Part 1

5.6K 104 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၁)
#သစ္စာတန်ဖိုး

"ဟူး…"
"မောလာလား…မောင်…"
အောင်အောင် ဘေးက ရှုမ၀ ဇနီးသည်လေးကို ကြည့်ပြီး ခေါင်းကို အသာယမ်းခါ ကမ်းပေးတဲ့ ရေခွက်ကို လှမ်းယူလိုက်သည်..။
"မော မလာဘူးသာ ပြောတယ်..မောင့် မျက်နှာမှာလည်း ချွေးတွေ ရွဲလို့…"
"အဟဲ..ဟဲ…ဟုတ်တယ်…မိန်းမရာ…မောင် အလုပ်က အပြန်  ဘောလုံး ၀င် ကန်ခဲ့သေးတယ်.."
"စကားနားမထောင်ဘူးနော်.."
"မောင့် ဝါသနာကို မိန်းမလည်း သိသားကွာ.."
"သွား.."
ချစ်ဇင်္နိးလေးကို ပခုံးကို ဆွဲဖက်ပြီး ပါးကို နမ်းမွှေးလိုက်တော့ မျက်နှာကို တွန်းပစ်ပြီး မျက်စောင်းပါ အစစ်ထပ်ထိုးလိုက်သေးသည်..။
"ရေမချိုးပဲ လာမကပ်နဲ့…သူ့ကိုယ်က ချွေးသံ တွေနဲ့…သူများက ရေချိုး သနပ်ခါးလိမ်းထားတာ.."
"အဟား..ဒါဆို ရေချိုးပြီးမှ တစ်၀.."
"ဟွန့်…"
"သနပ်ခါးလေး မွှေးချင်တယ်လို့.."
မိန်းမ ဖြစ်သူရဲ့ မာယာ မျက်စောင်းလေးကို အသည်းယားလာလို့ ရေချိုးခန်းဘက်ကို ခပ်လှမ်း ကြဲကြဲ ဖြင့် ရောက်သွားရတော့သည်..။
အောင်အောင် ရေချိုးပြီး ခေါင်းရေ မြန်မြန် သုတ်ခါ အ၀တ်အစားတွေကို ကပျာကယာ ကောက်စွပ်လိုက်ရသည်..။
မီးဖိုချောင် ဘက်ကို ဆင်းလာတော့ လျှပ်စစ်မီးဖို ဖြင့် ဟင်းနွေးနေတဲ့ မိန်းမက ကျောပေးလျက်သားတောင် တော်တော် လှပါသည်..။
အိမ်နေရင်း ကိုယ်ကြပ်အကျီင်္ လက်ပြတ် ကလေး ၀တ်ထားတော့ လက်မောင်းသား ဖြူလွင်လွင် ပေါ်နေသလို သေးကျဉ်းတဲ့ ခါးလေးနေရာမှာ လစ်လပ်နေတဲ့ လက်တလုံးခြား အသားလေးကလည်း ထင်းနေပြန်သည်..။
"အို….မောင်.."
"ချစ်လို့…"
"ဒီမှာ..ဟင်းအိုး နွှေးပေးနေတယ်လေ…"
"အိုကွာ…နောက်မှ နွှေး မောင် ဗိုက်မဆာသေးဘူး.."
မီးဖို ခလုတ်ကို ဂျောက်ခနဲ့ ပိတ်ချလိုက်ပြီး သွယ်လျလှပသည့် ကိုယ်ခန္ဓာလေးကို ဆွေ့ခနဲ ချီမြှောက်ခါ အခန်းထဲကို ရောက်အောင် ခေါ်လာခဲ့လိုက်သည်..။
"သိပ်ကဲ…"
နောက်ညှပ်ကလစ်ကလေး မရှိတော့တဲ့ နောက် ပြေလျော့ပြီး ပွယောင်းယောင်း ဖြစ်နေတဲ့ ဆံနွယ်အိအိ လေးတွေကို တစ်ရှိုက်နမ်းရင်း ဇနီးချောလေးရဲ့ ရင်ခွင်ထဲတိုး၀င်ခါ ဖက်ထားလိုက်သည်..။
"နေဦး…ခေါင်းရေစိုနေတယ် မလား.."
"အင်း.."
"လာ..လာ…နွယ် သုတ်ပေးမယ်.."
"ထားလိုက်ပါ…မောင်သုတ်လိုက်မယ်…မောင့် အချစ်လေး ပင်ပန်းသွားပြီ.."
ဇနီးသည်ရဲ့ မျက်စောင်းအညွန့်လေး ရောက်ရှိလာပြီး အနားမှ ရေသုတ်၀တ် လှမ်း ယူခါ ရင်ခွင်ထဲမှာ ဇိမ်ယူနေတဲ့ အောင်အောင့် ရဲ့ ဆံပင် တွေကို ခပ်ဖြည်းဖြည်း ရေသုတ်ပေးသည်..။
မွှေးပျံတဲ့ သနပ်ခါးနံ့လေးကို ရှုရှိုက်ရင်း အခုလို ချစ်သူချောလေးကို ဇနီးအဖြစ် ပိုင်ဆိုင် ခွင့်ရလိုက်တာကို ကြည်နူး ဂုဏ်ယူရသည်..။
တကယ်တော့ ဖူးစာသာ မပါရင် အောင်မိုးသူ နဲ့ နွယ်နွယ်စိုး ဆိုတာ ပြဒါး တစ်လမ်း သံတစ်လမ်းပင်..။
"ဇိမ်ယူနေတာ.."
"အဟဲ..ဟုတ်တယ်လေ….မိန်းမ ရှိတာ တကယ့် ဇ်ိမ်ပဲနော်…မောင်တို့ တွေ့စက တစ်ယောက်ကို တစ်ယောက် မုန်းကြတယ်နော်.."
"မုန်းတာပေါ့…မောင့် သူငယ်ချင်းကြောင့် နွယ့်သူငယ်ချင်း အသည်းတွေ ကွဲခဲ့တာလေ..ဒါနဲ့များ..သူက သူငယ်ချင်း ဘက်က ရန်တွေ့ပေးသေးတယ်.."
"အဟား..နွယ်က ကိုယ်သူငယ်ချင်းကို ရိုက်တာလည်း ပြောဦးလေကွာ.."
"ဟွင့်..အဲတုန်းကဆို…တော်တော် အမြင်ကပ်တာ သိလား.."
"သိတယ်လေ…အခုတော့…တော်တော် ချစ်သွားပြီမလား.."
"မချစ်ပါဘု.."
"မချစ်ဦးကွာ.."
ဇနီးချောလေးက ရင်ခွင်အောက်ကို ရောက်သွားပြီး ထိတ်လန့်ချင်ယောင်ဆောင်ထားတဲ့ မျက်၀န်းပြာလေးတွေနဲ့ မော့ကြည့်လာသည်..။
လည်တိုင်ကို လယ်သွယ်လေးတွေနဲ့ ခိုတွဲပြီး မူနွဲ့နွဲ့ ဟန်လေးဖြင့် ပြုံးတော့ အသည်းယားလို့ အနမ်းမိုးသည်းပစ်လိုက်တော့သည်..။
"နွယ်ရေ…နွယ်.."
"ဟာကွာ..ဘာတွေ လာခေါ်နေတာလည်း…"
"နေပါဦး..မောင်ရယ်….ဟိ်ုဘက်ခန်းက အန်တီမာ လာခေါ်တာဖြစ်မယ်.."
"သွတ်.."
အောင်အောင် က စိတ်ဘ၀င်မကျစွာ မျက်နှာ ရှုံ့မဲ့သွားတော့ ချစ်ဇနီးက တစ်ချက်နမ်းပြီး အကျီင်္ ကို ပုံချခါ ဆံပင်ပြင်၍ ထွက်သွားသည်..။
"အန်တီမာ.."
"အိမ်မှာ ဒီနေ့ အုန်းထမင်း ချက်စားလို့ လာပို့တာ သမီးရေ.."
"သြော်..ဟုတ်ကဲ့..၀င်ထိုင်ပါဦး..အန်တီမာ.."
"အေး…အောင်အောင်ကော ပြန်လာပြီလား."
"ရှင်..ဟုတ်.."
"….."
"အဟွင်း…ကြင်စဦး ဆိုတော့ ဒီလိုပါပဲ.."
"အဲ..ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်..နော် အန်တီမာ…"
"အေး..သွားပြီ…သမီးရေ…"
တံခါး ဂျက်သံကို နားစွင့်ရင်း အောင်အောင် လက်ကို နောက်ပစ်ခါ ခေါင်းအုံးပေါ် မှီပြီး လဲနေလိုက်မိသည်..။
တော်တော် အလိုက်ကန်းဆိုး မသိတဲ့ အိမ်နီးချင်းတွေ…။
မီးဖိုခန်းဘက်က ပန်းကန်သံ ခွက်သံ ကြားပြီးနောက်တော့ အခန်းတံခါးလေး ခပ်ဖြည်းဖြည်း ပွင့်လာတာကို ကိုယ့်မှာ ရင်ခုန်စိတ်လှုပ်ရှားနေရသည်..။
"ဟွင့်…တော်ပြီ မောင် …သိပ်မကဲနဲ့.."
"ဟောဗျာ…အဲလို မနှိပ်စက်နဲ့လေ…တစ်၀က်တစ်ပျက်ကြီး….မောင် ဘယ်လို လုပ်မလည်း.."
"ဘာလည်း..ဘာလည်း.."
"ခေါင်းရေသုတ်နေတာကို ပြောတာလေ…"
အောင်အောင့် စကားကြောင့် ချစ်ဇနီး စွာတေးလေးမှာ နှုတ်ခမ်းလေး တပြင်ပြင်ဖြင့် ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်နေရှာသည်..။
ချစ်ဇနီးရဲ့ လက်သွယ်သွယ်လေးကို ဆွဲယူပြီး သေးကျဉ်းတဲ့ ခါးလေးကို ဖက်ခါ ရင်ခွင်ထဲ ထည့်သိမ်းလိုက်ရသည်..။
"ဟိုဘက်က အဘွားကြီး သိပ်ရှုပ်တာပဲ.."
"ရှုပ်တာ မဟုတ်ဘူး..အုန်းထမင်းနဲ့ ကြက်သားလာပို့တာပါ…"
"အလကား..ကျစ်.."
"ပြီးရင် သူပဲ ငတ်ကြီးကျပြီး အကုန်စားမှာလေ.."
"မစားပါဘူး..ပျားရည်ချိန်လေးကို လာနှောင့်ယှက်တာ ဘာမှ မစားချင်ဘူး…အချစ်တွေနဲ့ ဝနေပြီ…"
"မောင်ကြောင့် ပြောစရာ ဖြစ်ပြီ သိရဲ့လား.."
"ဘာဖြစ်လို့လည်း.."
"နွယ် မှာ ဖိုသီဖက်သီ ပြေးထွက် သွားရတာ ဘာတွေမှားနေလို့လည်း မသိဘူး လူကို ကြည့်ပြီး ရယ်သေးတယ်…ပြီးတော့ ကြင်စဦး ဆိုတော့ ဒီလိုပါပဲတဲ့..ရှက်ဖို့ကောင်းလိုက်တာ.."
"မရှက်ပါနဲ့..သူတို့လည်း ကလေး တစ်ချိတ်လောက် မွေးထားတာ သိမှာပါ.."
"ဘာ.."
"သြော်..လင်မယား ကြင်စဦး ချစ်မ၀ ကြင်နာမ၀ ဖြစ်ရတာလေးတွေလေ…"
"ဘာကြင်စဦးလည်း..တစ်နှစ်ကျော် နှစ်နှစ် နီးပါး ဖြစ်တော့မယ်.."
"ဒါကတော့ ကိုယ့်မိန်းမက တစ်နေ့ထက် တစ်နေ့ ပိုတိုးပြီး ချစ်ချင်လောက်အောင် ဆွဲဆောင်နေတာကိုးကွ.."
"သူများလှတာလည်း သူ့အမြင် မှာ အပြစ်.."
"အပြစ် မဟုတ်ပါဘူး..အချစ်.."
စွာလွန်းသည့် နှုတ်ခမ်းလေးကို တစ်ရှိုက်မက်မက် နမ်းလိုက်ရင်း ရင်ခုန်သံ အသစ်သစ်တွေဖြင့် တေးဖွဲသီနေမိသည်..။
.
"မောင်ရေ…ထတော့လေကွာ…"
"….."
"ထတော့ပါဆို…."
အောင်အောင် မျက်လုံး မှိတ်ထားရင်း အိပ်ချင်ယောင်ဆောင်နေတော့  ပါးပေါ်ကို နွေးထွေးတဲ့ အနမ်းလေး တစ်ပွင့်ကျရောက်လာသည်..။
ချစ်ဇနီးရဲ့ နွေးထွေးတဲ့ အနမ်းတွေနဲ့ နှိုးထခွင့်ရပေမဲ့ မရောင့်ရဲနိုင်ပဲ ခါးလေးကို ဖက်ခါ မျက်နှာလေးကို အဓ္ဓမ မွှေးကြူပစ်လိုက်သည်..။
"မောင်နော်…စျေးသွားဖို့ သနပ်ခါးလူး ထားတာကို…တကယ်ပဲ မျက်နှာ မသစ်သေးပဲ.."
"အမယ်…ဒီလိုပဲ နေ့တိုင်းပြောပြီး…မောင့် အတွက် မနက်တိုင်း သနပ်ခါးလူးပြီးမှ လာနှိုးတာ မဟုတ်ဘူးလား.."
"ဟုတ်မှာလား.."
ရှက် မျက်စောင်း မူယာလေးကို သဘောကျလို့ ပိုပြီး နမ်းပစ်လိုက်ခါ အိပ်ယာကနေ မင်္ဂလာရှိစွာ ထလာခဲ့လိုက်သည်..။
"ရေချိုးပြီး ရင်…အ၀တ်အစား တစ်ခါတည်း လဲဖို့ ထုတ်ပေးထားတယ်..ခေါင်းရေသုတ်နော်..မောင်…နွယ် စျေးထဲကနေ မနက်မုန့်တစ်ခါတည်း ၀ယ်ခဲ့မယ်..မောင် ဘာစားချင်သလည်း.."
"ထုံးစံအတိုင်း နွယ်ပဲပေါ့…"
"မောင်က နွယ်ကြိုက်တာလား..မထင်ရဘူးနော်…"
"ဟာ..ဒီမိန်းမ…"
အောင်အောင် နှုတ်ခမ်းကိုက်ပြီး ရှေ့ကိုလှမ်းတော့ ဆွဲခြင်းလေးကိုင်ပြီး ကလေး တစ်ယောက်လို အိမ်ရှေ့ဘက်ကို ထွက်ပြေးသွားသည်..။
အချိုးအဆစ် ကျ လှပလွန်းသည့် ဇနီးသည်ရဲ့ ကိုယ်နေဟန်ထားလေးကြောင့် စျေးကို လွှတ်ဖို့တောင် နှမျော ၀န်တို ဖြစ်ရခါ နောက်နေ့ စောစောထပြီး စျေးလိုက်သွားဖို့ ဆုံးဖြတ်လိုက်မိသည်..။
အောင်အောင် နဲ့ ရန်ဘက်ဖြစ်နေတုန်းကတော့ ဒီမိန်းမ ဘာဘာ ညာညာ ဆိုပြီး နေ့တိုင်း ဝေဖန် ပြစ်တင်ခဲ့ရသည်..။
မြင်တာနဲ့ သတ်ရသလို မိစွာတေးလေး နွယ် ကလည်း လူကိုတွေ့တာနဲ့ မကြားတကြားလေး ရန်ထောင်တက်သည်လေ..။
တစ်ယောက်နဲ့ တစ်ယောက် တွေ့တိုင်း ရန်ဖြစ်နေဆဲ ပေမဲ့ မြင်ပါများတော့ ကြင်သလို ဖြစ်လာသည်..။
ဘုနဲ့ဘောက် ပြောနေပေမဲ့ သူကျောင်းမလာရင် လွမ်းတက်မိသလို သူကလည်း ကိုယ်သင်တန်းပျက်ပြီး လက်ဖက်ရည်ဆိုင် မထိုင်နိုင်တဲ့နေ့ဆိုရင် ကွေ့ခါ ဝိုက်ခါ မေးတက်သည်တဲ့လေ..။
ဒီလိုနဲ့ လေးလကြာတဲ့ အခါမှာတော့ နွယ်ဆိုတဲ့ ရန်သူမလေးကို မိတ်ဆွေ ဖြစ်ပြီး တစ်လ အကြာမှာ ချစ်ရေးဆိုခဲ့ရသည်..။
ရန်စွာလွန်းတဲ့ မိနွယ်ကို ချစ်စကားပြောရချိန် ရင်ခုန်ရတာ နည်းနည်း ပါးရိုက်ခံရမလား စိတ်ပူရတာက ခပ်များများရယ်ပါလေ..။
ဒါပေမဲ့ ချစ်စရာကောင်းတဲ့ ချစ်ရသူလေးက ခေါင်းလေးငုံ့ပြီး စဉ်းစားပါရစေ ရှင် ဆိုတော့ ၀မ်းသာလိုက်တာများ ဆိုဖွယ်ရာတောင် မရှိခဲ့ပါ..။
သို့ပေမဲ့ သူလေး စဉ်းစားမယ်ဆိုတဲ့ ရက်သတ္တပတ်ကတော့ အောင်အောင့်မှာ ဆယ်နှစ်ဆယ်မိုး မက ကြာသလိုပင်..။
ထို့အတူ အငြင်းစကားလေးများ ထွက်လာရင် ဆိုတဲ့ စိတ်နဲ့ တစ်ပတ်လုံး ကောင်းကောင်းလည်း အိပ်မပျော်ခဲ့ရပါ..။
"အို…ကိုအောင်မိုး.."
"ဟင်..နွယ်…"
ချစ်ရသူလေး အဖြေပေးမယ်ဆိုလို့ ကတုန်ကယင်ဖြင့်  ဆုတောင်းနေချိန် ရောက်ချလာပြီး မျက်လုံးလေး ပြူးကြည့်နေတော့ ရင်တွေ ပိုတုန်ရသည်…။
"ကိုအောင် ….ဘယ်အချိန်ကတည်းက ရောက်နေတာလည်း.."
"အိပ်ယာနိုးကတည်းက ထွက်လာတာပါ…နေလို့ မရလို့…"
"အိုး.."
"ကိုယ့် အတွက် အဖြေပါလာပြီလား ဟင်.."
"နွယ့်မှာ အဖေမှ မရှိတော့တာ.."
"သြော်…မဟုတ်..မဟုတ်ဘူးလေ နွယ်ရယ်…ကိုယ့်အတွက် အချစ်အဖြေလေးကို ပြောတာပါ…"
"ဟွင့်…မိန်းမလို မိန်းမရ ရန်ထောင်တက်တဲ့ သူကြီးက အိနြေ္ဒမရ ဖြစ်နေလိုက်တာ.."
"ချစ်ရတဲ့သူမို့.."
"ချစ်ပါတယ်တဲ့ရှင်…"
"ကိုယ်သိပါတယ်…အဲ..ချစ်တယ် ပြောတာလား.."
"ဘာဖြစ်နေတာလည်း.."
"ညက အိပ်မရလို့ ခေါင်းမကြည်ဘူးလေ…ချစ်တယ်..ချစ်တယ်နော်…ပျော်လိုက်တာ နွယ်ရယ်..သိပ်ပျော်တာပဲ…"
"ဟောတော့ အောက်မှာလည်း ပေါက်.."
ဘေးနားက ချစ်သူလေးကို ဆွဲဖက်လိုက်မိချိန် လက်ညိုးထိုးပြီး ပြောတော့ အလန့်တကြား ငုံ့ကြည့်မိသည်..။
သေလိုက်ပါတော့ အောင်အောင်ရယ်…။
"ဟို..ဟို ဆေးလိပ်မီးပေါက်တာပါ.."
ပေါင်သား အကွက်လိုက်ပေါ်နေလို့ ပြင်လည်း မ၀တ်တော့ပဲ စုလုံး လိုက်ခါ ချစ်သူကိုပဲ တမ်းတ မက်မောရင်ခုန်စွာ ထွေးပွေ့ထားမိသည်..။
ချစ်သူလက်ကို တွဲလို့ မိုးမမြင်လေမမြင် ပန်းခြံထဲ နွဲပျော်ပြီး အိမ်ရောက်တော့ အ၀တ်အစားလဲချိန်ကျမှ ပစ်ထိုင်ကျသွားရသည်..။
ညက ၀တ်အိပ်တဲ့ တီရှပ် အစုတ်တထည်က ကျောမှလည်း သုံးလေးခု ပေါက်နေသေးသည်..။
အောင်အောင်လို့ လွဲလိုက်ရင် ဒီလိုချည်းပဲမို့ ချစ်သူလေးက လက်ထပ်ပြီးတာတောင် ပြောပြီး ရယ်နေတုန်းပါပဲ..။
သူ့ကို ချစ်လို့ စိတ်တွေ အစိုးမရ မတည်မငြိမ် ဖြစ်ရတာပါဆိုတော့ …ဖြစ်သင့်တာပေါ့လို့ ဂုဏ်ယူတက်သေးသည်..။
ဇနီးသည် စကားကို နားထောင်သောအားဖြင့် ရေချိုးခန်းဘက်ကိုရောက်လာတော့ သွားတိုက်ဆေး သွားပွတ်တံ အပြင် ရေဖလား ဆပ်ပြာခွက်ပါ အားလုံး အဆင့်သင့် ချပေးခဲ့သည်..။
ဒီလို ချစ်စရာကောင်းပြီး အလိုက်သိတက်တဲ့ ဇနီးမျိုး ဒီကမ္ဘာမှာ နှစ်ယောက် ရှိမယ် မထင်..။
အောင်အောင်လည်း ချစ်ဇနီးလေး အတွက် ရေမောင်းတင်ပေးလိုက်ပြီး မီးသွေးအိတ်ကိုလည်း အပေါ်ဆင့် တစ်ခါတည်း မရွေ့ပေးထားလိုက်သည်..။
"ဟော…ဘီဒို ရွေ့ဖို့ ကျန်သေးတယ်.."
အခန်းထဲက ဘီဒိုလေးကို နေရာပြောင်းရွေ့တော့ သိပ်မနိုင်ချင်လို့ တစ်ရွတ်ဆွဲပြီး ဖြည်းဖြည်းချင်းရွေ့ရသည်လေ..။
တော်ကြာ နွယ်ပြန်လာရင်  သူလည်း တစ်ဖက် ကိုင်ပေးမယ်ဆို ဒုက္ခများနေပါဦးမည်..။
"ဟင်…အမလေး..မောင်…ချ…ချ…"
"ဘာဖြစ်လို့လည်း..မိန်းမရဲ့.."
"ဘာလို့ တစ်ယောက်တည်း မ နေတာလည်း မောင်ရယ်..ခါးကြောတွေ ဘာတွေ တင်သွားရင် ဘယ်နဲ့ လုပ်မလည်း.."
"အဟား…မောင့်မိန်းမ တအားသိတက်တာပဲ..မောင့် အတွက်ပဲ လိုက်ကြည့်တယ်…မောင်ကလည်း အချစ်လေး ပင်ပန်းမှာ စိုးလို့ တစ်ယောက်တည်း ဆွဲနေတာလေ…"
"မောင် ဒီလို ဇွတ်လုပ်ရင် နောက်တစ်ခါဆို မောင့်ကို မပြောပဲ နွယ်ပဲ လုပ်တော့မယ်.."
"ဟာ..မဟုတ်တာ…မောင့်မိန်းမလေး ထိခိုက်သွားရင် ဘယ်လို လုပ်မလည်း.."
"မောင်မှ စကား နားမထောင်တာပဲလေ.."
"နားထောင်ပြီ…နားထောင်ပါပြီ.."
အောင်အောင် ဘီဒိုကို ချလိုက်တော့ ဇနီးသည်က တစ်ဖက် က မြှောက်ကိုင်ပေးပြီး ရွေ့ပေးတော့သည်..။
မောင် တစ်ထမ်း မယ် တစ်ရွက်ဆိုတဲ့ ဒီလို ဘဝလေးက ကြည်နူးသာယာ ပျော်ရွှင်စရာလေးပါလေ..။
"မောင် ….ရော့…ဘူးသီးကြော်လေး ကြိုက်တယ်မလား…"
"အင်း…မိန်းမ က ဆီချက်ကြိုက်တော့ မောင့်ဆီက ပြန်ယူ.."
ကြက်သွန်ဖြူ ဆီချက်ဖက် သေးသေးလေးတွေကို ကောက်ယူပြီး လှမ်းထည့်ပေးတော့ မိန်းမ က ပြုံးရင်း အောင်အောင့် လက်မောင်းကို ဖွဖွ ရိုက်သည်..။
"မိန်းမ နောက်နေ့ စျေးသွားရင်..မောင်လိုက်မယ်နော်…"
"ဟင်..ဘာဖြစ်လို့လည်း မောင်ရဲ့.."
"စိတ်မချလို့ပေါ့..မောင့်မိန်းမ က အိမ်မှာနေတာတောင် အရမ်းလှနေတာ အပြင်ထွက်လို့ သူများတွေနဲ့ ယှဉ်လျှောက်ရင် ပိုပြီးလှတယ်…မိန်းမ ကို ဘယ်သူက အိမ်ထောင်သည်လို့ ထင်မှာလည်း.."
"မောင်က ပိုပြီ..သိလား.."
"တကယ်ပါဆို…အနောက်က ကြည့်ရင်တောင် အရမ်းလှတဲ့ မိန်းကလေးဆိုတာ သိသာတယ်.."
"မောင်နော်.."
"သြော်..လမ်းလျှောက်ဟန်လေးနဲ့ ခြေဖနောင့်သားဖြူဖြူလေးတွေ ရယ်ကြောင့်ပါကွာ.."
"ဟွင်း.."
မိန်းမ က ခေါက်ဆွဲ ပန်းကန်ကို ခပ်နာနာ ခေါက်ပြီး မွှေနေတော့ အောင်အောင် လည်း မုန့်ဟင်းခါး ပန်းကန်ကို ခပ်သွက်သွက် မွှေပြီး စားလိုက်ရသည်.။
အလုပ်သွားဖို့ နောက်ကျလို့ မဖြစ်တော့ဘူးလေ…။
"မောင်…ထမင်းဘူး.."
"ဟောဗျာ…မယူပါဘူးဆို…အပြေးအလွှားချက်တယ်.."
"မောင် နေ့လည် ဗိုက်ဆာနေမှာ သိလို့လေ…"
"ချစ်ဖို့ကောင်းလိုက်တဲ့ မိန်းမကွာ.."
"အို.."
ခါးလေးကို ဆွဲသိမ်းပြီး ရင်ခွင်ထဲ ထည့်ခါ အနမ်းကြမ်းလေးတွေ ဖလှယ်ရင်း မခွဲနိုင် မခွါနိုင် ဖြစ်ရပြန်သည်..။
"အလုပ်နောက်ကျဦးမယ်…ဟား..ဟား.."
"သူပဲ အတင်း.."
"ညနေ့ပြန်ရင် သနပ်ခါးလေးလူးပြီး စောင့်နေနော်.မိန်းမ.."
"အင်းပါ…မောင်လည်း..အလုပ်မှာ ကောင်မလေးတွေကို အရောတ၀င် မနေနဲ့နော်.."
"စိတ်ချပါကွာ..နတ်မိမယ်လေးကို ပိုင်ဆိုင်ထားမှတော့ မင်းသမီးဆိုရင်တောင် စိတ်မ၀င်စားဘူး.."
"သူတို့ယောင်္ကျားတွေပဲ အမျိုးမျိုး.."
အောင်အောင့် ခါးကို ဖက်ရင်း ရင်ခွင်ထဲမှီနွဲ့နွဲ့လေး ဖြင့် အိမ်တံခါး ၀အထိ လိုက်ပို့ပေးတော့ နဖူးလေးကို ခပ်ဖွဖွ နမ်း၍ နှုတ်ဆက် အနမ်းလေး ပေးလိုက်သည်..။
"အောင်အောင်.."
"ဗျာ.."
"မင်း အလုပ်နောက်ကျတယ်နော်.."
"ဟို…ကျွန်တော် ကား.."
"တော်..တော်…မင်း ဆင်ခြေတွေ များလွန်းနေပြီ..ဒါ နောက်ဆုံး အကြိမ် သတိပေးတယ် မှတ်ပါ.."
"ဟုတ်ကဲ့.."
အောင်အောင် လွယ်အိတ် ဖြုတ်ချလိုက်ပြီး ဆေးစာအုပ် နဲ့ ဆေးကဒ်တွေ ယူခါ ဆေးရုံကြီးကို သုတ်ခြေတင်ရတော့သည်..။
ဆေးဝါးကျွမ်းကျင် လက်မှတ် ကလေး တစ်ခုကြောင့် ဆေးကုမ္ပဏီ တစ်ခု မှာ လခကောင်းကောင်း အလုပ်ရခဲ့ခြင်းသည်ပင် အောင်အောင့် အတွက် ကံကောင်းခြင်း ဖြစ်သည်.။
ဒီအလုပ်က ရတဲ့လခတွေနဲ့ စားဖို့သောက်ဖို့ အဆင်ပြေသလို လူပျိုဘ၀တုန်းက စုထားဆောင်းထားတာလေးတွေကို သူငယ်ချင်း တစ်ချို့ဆီက ထပ်ဆွဲ၍ အခုနေတဲ့ အခန်းကျဉ်းလေး ၀ယ်ထားရသည်လေ..။
ရန်ကုန်မှာ လာနေပေမဲ့ အောင်အောင်က တစ်ကောင်ကြွက် မဟုတ်ပါ …
အရင်တုန်းက ပိတ်ရက်တိုင်း မန္တလေးက အဒေါ်ဆီကို ပြန်ဖြစ်သည်..။
ထို အဒေါ်ကပဲ အောင်အောင့်ကို မွေးကျွေး ပျိုးထောင်ထားခဲ့တာပါ..။
ဒါကြောင့် အုပ်ထိန်းသူလို ဖြစ်နေပြီး အောင်အောင့်ကို သင့်တော်တဲ့ မိန်းကလေးနဲ့ လက်ထပ်ပေးဖို့ ပြင်ဆင်သည်..။
အောင်အောင်ကလည်း နွယ်နဲ့ ချစ်သူတွေ ဖြစ်နေတဲ့ အကြောင်း နွယ်ကိုပဲ လက်ထပ် မဲ့ အကြောင်း ပြောလိုက်မိတော့ စိတ်ဆိုးပြီး ဘယ်တော့မှ မျက်နှာ မမြင်ချင်တဲ့ သူ အဖြစ် စွန့်ပစ်ခံလိုက်ရသည်..။
"ဟင်း.."
ဆေးရုံ၀န်းထဲမှာ ဒေါ်လေး အရွယ် မိန်းမကြီးတွေကို တွေ့တိုင်း အောင်အောင် တစ်ယောက် ဒေါ်လေးကို စိတ်ပူရပါသည်..။
ဒေါ်လေးက အောင်အောင့်ကိုပဲ သားအရင်းလို မွေးထားတဲ့ အပျိုကြီး တစ်ယောက်မို့ အသက်အရွယ်အရ ကြည့်ရှုမဲ့ လူလိုပါသည်..။
နွယ် နဲ့ လက်ထပ်တာ တစ်နှစ်ကျော်လာပေမဲ့ ဒေါ်လေးဆီကို သွားတွေ့မယ် ပြောတိုင်း နွယ်က ခါးခါးသီးသီး ငြင်းဆန်တက်သည်..။
သူ့ကို လက်မခံ မလိုလားတဲ့ သူကို မတွေ့နိုင်ဘူးလို့ ငယ်သူမာန်နဲ့ တင်းခံနေပြန်သည်..။
အောင်အောင့်မှာသာ ဒေါ်လေးကိုလည်း မပြတ် နွယ့်ကိုလည်း မစွန့်နိုင်ဖြစ်ရသည်..။
နောက်ဆုံး ချစ်ဇနီး အလိုကျအတိုင်း သူ့ရှေ့မှာ ဒေါ်လေး အကြောင်းပင် မပြောဖြစ်တော့ပါဘူးလေ…။
"အောင်အောင်…မင်းကလည်း နောက်ကျတယ်ကွာ.."
"ဟုတ်တယ်…အန်ကယ်ရာ.."
"ဒီနေ့တော့ မစောင့်နိုင်လို့..တခြားကုမ္ပဏီကပဲ ယူထားလိုက်တယ်.."
"ဗျာ.."
အောင်အောင် မျက်လုံးပြူးနေပေမဲ့ ဒေါက်တာ ဆိုသူကတော့ နားကြပ်တွေ ဆေးထိုးအပ်တွေကို ပစ်ချပြီး ဆေးစာကို ခပ်သွက်သွက်ရေးနေရသည်..။
"မင်းကိုစောင့်နေလို့ မဖြစ်ဘူးလေ….ဒီမှာက အသက်လု လုပ်နေရတာမလား.."
"ဟုတ်..ဟုတ်…ကျွန်တော် သိပါတယ်…နောက်ကို ဂရုစိုက်ပါ့မယ်..အန်ကယ်..မနက်ဖြန် ကျွန်တေ်ာ စောစော ရောက်အောင် လာခဲ့ပါမယ်.."
'ဒီလိုပဲ နေ့တိုင်း ပြောနေတာပဲကွာ…အလုပ်လုပ်တယ်ဆိုတာ လုံလ ဝီရိယ မပါရင် မတိုးတက်ဘူးကွ…"
"ဟုတ်ကဲ့.."
အောင်အောင် အိတ်နဲ့ ဆေးစာအုပ်ကို ကောက်ကိုင်ပြီး ပြန်ထွက်လာရပေမဲ့ ဘာလုပ်လို့ ဘယ်သွားရမှန်း မသိဖြစ်ရသည်..။
ဒီအိတ်သာ ရုံးကို ပြန်ရောက်သွားရင်တော့ ချက်ချင်း အလုပ်ပြုတ်မှာ သေချာနေပြီ..။
အောင်အောင် သက်ပြင်းချ၍ ဆေးဆိုင်တွေကို ခြေတိုအောင် လျှောက်ရောင်းဖို့ ဆုံးဖြတ်လိုက်ရသည်..။
နေ့လည် ထမင်းစားချိန် ရုံးကို ပြန်ရောက်တော့ ဆေးအိတ်က တစ်၀က်တောင် မကျိုးသေး..။
"အောင်အောင် မင်း ဒိနေ့ ကြာလှချည်လား.."
"အေးကွာ..သူများ၀င်ရောင်းလို့ အားနာပြီး ယူလိုက်တယ်တဲ့.."
အောင်အောင် မုသားသုံးပြီး ထမင်းဘူးကို ဆွဲထုတ်ခါ စားပွဲဝိုင်းမှာ ထိုင်လိုက်ရသည်..။
"မင်း တော့ ကြည့်နေ ကြည့်စားတော့..အစကတည်းက သိပ်ကြည်တာ မဟုတ်ဘူး.."
"အေးပါကွာ.."
အောင်အောင် ထမင်းဘူး ဖွင့်လိုက်တော့ ပုစွန်ကွေးလေးတွေနဲ့ အရည်သောက်ဘူးလေးမှာ ကင်ပွန်းချဉ်ရည် လည်း ပါသည်..။
"မိန်းမယူတာ တစ်ခုတော့ ကောင်းတယ်..အောင်အောင် ထမင်းဖိုး တော်တော် သက်သာသွားတယ်.."
"ဟား..ဟား..တစ်ခု မက ကောင်းတာ ..မင်းတို့ မသိပါဘူးကွာ…"
"ဟုတ်လား…ဘာတွေလည်း.."
"မမေးနဲ့..ဟေ့ကောင်…အားမနာတမ်း သရေယိုအောင် ပြောလိမ့်မယ်…မင်း စိတ်ကျ ရောဂါ ရသွားလိမ့်မယ်.."
ဘေးနားက သူငယ်ချင်း တစ်ယောက်ရဲ့ စကားကြောင့် တစ်ဝိုင်းလုံးမှာ ရယ်သံတွေ ဖုံးလွမ်းသွားတော့သည်..။

⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now