီး ပြောတော့ လတ် မျက်စောင်းထိုး၍ ခက်သွက်သွက် လျှောက်မိသည်..။
ဗိုက်တွေလည်းဆာလှပြီ…အိမ်ကျရင် အလုပ်တွေက စောင့်ကြိုနေမှာ မြင်ယောင်ပါသေးသည်..။
“ဟူး…”
“လာ..ထမင်းစားကြမယ်လေ…”
“အေးပါဟယ်..နေပါဦး..ခဏ.. ထိုင်ပါရစေဦး…ပြီးမှ တည်ပေးမယ်..”
“နောင် ချက်ထားပါတယ်..”
“ဟမ်…”
“ဟုတ်တယ်…မချက်တက်လို့ ဒေါ်လေးပု ကို မေးပြီး ချက်ထားတာလေ…”
အံဖွယ်ရာတွေပါလားနော်…သူက ထမင်းချက်ထားသည်တဲ့လေ…
လတ် ညောင်းနေတဲ့ ခြေထောက်ကို သိမ်းပြီး ထမင်းအိုးကို စားလို့ရရဲ့လားဆိုတဲ့ အတွေးဖြင့် ဖွင့်ကြည့်မိသည်..။
ဟုတ်ပါရဲ့..တကယ်ချက်ထားတာ…အိပ်မက်မဟုတ်ဘူးပေါ့လေ…။
“တွေ့လား…”
“အေးပါ..ကျေးဇူးတင်တယ်..”
“မလတ် ကျေးဇူးက ငါးမိနစ်ပဲခံတာ..လေကုန်ခံပြီး တင်မနေနဲ့..”
လတ်ကို အပြစ်တင်နေတာ သူကကော ငါးမိနစ်ထပ်ပိုပြီး လိမ်မာခဲ့ဖူးလို့လား..။
ထမင်းစားတော့
ဗိုက်ဆာနေတာကြာပြီမို့ ခပ်သွက်သွက်ပဲ စားလိုက်မိသည်.။
ပန်းကန် ထွက်ဆေးပြီး ပြန်၀င်လာတော့ ကိုယ်တော်က လက်တောင် ဆေးရဲ့လား မသိ ဖျာခင်းနေပြီ…
သူ့မှာ တစ်နေ့ကုန် အိမ်မှာ ထိုင်နေပြီး တော်တော် ပင်ပန်းနေရှာတာ…
“သြော်…လတ်လတ် ပြန်လာပြီလား..”
“…ဟုတ်..”
ဒီအရက်သမားက အခန်းထဲ ၀င်လာတော့ လတ် မျက်လုံးပြူးဖြင့် ကြည့်မိသည်..။
သူကတော့ မူးနေတဲ့ မျက်လုံးရဲတွေဖြင့် ပြူးကြည့်ပြီးမှ တဟဲဟဲ ရယ်ပြသည်..။
“ကိုအောင်ဦး..အခန်းမှားလာတယ် ထင်တယ်..”
“မမှားပါဘူးဗျာ…….ကျွန်တော် လတ်လတ် ကို တစ်နေ့ကုန်မတွေ့လို့ပါ…အဲဒါ ဒီနောင်ကြီးက အလုပ်သွားတယ်လို့ ပြောတယ်…ဘယ်လိုလည်းဗျ….အဆင်ပြေ..ခဲ့လား..”
လျှာလေး အာလေးသံဖြင့် အရက်သမားပီပီ ပြောနေတော့ လတ် မကြည်မလင် မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်ရသည်..။
လတ်မရှိတဲ့ အချိန်
ဒီအရက်သမားကို တစ်နေ့ကုန် စကားလက်ခံပြောထားလို့သာ သူ ၀င်လာရဲတာပေါ့…။
လတ် ဒေါ်လေးပုကို ခင်ပေမဲ့ ဒီလူနဲ့တော့ ခပ်တည်တည် ခပ်ကင်းကင်းသာ နေခဲ့တာပါ…။
“လတ်လတ် တို့က မောင်နှမလိုပဲနော်…လင်မယား ဟန်ဆောင် နေတာလား..”
“အဲ..မဟုတ်ပါဘူး…”
“သြော်…ကြင်ကြင်နာနာ တီတီတာတာ လည်း မရှိကြလို့ပါ…”
ဒီအရက်သမား မူးနေတာတောင် ရစ်နိုင်သေးတာ အံသြစရာ…။
ဘေးက သတ္တဝါလေးကတော့ ဖုန်းကို ကြည့်ပြီး ဘာတွေ နှိပ်နေမှန်း မသိ…။
လတ် အမြင်ကပ်လာပေမဲ့ အိမ်နီးနားချင်းတွေမို့ ခါးခါးသီးသီး နှင်လွှတ်ပြန်ရင်လည်း မကောင်းပါဘူး..။
သူ့အမေ ဒေါ်လေးပုက လတ်တို့ကို ကူညီထားတာ အများကြီး..။
“ကိုအောင်ဦး မူးနေလို့ပါ…လတ်တို့က တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်တာ..”
လတ် စကားကြောင့် ဘေးက ကောင်စုတ်လေးက နှုတ်ခမ်းထော်ပြတာ အမြင်ကပ်စရာ ကောင်းလိုက်တဲ့ မျက်နှာ…။
သူစိမ်းရှေ့မှာ နည်းနည်းပါးပါး ဟန်ဆောင်ပြမယ်တော့မရှိဘူး..။
“အဟား…မညာပါနဲ့…လတ်ရဲ့…အမြဲတမ်း..ဒီကောင်လေးကို ဆူဆဲနေတာမလား….မဖြစ်နိုင်ဘူး..လုံး၀ မဖြစ်နိုင်ဘူး…အဟက်…”
“ရော်..ခက်လိုက်တာ…”
“ကဲ…ကိုအောင်ဦး ပြန်တော့ဗျာ..”
“မပြန်ဘူး သူငယ်ချင်း…ငါ ဒီည သေချာသိဖို့လိုတယ်..”
“ခင်ဗျား ပြဲနေပြီ.”
“အေး…သိအောင်လုပ်ရမယ်..”
“ဘာသိချင်တာတုန်းဗျာ..”
“မင်းတို့..နှစ်ယောက်…”
လက်နှစ်ချောင်းကို ပူးပြလိုက် ခွါပြလိုက်လုပ်နေတဲ့ ပုံစံက စိတ်တိုချင်စရာ အမူးသမား တဏှာရူးကောင်..။
“ဟုတ်ပြီ..”
လတ် ပခုံးပေါ် လက်တစ်ဖက်ရောက်လာပြီး ဆွဲလိုက်တော့ အလန့်တကြား လှည့်ကြည့်လိုက်တာ မျက်လုံးတစ်ဖက် မှိတ်ပြသည်..။
“ဟင်..”
မေးကိုဆွဲတည့်ပြီး ပါးကို အနမ်းခံလိုက်ရတော့ တဒင်္ဂက အရာအားလုံး ပျောက်ဆုံးသွားသလို
အံသြခြင်းကို သာ ခံစားနေရသည်..။
“ရပြီလား..ကိုအောင်ဦး…ကျူပ်တို့ အိပ်တော့မယ်..”
“အဟဲ…ဟုတ်ပြီ..ဟုတ်ပြီ…သဘောပေါက်ပြီ…တာ့တာ့…”
အခန်းထဲက အကျိုးတော်ဆောင်ကြီး ပြန်သွားတော့ နောင် ကပဲ တံခါး ထပိတ်လိုက်သည်..။
မလတ် တစ်ယောက် အသံတွေ တိတ်ကျသွားလိုက်တာ အခန်းထဲမှာ အပ်ကျသံတောင် ကြားရလောက်သည်..။
နောင် တစ်လက်စတည်း ပြတင်းပေါက်ကို ပိတ်ရင်း နှုတ်ခမ်းကို ဖိကိုက်ခါ ပြုံးလိုက်မိသည်..။

*✭˚・゚✧*・゚*✭˚・゚✧*
ဟူး...အဆင်ပြေကြလား ဟင်
ကွန့်မန့်တွေ မပြန်ဖြစ်တာ ဆောရီးပါ နော် 💔😫😥😢
2018 လေးရဲ့ လက်ကျန်နေ့ရက်တွေကို  ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ 😇💃

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now