Part 26

7.1K 298 2
                                    

စွဲနေပြီ
အပိုင်း (၂၆)
#စွဲနေပြီ

“ဟင်..”
နောင် အိပ်ရာနိုးထချင်း ပြုံးလိုက်မိခါ ဘေးနေရာကို လက်ဖြင့် စမ်းလိုက်တော့ နူးညံ့အိစက်နေတဲ့ မွေ့ယာ ပဲ ရှိသည်..။
မလတ် ဘယ်ရောက်သွားလည်း…။
နာရီ ကြည့်လိုက်တော့ ခြောက်နာရီ ကျော်လေးသာ ရှိသေးသည်..။
“ကျစ်…ဒီ မိန်းမတော့ နာတော့မယ်…”
ကုတင်ပေါ်က ခုန်ဆင်းပြီး အခန်းတံခါးဆီကို လေးကန်စွာလျှောက်လာမိသည်..။
လှေကား တစ်၀က်လောက် အထိ ရောက်တော့ ခြေလှမ်းတွေကို ရပ်ခါ ထိုင်ချလိုက်ပြီး…
“မိန်းမရေ…..မိန်းမ….မိလတ်….နောင့် ဖက်စတားလေးရေ…”
“မလတ်….ဟေ့…မလတ်….”
“အိုး..”
လတ် ရေချိုးပြီးစ ဆံပင်ဖြီးနေတာကို သူ့အသံကြီးက အောက်ခန်း ထဲထိ ကျယ်လောင်စွာရောက် လာတော့ အပြေးအလွှား ထွက်လာခဲ့ရသည်..။
လှေကားတွေကို ပြေးတက်သွားတော့ လှေကား တစ်၀က်မှာငုတ်တုတ်ထိုင်ပြီး လက်ရန်းကို မှီခါ မျက်လုံးမှိတ် အော်နေသည်..။
“ဟင်း…ဘာဖြစ်တာလည်း..နောင်ရယ်.. တစ်ခုခု ဖြစ်တယ်မှတ်လို့ပြေးလာရတာ..”
“ဖြစ်တာပေါ့….သိပ်ဖြစ်တယ်…”
“ဟင်….နင် မိုးမလင်းသေးဘူး..မူးနေပြန်ပြီလား..”
“အချစ်မူးတာ…လာ…”
ရုတ်တရက်ထပြီး လက်ကို ဆွဲခါ မျက်လုံး မဖွင့်ပဲ အခန်းထဲရောက်အောင် ဆွဲခေါ်သွားနိုင်သည်..။
ကုတင်အနားရောက်တော့မှ မျက်လုံး ခပ်မှေးမှေး ဖွင့်ကြည့်ခါ…အိပ်ချင်မူးတူး ပုံစံဖြင့်..
“အိပ်..”
“ဟင်…”
ကုတင် မွေ့ယာကို လက်ညှိုးထိုးပြီး အိပ်ဖို့တောင်းဆိုနေတော့  ညတုန်းက ကျဆုံးခန်းကို မြင်ယောင်ရင်း လတ်ရင်တွေ လှိုက်ခုန်လာခါ သူ့မျက်နှာကို မျက်လုံးပြူး၍ ကြည့်နေမိသည်..။
“အိပ်လို့….မိုးမလင်းသေးဘူး..”
ပါး နှစ်ဖက် ပူနွေးနွေးလေး ဖြစ်လာပေမဲ့ ရှက်နေတာ သိသွားရင် ပိုစတော့မှာ စိုးလို့ ဘာမှ မထူးဆန်းသလို ဟန်ဆောင်ရင်း..
“ဟယ်…ခြောက်နာရီထိုးလို့ ငါတောင် ရေချိုးပြီးပြီ…မအိပ်ဘူး..”
“နောင် က ခုနှစ်နာရီမှထတာလေ..”
“နင့်ဟာနင် ဘယ်အချိန် ထထပေါ့…အခု အိပ်ရေးမ၀ရင် ပြန်အိပ်လေ…”
“အဲဒါကြောင့် မလတ် အိပ်လို့ ပြောနေတာပေါ့…”
“ဘာတွေမှန်း မသိဘူး..ရှုပ်နေတာပဲ..”
လတ် မျက်စောင်းဝဲပြီး ကျောခိုင်းလိုက်တော့ နောက်ကနေ သိုင်းဖက်ပြီး ကုတင် အနားကို ဆွဲခေါ်ခါ လဲချလိုက်သည်..။
ခန္ဓာကိုယ် နှစ်ခုလုံး ပလုံးပထွေး ဖြင့် မွေ့ယာကြီး ထဲ နစ်၀င်သွားတော့ လတ် ပြန်ရုန်းထရသည်..။
“ဘာဖြစ်တာလည်း..”
“လာ…”
လတ် ရဲ့ လက်မောင်းကို ဆွဲယူပြီး ခေါင်းကို ရင်ခွင်ထဲ ဆွဲထည့်ခါ မျက်လုံး ပြန်မှိတ်အိပ်တော့ သက်ပြင်းငွေ့လေးချရင်းဖြင့်သာ ငြိမ်နေလိုက်မိသည်..။
တကယ့်ကို ဇွတ်တရွတ် ကောင်စုတ်လေး…။
သူ့မျက်နှာ ဖြူနုနုကို မော့ငေးရင်း နားသယ်စပ်အောက်ဘက် က အမွှေးစိမ်းကလေးတွေကို အနီးကပ်မြင်နေရသည်..။
ကလေး တစ်ယောက်နဲ့ တူတဲ့ သူ့စိတ်ကြောင့် လတ် ဆီက လိုချင်တာရပြီးလို့ ထားသွားမှာ သေအောင် ကြောက်ပါသည်…။
နောင်ရယ်….ဘဝပေး ချစ်ခဲ့ပြီးမှ အခြေအနေ တစ်ခုခု ကြောင့် များ ဝေးသွားရရင်လေ…။
လတ် မျက်ရည်စို့လာလို့ မျက်တောင် တွေကို ပုတ်ခတ်ပစ်ရင်း သူ့ရင်ခွင်ထဲက အနွေးဓာတ်ဆီ ခပ်ဖြည်းဖြည်း တိုး၀င်ခိုလှုံ မိသည်..။
ရင်ခွင်ထဲမှ မော့ကြည့်မိချိန်
ပန်းသွေးစိုနေတဲ့ သူ့ နှုတ်ခမ်းက ပျားရည်စက်များထက် ပိုချိုမြိန်တာသိခဲ့ရတော့ မလုံမလဲဖြင့် အကြည့်လွဲလိုက်ရပြန်သည်…။
“မလတ်..”
“ဟင်…”
“ချစ်လား..”
“အိုး....”
“မဖြေချင်ဘူးပေါ့…”
မျက်လုံးစုံမှိတ်ထားရင်း နှုတ်ခမ်းတွန့်ပြုံးခါ ခေါင်းငုံ့ ၍ နဖူးကို နမ်းလိုက်တော့ လတ် ရင်ထဲ သိမ့်ခနဲ ဖြစ်သွားသည်..။
“ချစ်လားလို့…”
“နောင်ရယ်…မအိပ်လည်း ထ ဟယ်…”
“မဖြေချင်သေးဘူးပေါ့…”
မျက်လုံးမှိတ်ထားရင်း ပြုံးစေ့စေ့ ဖြင့် နှာဖျား ချင်း တို့ထိ လိုက်တော့ လတ် ရင်ခုန်နှုန်းတွေ မြန်လာသည်..။
နီးကပ်လွန်းတဲ့ အခြေအနေ တစ်ခုမှာ သူ့ နှုတ်ခမ်းလေးကို မကြည့်ရဲလို့ မျက်လုံးစုံမှိတ်ထားမိသည်..။
“ဟင်…ချစ်လား..”
“ညက ခဏခဏ မေးလို့ ခဏခဏ ပြောပြီးပြီလေ..”
“ထပ်ပြောတာ ကြားချင်လို့ပေါ့…”
သူရဲ့ အပြုံးတွေကို အဓိပ္ပာယ်သိသလို သူ့မျက်နှာလေး ရှေ့ပိုတိုးလာတော့ စိတ်ထဲမှာ တစ်ခုခု ကို ကြောက်လန့်လာသလိုလို…။
“အင်း..အင်း…ချစ်တယ်လေ…ပြောထားတယ်လေ…”
“အား…ချိုလိုက်တာ….ဘယ်လောက်ထိချစ်လည်း…”
“ပင်လယ်ကြီးလောက်..”
“မှားတယ်..”
“အင်..”
လတ် နှုတ်ခမ်းလေး နွေးသွားသလို ရင်ဘတ်ကြီးထဲမှာ ဘာတွေ ဖြစ်ကုန်မှန်း မသိအောင် ရထားဆယ်စင်း ခုတ်မောင်းနေသလိုလို ရှိသည်…။
အိပ်မပျော်မချင်း အနမ်းတွေဖြင့် ချော့သိပ်ခံခဲ့ရပေမဲ့ မနက်ခင်းရဲ့ သူ့အနမ်းက အသစ် တဖန် မွေးဖွားလိုက် သလို နူးညံ့ ချိုမြိန်နေပြန်သည်..။
“ဘယ်လောက်ချစ်လည်း..”
“ဟင်…”
“မြန်မြန်ဖြေနော်..”
“တော်ပြီဟာ….ထတော့….”
“နိုး…မေးတာလေးပဲ မြန်မြန်ဖြေလိုက်လေ…”
“ဖြေပြီးရင် ထမလား..”
“အင်း အဖြေမှန်ရင် လွတ်ပေးမယ်..”
သူ့ လက်က တင်းခနဲ ဖြစ်သွားတော့ လတ် ကိုယ်လေး သူ့အနားကို ပိုရောက်သွားရသည်..။
စိတ်တွေ လှုပ်ရှားလွန်းလို့ ထွက်များတောင် ပြေးချင်ပါရဲ့…။
မိန်းမရှုပ်တဲ့သူတွေက မိန်းမ ကျမ်းကြေလို့ဆိုရင် သူက ကျမ်းထဲက နည်းဗျူဟာတွေများ ထုတ်သုံးလေသလား..။
တစ်ခါက လက်ကလေး ကိုင်ရင်တောင် စိတ်ဆိုး မာန်ဆိုး ဒေါသထွက်ရပေမဲ့ အခုတော့ သူ့ရင်ခွင်ထဲမှာ ရင်ခုန်ကြည်နူးရင်း အားမပါစွာ ရုန်းနေမိသည်..။
“မြန်မြန်..”
“အိုး…စကြာ၀ဋ္ဌာကြီးလောက် ချစ်တယ်..”
“နိုး..မှားတယ်…”
“အိုး..တော်ပြီ….မသိဘူး..မသိတော့ဘူး…ပန်းပေးပြီ…”
လတ် ပျာပျာသလဲ သူ့ ရင်ဘတ်ကို တွန်းရင်း ပြောလိုက်တော့ ဟက်ခနဲ့ ရယ်ခါ ပါးကို ခပ်ဖွဖွလေး ငုံ့ ကိုက်လိုက်သည်..။
“နောင်..”
“ပန်းပေးပြီဆိုလို့.ဒဏ်ပေးတာလေ…”
“ရပြီမလား..လွတ်တော့လေ…”
“အဖြေက..မလတ် နှလုံးသားအပြည့် ချစ်ပါတယ်လို့ ပြောရမှာ….ဘယ်လောက်ချစ်ရမလည်း…မှတ်မိရဲ့လား…”
“အင်း..အင်း…လွတ်တော့….မျက်နှာမသစ်…သွားမတိုက်ပဲ ကိုက်ဆွဲစရာလား..”
“ရွံတယ်ပေါ့လေ…အမဲစက် နိုင်းချင်းနဲ့ ပါးကို ကိုက်မိတဲ့ သူက မရွံရဘူးလား…”
“အိုး…နင့်ဘယ်သူ ကိုက်ခိုင်းလည်း…”
“ချစ်လို့ပေါ့ဗျာ…မလတ် ..ပါးစောင် ဖောင်းဖောင်းလေးကို အသေချစ်တယ်…ပါးကို နမ်းချင်တယ် ကိုက်ပစ်ချင်တယ်…. နာသွားမှာစိုးလို့ လျော့ထားတာနော်…”
နှုတ်ခမ်းကိုက် ပြခါ ပြောလိုက်ပုံက ကြက်သီးထလောက်အောင်ကို ကြောက်စရာ ကောင်းလွန်းနေတော့ လတ် မျက်လုံးပြူးရင်း သူ့ရင်ဘတ်ကို လက်သီးဆုပ် ၍ တွန်းပစ်လိုက်မိသည်..။
“မလတ်…”
“ဟင်…”
“နောင့်ကို ကြည့်စမ်း တစ်ကိုယ်လုံမှာ ဘယ်နေရာ အကြိုက်ဆုံးလည်း..”
လတ် မော့ကြည့်ပြီး မျက်လုံးချင်းဆုံတဲ့အခါ သူ့ကို မထင်မှတ်ပဲ ပြုံးပြလိုက်မိ၍..
“မျက်လုံး..”
“တစ်ကိုယ်လုံးမှာနော်..အောက်ပိုင်းတွေ ကြည့်ပါဦး.”
“ဟဲ့…”
“ဘာလည်း…ရင်ဘတ်တို့ ခြေထောက်တို့…လက်လည်း သွယ်သွယ်လေးပဲလေ…မချစ်ဘူးလား..”
သူ့လက်ကို ထောင်ပြပြီး ပြောတော့ လတ် ခေါင်းရမ်းလိုက်သည်။
သူ့လက်က ထပ်ကိုင်လိုက်ချိန် လတ်ရဲ့ ပုတစ်တစ် လက်ချောင်းတွေက သူ့ရဲ့ လှပတဲ့  ရှည်သွယ် တဲ့ လက်ချောင်းတွေနဲ့ ပြောင်းပြန် အချိုးကျနေသည်..။
“မျက်လုံးတွေပါပဲ…”
“ဟုတ်ပြီ…တစ်ခု မှတ်ထား..”
“ဟင်…”
“ပထမဆုံး အိပ်ရာထလို့ နောင့် မျက်နှာကို တွေ့ရင် တစ်ခါ အလုပ်သွားခါနီး တစ်ခါ အလုပ်က ပြန်လာရင် တစ်ခါ အိပ်ယာ၀င်ရင် တစ်ခါ တစ်နေ့ကို လေးခါ နမ်းပေးရမယ်..”
“ဟမ်..”
လတ် နားမလည်သလို ပါးစပ်တွေ ပွင့်ဟသွားတော့ လတ် ပါးကို ဖွဖွ လိမ်ပြီး ရယ်ရင်း
“မျက်လုံးကို ချစ်တယ်ဆို နမ်းပေးရမယ်လေ…နောင်လည်း တစ်နေ့ကို လေးခါ မလတ် နှုတ်ခမ်းလေးကို ချစ်ပေးမယ်..”
“အိုး..ဘာဆိုင်လို့လည်း..နင် ပြောတော့ ပါးကို ချစ်တာဆို..”
“ဆိုင်တာပေါ့…ပါးကို ကိုက်ဆွဲချင်တာလေ…မလတ် ခံနိုင်ရင် စမယ်..”
“တော်ပြီ….တကယ့်လူဆိုး အတိုင်းပဲ…နင်…မိန်းကလေး တွေ အများကြီး ကို ဒီလို ပြောလာတာမလား..”
“နိုးပါ…မိန်းကလေးတွေ အားလုံးက နောင့် မျက်လုံး တစ်ဖက် မှိတ်ပြလိုက်ရင် တပုံကြီးပါလာတယ်…မလတ် နဲ့ ကျတော့မှ တော်ကီတွေ ထုတ်သုံးရတာပါ…”
“တော်ကီ…တော်ကီတွေလား..”
“အ….အ…ငရဲကြီးမယ်…ငရဲကြီးမယ်နော်….ကိုယ့်ယောင်္ကျားကို ဒီလို မလုပ်ရဘူးလေ….မိန်းမရဲ့…အ…”
သူ့ နားရွက်ကလေး ကို ခပ်ဖွဖွ လေး လိမ်လိုက်ပြီး ရင်ခွင်ထဲက ရုန်းထလိုက်သည်..။
“ကျန်သေးတယ်..”
လက်ကို ဆွဲထားပြီး မျက်လုံးမှိတ်ခါ မျက်နှာထိုးပေးတော့ မဝံ့မရဲဖြင့်  ချစ်ရတဲ့ မျက်လုံးလေးကို ခပ်ဖွဖွ နမ်းပေးလိုက်ခါ သူ့လက်က ရုန်းထွက်ခဲ့မိသည်..။
အချစ်ဆိုတာ ဒီလို မျိုးလား…ထိတ်လန့်မှု ရှက်ရွံမှု ဇဝေဇ၀ါ တွေကြားမှာ ရင်ခုန်ကြည်နူး စိတ်လှုပ်ရှားခြင်းတွေနဲ့ စွဲလမ်းအောင် ပြုစားတက်တာ အချစ်များလား…။
လတ်တော့ တကယ့်ကို ချစ်မိနေပါပြီ…။
သူနဲ့သာ ဝေးရမယ်ဆိုရင်လေ…။
လတ် မီးဖိုခန်း မှာ တစ်ရာတန် ကော်ဖီ နှစ်ခွက် ဖျော်ရင်း သက်ပြင်းမောလေး ချမိသည်..။
“မိန်းမရေ….ကျွန်တော့်မိန်းမ ဖက်စတားလေး ဒေါ်မြူနှင်းလတ်ရေ…”
“အိုး..”
လတ် ကော်ဖီခွက်ကလေး ကို ဆောင့်ချလိုက်ပြီး နှုတ်ခမ်းမဲ့ဖို့ ရည်ရွယ်လိုက်ပေမဲ့ အပြုံးဘက်ကို ပိုပိုသာသာကူးခါ မဲ့ပြုံးလေး ဖြစ်သွားသည်..။
အရင်က မိန်းမလို့ အခေါ်ခံရတိုင်း စိတ်ဆိုးရပေမဲ့ အခုတော့ ရှက်သလိုလို… ရင်ခုန်ချင်သလိုလို…။
“မိန်းမ…ဟေ့…မိန်းမ….မလတ်…”
“လာပြီ…”
အခန်းဝရောက်နေခါနီးမှ အာဗြဲသံကြီးကြောင့် ဆောင့်ထူးလိုက်ပြီး အခန်းတံခါးဖွင့်ခါ ၀င်ခဲ့သည်..။
မှန်ရှေ့မှာ အကျအန ထိုင်ပြီး လက်ပြခေါ်တော့ လတ် စူပုတ်ပုတ်ဖြင့် အနားကို သွားရပ်လိုက်သည်..။
“အင့်…ချစ်လေး ခေါင်းကို ရေသုတ်ပေး..”
“အိုး…ကိုယ့်ဟာ့ကို သုတ်..”
“ဆံပင်တွေရှည်လို့ သုတ်ရမှာ ပျင်းတယ်…မိန်းမရယ်…မြန်မြန်သုတ်စမ်းပါ… နောင် အလုပ်လက်စသပ်ရဦးမယ်..”
“ဟွန့်..”
သူ ပျင်းတာကို မပြောပဲ ချက်ချင်း လုပ်ငန်းရှင်ကြီးလို အလုပ်များပြနေတာ အမြင်ကပ်စရာလေး...။
မချစ်ခင်ရမှ အေးအေးလူလူ နေခွင့်ရသေးသည်။
ချစ်ပါတယ်လို့ ခေါင်းညိတ်မိခါမှ ခိုင်းစရာတွေ စီတန်းထားလိုက်တာ... ဒီလိုမှန်း ကြိုသိရင် ခေါင်းမညိတ် ခဲ့ပါဘူးလေ။
လတ် မျက်စောင်းခဲရင်း သူ့ကမ်းပေးနေတဲ့ တာဝါကို ဆောင့်ဆွဲယူခါ ဆံပင်ရှည်လေးတွေကို တာဝါထဲ ထည့်ပြီး ခပ်ဖွဖွ ဖိချေပေးရသည်..။
ဆံပင်ပျော့ပျော့လေးတွေကို ကိုင်မိရင်း မိန်းမဆန်တဲ့ အလှတော်တော်များများ ကို ပိုင်ဆိုင်ထားတဲ့ သူ့ကို အားကျစိတ် ၀င်မိပြန်သည်..။
ရှေ့မှန်ထဲကို လှမ်းကြည့်လိုက်တော့ ခေါင်းငုံ့ထားတာတောင် နှာတံစင်းပြီး စိုရဲရဲလေး ဖြစ်နေတဲ့ နှုတ်ခမ်း ပိုင်ရှင်လေး…
သူဘေးမှာ ရပ်နေရတာက ခပ်ပုပု ၀၀ နဲ့ ညာဘက်ပါးမှာ ၀က်ခြံ အမာရွတ် ကလေး တွေ မကင်းသည့် မြူနှင်းလတ်ဆိုတဲ့ အသက်ငါးနှစ်ကျော်ကွာတဲ့ အမျိုးသမီး..။
မှန်ထဲက စုံတွဲ ပုံရိပ်ကို ငေးရင်း သူ ချစ်တယ်ဆိုတာ တကယ်များ ဟုတ်ရဲ့လားလို့ သံသယတွေ ၀င်လာသည်..။
သူ့လို မိန်းကလေး ချောချောတွေ ဝိုင်းဝိုင်းလည်နေတဲ့ ဘ၀မှာ လတ် လို တွဲသွားတွဲလာ မသင့်သည့် မိန်းမကို ချစ်တယ်ဆိုတော့….။
“ဟင်း…ဘယ်တော့မှ အကောင်းမတွေးဘူးနော်..”
“ဟင်..”
“အခုလည်း ဘာအဆိုးတွေ တွေးပြီး သက်ပြင်းချနေတာလည်း…”
လတ် စိတ်ထဲကို လှမ်းမြင်ရတဲ့ မှော်ဆရာလေးလို ခေါင်းမော့ပြီး မေးတော့ အသည်းယားလို့ အလိုအလျောက် သူ့နှာခေါင်းကို ခပ်ဖွဖွ ဆွဲပစ်လိုက်မိသည်..။
သူက လက်ကို ဆွဲကိုင်ပြီး ခါးမတ် ပြန်ထိုင်ခါ ခေါင်းငုံ့ပေးပြန်သည်..။
“နောင့်လို လူချောလေးက လတ် ကို ချစ်တယ်ဆိုတာ တကယ်မှ ဟုတ်ရဲ့လားလို့ စဉ်းစားနေတာပါ…”
မလတ် ရဲ့ ခပ်တွေးတွေး စကားလေးထဲမှာ သူ့ကိုယ်သူ လတ်လို့ သုံးသွားတာလေး သတိထားမိတော့ နောင် ပြုံးလိုက်မိသည်..။
တော်တော်လေးကို တွေးနိုင် ဆွေးနိုင်သည့် မလတ် ပါပဲ..။
ဘာကြောင့်လည်း ဘာအတွက်လည်း မေးလာရင် အဖြေမရှိတဲ့ အချစ်နဲ့ ချစ်တာပါ ဆိုရင် လက်ခံပါ့မလား..။
အချစ်ကို ပေါ့ပြတ်ပြတ် ထင်သွားမှ ဒုက္ခ…။
“မလတ်ကို နောင် က တွေ့စကတည်းက ချစ်တာပါ…”
“အပို…”
ခေါင်းကို ရေသုတ်နေရင်းက ဖိတွန်းတော့ နောင် ရှောင်လိုက်ပြီး မလတ် ရဲ့ လက်ဖောင်းဖောင်းလေးကို ပခုံးပေါ်မှ ဆွဲချခါ ကိုင်ထားမိသည်..။
“မလတ် ကို နမ်းမိကတည်းက ချစ်သွားတာပါ..”
“....”
“အဲဒီ့နောက်ပိုင်း လည်းချစ်တယ်…အဲဒါကြောင့် မလတ်တို့ အိမ်စုတ်လေးမှာ ကျူရှင်လာတက်ရတာလေ..တကယ်နော်...အဲတုန်းက မလတ်က ကြောက်ဖို့ကောင်းသလိုပဲ..ဒါမှမဟုတ် အနမ်းတွေ ခိုးယူ မိလို့ မလုံမလဲ ဖြစ်ပြီး ကြောက်နေမိတာလား မသိဘူး..စာမေးပွဲပြီးလို့
မလတ် နဲ့ နောင် ဝေးနေတော့လည်း မုန်းပေမဲ့ မေ့မရဘူးလေ…မလတ်ကတော့ နောင့်ကို မေ့သွားတယ်မလား..နောင်ကတော့
ဖုန်းသီချင်းသံကြားတိုင်း မလတ်ကို မြင်ယောင်ပြီး သတိရတယ်..
ပြန်တွေ့တော့လည်း မုန်းချင်ပေမဲ့ ပိုချစ်တယ်…မလတ် ၀တုတ်ကလေး ဖြစ်နေတာတွေ့တော့ နောင် အံ့သြပြီး ရယ်မိသေးတယ်…မလတ် ၀တုတ်လေး နဲ့ ငါသာ ယူလိုက်ရင် တော်တော် လိုက်ဖက်မဲ့ စုံတွဲဖြစ်မှာလို့လေ…မလတ် ကို မလတ် မို့လို့ကိ်ု ချစ်နေတာပါ…”
လက်ပြည့်ဖောင်းဖောင်းလေးကို ယူပြီး နှုတ်ခမ်းဖိကပ်နမ်းလိုက်တော့ မလတ်က ရှက်ပြုံးလေးဖြင့် ပြုံးစေ့စေ့ ခေါင်းငုံ့ သွားတာကို ချစ်စိတ်ဖြင့် မှန်ထဲမှ ဆိုက်ကြည့်နေမိသည်..။
နောင့်အချစ်စိတ်ကြောင့် မလတ်က သူမတူတဲ့ ဧကရီတစ်ပါးအသွင်ပါ မလတ်ရယ်..။
.
“နောင်..စျေးဘယ်မှာလည်း သိလား..”
“အင်း…”
“လိုက်ပို့လို့ရလား…ခုနှစ်နာရီထိုးနေပြီ..”
“ရတယ်…ပိုက်ဆံ ကျန်သေးလား..”
“အင်း..သုံးသောင်းကျော်လေးပဲ ကျန်တော့တယ်…တော်သေးတာပေါ့.. မီးဖိုချောင် ပစ္စည်းတော်တော် များများက သော်တာတို့ သုံးလက်စမို့လို့…မဟုတ်ရင် အစအဆုံး ၀ယ်ရမှာ မစားသာဘူး..”
“ဟင်း…နောင့်မိန်းမကလည်း ညီးတက်လိုက်တာဗျာ…အချိန်တန်တော့လည်း သူ့အလိုလို အဆင်ပြေသွားမှာပေါ့ မိန်းမရဲ့..”
“အပြောကောင်း…ညီးတာပေါ့…မဖြစ်ပါဘူး…အလုပ်ရှာကြည့်ဦးမယ်…”
“မရဘူး..မရဘူး…နောင်လည်း အခု အလုပ် နှစ်ခု လုပ်နေရတာ မလတ် အကြိုအပို့ လိုက်ပို့ဖြစ်မှာ မဟုတ်ဘူး..မလုပ်ရဘူး..စိတ်မချဘူး..”
“ဒီလောက် ၀တုတ်ကြီးကို ဘယ်သူမှ မခေါ်ထားဘူး..”
“ဘာ မခေါ်ဘူးလည်း…တစ်ဘ၀လုံး တာ၀န်ယူမဲ့ ကောင်က အိမ်မှာ လာတောင်းမယ်ဆိုလို့ စိတ်တိုရတာ တစ်မျိုး…ဟိုတလောကပဲ အကိတ်ကြီးဆိုလို့ ဆွဲထိုးခဲ့ရသေးတယ်လေ…”
နောင် ကိုယ့်လက်သီးဆုပ် ၍  ပြန်ကြည့်ပြီး မလတ် မျက်နှာနားကို ကပ်ပြတော့ နှာခေါင်းလေးရှုံ့ပြီး နောက်ကို တွန့်သွားခါ ရေချိုးခန်းထဲ ၀င်သွားသည်..။
နောင် အ၀တ်ဘီဒို တံခါး ဖွင့်လိုက်ပြီး အ၀တ်အစားတွေကို ကြည့်ရင်း တပည့်ကျော် မိုးဝေကို စိတ်ထဲက ချီးကျူးမိသည်..။
မနက်စောစော ဖုန်းဆက်ပြီး ဂိုဒေါင် အပေါ်ထပ် အခန်းထဲက အ၀တ်အစားတွေ ရွေ့ထားဖို့ အမိန့်ပေးခဲ့တာ နှစ်နာရီ အတွင်း အားလုံး အဆင့်သင့် ဖြစ်နေပြီလေ..။
အဖြူပေါ် စာတန်း အနက်ရောင် ပါသည့်  တီရှပ်ကို ဆွဲထုတ်လိုက်ခါ စတိုင်ပန် အနက်ကိုပါ တစ်လက်စတည်း ထုတ်လိုက်သည်..။
နောင် အ၀တ်အစားလဲပြီး ခေါင်းဖြီးတော့မှ မလတ် က ရေချိုးခန်းထဲက ရေစို ပုဆိုးနဲ့ ဘောင်းဘီကို ကိုင်ရင်း ထွက်လာသည်.။
“ဟောတော့…”
“ဘာဖြစ်လည်း..မြိုသိပ်မထားနဲ့ ပြောလိုက်စမ်းပါ…”
နောင့်ကို ကြည့်ရင်း မျက်လုံးလေး ပြူးခါ နှုတ်ခမ်းလေး ခပ်ဟဟ ဖြစ်နေတော့ စကားကြောင်းပေးလိုက်သည်..။
မလတ် က ထုံးစံအတိုင်း မ၀န်ခံပဲ မျက်စောင်းလေး ဝဲခါ ပြုံးစေ့စေ့ဖြင့် အခန်းထဲက ထွက်သွားပြန်သည်..။
ဒီကောင်လေး ချောလိုက်တာ ရေလည် လန်းနေတယ်လို့ တွေးနေပြီးတော့ မရိုးမသားစိတ်နဲ့ သူက ရှက်ပြနေသေးတယ်…မိန်းမ တွေ အသက်ကြီးလာရင် မြိုသိပ်ကြိတ်မှိတ်ရင်း  သိပ်အပိုလုပ်…။
နောင် ဆံပင်တွေကို တစ်ချက်ခါ ပြီး နဖူးပေါ် ဝဲကျလာသည့် ဆံပင်ရှည် နှစ်ချောင်းကို ဒီတိုင်းထားခါ အခန်းထဲက ထွက်လာခဲ့လိုက်သည်..။
“မိန်းမရေ…ဒိုးမယ်လေ..”
“အင်း…ကော်ဖီ နှစ်ထုတ်တွေ့လို့ ဖျော်ထားတယ်…သောက်ဦးမလား..”
“အို..”
လတ် မိးဖိုခန်းက အ၀တ်စင် ကို ခြံထဲ မှာ နေရာချပြီးလို့ လက်ဆေးနေချိန် ခါးပေါ်ကို လက်ရောက်လာတော့ လန့်သွားရသည်…။
“ယောင်္ကျားရေ…ကော်ဖီလေး သောက်လိုက်ပါဦးလို့ ပြော…ကြားလား..”
“မပြောတက်ဘူး..”
ဘုဆက်ဆက် အဖြေကြောင့် နောင် တင်းပြီး ပါးကို နှာဖျား တစ်ဆုံး နစ်၀င်သွားအောင် တိုးနမ်းပစ်လိုက်သည်..။
အဲဒါမှတ်ထား…နောက်တစ်ခါ စကားနားမထောင်ရင် ဒီထက် ပိုနစ်နာမယ်မှတ်…။
နောင် စိတ်ထဲ တွေးနေတုန်းရှိသေး မလတ်ရဲ့ လက်ဆစ်တွေက နဖူးဆီ ဝဲပျံခါ ဒေါက်ခနဲ ဖြစ်သွားသည်..။
“အ…”
“လာ..လာ..မြန်မြန်…ကော်ဖီလည်း ပြန်လာမှ သောက်ချင်သောက်..စျေးက နောက်ကျလို့မဖြစ်ဘူး…..ဟယ်…..”
လက်ကို အတင်းဆွဲဖြုတ်ပြီး ဆွဲခေါ်လာရင်း ပါးစပ်အဟောင်းသားဖြင့် ရပ်တန့်သွားတော့ နောင်လည်း ကြောင်ကြည့်နေမိသည်..။
“ဘာဖြစ်တာလည်း..”
“ထမင်းဘူး..”
“ဟမ်…”
“နင့် ထမင်းဘူး ကျန်ခဲ့ပြီ…”
“အဟား…ဟား…ပြန်သွားယူမယ်လေ…နောင် လည်း ကိုအောင်ဦးကို ပြောစရာ ရှိတယ်…”
“ဘာလည်း…”
“သြော်…ညက ချောင်းမဲ့သူ မရှိလို့ ပျော်ဖို့ကောင်းတယ်လို့…”
“ဟဲ့…”
နောင့်ကို မျက်ခုံးလေး တွန့်ပြီး လှည့်ကြည့်တော့ ပခုံးကို ဆွဲဖက်ပြီး အိမ်ပြင်ကို ထွက်လာခဲ့လိုက်သည်..။
ပီဇာကို သူ့ အိမ်ထဲမှာ မတွေ့တော့ ခေါ်ကြည့်လိုက်မှ ကားထည့်တဲ့ အခန်းဘက်က ပြေးထွက်လာသည်…။
“ဟေ့ကောင်….မင်း…အိမ်မှာပဲ ထိုင်စောင့်နော်…ဒီမှာ ကြည့်ထား…”
မလတ် ကို ရှေ့တွန်းပြီး လက်ညိုးထိုးသေချာ ပြခါ…
“ဒီ ၀က်ကလေး ခြံထဲဆင်းလာတာနဲ့ ကိတ်တဲ့ နေရာမှန်သမျှ အကုန်ကိုက်ပစ်လိုက် ကြားလား..”
“ဝုတ်..”
“ဟဲ့…”
“ဟား..ဟား…ဂွဒ်မိုင်ဘွိုင်း…”
သူ့ ခွေးကို ပွတ်သပ်နေတုန်း လတ် ကပျာကယာ ကားအနားမှာ ကွယ်ပြီး မတ်တက်ရပ်စောင့်နေရသည်..။
လတ် ဇစ်ဆွဲ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်တော့ ငွေ တစ်သာင်းသာ ထည့်လာသည်။
ဟင်း...ဒီကားကြီး စျေးကြီးမယ်ဆိုတာ သိပေမဲ့ ကားနဲ့ စျေးသွားရတိုင်း ချမ်းသာနေတာမှ မဟုတ်တာပဲ..ကား အဖြူကို ငေးရင်း စျေးသွားဖို့တောင် မလုံမလဲ ဖြစ်မိသည်။
ကားထဲရောက် တော့လည်း ကားကို စက်နှိုးပြီး ရေမွှေးဘူး အနက်ရောင်လေးထောင့် ပုလင်း ကို ထုတ်ခါ သူ့လည်တိုင် ကို ဖြန်းသည်..။
လတ် မျက်စောင်းဝဲလိုက်ပေမဲ့ နှာဖျားဝရောက်လာသည့် အနံ့ကြောင့် မျက်လုံးပြူးရင်း သေချာ ကြည့်မိသည်..။
“ဆွတ်မလား..”
သူက လတ်ကို တစ်ချက်ကြည့်၍ ပုလင်းကို အဖုံးပိတ်ပြီး လှမ်းပေးတော့ ခေါင်းရမ်းငြင်းဆန်မိခါ…
“နောင် အဲ့ဒီ့ရေမွှေးကို အိမ်ယူလာသေးလား..”
“အိမ်..”
“ဟို အခန်းမှာ နေတုန်းကလေ…”
“မယူပါဘူး…ကားထဲမှာပဲ ထားတာလေ…ဘာဖြစ်လို့လည်း..”
“ဒီ ရေမွှေး တစ်မျိုးပဲ သုံးတာလား..”
“အင်း..ဘန်ကောက်မှာ နေတုန်းက ကိုမောင့်ရေမွှေးပုလင်းတွေ မွှေရင်း ဒီအနံ့ကြိုက်လို့ စသုံးဖြစ်တာ…အများကြီးထားရင် အလုပ်ရှုပ်လို့ ဒါကုန်ရင်လည်း ဒါပဲ ထပ်၀ယ်သုံးလိုက်တာလေ…မဟုတ်သေးပါဘူး..ဘာဖြစ်လို့လည်း လို့ မေးနေတာကို မဖြေဘူး..”
“မွှေးလို့ပါ…”
“လုပ်ပြီ…ရေမွှေးပဲ မွှေးတာပေါ့..”
“အမြဲစွဲသုံးလို့ဖြစ်မယ်..နောင့်ကိုယ်သင်းနံ့က အဲ့ဒီ့ အနံ့ဖြစ်နေတယ်…”
“ဟမ်…”
နောင် မျက်ခုံးပင့်စဉ်းစားရင်း နည်းနည်းချင်း သဘောပေါက်လာတော့မှ အော်ရယ်မိတော့သည်..။
မလတ်က မျက်မှောင်လေး ကြုတ်ခါ နှုတ်ခမ်း တဖြည်းဖြည်း စူလာတော့မှ ရယ်တာ ကို အရှိန်သတ်လိုက်ပြိး ပါးလေး ကို ဆွဲလိုက်သည်…။
“မှန်မှန်ပြောစမ်း…ဘယ်အချိန်ကလည်း ခိုးရှိုက်နေတာလည်း..”
“အိုး..”
ပါးလေး နှစ်ဖက် ပန်းရောင်နုလေး ပြောင်းသွားခါ တစ်ဖက်ကို လှည့်သွားတော့ နောင် ကားကို ခြံထဲက မောင်းထွက်ခဲ့လိုက်သည်..။
လမ်း တစ်လျှောက် စကားမပြောပဲ နေပေမဲ့ ရေမွှေးနံ့တော့ ခိုးရှိုက်နေတာပဲမလား မလတ်ရဲ့…။
နောင် စျေးရှေ့ရောက်တော့ ကားကို ပါကင်ထိုးဖို့ နေရာ ပတ်ရှာရသေးသည်..။
“ဒီကပဲ စောင့်မလား..”
“လိုက်မယ်…စိတ်မချဘူး..”
နှုတ်ခမ်းမဲ့ပြီး ကားတံခါးဖွင့်ခါ ဆင်းသွားတော့ နောင်လည်း နောက်က ပြေးလိုက်ရတော့သည်..။
ဒီမိန်းမ စျေးထဲရောက်ရင် Y2K ကျနေရောပဲ လှစ်ခနဲ့ လှစ်ခနဲ့ ပျောက်သွားတက်တာ သိနေတော့ အနားမှာ ကပ်နေရသည်..။
“မလတ်..”
“ဟမ်…”
“အနားကိုတိုးနေ..”
“ဘာဖြစ်လို့လည်း..”
“သြော်..ကောင်မလေးတွေ တအားကြည့်တော့ မလတ် ကို အားနာလို့ပါ….”
လတ် တံတောင်နဲ့ တွတ်လိုက်ပြီး ပုစွန်ဆိုင်ရှေ့မတ်တက်ရပ်လိုက်တော့ သူက နောက်ကို တစ်လှမ်းဆုတ်ခါ ရပ်ကျန်ခဲ့သည်.။
ကောင်းတယ်…အပြတ်ပြင်ဆင်ထားပြီး သားစိမ်းငါးစိမ်းစျေးထဲ လိုက်ချင်တာလေ…။
“ပုစွန် ဘယ်စျေးလည်း..”
“ထောင့်သုံးရာစျေးပါ..”
“တစ်ပိသာ ပေးပါ အန်တီ..”
“ဟဲ့..”
နောက်ကနေ လက်ပိုက်ရင်း လှမ်းအော်တော့ စျေး၀ယ်သူတွေပါ ကြည့်ပြီး ပြုံးစေ့စေ့ လုပ်သွားကြသည်..။
ဟူး…ရုပ်ကလေးသနားကမားနဲ့ လမ်းလည်ခေါင်မှာ အော်နေတာ အရှက်ကတော့ လုံး၀ကို မရှိတဲ့ ကောင်စုတ်လေး…။
“အိုး..”
“ဟယ်…မိလတ်မလား..”
“အေး…သီတာ..”
“ဟုတ်ပါ့ဟယ်..မတွေ့တာကြာတော့ ပိုတောင် ၀လာသလား နင်…”
“အဟဲ…အလို ဖြစ်နေတယ်…”
သီတာလို ပိန်ပိန်သွယ်သွယ် မို့မို့ဖောင်းဖောင်းလေးကို ကြည့်ရင်း လတ် ရယ်ကြဲကြဲဖြင့် ခေါင်းညိတ်လိုက်ရသည်…။
ကိုယ်နဲ့ မဆန့်လို့ ဖြတ်မသွားရတဲ့ ဟင်းရွက်ဆိုင် နှစ်ခုကြားထဲက သူဖြတ်လာနိုင်တာပဲကြည့်လေ…။
အိုး…ရှုလိုက်တဲ့ လေမှာများ လတ်အတွက် ဝစေတဲ့ဆေးတွေ ပါနေသလား မသိပါဘူး..။
“နင် အိမ်ထောင်ကျသွားပြီဆို…နင့်ယောင်္ကျားက သူဌေးသား ငယ်ငယ်ချောချော လေးဆိုဟဲ့..”
“အေး.နင့်ကို ဘယ်သူပြောလည်း..”
“မိဇာ ပြောတာလေ…”
“အို ဒီကောင်မလည်း..အဟွင်း..အဲလိုပါပဲ…”
“နင့် ယောင်္ကျားပါလား..”
“အင်း..ဟိုမှာ ရပ်နေတယ်…”
သီတာက လှည့်ကြည့်ပြီး လိုက်ရှာရင်း လတ် လက်ညိုးညွန်ပြတဲ့ နေရာမှာ ရပ်စောင့်နေတဲ့ သူ့ကို မြင်သွားတော့ ပါးစပ်အဟောင်းသားဖြစ်သွားသည်..။
“အမလေးဟယ်..ချောလိုက်တာ…မင်းသားကျနေတာပဲ…နင်နဲ့ တကယ်မလိုက်ဘူး သိလား..လူတွေက မတန်ဘူးဆိုပြီး မေးငေါ့မှာပဲ…နင် သူနဲ့ အပြင်တွေဘာတွေ သိပ်မထွက်သင့်ဘူး..ဟဲ့..စိတ်မဆိုးနဲ့နော်…ကိုယ့်သူငယ်ချင်းကို သူများတွေ ပြောမှာ မကြိုက်လို့ပါ..”
“အေး..အေး…မထွက်ဖြစ်ပါဘူးဟယ်..အခုလည်း စျေးမသိလို့ သူ လိုက်ပို့တာပါ..”
“အေး..ယောင်္ကျားပီပီ သသ နဲ့ တော်တော်ချောတယ်ဟ…ကောင်မ နင်တော့ ကံကောင်းလိုက်တာ…တကယ်ပဲ…အိုး..မေ့နေတာ ရုံးသွားရဦးမယ်…ငါ သွားလိုက်ဦးမယ်..”
“အေး..အေး..”
သူငယ်ချင်းဖြစ်သူနဲ့ နှုတ်ဆက်လိုက်မိခါမှ စိတ်ဓာတ်တို့ တစ်စစီပြိုလဲမြေခကုန်ပြီလေ…။
အမလေးနော်…ဘာဖြစ်လို့များ..လူတွေက သူ့ကို မင်းသားလို ချောတယ်လို့ချည်း ပြောနေတာလည်း..လတ် မျက်လုံးထဲမှာတော့ လတ် အသည်းကျော် အောင်ရဲလင်းနဲ့ တစ်စက်ကလေးမှတောင် မတူပါဘူး…ဒီမင်းသားလို  ကောင်စုတ်လေးကို ဘာလို့များ ချစ်မိတာလည်း..။
တကယ်ဆို ကိုယ့်လောက် နီးနီး ၀တဲ့ သူကိုသာ လက်ထပ်မိခဲ့ရင် ခုချိန် ဒီလို အပြောခံရမှာ မဟုတ်ဘူး..။
ကိုယ် မပိန်မဲ့ အတူတူ လိုက်ဖက်ညီသွားအောင် သူ့ကို ဝအောင် လုပ်ရမည်…
သီတာ စကားကိုပြန်ကြားယောင်ရင်း မကျေမနပ်ဖြစ်ခါ
အဆီအစိမ့်တွေချည်းလိမ့်ကျွေးပစ်ဦးမယ်လို့ တွေးရင်း ကုန်ခြောက်ဆိုင်တန်းဘက်ကို ခပ်သွက်သွက် လျှောက်လာခဲ့လိုက်သည်..။
.
“မိန်းမရေ…သွားရတော့မယ်..”
“အမ်း..လာပြီ…”
လတ် အသစ်၀ယ်လာတဲ့ သုံးဆင့်ချိုင့်လေးကြောင့် ငွေခြောက်ထောင် ပျံ့ထွက်သွားပေမဲ့ အပြစ်မဆိုရဲ…
မဟုတ်ရင်  ကိုအောင်ဦးဆီ တစ်ခါရောက်ပြီး ဖောက်သည်ချနေမှာ စိုးရသည်..။
လတ် ဝိတ်ချမရမဲ့ အတူတူ အားလူကြော်ရယ် ..မြေပဲထောင်းငရုတ်သီးကြော် အရည်သောက်က ပဲချိုဟင်း…
ဘာကျန်သေးလည်း…အိုး..ပဲနို့ဘူးလေး…။
လတ် အားလုံးကို သိမ်းကျုံးကိုင်ပြီး ထွက်လာတော့ စာရွက်တွေကို ဖိုင်တစ်ခုထဲ ညှပ်နေရင်းက မော့ကြည့်သည်..။
“အိမ်သစ်ရောက်တော့ ထမင်းချိုင့် အသစ်လေးပါလား…ဟင်းတစ်မျိုးတည်းနဲ့ သုံးဆင့်ဆိုတော့ ရှက်စရာကြီး..”
“ဟင်းသုံးမျိုးပါရှင်..”
စားပွဲပေါ် ထမင်းချိုင့်ကို ချလိုက်တော့ ပခုံးတွန့်ပြီး လုပ်လက်စ ပြီးအောင် ပြန်လုပ်ခါ ချိုင့်ကို ဆွဲယူသည်..။
“သြော်..နောင်..”
“ဟမ်..”
“ဒီမှာ နေ့ခင်း..ထမင်းစားပြီးရင် သောက်ဖို့ ပဲနို့ အချိုရည်..”
“ဟမ်…”
နောင် နားမလည်လို့ တစ်ခါ ထပ်မေးလိုက်တော့ မယုံကြည်စရာ အြ့ပုံးလေးဖြင့် အနားကို ရောက်လာခါ ကလေးတွေ သောက်တဲ့ ပဲနို့ဘူး အပြာရောင်လေး လှမ်းပေးသည်..။
“တကယ်လား..”
“ဘာလည်း…နေ့ခင်းကျရင် ပင်ပန်းနေမှာစိုးလို့ မသောက်ချင်ရင် ပြန်ပေး..ငါးရာကြီးများတောင် ပေးရတယ်..”
“အိုး..မိန်းမက စေတနာနဲ့ တိုက်တာပဲ သောက်မှာပေါ့…လာဦး..လာဦး…အနားလာ…”
ထမင်းချိုင့်နဲ့ စာရွက်တွေကို တွဲကိုင်ပြီး အအေးဘူး ကိုင်ထားတဲ့ လက်ဖြင့် ဆွဲခေါ်တော့ အနားကို တွန့်ဆုတ်ဆုတ်လေး ရောက်လာသည်..။
နောင် ပြုံးရင်းမေးဖျားလေးကို ပဲနို့ဘူးဖြင့်တွန်းမော့ခါ နှုတ်ခမ်းလေးကို တစ်ရှိုက်တမေ့ နမ်းလိုက်သည်..။
ခေါင်းလေး ငုံ့ပြီး ရှက်တက်နေသေးတဲ့ မိန်းမဖြစ်သူကို လက်ဆွဲခါ ကားအနားရောက်တဲ့ အထိ ခေါ်ခဲ့သည်..။
“သွားတော့မယ်..လိမ်လိမ်မာမာနေနော်…ခြံထဲကမထွက်နဲ့ ဟေ့ကောင် ပီဇာ..”
သူ့ခွေးကို နာမည်ခေါ်ပြီး မျက်လုံးကို လက်နှစ်ချောင်းညွန်ပြခါ လတ် ဘက်ကိုလည်းလက်ညွန်ပြသေးသည်..။
ခွေးက သူစကားကို သဘောပေါက်သလို တစ်ချက်ထိုးဟောင်တော့လတ် ကိုယ်လေးတုန်သွားရသည်..။
ကားပေါ်ရောက်သွားတော့ စိတ်ထဲမှာ ခေါင်းစဉ်တပ်မရတဲ့ ခံစားမှုဖြင့် ၀မ်းနည်းလာပြန်သည်..။
ကားစက်နှိုးသံကြောင့် ရင်တွေတုန်ပြီး ကားတံခါးကို လက်ဖြင့်ကိုင်လိုက်မိသည်..။
အရင်လို ပေစုတ်စုတ်ပုံစံနဲ့ ပိုက်ဆံ ငါးရာ တောင်းပြီး အလုပ် သွားတာမှ မဟုတ်တာပဲ...။
သူ့ အရင် ပတ်ဝန်းကျင် ကို ရောက်သွားပြီမို့ လတ်ဆီကို ပြန်မလာတော့ရင် လို့ တွေးပူခါ မျက်ရည်စို့ချင် လာသည်။
“အဟွင်း…လေးနာရီပြန်လာမယ်…ချစ်တယ်နော် .မိန်းမ.…”
လတ် ခေါင်းညိတ်ပြီး မဝံ့မရဲဖြင့် ကားထဲ ခေါင်းငုံ့သွင်းခါ သူ့ညာဘက်မျက်ခုံးအောက်ပိုင်းလေးကို နမ်းမိသည်..။
ချစ်တယ်လို့ တဖွဖွ မပြောတက်ပေမဲ့ ငါ့နှလုံးသားထဲမှာ နင်သာ ဘုရင်ပါ နောင်ရယ်…။
ကားလေး ထွက်သွားတော့မှ ခြံတံခါးသော့ပိတ်ခါ ခွေးကို တစ်ချက်ကြည့်ပြီး မြန်မြန်ပြန်တက်ခဲ့ရသည်..။
.
“အိုး..ပဲဟင်း ကြီးလား..”
“ကြာဇံတွေကော….ဟူး..”
နောင် နေ့လည် ထမင်းစားချိန် ချိုင့်ကို ဖွင့်လိုက်တော့ ထမင်းအောက်ဆင့်မှာ ပဲဟင်းခွက်က စီးကြိုနေသည်..။
နောက် တစ်ဆင့်ကို ချလိုက်တော့ အားလူးကို အပြားတွေပူးကပ်နေအောင် ပျော့ပျော့ကြီး ကြော်ထားတာ ကြည့်ရတာ အဆင်မပြေ…။
ဘေးက ခွက်ထဲမှာ နီရဲရဲ မြေပဲတွေကို ငရုတ်သီးဖက်တွေဖြင့် ကြော်ထားသည်..။
“ဒါပဲပေါ့လေ…”
နောင် မကြိုက်သော်လည်း မလတ် အချိန်မှီိ ချက်ပေးတာမို့လို့ စိတ်ကို မေ့ပြီး တာ၀န်ကျေ ခပ်သွက်သွက် စားလိုက်သည်….။
ထမင်းစားပြီးတော့  လပ်တော့ပ်ဖြင့် ဒီဇိုင်းရွေးနေရင်း ရေဆာလာပြန်သည်..။
ရေဘူးဆီ ရောက်ပြီးသွားမှ မနက်က ယူလာတဲ့ အအေးဘူးကို သတိရတော့ ဖောက်သောက်ရင်း နံပါတ်၀မ်းကို နှိပ်ခါ ဖုန်းခေါ်မိသည်..။
“၀လုံးလေး…သူဟာ🎼…၀လုံးလေး…ကျွန်တော့် အတွက်တော့ ဖက်လို့ကောင်းတဲ့ 🎼 ဖက်လုံးလေး…၀လုံးလေး…သူဟာ..အလှဆုံးလေး…ကျွန်တော့်  ဘ၀အတွက်….ပဲ့ကိုင်ရှင်…နတ်သမီးလေး…၀လုံးလေးက လှတယ်ဗျာ…မျက်၀န်းထဲက ထုတ်တောင်မရ….တသက်လုံး အမြဲတမ်း….ချစ်မှာပါ….အချိန်တွေတိုင်း..နာရီတိုင်း…မင်းအနားရှိမှာ…၀လုံးလေး…သူဟာ…၀လုံးလေး…”
“ဘာရောင်းတာပါလိမ့်..”
သီချင်းသံတွေ အိမ်ရှေ့ခန်းက ကြားနေလို့ လတ် ထမင်းစားနေရင်း မီးဖိုခန်းထဲက ထွက်လာခဲ့ရသည်..။
ခြံရှေ့က မဟုတ်ပဲ အိမ်ရှေ့ခုံတွေဆီက အသံထွက်နေတော့ လတ် မျက်လုံးကို တစ်ပတ်လည်အောင် လိုက်ရှာနေမိသည်..။
“၀လုံးလေး…သူဟာ…🎼၀လုံးလေး…ကျွန်တော့် အတွက်တော့ ဖက်လို့ကောင်းတဲ့ ဖက်လုံးလေး…၀လုံးလေး…သူဟာ..အလှဆုံးလေး…ကျွန်တော့် ဘ၀အတွက်….ပဲ့ကိုင်ရှင်…နတ်သမီးလေး…၀လုံးလေးက လှတယ်ဗျာ…မျက်၀န်းထဲက ထုတ်တောင်မရ….တသက်လုံး အမြဲတမ်း….ချစ်မှာပါ….အချိန်တွေတိုင်း🎼..နာရီတိုင်း…မင်းအနားရှိမှာ…၀လုံးလေး…သူဟာ…၀လုံးလေး…🎼”
သီချင်းသံကို နားထောင်နေရင်း ဖုန်းကျန်ခဲ့တာ များလားလို့ သတိရသလို သီချင်းစာသားကြောင့် ပြုံးမိမလိုလို ဖြစ်သွားသည်..။
ခုံပေါ်မဂ္ဂဇင်း အောက်မှာ အသံကြားတော့ စာအုပ်ကို ဖယ်လိုက်ချိန် ဖုန်းမျက်နှာပြင်မှာ ပေါ်နေတာ ကျွန်မလင် မောင်ဘုရင်…
သြော်…ကျွန်မလင်တော်မောင်လေး ဆက်နေတာကိုး…။
လတ် ဘယ်လက်ဖြင့် အစိမ်း ခလုတ်ကလေးကို ဆွဲခါ နားမှာ ကပ်လိုက်သည်..။
“အိုး..မလတ် ဘယ်သွားနေတာလည်း..”
အသံကျယ်ကျယ်ဖြင့် ဆောင့်အော်နေတော့ လတ် မျက်မှောင်ကြုတ်ရင်း နှုတ်ခမ်းတောင် စူချင်ချင် ဖြစ်သွားသည်..။
“ဘယ်မှာ မသွားဘူး..”
“မလတ်ကို ဖုန်းခေါ်နေတာ ကြာလှပြီ..”
“မသိဘူးလေ…အသံကြားပေမဲ့ တစ်အိမ်လုံး လိုက်ရှာနေရသေးတယ်…စာအုပ်အောက်မှာ ထားခဲ့ပြီးတော့…”
သူ့ထက် အသံမြှင့်ပြီး ရန်တွေ့တော့မှာ ရယ်သံ တစ်၀က်ဖြင့် ဆောရီး တော့သည်..။
လူကို အော်ဖို့ကြိုးစားနေရအောင် သူညီမလေးလည်း မဟုတ်ပဲနဲ့…ဟွင်း..။
“နောင်က အရင်လို ဒေါ်ပုတို့ အနားမှာ မရှိပဲ မလတ် တစ်ယောက်တည်း ဆိုတော့ စိတ်ပူလို့ပါ...အခုဘာလုပ်နေလည်း..”
“ထမင်းစားနေတယ်… ဘာပြောမလို့လည်း..”
“သြော်…မလတ်ထည့်ပေးလိုက်တဲ့ အအေးလေးသောက်ရင်း လွမ်းတယ်လို့…”
“အပိုတွေ….ဒါပဲမလား..”
“အင်း…ချစ်တယ်နော်…နောင့် ဖက်စတားလေး..”
“အမ်း…”
“ဘယ်လို အမ်းလည်း…ပြန်ပြောဦး…”
သူ့ရဲ့ လေသံ ခပ်စပ်စပ် မာကျောကျော ကြောင့် လတ် နှုတ်ခမ်းမဲ့မိသည်။
“ဟုတ်ကဲ့…ချစ်ပါတယ်…ကျွန်မလင်လေး မောင်ဘုရင် သတိုးမင်းနောင်ရေ…”
“ဟိတ်..ဘာလင်လေးလည်း…ဖွ…ဖွ….ကျစ်..မလတ် စကားကြီးကလည်း…”
သူ့ရဲ့ စိုး၇ိမ်တကြီး ဟန့်တားမှုကြောင့် လတ် ဟက်ခနဲ ရယ်မိပြီး မြိုသိပ်ခါ  ပြုံးစေ့စေ့ဖြစ်သွားသည်..။
ပေါက်ပေါက်ရှာရှာ သူမို့ တွေးတက်တယ်…
တကယ့်ကို ဆက်ဆက်ထိမခံတဲ့ ကောင်လေး…။
“ဘယ်လိုပြောရမလည်း…”
“ချစ်ပါတယ် နောင်လေးရေ...မဟုတ်ရင် ယောင်္ကျားရေ အရမ်းချစ်တယ်နော် အာဘွား....အဲလိုပြော...”
မိန်းမအသံလိုမျိုး ခပ်တိုးတိုး ခပ်နွဲ့နွဲ့ ပြောပြတော့ လတ် မရယ်ပဲ မနေနိုင်လို့ အသံတိတ် ကြိတ်ရယ်မိသည်...။
တစ်ခါ ဒင်းလေး သိရင် စိတ်ဆိုးပြီး ရစ်နေမှာ စိုးလို့ ....
"ချစ်တယ်နော်…နောင်လေးရေ….ရပြီလား..”
“ဟဲ…ဟဲ….အဲလို ပြောစမ်းပါ…မွ…”
ဖုန်းကျသွားတော့ ထမင်းစားပွဲမှာ ထိုင်၍ လတ်တစ်ယောက်တည်း.. ပြုံးနေမိဆဲ…။
လက်ထဲက ဖုန်းကို ကြည့်ရင်း ဖုန်းလာတဲ့
သီချင်းလေးက နားထောင်လို့ကောင်းသား….သူပြန်လာရင် ထပ်ဖွင့်ခိုင်းပြီး နားထောင်ကြည့်ဦးမယ်..။
စာသားအကုန် မမှတ်မိပေမဲ့ ၀လုံးလေး…သူဟာ ၀လုံးလေး…ဆိုတာ မှတ်မိတော့ ထမင်းဝါးရင်းဖြင့်တောင် ပြုံးစေ့စေ့ ဖြစ်သွားသည်..။
.

စွဲနေပြီWhere stories live. Discover now