Part 12

5.9K 284 3
                                    

စွဲနေပြီ
အပိုင်း (၁၂)
#စွဲနေပြီ

“ဟင်..ဘာလုပ်တာလည်း..”
လတ် ရေချိုးဖို့ ထဘီရင်လျားဖြင့် ရေတွင်းမှာ ရေခပ်နေတုန်း အနံ့ တစ်ခုကြောင့် လူက အလိုလို သတိထားမိသွားသည်..။
နောက်ကို လှည့်ကြည့်လိုက်တော့ မျက်လုံးပြူးပြီး စူးဆိုက်ကြည့်နေတာမို့ လတ် တစ်ကိုယ်လုံး ကြက်သီးပင်ထမိသည်.။
“ရေခပ်မလို့….ငါ့ညီမ ရေခပ်နေတာလား..”
“ဟုတ်တယ်…”
“အစ်ကို ခပ်ပေးရမလား…”
“မလိုပါဘူး..”
ရင်ဘတ်ပေါ် ရောက်နေတဲ့ အကြည့်တွေကြောင့် လတ် ရေချိုးချင်စိတ်တောင် ပျောက်ပြီး ခြေလက်ဆေးခါ အခန်းဘက်ကို ပြန်လာခဲ့လိုက်ရသည်..။
လူကို ကြည့်ရင် မျက်လုံးပြူးဖြင့် အာသာငမ်းငမ်း ကြည့်တက်သလို အရက်နံ့ကလည်း အမြဲတမ်း ထောင်းထောင်းထနေသည်..။
ဟင်း..ဟိုကောင်စုတ်ကလေးကလည်း အလုပ်မလုပ်ရင် အိမ်မှာ နေမယ် မရှိဘူး..။ နေ၀င်မှ သူလည်း အိမ်ပြန်၀င်တာလေ…။
လတ် အ၀တ်အစားတွေ ပြန်လဲပြီး  ရေစိုလုံချည် အပြင်ထွက်လှန်း တာတောင် စိတ်ထဲမှာ မလုံမလဲ…။
.
“ပြန်မယ်..”
“အေး..ရော့ ..ဒါလေး ဆောင်သွား..”
“ကျစ်..မလိုပါဘူး..”
“ယူသွားစမ်းပါကွာ…မင်း ညစ်နေတာတွေ လစ်သွားလိမ့်မယ်..”
ငမျိုး က ဆေးသုံးပြားပါတဲ့ အိတ်ကို အကျီ င်္အိတ်ကပ်ထဲ အတင်းထိုးထည့်ပေးတော့ နောင် ပြန်မထုတ်မိတော့ပါ…။
လုပ်နေကျ အလုပ်တစ်ခု မရှိတော့ တစ်နေ့ကုန် ဘာလုပ်လို့ လုပ်ရမှန်း မသိ…။
ကြောင်တောင်တောင် နိုင်ပြီး အခန်းကျဉ်းကျဉ်း မှာ နေလည်း ပျင်းလို့  ဘော်ဒါတွေရဲ့ အလုပ်ကို တစ်နေ့ တစ်နေရာ ဆီ လျှောက်လည်နေမိသည်..။
အလုပ်ကတော့ အဆင်လည်းမပြေသလို လုပ်ချင်စိတ်လည်း မရှိ…။
ဒက်ဒီ ခဏ စိတ်ဆိုးနေတုန်းမှာ အလုပ်မလုပ်ပဲ နားနေဖို့ ဆံုံးဖြတ်ထားသည်..။
မလတ်ကတော့ ပိုက်ဆံ နည်းနည်းပဲ ကျန်တဲ့ အကြောင်းပြောပေမဲ့ နောင် မတုန်လှုပ်မိပါ..။
ကုန်ရင် တစ်ယောက်ယောက်ဆီက လွယ်လွယ်ယူလို့ရနေသည်ပဲလေ..။
“ဟော..ပြန်ကြွလာပြီလား… အလုပ်ရလား..”
“အလုပ်သွားရှာတာမှ မဟုတ်တာ…”
“…ထမင်းစားမလား..”
“စားခဲ့တယ်…”
“သိတယ်….ငါးစားဖို့ ဘာဖြစ်လို့ ဒီကြောက်နေမှန်းမသိဘူး..”
“ရေဘုရင်ဆိုတော့ ဇာတ်တူသားချင်း မစားချင်လို့ပါ…”
အခန်းထဲ ရောက်ကတည်းက ပေါက်ကရပြောတော့ လတ် အပ်ချည်ကိုလုံးနေရင်း ဖျတ်ခနဲ့ မျက်စောင်းဝဲမိသည်..။
သူ့ ကိုယ်သူ နှိုင်းယှဉ် ပြောလိုက်ရင်တော့ အထက်စီးက တပြားသားမှ မချ..။
“သြော်..ဒီနေ့ ရေချိုးတယ်ပေါ့…”
အခန်းထောင့် မှာ ရေမခြောက်သေးလို့ ချထားသည့် ထဘီကို လက်ညိုးနဲ့ ကောက်မြှောက်ပြီး ပြောတော့ ဒေါသထွက်လာသည်..။
“နင်ကလည်း..တစ်နေကုန် သွားနေတာပဲ..”
“ဟမ်..”
“ပြောတော့ စောင့်ရှောက် သူကြီး အနားမှာကို မရှိဘူး.”
“ဒီလောက်ပူးကပ်အိပ်ပြီး စောင့်ရှောက်ပေးနေတာကို ဗျာ…”
အသားယူပြီး ပြောပြန်ပြီ..။
လိုရင်း မရောက်မှာ ဆိုးလို့ လတ် သက်ပြင်းချလိုက်ခါ
“ညနေက ငါ ရေချိုးတော့ ဟိုဘက်ခန်းက လူကြီး အနားမှာ ရစ်သီရစ်သီ လာရပ်ကြည့် နေတယ်…ကြောက်လို့ ရေတောင် မချိုးခဲ့ရဘူး..”
“အိုး….အခန်းကကျဉ်း..အနံ့အသက်က မကောင်း ဖြစ်နေပြီ…”
“ဟဲ့…”
“ဟား..ဟား…မလတ် စိတ်ထင်နေတာပါဗျာ…ဟိုဘဲကြီးက လစ် နေအောင် မမူးပါဘူး..စကားပြောလို့လည်း ကောင်းပါတယ်…”
“အသွင်တူတဲ့ နင့် အတွက်တော့ ကောင်းတာပေါ့ဟဲ့…”
“မတူပါဘူး..နောင်က စော်ကြည်ဘဲ…ဘီးကြဲကြီး မဟုတ်ဘူး…”
“မပြောတော့ဘူး…”
လတ် ကျောခိုင်းပြီး လုပ်လက်စ အလုပ်ကိုသာ ပြီးအောင် လုပ်တော့ဖို့ စိတ်နစ်ထားလိုက်ရသည်..။
စကားကောင်းဆိုတာ သူ့ပါးစပ်က ဘယ်တော့မှ ထွက်လာမှာ မဟုတ်ဘူးဆိုတာ သိပါရဲ့နဲ့ အမှတ်မရှိ အရာရာ တိုင်ပင်မိတဲ့ ကိုယ်ပဲ  မှားတာပါ…။
“မလတ်..ဘာလုပ်နေတာလည်း..”
ခြင်ထောင်ကို ဖြန့်ပြီး ပုဆိုး နှစ်ထည် ထပ်ချုပ်နေတော့ နောင် အနားသွားပြီး ငုံ့ကြည့်လိုက်သည်..။
၀င်လာကတည်းက ချုပ်နေတာ …ခြင်ထောင်က အသစ်ကြီးကို ဖျက်စီးနေတာလား..။
“ပေါက်သွားလို့လား..”
“မဟုတ်ပါဘူး..”
“မလတ်ကလည်း အလုပ်ရှာပါဆို အပေါက်ဖာနေတယ်..”
“ရှာတာပဲဟဲ့…..ဇာဇာလည်း ရှာပေးနေတယ်လေ…ခေါ်တဲ့လူ မရှိပဲ ငါက ဘာသွားလုပ်ရမှာလည်း အုတ်သယ်ဖို့ပဲ လူလိုတဲ့..”
“အဟား..မလတ်လို ဝိတ်မျိုး အုတ်သယ်ရင်း အမောဖောက်ရင် ခေါ်တဲ့ သူ ပြဿနာ တက်ဦးမယ်..ဘယ်သူက ခေါ်မှာလည်း..”
“အမလေး…ပြောနေလိုက်တာ..ငါ့ ပေါင်ချိန်ကြည့်တာ တစ်ရာ့ လေးဆယ်ကျော်လေးပဲ ရှိပါတယ်..”
“တစ်ရာ့လေးဆယ်ကျော်…..ဟူး…အခုခေတ်မှာ ၈၀ကျော်ရင် အိုဗာဆိုဒ်ပဲ..”
“ဟား..ဟား…ဒါဆို တော်တော်ကျော်နေပြီပေါ့နော်..”
“ဟုတ်တယ်..”
တစ်ရက်ကို နှစ်ရာဖြင့် အပေါ်ခန်းကနေ မီးသွယ်ပြီး မီးလုံး တစ်လုံး ယူထွန်းထားရသည်။
ညဆို  အခန်းက ဝါ၀ါထိန်ထိန်ဖြစ်နေတာ မျက်လုံးတောင် တစ်မျိုးဖြစ်လာပြီ..။
အိမ်ပြင်မထွက်ရဲလို့ အခန်းထဲ အောင်းနေရတာ နောင် သိပ်တော့ မကြိုက်လှပါ..။
ဒါပေမဲ့ ၀မ်းတွင်း အကြောက်မို့ အခန်းတံခါးပြေးပိတ်ခါ ပြတင်းပေါက်လည်း ဂျက်ထိုးလိုက်ပြီ..။
မလတ် နဲ့ သိပ်မလှမ်းမကမ်းမှာ ထိုင်ပြီး မလတ် လုပ်သမျှ လိုက်ဝေဖန်နေရင်း အိတ်ထဲပါလာတဲ့ ကိစ္စကလည်း ရောဂါထလာပြန်ပြီ..။
ဟူး…ဒီညတော့ မဖြစ်ဘူးထင်ပါတယ်..ဖြတ်ထားတာ ကြာလှပြီ….ပြန်စမိလို့ ဆွဲသွားရင်တော့ ဒုက္ခ။
“အိပ်ချင်နေပြီလား..”
“ရတယ်…ရှစ်နာရီကျော်ပဲ ရှိသေးတယ်…”
သူ မအိပ်ချင်သေးဘူးဆိုလို့ ပုဆိုး နောက်တစ်ထည်ပြီး အောင် ဆက်ချုပ်ဖို့ ပြင်ဆင်ရသည်..။
နိုင်ထူးနဲ့ တစ်ခြင်ထောင်ထဲ အတူတူ အိပ်တာ ဘယ်လိုမှ မနေပေမဲ့ သူနဲ့ ကျတော့ တစ်မျိုးဖြစ်သည်..။
လတ်က အိပ်ပျော်သွားရင် အနီးရှိတဲ့ သူ့ကို ဆွဲဖက်မိမှာစိုးလို့ သတိထားအိပ်နေရတာလည်း အဆင်မပြေ..။
သူကလည်း စအိပ်ရင်သာ ကွေးကွေးနဲ့ တစ်ဖက်စောင်းအိပ်တာ အိပ်ပျော်သွားရင် လူငယ်ပီပီ ခြေကားယား လက်ကားယား အိပ်တက်သည်..။
မောင်နှမ စိတ်ထားပေမဲ့ မောင်နှမလည်း မဟုတ်တော့ အိပ်ရတာ ဘယ်လိုမှလည်း မသက်သာ..။
အခုတော့ ထိုင်နေရင်း အကြံတစ်ခုရလို့ ခြင်ထောင် အမိုးက ချုပ်ရိုးကြောင်းမှာ ပုဆိုး ကပ်ပြီး လိုက်ချုပ်နေတာ အနည်းဆုံးတော့ အကာအကွယ်ပုံစံ ဖြစ်သွားမှာပေါ့လေ…။
“ရပြီ..”
လတ် ခြင်ထောင်ခါ လိုက်ပြီး အိပ်ယာ ပြင်ရတော့ သူက ထိုင်မနေနိုင်ပြန်ဘူး..။
ပိုက်ဖျာခါပြီး သေချာဖြန့်ခင်းပေးတော့ လတ် ပြုံးလိုက်မိသည်..။
နိုင်ထူးထက် စာရင် နည်းနည်းပါးပါး သိတက်လိမ်မာတော့ စိတ်ချမ်းသာရသည်ပေါ့လေ…။
နေလာတာ တစ်ပတ်ရှိပြီဆိုတော့ အရာရာကို အသားကျနေပြီ…။
အဲ အလုပ်မလုပ်သေးတာလေး တစ်ခုပါပဲ..။
သူ ဘာအလုပ်မှ မလုပ်တက်ဘူးဆိုတော့ လတ်လည်း ထပ် မခိုင်းချင်တော့ပါ..။
သူ နဲ့ မဆိုင်သူမို့ အတင်းရှာရမယ် ဖွေရမယ်လို့လည်း အမိန့်မပေးချင်တာပါ..။
“မလတ်..”
“ဟမ်..”
“ခြင်ထောင်ကြီးက ဘယ်လိုဖြစ်နေတာလည်း..”
“သြေ်ာ…ပုဆိုးကာထားတာလေ…နင် နဲ့ ငါ့ အတွက် အခန်းသီးသန့်ပေါ့..”
“ဘာ..”
ခြင်ထောင်ကို ကိုင်ထားရာက လွတ်ချပြီး မျက်လုံးပြူးကြည့်နေတော့ လတ် ဘယ်လို အဆင်ပြေအောင် ပြောပေးရမလည်း တွေးနေရသည်..။
“ဟို..နောင်က အစ်မ တစ်ယောက်လို စောင့်ရှောက်တာ သိပါတယ်…..ဒါပေမဲ့လေ…ဟို…ဟို…အိပ်ပျော်နေတဲ့အချိန်ကျတော့…သူစိမ်းတွေဆိုတော့…”
“တော်…တော်….အိပ်ပျော်နေတဲ့ မလတ် အစော်ကားခံရမှာစိုးလို့မလား..”
“ဟယ်..”
သူ့ပါးစပ်က ဒီလိုစကား လွယ်လွယ်ထွက်သွားတော့ လတ် မျက်လုံးလေး ပြူးရင်းဘာပြောရမှန်း မသိအောင် ဖြစ်နေရသည်..။
ခြင်ထောင်ကို လက်နဲ့ဆွဲလှုပ်ပြီး ဘေးဘက်ကို ပုတ်ချခါ…။
“ဒီပုဆိုးပိုင်းလေးက ကာကွယ်ပေးနိုင်မယ်တဲ့လား..မလတ်..ဟင်..ယောင်္ကျားတစ်ယောက်နဲ့ မိန်းမ တစ်ယောက် တစ်ခြင်ထောင်ထဲ တူတူ အိပ်နေတဲ့ အချိန်မှာ ယောက်င်္ကျားဘက်က စည်းမစောင့်ချင်ရင် ကိုယ့်စိတ်ကိုယ် မထိန်းရင် သံကွန်ချာ ခြားထားလည်း တားလို့မရဘူးနော်…”
“ဟယ်..တိုးတိုးပြောပါဟယ်..”
“မလတ်..အရင် စတာလေ…”
စူပုတ်ပုတ် မျက်နှာထားနဲ့ လက်ညိုးထိုးပြောတော့ လတ် သက်ပြင်းချရင်း လျော့ပေးဖို့ ဆုံးဖြတ်လိုက်ရသည်..။
“ဟုတ်ပါတယ်…ငါက မယုံလို့ မဟုတ်ပါဘူး…အိပ်ပျော်နေရင် လူက ဘာမှမသိဘူးလေ…”
“ဟား..ဟား…မလတ်ရုပ်ရှင်တွေ သိပ်ကြည့်တယ် ထင်တယ်…ဘာလည်း အိပ်ပျော်နေရင်း မှားတာ..အရက်မူးရင်းမှားတာ..မင်းသားက ဘာမှ မမှတ်တော့တာမျိုးလား…အပိုတွေမှ လုံး၀အပိုတွေ…ယောင်္ကျားဆိုတာ အိမ်မက်ကိုတောင် အိပ်ရာနိုးရင် မမေ့မပျောက် ပြန်စဉ်းစားနိုင်တယ်..”
“အိုး..”
လတ် ပြောလေ ဆိုးလေ ဖြစ်လာတာ နားမခံနိုင်အောင် ဖြစ်တော့ ကျောပေးလိုက်မိသည်..။
လတ်အရင်စမှားတာမို့လို့ သည်းခံနေရပေမဲ့ ရှက်ဖို့ကောင်းတာတော့ အမှန်ပဲလေ…။
“ဆောရီး…ယောင်္ကျားတစ်ယောက်ရဲ့ စိတ်အမှန်ကို သိအောင် ပြောပြတာပါ..မူးလို့မှားတာမျိုး မရှိပါဘူး..တာ၀န်မယူချင်တဲ့ ယောင်္ကျားက အရက်ကို အကြောင်းပြတာပါ…အိပ်စက်ခြင်းကို အကြောင်းပြတာပါ…မေ့တယ်ဆိုတာ တန်ဖိုးမထားလို့ပဲ မဟုတ်ဘူးလား…တာ၀န်မယူချင်တဲ့ ယောင်္ကျားသာ အကြောင်းတွေ ရှာတက်တာ…နောင်က မှားရင်တောင် တာ၀န်ယူရဲတယ်…မလတ်ကို စောင့်ရှောက်ပါမယ်ဆို စောင့်ရှောက်ဖို့ပဲ ခေါင်းထဲထည့်ထားတယ်…မလတ် အခုလို ပြောတာ…နောင့် ကိုယ်ကျင့်တရား ထိန်းချုပ်မှုအားကို အထင်သေးစော်ကားနေတာပဲလေ…”
“တော်ပါတော့ဟယ်…နင်မကြိုက်ရင် ပြန်ဖြုတ်ပြီး.”
“မလိုပါဘူး..ကောင်းတယ်…ပိုကြိုက်တယ်…မလတ် အဆင်မပြေမှာစိုးလို့ သတိနဲ့ အိပ်နေရတာ လူပင်ပန်းတယ်…”
ဟောတော့…သူကပဲ တစ်ပြန်ကြီး..ရန်တွေ့သွားသေးသည်..။
ဒင်း ပြောချင်တာတွေ အားလုံးပြောချပြီးခါမှ နိဂုံးချုပ်က ဒါပါပဲ…။
ဒီလိုဆိုလည်း..ဘာလို့များ နားရှက် မျက်နှာပူစရာတွေ တသီတတန်းကြီး ပြောနေသေးသလည်း…ခွေးကောင်စုတ်ရဲ့…။
လတ် ခြင်ထောင်ကို ဆောင့်အောင့် ခါပြီး ကြိုးချည်လိုက်သည်..။
ဒင်းကလည်း အိပ်ယာထဲဆောင့်အောင့် ၍ အရင် ၀င်သွားတော့ လတ် မျက်စောင်းဝဲပြီး ရေဘူးကို ရေဖြည့်ခါ နေရာချရသည်..။
ထမင်းအိုးနဲ့ ဟင်းပန်းကန် တွေကို အခန်းထောင့်မှာ ထပ်လိုက်ပြီး အ၀တ်ထုတ်အပေါ်ပစ်တင်ထားတဲ့ ဒင်းရဲ့ အကျီ င်္နဲ့ ပုဆိုးကို ခေါက်ရသိမ်းရသေးသည်..။
လတ် အိပ်ယာထဲရောက်ပြီး အိပ်မပျော်ခင်လေး မီးခြစ်သံကြားရလို့ ဘေးမှာ ကာထားတဲ့ ပုဆိုးကို ဆွဲကြည့်တာ ဘာတွေနဲ့ ချိတ်ထားမှန်းမသိ…။
ကိုကြီးကျယ်ကြီး အရွဲ့တိုက်ပြီး တွေ့ကရာနဲ့ လျှောက်ချိတ်ထားပြန်ပြီ..။
တကယ့်ကလေးစိတ်ပါပဲ..နိုင်ထူးတောင် သူ့ထက် ရင့်ကြပ်ပါသေးသည်..။
လတ် ကျောပေးခါ မျက်လုံးကို ဇွတ်ပိတ်ပြီး အိပ်ပျော်အောင် ကြိုးစားရသည်..။
“သွပ်..”
အခုတလော စိတ်ညစ်လို့ ပျော်စရာလို နေပါတယ်ဆိုကာမှ
လမ်းကြောင်းကြပ်ပြီး ချိတ်ပျောက်နေလို့ မုတ်လိုနေချိန်  မျက်လုံးက အိတ်ထဲက အသီးကိုပဲ မြင်နေမိသည် ။
အလုပ်ပြုတ်ရတဲ့ ကြားထဲ အနေအစားက ကြပ်တော့ စိတ်က ပိုညစ်ပြီး ပျော်စရာပဲ ရှာနေချင်သည်..။
အရင်ကဆို နေ၀င်တာနဲ့ ကလပ်သွားရတာ အခုတော့ တာ၀န်ယူ စောင့်ရှောက် နေရတာကလည်း စိတ်မရှည်ချင်စရာပါပဲ..။
မလတ်ကို အစက ဒေါသထွက်နေပေမဲ့ အခုလိုကျတော့ ပိုအဆင်ပြေသည်..။
အပြင်မှာထွက်လုပ်ဖို့ အဆင်မပြေတော့ ဒီလို အကာအကွယ်နဲ့ တစ်ယောက်တည်း ၇ှိုက်ရတာပိုကောင်းပါသည်.။
ခဲပြားပေါ်တင်ပြီးခါမှ မီးခြစ်အစုတ်အပြတ်က အသံမထွက်အောင် ကြိတ်ခြစ်နေရတော့ အဆင်မပြေပြန်..။
စိတ်မရှည်စွာ ခပ်ကြိတ်ကြိတ်ဖိပြီး ခြစ်လိုက်တော့မှ မီးတောက်လာပြီး ခဲပြားကို အပူပေးရသည်..။
ခဲပြားပေါ်က နိုင်ထူးအခေါ် နတ်ဆေးလုံးလေး မီးအပူကြောင့် ခပ်လှုပ်လှုပ်ဖြစ်လာတာကို ကြည့်ရင်း ရင်ထဲမှာ တစ်မျိုးကြီး ဖြစ်လာသည်..။
အငွေ့မထွက်သေးပေမဲ့ အနားမှာ မလတ်လည်း ရှိတော့ လုပ်လို့ ကောင်းပါ့မလား စဉ်းစားချင့်ချိန် ဂရုစိုက်ကြည့်နေချိန်..
“အ…”
လက်ထဲက မီးခြစ်ကို ရိုက်ချခံလိုက်ရတော့ ဆေးလုံးပါ လွင့်ထွက်သွားတော့သည်..။
“ဟာ..မလတ်…ကျစ်…”
နောင် ဖျာပေါ်ကျသွားတဲ့ အိုးဖာတဲ့ ခဲပြားကို ပြန်ကောက်ပြီး ဆေးကို လိုက်ရှာရသည်..။
“နင်..နင်…ဆေးသမားပဲ..”
“ဟုတ်တယ်..”
“ဖြန်း..”
“ဟာ…”
နောင် သတိနဲ့ ရှောင်လိုက်လို့ ဆံပင်နဲ့ အတူ ပါးအဖျားကိုသာ ခပ်ထိသွားပေမဲ့ ဒေါသကြောင့် ဝုန်းခနဲ့ ထရပ်လိုက်မိသည်..။
“တောက်…မလတ်နော်…ကျစ်…ဟာကွာ…”
ဒေါသနဲ့ အတူ ဖြစ်ပေါ်လာတဲ့ တုန့်ပြန်ချင်စိတ်တွေကို မြိုချနေရပေမဲ့ ပူလောင်ပြင်းရှနေသည်..။
လက်သီးကို ကျစ်နေအောင် ဆုပ်ထားပေမဲ့ ဒေါသကြောင့် အံကြိတ်ထားရင်း နားထင်ကြောပါ နာသည်..။
“နင့်လို ဆေးသမား သူငယ်ချင်းမျိုး ရှိလို့ ငါ့မောင် ဘ၀ပျက်ရတာ..ငါ့မောင် အခုလို ပြေးလွှားနေရတာ နင့်ကြောင့်…ငါတို့ မောင်နှမ အခုလို နေရတာ နင်ကြောင့်..ငါ့မောင်ကို နင် အသုံးချပြီး ချောက်တွန်းလိုက်တာမလား..ဟမ်…”
ဒေါသကြောင့် ကျောပေးထားရသူကို ကျောကုန်းကိုမှ လာထုနေတော့ ဒေါသက သည်းခံစိတ်ကို ချိုးဖောက်သွားပြီ..။
“မလတ်…”
လက်နှစ်ဖက် ကို ဆုပ်ဖမ်းလိုက်ပြီး ဆွဲချလိုက်တော့ လတ် ကိုယ်ကို မထိန်းနိုင်ပဲ သူ့ကိုယ်ပေါ် ပြိုကျသွားချိန် ကြောက်စရာ မျက်လုံးတွေက ဆီးကြိုနေသည်..။
ကြောက်စရာကောင်းတဲ့ မျက်လုံးတွေ..ဒီလို မျက်လုံးမျိုး လတ် တွေ့ဖူးသည်..။
အိပ်မက်ဆိုးတဲ့က မျက်လုံး…အတိတ်ဆိုးက မျက်လုံးမျိုး…အသိစိတ်ကင်းမဲ့ ပြီး တဇွတ်ထိုးဆန်တဲ့ မျက်လုံး…ယောင်္ကျားတစ်ယောက်ရဲ့ အရိုင်းမျက်လုံး..။
ထပ်လျက်သားဖြစ်နေတဲ့ ကိုယ်ခန္ဓာကိုအတင်းရုန်းပေမဲ့ ဖိဆုပ်ကိုင်ထားတဲ့ ပိန်ပိန်ပါးပါး သူ့အားက လတ်လို ၀တဲ့သူတောင် လူးလွန့်ရုံသာ ရွေ့နိုင်သည်..။
မျက်လုံးချင်းဆုံချိန် သူ့ရဲ့ ဒေါသ မျက်လုံးကို တွေ့ခါ မျက်ရည်တွေ ချက်ချင်းပြည့်အိုင်လာတော့သည်.။
ကိုယ်နဲ့ အနီးကပ်ဆုံးမှာ ဘယ်သတ္တဝါ အမျိုးအစားနေလည်းဆိုတာ မေ့နေမိတာ…..
အခုတော့…ကျားသနားမှနွားချမ်းသာရမဲ့ အဖြစ်မှာ…။
“နားထောင်..မလတ်…နားထောင်စမ်းပါ…မလတ်ရဲ့…သေချာနားထောင်ပေးစမ်းပါ…လုံး၀ မလှုပ်နဲ့…စကားဆုံးအောင်နားထောင်ထား....”
သူရဲ့ အမိန့်ပေးစကားကို လိုက်နာလိုစိတ်မရှိပေမဲ့ ကြောက်စိတ်ကြောင့် အထိုက်အလျောက် ငြိမ်နေမိသည်..။
“တစ်ကိုယ်လုံး ဓားနဲ့ စိတ်ကြိုက် မွှန်းလည်း သည်းခံပေးနိုင်တယ်…ဘယ်တော့မှ ပါးမရိုက်နဲ့…အခုချိန်ထိ ဘယ်လို မိန်းမမျိုးမှ ပါးရိုက်တာ မခံနိုင်ဘူး…ပြောပြီသားနော်…ဒုတိယအခွင့်အရေး ပေးထားတာ နိုင်ထူး အစ်မမို့လို့… အခုန ရိုက်ချက်သာ ပါးပေါ်ရောက်လာခဲ့ရင် မလတ် မသက်သာမသာ ဖြစ်သွားရလိမ့်မယ်…”
အံကြိတ်ပြီး ခါမှ စိန်ခေါ်သလို လေသံ ခပ်တိုးတိုး နဲ့ ကပ်ပြောတော့ လတ် အသက်တောင် မရှုဝံ့ပဲ အံသြ တုန်လှုပ်နေရသည်..။
“အထင်လွဲနေတာတွေ ပြင်ထားဦး…သတိုးမင်းနောင်ဆိုတဲ့ ကောင်က စိတ်ပိုင်းဖြတ်ပြီးရင် လူသတ်ဖို့တောင် လက်တွန့်တဲ့ကောင် မဟုတ်ဘူး…ဆေးမှုနဲ့ ထောင်ထဲ၀င်ရမယ်ဆိုလည်း စာမဖွဲ့ဘူး..အကျင့်စရိုက်သုံးစားမရအောင် ပျက်စီးနေပေမဲ့ သူငယ်ချင်းကို ချောက်တွန်းပြီး ပြေးရလောက်အောင် ကိုယ်ကျင့်တရား မစုတ်ပဲ့ဘူး..သတ္တိမကြောင်ဘူး…အခု… အခုချိန်ထိ…ဒီနေရာ…ဒီနေရာမှာ ရှိနေရတာ နိုင်ထူးကို သူကိုယ်စား စောင့်ရှောက်ပေးပါမယ် လို့ ကတိပေးထားလို့…နိုင်ထူး ပြန်ရောက်တာနဲ့ ပြီးပြီ..အားလုံး ပြီးပြီ…ထပ်ပြောရမလား…”
မျက်လုံးပြူးပြီး ဒေါသတကြီး ထပ်ခါ ထပ်ခါပြောနေတဲ့ သူ့စကားတွေကြောင့် မျက်ရည်တစ်စက်ဖြုတ်ခနဲ့ကြွေကျခါ သူ့ကိုယ်ကို ဆောင့်တွန်းပြီး ထလိုက်မိသည်.။
“မနေနိုင်ဘူး..နင်နဲ့လည်း မနေနိုင်ဘူး…နင့်လို ဆေးသမားက ဘာမှ စောင့်ရှောက်စရာမလိုဘူး….”
““အဓိပ္ပာယ်🎼 မ ရှိတာ သိပေမဲ့ 🎼 တစ်ခါတလေ တိုက်တိုင်မှုတွေ ရှိလာတော့လည်း အမှတ်တမဲ့ မင်းကိုလွမ်းပါတယ် အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာ နဲ့ ငါမေ့မရဘူးကွယ်...တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ် နှစ်တွေ လတွေက အတော်ကြာပြီဘဲ...ဘယ်ဆီကို မင်းရောက်နေမလဲ...ဘာတွေကို မင်းလုပ်နေမလည်း..ဘယ်သူနဲ့ မင်းရှိနေမလည်း....တွေးမိပါတယ်...လွမ်းမောရင်းနဲ့ စဉ်းစားရင်းနဲ့ သတိရပါတယ်... ..”
အိပ်ယာဘေးမှာချထားတဲ့ သူဖုန်းမြည်လာတော့  နိုင်ထူးဆက်တာမှန်း သိလို့ လတ်ပဲ ကောက်ယူကိုင်လိုက်သည်..။
“ဟလို..”
“နိုင်ထူး…ငါ..”
“ဟင်…မလတ်လား..ဟိုကောင်ကော..”
“နင်ပြန်မလာသေးဘူးမလား…ငါ သူနဲ့ မနေနိုင်ဘူး.လုံးဝမနေနိုင်ဘူး…”
“ဟာ..ဘာဖြစ်လို့လည်း..မလတ်..”
လတ် မျက်ရည်တွေကို လက်ခုံဖြင့်ဖယ်သုတ်လိုက်ပြီး နာနာကြည်းကြည်း လှည့်ကြည့်ခါ နှုတ်ခမ်းမဲ့ပစ်လိုက်သည်..။
“ဆေးသမားနဲ့ ငါ တူတူ မနေနိုင်ဘူး..”
“ဟာ..မလတ်ကလည်း…သူက နင့်ကို စောင့်ရှောက်ပေးနေတာပါ..”
“မလိုဘူး..ဘယ်သူမှ မလိုဘူး…ငါ ကလေး မဟုတ်ဘူး..”
“ခေါင်းမမာပါနဲ့ မလတ်ရယ်…နင်ကြောင့် ငါလည်း ထောင်ကျသွားနိုင်တယ်နော်…အခုငါ ဆေးဖြတ်နေတယ်လေ…သူဌေးက ဆေးဖြတ်ပြီးရင် မန္တလေးမှာ အလုပ်ပေးမယ်ပြောထားတယ်… တို့ မောင်နှမ နှစ်ယောက် အတူတူ သွားကြမယ်လေ…ခဏလောက်ပဲ သည်းခံပေးပါ မလတ်ရယ်….မင်းနောင်က ငါတို့ကို ကူညီနေတာပါ..နင့်မောင် ဆေးပြတ်ဖို့ ကူညီနေတဲ့သူပါ…သူဆေးသုံးရင်တောင်.. ငါတို့ကို ကူညီနေတဲ့သူပါဟာ….”
“ကျစ် ဒီလို လူစိတ်မရှိတဲ့ ဆေးသမား ကို  ငါဘယ်လောက် သည်းခံပေးနေရမှာလည်း..”
“နောက်ထပ် နှစ်လလောက်ပါပဲ…နော်..မလတ်…ငါ့အစ်မကြီးက ချစ်ဖို့ကောင်းပါတယ်ဟာ..နင် ဝတောင်လာတယ်ဆို..ဟုတ်တယ်မလား..”
နိုင်ထူးက စိတ်ပြေအောင် စနောက်နေမှန်းသိတော့ ဖုန်းကို အိပ်ယာပေါ် ပစ်ချပြီး ကိုယ့် ရဲ့ ပုဆိုးတစ်ခြမ်း ဟိုဘက် အိပ်ယာကို ပြန်လာခဲ့လိုက်သည်..။
“ဟေ့ကောင်နိုင်ထူး..”
“ဟေ..”
နောင် တမင်တကာ အသံဖွင့်ပြီး ပြောလိုက်ခါ ဖုန်းကို ပြန်ပစ်ချလိုက်သည်..။
“ရဲမှူးကို မေးစမ်းကွာ လူချိန်း၀င်လို့ရလားလို့..”
“ဟ..ဘာလို့…”
“မင်းနဲ့ ငါ ချိန်းပြီး ငါ အထဲ၀င်မယ်..”
“ဟား..ဟား..မင်းတို့ ဘာဖြစ်ပြန်ပြီလည်း..ကလေးတွေကျနေတာပဲကွာ… ထစ်ခနဲ ဆို ငါ့ချည်းမျှားလှည့်နေတာပဲ…”
တစ်ဖက်ကို မမြင်ရပေမဲ့ ရှိုက်သံ သဲ့သဲ့ကြားနေရတော့ နောင် ဒေါသနဲ့ ပြောမဲ့ စကားတွေကို ခဝါချလိုက်ရသည်။
“အတူတူနေရတဲ့ မင်း အစ်မက လူမဟုတ်လို့ကွာ..”
“ဘာကြ…”
“ဟုတ်တယ်…ဟောက်စားတဲ့ အချိန်ဆို ခြင်္သေတစ်ကောင်လို…ပွစ်ိပွစိပြောရင် ကြွက်တစ်ကောင်လိုပဲ တကျွီကျွီနဲ့လေ….ဒေါသထွက်ရင် ပုစဉ်းရင်ကွဲလို ဆူညံနေတာပဲ..ထမင်းစားရင် ကြောင်လို ပလပ်ပလပ်လုပ်စားတယ်…ညအိပ်တော့ ၀က်သံနဲ့ ဟောက်တယ်…တစ်ခါတလေ..နွားလိုပဲ..”
“ဟာ..မင်းလွန်ပြီနော်..”
“ဟုတ်တယ်…ဘာမှ အပြစ်ရှာလို့မတွေ့ရင်တောင် အပြစ်ပြောချင်လို့ နွားပါးစပ်လို လှုပ်ရွလှုပ်ရွ လုပ်နေတယ်..ကျန်သေးတယ်…မနက်စောစော ကြက်ဖလို ဒုက္ခပေးသေးတယ်..နေဦး ဘာကျန်သေးလည်း..”
“ငနောင်…အဲဒါ ငါ့အစ်မနော်…”
“သိတယ်လေ…မင်းအစ်မအကြောင်း သူများသွားပြောရင် ဘယ်သူက ယုံမလည်း..မင်းက သူ့မောင်ဆိုတော့ သူအကြောင်းပိုသိတယ်မလား.. ငါပြောတာမှားလား..”
“ဟုတ်ပါတယ်ကွာ…ငါ့အစ်မအကြောင်း ငါသိပါတယ်…သည်းခံပေးပါ သူငယ်ချင်းရာ…ဟိုနေ့က အန်ကယ် ခြံထဲကို လာသေးတယ်…ငါ့တို့လူသစ် ခြောက်ယောက်ကို အလုပ်ပေးမယ် ပြောသွားတယ်…အနာဂတ်မှာ လူလို သူလို နေချင်လို့ ငါ အရမ်းပင်ပန်းခံပြီး ကြိုးစားနေတာပါ..ငါ့ကို ကူညီပါကွာ..မင်းကြောင့် အခုလို ပြောင်းလဲနိုင်တာပါ…ငါ့အစ်မကို ဆက်သည်းခံပေးပါကွာနော်….”
“လူ မဟုတ်တဲ့ သူကို ဘယ်အချိန်ထိ သည်းခံရမှာလည်းကွ”
“နောက်ထပ် နှစ်လလောက်ပါပဲကွာ…နော်..သူငယ်ချင်း ကူညီနော်..မင်းက ငါ့ယောက်ဖပဲလေ…”
“ဟေ့ကောင် မလုပ်နိုင်ဘူး..မြန်မြန်ပြန်လာဖို့ ကြိုးစားဒါပဲ..”
“အေးပါကွာ…”
ဖုန်းချသွားတော့မှ အိပ်ယာပေါ်ဝုန်းခနဲ့ လှဲချခါ စောင်ခြုံပစ်လိုက်သည်..။
နတ်စည်းစိမ် တစ်ခု လက်လွတ် ဆုံးရှုံးသွားတာထက် ပိုပြီး စိတ်တိုရသည်..။
ကိုယ့်စေတနာကို အစော်ကားခံနေရတာ အကြိမ်ကြိမ်မို့ တစ်ခုခု ပေါက်ကွဲချင်နေတဲ့ စိတ်ကို မနည်း မြိုသိပ်နေရသည့် အဖြစ်…။
ဟင်း…လူမဟုတ်တဲ့ သူနဲ့ တူတူနေရတာမို့လို့..သည်းခံပါလေ မောင်ငနောင်ရေ…။
.
“ဟင့်အင်း..လွှတ်….လူယုတ်မာကြီး..”
“အင့်…လွှတ်စမ်း…အ…”
နောင် သတိထား အိပ်နေသူမို့ ဆတ်ခနဲ့ မျက်လုံးတွေ ပွင့်သွားသည်..။
ဘာဖြစ်ပြန်ပြီလည်း…ကျစ်..တစ်ခုပြီး တစ်ခု ကို ဒုက္ခပေးနေတာပဲကွာ…။
“ကယ်ပါ….”
အိမ်မက်ဆိုး မက်ပြီး ယောင်ပြန်ပြီနဲ့ တူတယ်…
ဒါမျိုးက မလတ်တို့ တစ်ပတ်မှာ သုံးလေးခါလောက်ဖြစ်နေကျ….နှိုးမရ ရင် စိတ်ကတိုရသည်..။
အိပ်မက်ဆိုး မက်နေချိန် လူတစ်ယောက်က လာကယ်ပြီး  နိုးပေးနေတာ အမြန်ထပါလား..။
မဟုတ်ဘူး…ဒီဆိုးတဲ့ အိပ်မက်ထဲမှာပဲ သူကိုိယ်တိုင်နေချင်တာလေ…။
ဒီနေ့တော့ ပစ်ထားလိုက်ဦးမယ်လို့ တွေးရင်း အိပ်ယာပေါ် ပြန်လဲချလိုက်သည်..။
“သွား…”
“ကျစ်..”
အသံတိုးတိုးလေးဖြင့် မပီမသပြောနေပေမဲ့ နောင် စိတ်ရှုပ်စွာဖြင့် သူဖွဲ့ထားတဲ့ အခန်းလိုက်ကာ ပုဆိုးစ အောက်ကို လက်ထည့်လိုက်သည်..။
“နိုးစမ်း..အိမ်မက်က ခုနိုးစမ်း…”
“အင့်…အ….”
လက်ထဲမှာ  အတင်းလူးလွန့်ရုန်းတော့မှ နှာခေါင်းပေါ်မှာ ညှစ်ပိတ်ထားတဲ့ နောင့်လက်ကို လွတ်ပြီး မသိချင်ယောင်ဆောင်ခါ ပြန်အိပ်နေလိုက်သည်..။
“အဟွတ်…”
လတ် အိမ်မက်ထဲမှာ ဦး၀င်းနိုင် လည်ပင်း ညှစ်ပြီး ပါးစပ်ကိုပါ အုပ်ထားလို့ အသက်ရှုတွေ ကြပ်ပြီး နိုးလာရသည်..။
အသက်ရှုမ၀လို့ အိပ်မက်က လန့်နိုးတော့မှ သက်ပြင်းချနိုင်တော့သည်..။
တစ်ကိုယ်လုံး ချွေးတွေ စိုရွဲပြီး မျက်နှာတစ်ခုလုံးအေးစက်နေတော့ ခြင်ထောင်ထဲက ထွက်လာခဲ့မိသည်.။
အခန်းကျဉ်းလေးရဲ့တစ်ခုလုံး ခြင်ထောင်က နေရာ အပြည့်ယူထားတော့ အခန်းထောင့်ဘက်မှာ ချထားတဲ့ အ၀တ်အိတ်ဆီကို ကွေ့ပတ်သွားရသည်..။
အကျီ င်္ထုတ်ပြီး လဲစရာနေရာမရှိတော့ တစ်ခါ စိတ်ညစ်ရပြန်ပြီ..။
ဟိုဆေးသမားကတော့ အိပ်ပျော်နေတာမှ သိုးလို့…။
လတ် နေရာ မရွေးပဲ တီရှပ်ကို ခပ်မြန်မြန် လဲ၀တ်ဖို့ ဆုံးဖြတ်ခါ လက်တွေ လှုပ်ရှားလိုက်သည်..။
“အမလေး..”
အိပ်ယာထဲကနေ ခေါင်းကို လက်ထောက်ပြီးး ကြည့်နေတဲ့ သူ့ကို ရုတ်တရက် တွေ့လိုက်တော့ ထိုးလက်စ အကျီ င်္ ၀တ်မပြီးခင် ထိုင်ချပစ်လိုက်ရသည်..။
ဒုက္ခပါပဲ စိတ်ဆင်းရဲလိုက်တာ…
“စိတ်ကိုလာ စမ်းနေတာလား…မိန်းကလေး ဖြစ်ပြီး…ကြီးကြီးကျယ်ကျယ်တွေ ကာရံပြီး ရှေ့ မှာ အ၀တ်လာချွတ်ပြနေတယ်…ကျစ်….”
လတ်ကို အပြစ်တင် ဝေဖန်ပြီး ကျောပေး အိပ်လိုက်တော့မှ ခြေလှမ်း ခပ်ဖွဖွ ဖြင့် အိပ်ယာဆီ ပြန်သွားရသည်…။
ဟူး…အိပ်ပျော်နေတယ် မှတ်တာပေါ့…မြင်နေ တွေ့နေလည်း ရှောင်လိုက်ပါလား..။
အခုတော့ ပွဲကြည့်သလိုခေါင်းကို လက်ထောင်ပြီးကို  ကြည့်နေတာ သူလေ...။
ဘယ်အချိန်ကတည်းက ကြည့်နေတာပါလိမ့်…တော်ပါသေးရဲ့ ခပ်မြန်မြန်လဲလိုက်တာမို့ တစိမိနစ် လောက်ပဲကြာလို့…။
ဟူး..စိတ်တွေရှုပ်လိုက်တာနော်… ကြည့်လည်း ကြည့်သေးတယ်
ပြောလည်း ပြောသေးတယ်…။
တော်တော်ကြီးကျယ်တဲ့ ဘိန်းစား…။
.
“မအေးမိ ဘာချက်မလည်း..”
“ပဲကြီးဆူးပုတ် ညီမရေ…”
“ပဲကြီးရေစိမ်တွေကလည်း စျေးကြီးတယ်နော်..”
“ဟုတ်ပ…တစ်ဘူး  နှစ်ရာ သုံးရာ ၀ယ်တော့ ပိသာချိန်ကို တစ်ထောင်ကျော်ပဲ ရှိတယ်လေ…”
“လတ်လည်း ပဲကြီးရေစိမ်ရောင်းရင် မြတ်မယ် ထင်တယ်…”
“အမလေး..ရောင်းစမ်းပါ… အဆောင်ရှေ့လမ်းမမှာ ချရောင်းလိုက် ပြိုက်ခနဲ့ ကုန်သွားမှာပဲ…”
ဟိုဘက်ခန်း အပေါ်ထပ်က မအေးမိ အားပေးမှုကြောင့် လတ် လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ဖို့ လိုအပ်တဲ့ကုန်ကြမ်း၀ယ်ခဲ့လိုက်သည်..။
အလုပ်မရရင်လည်း ငွေကိုသာ ဖြစ်တဲ့ နည်းနဲ့ရှာရတော့မည်လေ..။
လက်ထဲက ငွေ တစ်သောင်းကျော်လေးက ဘယ်နှရက်ခံမှာ မို့လို့လည်း..။
လတ် သက်ပြင်းချရင်း ခပ်ပေါ့ပေါ့ စျေး၀ယ် အိတ်အမဲလေးထဲမှာ ပုစွန် မြီးကြား ဆယ့်ငါးကျပ်သားနဲ့ အာလူး ဆယ့်ငါးကျပ်သား ဆန်လေးလုံး၀ယ်ပြီးပြီ..။
အဆောင်ရှေ့ ရောက်တော့ ရေတွင်းမှာ အ၀တ်မပါပဲ ပုဆိုးတိုတို နဲ့ ရေခပ်နေပြီ..။
ဒီဆေးသမားက ဝီရိယရှိတဲ့ ဆေးသမားလို့ဆိုရမယ်..။
မနက် ခုနှစ်နာရီ ဒေါင်ဆို ဘယ်သူမှ နိုးစရာမလိုပဲ သူ့ဟာသူ ထတော့သည်..။
မျက်နှာသစ်သွားတိုက်ရင်း တစ်ခါတလေ ရေတစ်ခါတည်းချိုးသည်..။
၀ီရိယ ရှိပေမဲ့ အလုပ်မလုပ်ချင်တဲ့ ငပျင်းဘိန်းစား အူကြောင်ကြားကောင်…။
ညတုန်းကများ ငရဲမကြောက် ဘာမကြောက် ပြောဆိုနေလိုက်တာ သူထက်ကြီးသူ တစ်ယောက်ကို လူမဟုတ်ဘူးတဲ့လေ…။
ခွေးလေး…လတ်  စိတ်မကောင်းဖြစ်နေချိန် ဒင်းစကားသံကြောင့် ဒေါသဖြစ်ခါ ဒင်းကို အစိမ်းလိုက် ထုထောင်းပစ်ချင်သည်။
ဘာမှ စိတ်မကောင်းလည်း မဖြစ်တော့ဘူး
သူချ ကိုယ်သတ်ပဲ ဆုံးဖြတ်လိုက်ပြီး
အိပ်ပျော်သွားရတာတောင် ဒေါသတွေ တောက်လောက်နေဆဲ...
ဘေးမှာ ငုတ်တုတ်ထားပြီး တိရစ္ဆာန်  အမျိုးမျိုး နဲ့ နှိုင်းယှဉ်ပြသွားတာ လတ်ကပဲ နားကန်းနေသလိုလို…။
အရင်တုန်းက စေတနာ တစ်ပြားသားလောက်ရှိပေမဲ့ အခုတော့ ဆေးသမားဆိုတာ သိသွားသလို ကိုယ့်ရန်သူပါ ဖြစ်သွားပြီ…။
ဘာမှ မသနားတော့ဘူး..နေချင်နေ…မနေချင်သွား…ဟွန့်..။
လတ် မနက်စောစောပေမဲ့ ဒေါသထွက်ခါ ခြေဆောင့်ပြီး လျှောက်မိသည်..။
“လတ်လတ် စျေးကပြန်လာပြီလား..”
“ဟုတ်ကဲ့ မနီ..”
“အမယ်…မောင်လေးက ရေတောင် ချိုးနေပြီတော်…”
မနီတို့များ ဒင်းကို တွေ့တာနဲ့ မျက်နှာ ချက်ချင်း ပြည့်လာတော့တာပဲနော်..။
လတ် မသိချင်ယောင်ဆောင်ပြီး ၀ယ်လာတဲ့ ပစ္စည်းအိတ်ကို အခန်းပြင် မီးဖိုလေးဘေးက အုတ်ခဲပေါ် တင်လိုက်သည်..။
အခန်းမှာ နေရာမရှိလို့ အရာအာလုံး အပြင်မှာထားခါ ချက်ပြုတ် ဆေးကြော၍ ညအိပ်မှ အခန်းထဲ သွင်းရသည်..။
ဆန်ထုတ်ကို ချရင်း တစ်ချက် အကြည့်ရောက်သွားတော့ လက်ပြန်နေရာအောက်မှာ ကြွက်သားတွေဖြင့် ဆံပင်ကလည်းရေကြောင့် ဖြောင့်ခါ ရှည်သွားတာ ပခုံးနားပင်ကျလာသည်..။
မနီကလည်း အရသာခံပြီးကို နောက်ကနေ ကြည့်နေတာ မျက်တောင်ခတ်ရဲ့လား မသိ…။
“ဟယ်….ရေဖြည့်ထားပြန်ပြီ..”
ကိုစိုးနိုင် မိန်းမက အ၀တ်တွေ ကိုင်ပြီး ဆင်းလာရင်း ပြောတော့ လတ် လှည့်ကြည့်မိသည်..။
ဘယ်သူ့ကို ပြောနေတာပါလိမ့်…။
“မမိုး…ဘယ်သူ့ကို ပြောတာလည်း..”
“တော့်..ယောင်္ကျားလေ…အခုမှ သိတော့တယ်..အ၀တ်လျှော်ဇလုံထဲ ရေဖြည့်ပေးထားလို့ ကျေးဇူးတင်နေတာ…မမိုးက ဗိုက်ခွဲထားလို့ ရေဆွဲရတာ အဆင်မပြေဘူးလေ…အမလေး..ကျေးဇူးရှင်လေးပါတော်..”
မမိုးက အ၀တ်တွေကို ပိုက်ပြီး ရေတွင်းနား ခပ်သွက်သွက်လျှောက်သွားတော့ လတ် နှုတ်ခမ်းမဲ့မိသည်..။
ဟိုနေ့ကလည်း ဒေါ်လေးပု ပြောတာ..ဒင်းက သံနဲ့တူ တောင်း ပြီး ရေအိမ်တံခါးတွေ ပြင်နေသည်တဲ့လေ..။
တန်းလျား အဆောင် အကျိုးတော်ဆောင်ကြီး …
လတ်မှာတော့ တစ်ဖြည်းဖြည်းနဲ့ ခွက်ဆွဲရတော့မဲ့ ကိန်းဆိုက်နေပြီ..။
“မောင်လေး..ရေခပ်တာလား..”
“ဗျာ..”
“ဒီဇလုံလေ…”
“အဲ…ဟုတ်ပါတယ်..”
ကိုယ့်ဇလုံထဲ ကိုယ်ရေထည့်ထားတာ လက်ညိုးထိုးပြီး လာမေးတော့ နောင် ချိုးလက်စ ရေပုံးကို ချခါ ခေါင်းညိတ်လိုက်ရသည်..။
“ကျေးဇူးတင်လိုက်တာ..မမိုးက ဗိုက်ခွဲထားလို့ ရေသိပ်မခပ်နိုင်ဘူး…အခုလို့ အဆောင်သားချင်း ကူညီတာ ကျေးဇူးတင်ပါတယ်..မောင်လေးရယ်.. မောင်လေးတို့ မမိုး အကူအညီလိုလည်း ပြောနော် အားမနာနဲ့သိလား..”
နောင် ကြောင်တောင်တောင်ဖြင့် နားမလည်စွာ ခေါင်းညိတ်လိုက်တော့ အ၀တ်တွေချပြီး ဇလုံထဲက ရေကိုဖလားခပ်ခါ လောင်းသည်..။
“ဒီရေဇလုံက…”
“မမိုး စျေးက ၀ယ်လာတာလေ…ကြီးလို့ တင်ရချရတာ ခက်လို့ ချထားလိုက်တာ..မောင်လေးက အလိုက်တသိရေထည့်ပေးတာ..အိုး မောင်လေးတို့ ၀ယ်ချင်လို့လား အစ်မ ၀ယ်ပေးမယ်သလား..လပေး နဲ့လည်း ယူလို့ရတယ်..”
“သြော်..ဟုတ်..”
နောင် အီလည်လည်ဖြင့် ခေါင်းညိတ်ပြီး ရေပုံးထဲက ရေကို ကြည့်ခါ စိတ်ပျက်မိသည်..။
ဟူး..ကုသိုလ် ရသည်ပေါ့လေ…။
မလတ် ၀ယ်လာတဲ့ ရေဇလုံကြီးမှတ်လို့ တစ်နေ့ကို ရေဘုံး ငါးဆယ်လောက် ခပ်ထည့်ပေးခဲ့ရတာ နေ့တိုင်းလိုလို…။
လိုအပ်တဲ့ သူ လက်ထဲ ကိုယ်ခပ်တဲ့ရေ ရောက်သွားတာပေါ့…။
သူ ဒီလောက် ၀တုတ်နေတာ ခပ်ပလေစေ…လူကိုများ လူစိတ်မရှိတဲ့ ဆေးသမား တဲ့လေ…။
ဆေးသမားမို့လို့ ဆေးသမားလိုပဲနေတော့မယ်…ဒါပဲ…။
နောင် ရေချိုး အ၀တ်အစားလဲပြီးတော့ တစ်ခုတည်း ရှိတဲ့ ရေခွက်ကို ကြည့်လိုက်တာ လက်ဖက်ရည်လည်း မရှိနေ…။
ထရံ့မှာကပ်ထားတဲ့ သံချိတ်မှာလည်း ဘာမုန့်အိတ်မှ မတွေ့တော့ နိုင်ထူးဘီဒိုထဲက သွားသယ်လာခဲ့တဲ့ တစ်ခုတည်းသော တာဝါဖြင့် ခေါင်းရေသုတ်ရင်း  အခန်းပြင် ပြန်ထွက်လာခဲ့ရသည်..။
မီးဖိုမှာ ဘာအိုးမှန်း မသိတင်ထားပြီး လူက ပျောက်နေပြန်ပြီ..။
“ဟိ..ဟုတ်တယ်..ဒေါ်လေးပုရဲ့…လတ် ငယ်ငယ်တုန်းက ဒီလိုပဲ..”
အသံလာတဲ့ ဟိုဘက် အခန်းဆီ ဆက်သွားလိုက်တော့ အခန်းရှေ့ သရက်ပင်ခြေရင်းမှာ ထိုင်နေတဲ့ အမျိုးသမီးလူထု သုံးယောက်..။
“ဟော…လိုက်လာပြီ…”
ဒေါ်လေးပုက အရင်စကားစလိုက်တော့ နောင် ပြုံးပြလိုက်ပြီး ရေသုတ်ရင်း အနားရောက်အောင် ဆက်လျှောက်သွားလိုက်သည်..။
“ညက ဒီနှစ်ယောက် ရန်ဖြစ်တယ်မလား..”
“အဟဲ..ဟုတ်..”
“အခုတော့ လိုက်ချော့ရပြီပေါ့လေ..”
“အဟွင်း..မလတ် အရင်စလို့..”
“ဒီလိုပါပဲ လင်နဲ့ မယား လျှာနဲ့သွားပေါ့…”
“ဒေါ်လေးပုကလည်း..လျှာ နဲ့ သွားလို့ မနှိုင်းပါနဲ့….လတ်က  ဂျင်းစိမ်းနဲ့ မိသာလင်ပဲ..”
“သူကြင်မှ ကိုယ်ကြင်မယ်ဆိုပါတော့..အဟက်..”
“နင့်မပြောဘူး..”
“မလတ်…နောင့်ကို မျက်စောင်းထိုး ပြီးပြောတာလေ..”
လတ် မျက်နှာလွဲလိုက်ပြီး စကားနည်း ရန်စဲ အဖြစ် ဒေါ်လေးပုရဲ့ ဘူးရွက်တွေကိုသာ အာရုံစိုက် အမျှင်သင်ပေးနေသည်..။
“ဒေါ်လေးပု ကြားတယ်နော်…မလတ် အရင်စပြောတာလေ…”
“ဟုတ်တယ်လေ…မိလတ်ရဲ့..မေးနေတာ …ပြောလိုက်လေ…”
“..သူ့လို အကောင်နဲ့ ဖက်ပြောလို့ မရဘူး..”
“ဟာ..ရတာပေါ့…ဖက်ပြောချင်လို့လား…လာလေ..မလတ်…ဒေါ်လေးပု နဲ့မအေးမိ ရှေ့မှာဆို အဆင်မပြေဘူးမလား..လာ အခန်းထဲမှာ ဖက်ပြောကြမယ်..”
“မင်းနောင်..”
လတ် ဒေါသကြောင့်  အနားကို အတင်းတိုးလာတဲ့ သူ့ လက်မောင်းကို ထုပြီး အော်လိုက်တော့ တဟားဟား အော်ရယ်ပြန်သည်..။
ညတုန်းက ဒီရုပ်မျိုးလား…ဆေးကြောင်နေတာလား ဘာလား..။
လတ် မျက်စောင်းထိုးပြီး ထမင်းအိုးကို သတိရတော့ အပင်အောက်က ထွက်လာခဲ့ရသည်..။
“စည်ပိုင်းကြီး လိမ့်လာပြီ…စည်ပိုင်းကြီး လိမ့်လာပြီ..နောင့် စည်ပိုင်းကြီး လိမ့်လာပြီ..”
နောက်ကနေ သီချင်းလို အော်ဆိုတော့ လတ် ခြေလှမ်းတွေတောင် လေးလာသလိုလို…။
လူကို များ စည်ပိုင်းတဲ့..စည်ပိုင်း ဘာဖြစ်လည်း…သူ့လို ငဖောင်ရိုး ကို ကိုင်ချိုးလို့ရတယ်လေ…။
မအေးမိရဲ့ လိုက်သွားဦး ဆိုတဲ့ စကားအဆုံးမှာ သူ့ ဖိနပ်သံကို ပါ ကြားလိုက်ရတော့ လတ် နှုတ်ခမ်းတွန့် ၍ မဲ့ပြုံးလိုက်သည်.။
ဘာလိုနေပြီလည်း သိပ်သိတာပေါ့…။
“မလတ်…မုန့်ဘယ်မှာထားလည်း..”
“မ၀ယ်လာဘူး.”
“ဟမ်..”
“ပိုက်ဆံမလောက်လို့ မ၀ယ်နိုင်တော့ဘူး..”
“အိုး…ဘယ်လိုလုပ်မလည်း…အဲဒါ မလတ်ကြောင့်လေ…ငါးသောင်းနဲ့ လောက်ပါတယ်ဆို..အခုတော့ ငတ်ပြီ..”
“လူများဆီက လိုက်တောင်းမှလား..နင့်မှာ ခြေတွေလက်တွေ အကောင်းကြီး အလုပ်တစ်ခုခု လုပ်ပါလား..”
“မလုပ်တက်ပါဘူးဆို…”
လတ် ထမင်းအိုးငှဲ့နေရင်း နှုတ်ခမ်းကိုက်မိသွားခါ လက်ကို ပိုတင်းနေအောင် ဖိဆုပ်ကိုင်ထားမိသည်..။
မလုပ်တက်ဘူးတဲ့..လွယ်လိုက်တာ..ဘယ်သူကကော မွေးကတည်းက လုပ်တက်လို့လည်း..။
ဘာမဆို ပေါ့ပေါ့တွေး ပေါ့ပေါ့ပြောနဲ့…ဟူး..နိုင်ထူးထက် အကြောင်းဆိုးသေး…။
ဘယ်လိုဖြစ်ပြီး လတ် အနားကို ဒီလိုကောင်စားတွေချည်း ရောက်လာကြတာလည်း မသိပါဘူး..။
ကံနိမ့်နေလို့ထင်ပါရဲ့..အကုသိုလ်တွေ..အကုသိုလ်တွေ…ဟူး…။
အခန်းထဲမှာ အေးရအေးကြောင်း ဗိုက်မှောက်အိပ်နေတဲ့ ဒင်းကို မကျေမနပ်ဖြင့် ပဲကြီးရေစိမ်ထားတဲ့ ကော်ဇလုံကို ယူခါ အခန်းထဲ ၀င်သွားလိုက်သည်..။
“ဒုတ်..”
“ဟဲ့…ထ..”
“ဟမ်…”
“လုပ်…”
“ဘာလည်း..”
နောင့် အတွက် စားဖို့ သောက်ဖို့ ယူလာတယ်မှတ်လို့ ပျာပျာသလဲ ထကြည့်လိုက်တာ ပဲစေ့တွေကို ရေစိမ်ထားတာကြီး..။
ဒါက ဘာလုပ်ဦးဖို့လည်း..။
“ဒီလိုလုပ်…အခွံကို အိတ်ထဲထည့်…ပဲကို ဒီဘက် အိတ်ထဲ ထည့်..”
“ဘာလုပ်ဖို့လည်း..”
“ရောင်းဖို့..”
“ဟမ်..”
“လုပ်ထား မြန်မြန်…ငါ ဇာဇာ့ အိမ်ကို သွားလိုက်ဦးမယ်..ငါပြန်လာရင် အပြီးနော်..”
“မပြီးရင်…”
“နေ့လည်စာပါ မကျွေးဘူး..”
“ဟ…”
သတိုးမင်းနောင်တို့များ ဘယ်နေရာသွားသွား ၀မ်နင် (warning သတ်ိပေးချက်)နဲ့ မလွတ်ပါလားနော်…။
ပဲစေ့ ပန်းကန်ကို ဆွဲပြီး ဒူးတစ်ချောင်းထောင်ခါ လုပ်ငန်းစရတော့သည်.။
တော်တော် စိတ်မရှည်စရာ အလုပ်ပဲ..။
ဒေါသကို မျက်နှာပေါ်ကျလာတဲ့ ဆံပင်ဆီပို့လိုက်ပြီး သရေကွင်းဖြင့် ကောက်ချည်ပစ်လိုက်သည်။
”ကိုယ်နေရာကိုယ်နေ စိတ်ရှည်နေရင် ကတုံးဖြစ်သွားမယ်...ဟွင်း...”
နောင် လုပ်နေရင်း ပဲစေ့ အခွံအိတ်ထဲ အခွံမထုတ်ရသေးတဲ့ ပဲစေ့တွေပါ ရောမွှေထည့်လိုက်သည်..။
ပျင်းဖို့ကောင်းတဲ့ ဒီလို အလုပ်မျိုး  မြန်မြန်ပြီးလေ မြန်မြန်အေးလေပဲ..။
နောင်အခွံအိတ်ကို မြှောက်ကြည့်ပြီး ပဲစေ့လေးတွေ ထပ်ထည့်ပေးသည်..။
ဒီ အခွံအိတ် ကို ပစ်လိုက်ရင် အေးသွားပြီ…။
အလုပ်လည်း မြန်မြန်ပြီးတယ်… အချိန်ကုန်လူပင်ပန်းလည်း သက်သာတယ်လေ…။
မနည်းပြီးသွားပြီပဲလို့ ကိုယ့်ကိုယ်ကို အားပေးရင်း မလတ် ပြန်အလာကို ခပ်ပြုံးပြုံးလေး စောင့်နေလိုက်သည်..။

*✭˚・゚✧*・゚*✭˚・゚✧*
စာတွေများကုန်ပြီ
အရင်နေ့လို့ တစ်ခါတည်း ရေးတာမဟုတ်ပဲ 😂
အလုပ်လုပ်လိုက် ပြေးရေးလိုက် 😂
စာတင်ဖို့လည်း ကြည့်ရော ရေးနေကျ နှစ်သောင်းမှာ လေးထောင်ကျော်သွားတယ်
စာရှည်ရင် စိတ်ဆိုးမှာလားဟင်
စိတ်လည်း မဆိုးနဲ့ ကျော်လည်း မဖတ်နဲ့နော် စပိုက်ကာ အပြေးအလွှား ရေးထားရတာလေးပါ 😫
မနေ့ကကွန့်မန့်တွေ မပြန်နိုင်သေးတာလည်း ခွင့်လွှတ်ပါ 🙏
Happy Marry Christmas ❄⛄
သူများ Holiday မှာ စပိုက်ကာတို့ Busy ,Lazy ဖြစ်နေတယ် 😁

.
မရေးတက်ပဲဝါသနာအရရေးသူမို့ အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာဖတ်တဲ့သူတွေကိုလည်း အားနာပါတယ် 🙏😭
အရေးအသားမကောင်းပေမဲ့ သည်းခံပြီး ဖတ်ပေးခဲတဲ့
ဖတ်ရှုသူအားလုံးကို ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤
࿇Sקicค࿇
#စပိုက်ကာ

Group မှာ 
share ပေးတဲ့
ကိုယ့်အသည်း တွေ
ကျေးဇူးအထူးထူးပါနော် ❤

စွဲနေပြီWhere stories live. Discover now