Part 7

711 32 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၇)
#သစ္စာတန်ဖိုး
"ဟဲ့..နင်က ဘာ  အလုပ်လုပ်စရာ လိုသလည်း…မိနွယ်ရဲ့…"
"အိမ်အလုပ်တွေနဲ့ ချည်း အချိန်ကုန်နေတာပဲ..မေမေ…နွယ်တို့ ရှေ့ရေး အတွက်လည်း စုရဆောင်းရဦးမယ် မေမေရဲ့…"
"အို…မိဘနဲ့ တူတူ နေရတာပဲ ..ဘာစုဆောင်းစရာလိုသလည်း…ကောင်မရဲ့…"
"နွယ်တို့ သားတွေ သမီးတွေ ရလာဦးမယ်…အဲ့အခါကျရင်.."
"ကဲတော်…လုပ်ချင်တာသာ လုပ်တော့ဟေ့..သမီး နှစ်ယောက် ရှိပါတယ်…ရထားတဲ့ လင်တွေကလည်း တစ်ကောင်မှ ေ×ာက်သုံးမကျဘူး..ပိုက်ဆံ ရှာတာ ယောင်္ကျား အလုပ် ဟဲ့…ဟာမရဲ့.."
"အဟင့်…ဟီး…"
အောင်အောင် ဆီပုံးတွေကို စည်တိုင်ဂီထဲ  လောင်းထည့်နေရင်း နွယ့်ရဲ့ ငိုသံကြောင့် လက်ထဲက ပုံးက လေးလံ လာပြီး မနိုင်တော့လို့ ခဏချလိုက်ရသည်..။
နွယ် ညတုန်းက အလုပ်လုပ်ချင်တယ်လို့ အောင်အောင့်ကို ပြောပေမဲ့ ယောက္ခမ အကြောင်းကို သိနေလို့ မပြောဖို့ တားလိုက်မိပါသေးသည်..။
နွယ်ကလည်း သူ့ရဲ့ အမူအကျင့် အတိုင်း ဆုံးဖြတ်ပြီးရင် ဘယ်သူ တားတား လုပ်မှာပါလေ…။
အောင်အောင် ဆီပုံးကို ချပြီး အိမ်ရှေ့ဘက်ကို ခေါင်းပြူ ကြည့်လိုက်တော့ ယောက္ခမကြီးက ရွာလမ်း အတိုင်း ထွက်သွားပြီ..။
ခြေလှမ်းခပ်သွက်သွက်ဖြင့် ကွပ်ပျစ်မှာ ထိုင်ခါ တရှုံ့ရှုံ့ ငိုနေသည့် နွယ့်ဆီကို လျှောက်သွားလိုက်သည်..။
ပခုံးလေးကို ဖက်ပြီး အားပေးလိုက်တော့ အောင်အောင့် ပခုံးပေါ် မျက်နှာအပ်၍ ငိုပြန်သည်..။
"အချစ်ရယ်….ဘာဖြစ်လို့လည်း ဟင်…ဘာဖြစ်လို့ ငွေလိုတာလည်း ဟင်…မောင့်ကို ပြောစမ်းပါ.."
"ဟင့်..ဟင့်…မောင်…မေမေ့ အကြောင်း မသိပါဘူး.."
"အမေ့ အကြောင်း မသိပေမဲ့…နွယ် အခုလို ပြောလိုက်တော့ သူ့ကို ပုန်ကန်သလို ဖြစ်နေပြီ..မိန်းမရယ်…"
"ဟင့်..ဟုတ်တယ်..မောင်…နွယ်တို့ ဒီကို ရောက်လာတာ ခြောက်လ နီးနီး ရှိနေပြီ…မောင်လည်း  မိုးလင်းမိုးချုပ် ခိုင်း သမျှလုပ်နေရတယ်…နွယ်လည်း အိမ်အလုပ်ချည်း သိမ်းကျုံး လုပ်နေရတာ…၀င်ငွေ မှ မရှိတာမောင်ရယ်..ပိုက်ဆံ မရှိရင် နွယ်တို့ ရှေ့ရေး ဘယ်လို လုပ်မလည်း မောင်.."
"အမေ ပြောတာတော့…"
"ကိုယ့် မေမေ ကို မကောင်းပြောတာ မဟုတ်ပါဘူး..မောင်…အောင်သိန်းက နည်းနည်းဆိုးလို့ နေ့စားသဘော ပိုက်ဆံ ပေးနေတာပါ…မောင့်နေရာမှာ တစ်ယောက်ယောက် ထည့်ရင် နေ့စားတော့ ပေးရမှာပဲ မောင်..စပါးပေး ပဲပေး ငွေတွေ ရပေမဲ့ ငါ့သမီးတွေဖို့ ဘယ်လောက်ဆိုပြီး မုန့်ဖိုး ပေးတာတောင် မရှိဘူး မောင်ရယ်…ယောင်္ကျားရသွားရင် သူစိမ်းပဲတဲ့..တစ်ပြား တစ်ချပ်တောင် မမျှော်လင့်နဲ့တဲ့.…ဒီလိုဆို နွယ် ဘာလုပ်ရမလည်းဟင်..နွယ်လည်း သူစိမ်း တစ်ယောက်လို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတော့မယ် မောင်…မက်လွန်းလို့ ပြောနေတာ မဟုတ်ပါဘူး…မေမေ အရင်စပြီး ရက်စက်တာပါ.."
"ဟင်း…နွယ်က ဘာလုပ်တက်မလည်း ဟင်..ဘာလုပ်ဖို့များ စိတ်ကူးထားလို့လည်း…မိန်းမရယ်.."
"နွယ်က အရင်းအနှီးငွေလေး ရှိရင် မြို့က ပစ္စည်းနည်းနည်း ၀ယ်ပြီး ရွာမှာ လပေး ရက်ပေး ပြန်ရောင်းမလို့ မောင်..မေမေ့ဆီက ငွေချေးပါ ပြန်ဆပ်ပါမယ် ဆိုတာတောင် အခုလို ပိတ်ပင်သွားတယ်…"
"မောင့်မှာလည်း ငွေ မရှိဘူး..အချစ်မှာလည်း ငွေမရှိဘူး..အမေကလည်း မပေးဘူးမလား..နောက်တော့မှ တစ်ခုခု ကြံကြမယ်နော်.."
"ဟင့်အင်း..နွယ် ဆုံးဖြတ်သွားပြီ..မောင်.."
နွယ်ရဲ့ ဆုံးဖြတ်သွားပြီဆိုတဲ့ စကားကြောင့် အောင်အောင် မျက်လုံး ပြူးခါ ရင်ထိတ်သွားရသည်..။
နွယ် ဆုံးဖြတ်လိုက်တိုင်း မှားကုန်တာ တစ်ခုမကတော့ဘူးလေ…။
"နွယ်တော့ ဒီ ဆွဲကြိုးကို ရောင်းလိုက်မယ်..မောင်…"
"ဘာ…"
"မြို့ပေါ် မှာ တက်ရောင်းလို့ပဲ ရမယ် မောင်…ရောင်းပြီး ရင်းနှီး လုပ်မယ်လေ…နော်..မောင်.."
"တော်ပါတော့….နွယ်ရယ်..ဒီဆွဲကြိုးကို မောင် ဘယ်လောက် တန်ဖိုးထားလည်း နွယ် သိရဲ့နဲ့ကွာ.."
"ရှိတန်ဆာ..မရှိ၀မ်းစာ တဲ့မောင်.."
"ဒီဆွဲကြိုးက တန်ဆာ လည်း မဟုတ်ဘူး..၀မ်းစာလည်း မဟုတ်ဘူး..မောင့် အချစ်ရဲ့ သက်သေပဲ နွယ်.."
"အိုး…မောင်ရယ်…စားရမဲ့ သောက်ရမဲ့ ဗိုက်မှောက်နေတဲ့ အဆင့်ရောက်ရင် မောင် ဒီလို ပြောနိုင်မလား…တကယ်တော့…မောင်သာ ယောင်္ကျား ပီပီ မားမားမတ်မတ် ရှိခဲ့ရင် နွယ်တောင် ဒီပြဿနာထဲ ပါစရာမလိုဘူး မောင်.."
"ဘာကြ…"
အောင်အောင် ဒေါသကြောင့် ရှေ့မှာ ခပ်စောင်စောင် ကြည့်နေတဲ့ နွယ့်ရဲ့ ပခုံးလေးကို ကိုင်လှုပ်မိသည်..။
နွယ်ကလည်း ဒေါသနဲ့ အတူ နှုတ်ခမ်းကိုက်ပြီး လက်ကို ပုတ်ချတော့ ဒေါသတွေကို ပြန်မြိုချပစ်ဖို့ ဆုံးဖြတ်လိုက်ရပြန်သည်..။
"မောင်..ဘယ်မျက်နှာနဲ့ ပြောမလည်း နွယ်…သူ့ကျွေးတာ စား..သူ့အရိပ်အောက်မှာ နေပြီး…ကျွန်တော့်ကို ပိုက်ဆံ ဒီလောက် ပေးမှ လုပ်နိုင်မယ်လိူ့ ဘယ်လို ပြောရမှာလည်း..ဟင်…ပြီးတော့ မောင် က သူစိမ်း.."
"ဒါဆိုလည်း..မောင်သူစိမ်း ကြီး အဆင်ပြေအောင်…နွယ်ပဲ ဦးဆောင်မယ်လို့ ခုပြောပြီလေ…"
"တော်တော့ နွယ်.."
အောင်အောင် စိတ်မရှည်တော့လို့ ပခုံးလေးကို လွတ်ပြီး ခြေလှမ်းကြဲဖြင့်  ကျောခိုင်းထွက်လာခဲ့လိုက်သည်..။
ဆီတွေ ထပ်ဖြည့်နေရင်း ငိုရှိုက်သံကို နားစွင့်ကြည့်မိပေမဲ့ ငိုသံ ထွက်မလာပဲ အိုးသံ ခွက်သံ တွေ ကို ဆောင့်ချသံဖြင့်သာ ဆူညံနေတော့သည်..။
လက်ထပ်ပြီးကတည်းက ရန်ဖြစ်ဖို့ မပြောနဲ့ လေသံမာမာ လေး ပြောမိရင်တောင် မခံစားနိုင်အောင် ငိုကြွေးတက်သည့် ဇနီးဖြစ်သူရဲ့ ပြောင်းလဲသွားမှုကြောင့် စိတ်မကောင်း ဖြစ်မိသည်..။
လောကဓံ  ဆိုတာ ဒါကိုပြောတာများလား အချစ်ရယ်..။
.
"ဟဲ့…မိနွယ်…ထမင်းဘူး ထည့်ပေးလိုက်လား.."
"ဟုတ်ကဲ့.."
"ငါးခြောက်ပြားကော.."
"ပါပါတယ်..မေမေ.."
"အေး..ဟဲ့..အောင်သိန်း..နင့်ဖို့ က ငါးခြောက်ပြား ပါတဲ့ ဘူးနော်.."
ထမင်းဘူးတွေ ကိုင်ပြီး လာပေးတဲ့ နွေးနွေးက အားနာသလို ကြည့်ပေမဲ့ အောင်အောင် အပြုံးမပျက် ထမင်းဘူး နှစ်ဘူးကို လှမ်းယူခါ ထော်လာဂျီ ဘေးမှာ ထိုင်လိုက်သည်..။
"ဟဲ့…အောင်အောင်…ဆီထည့်ရင် သေချာ ကြည့်နော်…မနေ့က လက်သုံးလုံးလျော့နေတယ်…အလုပ်ကို စိတ်ပါစမ်းပါအေ…."
"ဟုတ်ကဲ့.."
"သူစိမ်းပြောရတာလည်း ခက်ခက်…ကျုပ်သမီးတွေကလည်း လင့်ဘက်က ချည်းပဲအေ.."
ယောက္ခမ က ခပ်စောင်းစောင်း ပြောလိုက်တော့ နွယ်က ကျောခိုင်းပြီး အိမ်နောက်ဘက်ကို ၀င်သွားတော့သည်..။
ကိုအောင်သိန်းက ထော်လာဂျီကို လက်လှည့် စက်နိုးလိုက်ပြီး  ပြန်တက်ခါ မောင်းထွက်လာတော့သည်..။
အလုပ်သွားရင် နှုတ်ဆက် အနမ်းလေးနဲ့ အိမ်၀ လိုက်ပို့တက်သည့် နွယ်က အခုတော့ နေ့တိုင်း တွေ့နေကျ မျက်နှာလေး မြင်ခွင့်တောင် ပျောက်သွားပြီ..။
အောင်အောင် စိတ်မောစွာဖြင့် သက်ပြင်းချရင်း ဖုန်တထောင်းထောင်းထနေတဲ့ မြေလမ်းကိုသာ ကြည့်နေမိသည်..။
"ရော့..အောင်အောင်.."
"အဟွင်း..ရပါတယ်…ကိုအောင်သိန်း.."
"အလကားတွေကို လိုက်မခံစားနေနဲ့…ငါ့ကောင်ရေ…ငါလည်း အလုပ်လုပ်ပေးပြီး တစ်နေ့ သုံးလေးထောင် ရှာပေးနေလို့ ပါကွာ…လုပ်ပေးနိုင်မှ ကောင်းတယ် ဆိုတာ တို့ယောက္ခမ မှ အစစ်ကွ…သူ့နာမည်က ဒေါ်ငွေခင်တို့ ဒေါ်ငွေချစ်တို့ ဖြစ်ရမှာ..ဟေးဟေး.."
ကိုအောင်သိန်းက ထမင်းကြမ်းနဲ့ ငါးပိရည် ပါတဲ့ ထမင်းဘူးကို ယူသွားပြီး အောင်အောင့် လက်ထဲ ထမင်းနဲ့ ငါးခြောက် မီးဖုတ် ပါသည့် ဘူးကို ထည့်ပေးခဲ့သည်..။
ကိုအောင်သိန်းက မူးလာရင် ရစ်တက်ပေမဲ့ ဘ၀တူ သမက် ဖြစ်နေလို့လား မသိ..ဖေးဖေးမမ တော့ ရှိပါသည်..။
ယောက္ခမ ကြီးက ရွာထိပ် အထိပဲ ပို့ပေးခိုင်းပေမဲ့ သူက တစ်ဖက်ရွာ အ၀အနားထိ လိုက်ပို့ပေးတက်လို့ အောင်အောင် ဒီပုံးတွေသယ်ပြီး လျှောက်ရတာ သက်သာနေခြင်း ဖြစ်သည်..။
"ဦးလေး…င်္ဆိကို အမှတ်အထိ ထည့်ပေးပါဗျာ…"
"ဟား..ဟား…မင်းယောက္ခမ နှုတ်တန်ခိုးနဲ့ မိန့်လွှတ်လိုက်ပြီမလား.."
"ဟုတ်တယ်.."
ဆီထည့်ပေးနေတဲ့ ဦးလေးကြီး က ခင်နေပြီမို့ တဟားဟား ဖြင့် သဘောကျခါ ယောက္ခမ မှတ်ထားတဲ့  ပုံးပေါ်က ဆေးနီအမှတ်ကို ကျော်ပြီးထည့်ပေးလိုက်သည်..။
"အလုပ်လေး ဘာလေး ရလည်း ကောင်းသား.."
"ဒီမှာတော့…လယ်လုပ်သားပဲ လုပ်လို့ရမယ်…အဲ လယ်မလုပ်ချင်ရင်..ဘဲခြံ တစ်ခု ရှိတယ်…"
"ကျွန်တော် မလုပ်တက်ဘူးဗျာ.."
"အေးလေ…မင်း လုပ်တက်တဲ့ အလုပ် က မင်းတို့ ရွာမှာ ဆေးခန်းတောင်မှ မရှိတာပဲ.."
"အင်း.."
အောင်အောင် ဆီပုံးတွေကို ရွာပြင်ထိ ထုတ်ချလာခါ  ရွာထိပ်က တမာပင်အောက်မှာ အရိပ်ခိုရင်း လှည်းကြုံကို စောင့်ရသည်..။
လမ်းကြုံက တစ်ခါတလေ ခဏ အတွင်း ရပေမဲ့ တော်တော် များများကတော့ နေအေးချိန်လောက်မှ ဖြတ်ကြသည်..။
အောင်အောင် မနက်စာ ငတ်တာ များလာတော့ နွယ်ကပဲ အမုန်းခံခါ ထမင်းဘူးထည့်ပေးဖို့ တောင်းဆိုပေးရပြန်သည်..။
နွယ် စိတ်ဆိုးလည်း ဆိုးချင်စရာ အောင်အောင်က ယောက္ခမ ကို အာခံဖို့ဆို သေမလောက် ကြောက်ပါသည်..။
အပြောဆိုးဆိုး ပါးစပ်ကြမ်းကြမ်း နဲ့ သိက္ခာ ကို စော်ကားလာရင် ကိုယ့်စိတ်ကို ကိုယ် မထိန်းနိုင်မှာ ဆိုးလို့ သည်းခံနေရသည်..။
သူ့ကျေးဇူးလည်း မကင်းသလို သူ့ကျွေးတဲ့ ထမင်းကလည်း တစ်လုတ်မှ မဟုတ်တာပဲ..။
ရောက်ကတည်းက စားနေတာ အခုပဲ ခြောက်လကျေ်ာ လာပြီလေ…။
အောင်အောင် ဆီပုံးတွေပေါ် ထိုင်ပြီး လမ်းကြုံစောင့်တာ အပင်ရိပ်က ခပ်စောင်းစောင်း ဖြစ်လာတော့ နှစ်နာရီ ရှိလာပြီဆိုတာ အတွေ့အကြုံအရ သိလိုက်သည်..။
ထမင်းဘူးကို ယူပြီး ဖွင့်လိုက်တော့ ငါးခြောက် ဆီစိမ်နဲ့ အတူ ငါးကြော်နပ် တတုံးလည်း ပါသေးသည်..။
အရင်က ကိုအောင်သိန်းကို ဘယ်လို ကျွေးလည်း မသိပါဘူး..။
မီးဖိုချောင် ကိစ္စ နွယ်နဲ့ သူ့အမေပဲ စီမံနေတော့ ထည့်ပေးတာပဲ စားလိုက်တာလေ..။
အခုတော့ ပေါ်ပေါ်တင်တင် ခွဲခြား အသိပေးတော့ ကိူအောင်သိန်းလည်း အားနာလို့ ထင်ပါသည်..။
အောင်အောင် ငါးခြောက် နဲ့ ငါးကြော်နပ် စားနေရင်း ထမင်း သုံးလေးလုတ်ဖြင့် ရင်ပြည့်သွားရတော့သည်..။
"ငွေ..ငွေ…ငွေ…ဂုဏ်ဆိုတာ ငွေကို ခေါ်တယ်..ငွေကိုသာ ရေလိုသုံးရင် တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ်..ယောက္ခမကြီး က မျက်နှာချိုမယ်…ကိုယ့်မယားက စေတနာပိုမယ်..
ဟေ့…ယောက္ခမကြီး က မျက်နှာချိုမယ်…ဟေး…ဟေ့….ကိုယ့်မယားက စေတနာပိုမယ်.."
ခလောက်သံ ခြူသံ နဲ့ အတူ ယောက္ခမ မကြည်သူ ဖိုးဝေ ရဲ့ သီချင်းအော်ဆိုသံကို ကြားလိုက်ရတော့ အောင်အောင် ပြုံး၍ ထလိုက်ရတော့သည်..။
"စောတယ်…ဖိုးဝေရေ.."
"အေးဗျာ…ဒီနေ့ စောစော သိမ်းလာတာ.."
"ထန်းတောထဲ ၀င်မယ်ပေါ့.."
"ဟေး..ဟေး..ဟုတ်တယ်…မကျေနပ်တာတွေ များလှပြီ…ကျူပ် ယောက္ခမ အကြောင်း ခင်ဗျား မသိလို့နော်…လက်ထဲမှာ ငွေပြန်အပ်နိုင်ရင်..သားကနေ တား ဖြစ်သွားတယ်…ဟွင့်..မနေ့က နှစ်ရာ လောက်လျော့တာ..အရှင်လတ်လတ် ငရဲခံရသလိုပဲ ဗျာ..နားကိုအူတူ နေတာပဲ.."
"ခင်ဗျား..ဂွမ်းလေး ဆောင်ထားပေါ့.."
"အင်း..ဒီအကြံမဆိုးဘူး..ခင်ဗျားလည်း ထန်းထောထဲ လိုက်ပါလား..ကျုပ် က မြို့သား ကိုအောင်အောင်ကို လိုက်ပို့နေရတာပါလို့ ပြောရင်  အထွေးက ခင်ဗျားကို သိပ်တွေ့ချင်တာဗျ.."
"အထွေး ဆိုတာခင်ဗျား မိန်းမ လား.."
"ဟာဗျာ…ဒီလိုကြီး တည့်တည့် မပြောရဘူးလေ..မြို့သားကလည်း ကြမ်းလိုက်တာ.."
"ဟမ်.."
အောင်အောင် နားမလည် နိုင်စွာဖြင့် နောက်က ဖိုးဝေကို လှည့်ကြည့်တော့ နွားကို ကျိန်တို့ရင်း သဘောကျနေရှာသည်..။
"မိန်းမတော့ မိန်းမပေါ့ဗျာ…ဒါပေမဲ့ တစ်ရွာလုံးရဲ့ မိန်းမဗျ…ဟေ..ဟေး…"
"အိုး.."
အောင်အောင် မျက်နှာ အလို မကျသလို ရှုံ့မဲ့ ထွက်သွားတော့ ဖိုးဝေက ခေါင်းလှည့်ကြည့်ပြီး တဟားဟား အော်ရယ်ပြန်သည်..။
"အင်း…ခင်ဗျား က မိန်းမထောင့်ထောင့်ဖြောင့်ဖြောင့် ချောချော လှလှ ရထားတာပဲ နော်….ဒါကြောင့် ငွေပေး ၀ယ်စားစရာ မလိုပါဘူး….ကျုပ်မိန်းမက ကလေးက တွဲလောင်း..ဒီကြားထဲ ယောက္ခမက ကန့်လန့်…ဟူး..စိတ်ချမ်းသာစရာဆိုလို့ အထွေးလေး ဆီမှာပဲ ရှိတယ်..တစ်ခါတလေ…ကျုပ်စိတ်ရှုပ်လာရင် ငွေပေးပြီးရင် အထွေးကိုလည်း မောင်းထုတ် အိမ်တံခါးပိတ် တစ်ရေးအိပ်ပြီး ပြန်လာခဲ့လိုက်တယ်..အေးကရော.."
"ဒါဆို..အိပ်ယာငှားခ ပေးပြီး အိပ်တယ် ဆိုပါတော့…"
"အေးဗျာ..နားအေး ပါးအေး အိပ်ချင်လွန်းလို့ပါဗျာ.."
"ဟူး.."
အောင်အောင့် ယောက္ခမ ဒီလောက် မဆိုးသေးတာကိုပဲ ကျေးဇူးတွေ တင်ချင်သလိုလို ဖြစ်လာရသည်..။
လှည်းက အိမ်ရှေ့ကို ရောက်တော့ နွယ်က ဘူးရိုးတွေ အမျှင် သင်နေရင်း က လှည့်ကြည့်ပြီး လုပ်လက်စ ပြန်လုပ်နေသည်..။
မောင် အလုပ်က ပြန်ရင် သနပ်ခါးလေးနဲ့ ပြေးကြိုတက်တဲ့ နွယ့်ကို လွမ်းလိုက်တာကွယ်..။
"သွားပြီဗျို့…လိုက်မယ်ဆို ပြောနော်.."
"အေးပါ…မလိုက်ဘူး..သွား.."
အောင်အောင် အချိန် ပိသာချိန် တစ်ဆယ် ဆံ့သည့် ဆီပုံး နှစ်ပုံးကို ဘယ်ညာ ဆွဲခါ အိမ်ဘေးက ဆီတိုင်ဂီ အနားကို သယ်လာခဲ့ရသည်..။
"မောင်.."
"အောင်မလေးဗျ.."
နွယ်က စောစောက ကွပ်ပျစ်မှာ ထိုင်နေပြီး အခုကျတော့ အနားရောက် ခါ ပခုံးကို ရိုက်လိုက်တော့ လန့်ဖြတ်သွားရသည်..။
ဒါကိုပဲ နွယ့်မှာ မကျေနပ်သလို မျက်စောင်းထိုး ၍
"မောင်…ဘာမဟုတ်တာ လုပ်လာလည်း.."
"ဟောဗျာ…မောင် ဘာလုပ်လို့လည်း.."
"ဘာမှ မလုပ်ပဲ နွယ့် မျက်နှာကို တွေ့တာ ဒီလောက် လန့်စရာလား.."
"သြော်…မိန်းမရယ်…စောစော က အပင်အောက်မှာ လေ..အခု ဒီရောက်လာမယ် မထင်လို့ပေါ့.."
"အူကြောင်ကြောင် မလုပ်နဲ့..ဖိုးဝေ က ဘယ်သွားဖို့ ခေါ်နေတာလည်း.."
"အထွေးဆီ.."
"ဘာ…"
"အဲ..ဟုတ်ဘူး..ထန်းတော.."
"ဟမ်..ထန်းထော.."
"အဲ…..အ….အ…သေပါပြီဗျာ…မုတ်ဘူး..မုတ်ဘုး…အ…လွတ်ပါ နွယ်ရယ်..နာလှပြီ.."
ဗိုက်ပေါ်က လက်ကို အုပ်ကိုင်ပြီး တောင်းတောင်းပန်ပန် ပြောတော့ မှ လက်ကို လွတ်ခါ မျက်စောင်း အစစ်ထိုးသေးသည်..။
နွယ့်ရဲ့ သ၀န်တိုနေတဲ့ ပုံစံလေးကို အသည်းယားလို့ ပတ်၀န်းကျင်ကို တစ်ချက်ကြည့်ခါ ပါးလေးကို ခပ်မြန်မြန် နမ်းပစ်လိုက်သည်..။
"မောင်နော်…လိုက်သွားသေးလား.."
"တစ်ခါမှ မလိုက်ပါဘူးဗျာ…"
"ဟွန့်…အဲ့နေရာတွေက ကောင်းတာ မဟုတ်ဘူး သ်ိလား.."
"အင်းပါ …မောင် ..ကောင်းတဲ့ နေရာကို သိပါတယ်.."
"ဘာ..."
"အိမ်နောက်က နွားတင်းကုတ် ဟောင်းကြီးလေ.."
'အိုး…လူကြားလို့မှ မကောင်း..နွားတင်းကုတ် မဟုတ်ပါဘူး..အဲဒါ စပါးလှောင်တဲ့ တဲပါဆို...."
"အို မသိဘူး..ဒါ..မောင့်တို့ ရဲ့ လောကဗိမ္မာန်နန်းပဲ…"
"တော်ပြီ…"
နွယ်က မျက်စောင်းလေးဝဲပြီး ရင်ဘတ်ကို ရိုက်ခါ ပြန်ထွက် သွားတော့ အောင်အောင် ပြုံး ၍ ဆီပုံးကို ပေါ့ပေါ့ မြှောက်လိုက်ခါ ဆီဖြည့်ရသည်..။
"အမယ်..ဒီနေ့ ဆီများသား.."
"ဟုတ်ကဲ့..အမေ.."
"ထမင်းစားပြီးပြီလား…"
"ရေချိုးပြီးမှပဲ စားပါမယ်.."
"အေး..ထိုင်ပါဦး..သားရယ်…နင့် မိန်းမကို နင် မပြောတော့ဘူးလား ဟမ်…"
"ဘာဖြစ်လို့လည်း အမေ.."
"ထိုင်ဦး..ထိုင်ဦး.."
ယောက္ခမ က မျက်နှာ ရှုံ့မဲ့ ပြီး ကွပ်ပျစ်ကို လက်နဲ့ ပုတ်ပြတော့ အောင်အောင် ခပ်ကျုံ့ကျုံ့ ၀င်ထိုင်လိုက်ရပေမဲ့ ရင်ခုန်နေရသည်..။
တစ်ခုမဟုတ် တစ်ခုတော့ ပြောဆို ဒေါသ ထွက်ဦးမည် မဟုတ်ပါလား..။
"နင့် မိန်းမ လုပ်ပုံကောင်းလား..ဟမ်…ငါက ရွာထဲ ငွေချေးစားတဲ့သူ…"
"ဟုတ်ကဲ့.."
"ဒါကို…ဟိုဘက်ရွာက သူ့သူငယ်ချင်း..ချစ်ကြီး ဆိုတဲ့ ကောင်ဆီက ငွေ ချေးတယ်လေ…"
"ဟင်.."
"ငါပြောတာ က အလုပ်လုပ်တယ် ဆိုတာ မိန်းမ အလုပ်မဟုတ်ဘူးလေ…နင်က လုပ်ရမှာမလား..နင် ခိုင်းစားဖို့ လုပ်ခိုင်းလိုက်တာလား.."
"ဟာ..မဟုတ်ပါဘူး..အမေ…ကျွန်တော်လည်း..မသိပါဘူး…"
"ဟင်း..နင်ရတဲ့ ဘွဲ့လက်မှတ်ကလည်း..ဆေးဆိုင်မှာ လုပ်ရမှ ဖြစ်မယ်…ဒီမှာက ဘာရောဂါ ဖြစ်ဖြစ် ပရာစီတမောထက် ပိုမလိုဘူး…ငါပြောတာက လုပ်လုပ်စားစား ဆိုလည်း ထားပါတော့…အမေဖြစ်တဲ့ ငါ က ပြေလည်ပါတယ် ပြောထားတာ..ဒင်းက ငွေချေးတယ်…သောက်ရှက် မရှိတဲ့ ..ဟာမ..."
"ဟို..ကျွန်တော်..တား.."
"မတားနဲ့…လုပ်ပလေစေ့…ငွေရှာတာ လွယ်တယ် မှတ်လို့ …ဒါမှ အမေ့မေတ္တာ ဘယ်လောက်ကြီးလည်း သိမှာ…လုပ်ပလေစေ့…မတားလေနဲ့.."
"ဟုတ်ကဲ့…"
ယောက္ခမ ဖြစ်သူ ထွက်သွားတာနဲ့ အောင်အောင် လှေကားကို ပြေးတက်သွားလိုက်ပြီး အခန်းထဲကိုရောက်သွားသည်..။
"နွယ်.."
"ဟင်..မောင်..ပြန်လာပြီလား.."
"အင်း…နွယ်…နွယ်…ငွေချေးလို့ဆို.."
"ဟုတ်တယ်လေ…"
"ဘာဖြစ်လို့လည်း..ဘာဖြစ်လို့ မပြောပဲ လုပ်တာလည်း ကွာ…"
"ဟင်…နွယ်က မပြောဘူး..ဟုတ်လား…"
"အင်းလေ…ညက လည်း မပြောဘူး..မနက်ကလည်း နွယ် နဲ့ မောင် တွေ့သားပဲ.."
"မောင့်ကို နွယ်ပြောထားတာ ဆယ်ရက်မက ရှိနေပြီမောင်…"
"အိုး..ကျစ်.."
အောင်အောင် စိတ်ပျက်စွာဖြင့် မျက်နှာလွဲလိုက်ပြီး ပြတင်းပေါက်မှာ လက်ထောက်၍ အပြင်ဘက်ကိုသာ ငေးကြည့်နေမိသည်..။
မလုပ်ပါနဲ့လို့ အတန်တန်ပြောပြီး တားဆီးပိတ်ပင်ခဲ့ပေမဲ့ နွယ် ဒီလောက် ခေါင်းမာတက်မယ်လို့ မထင်မိခဲ့ပါ..။
"မောင်..ခွင့်ပြုခဲ့လို့လား..နွယ်.."
"မောင့် ပစ္စည်းကို ရောင်းမယ်ဆိုလို့ မောင် ခွင့် မပြုခဲ့တာ မလား.."
"ဘာ..ဘယ်လို.."
"ဟုတ်တယ်လေ…အဲဒါကြောင့် မောင့် ဆွဲကြိုးကို သေတ္တာထဲ ထည့်ထားတယ်…ယူချင်ယူလိုက်.."
"ဘာကြ…"
အောင်အောင် ပြတင်းပေါက်မှာ ရပ်နေရင်းက ဒေါသကြောင့် နွယ့်အနားကို ဖြတ်ခနဲ ရောက်သွားခါ မျက်နှာ ချင်းဆိုင် ရပ်၍ ပခုံးသားကို ဆုပ်ကိုင်လိုက်မိသည်..။
"မောင်နော်…နွယ်နာနေပြီ.."
"ကျစ်…"
အောင်အောင် လက်တွေကို ဖြုတ်ချလိုက်ရင်း  နွယ့်ပခုံးနုနုလေး နာသွားပြီလား တွေးရင်း စိတ်မကောင်း ဖြစ်ရပြန်သည်..။
ကိုယ့်မေတ္တာ ကိုယ့်စေတနာကို နားမလည်ရကောင်းလားလို့ ဒေါသထွက်နေရပေမဲ့ တစ်ဖက်မှာလည်း နွယ်မှန်နေပြန်သည်..။
ရန်မဖြစ်ချင်လို့ ဒီအကြောင်းတွေကို မဆက်ခဲ့တာ အောင်အောင့် အမှားပါလေ..။
"နွယ်.."
"ဘာလည်း.."
"မလုပ်ပါနဲ့..အချစ်ရယ်.."
"လုပ်မှာပဲ မောင်.."
"ဘာဖြစ်လို့လည်း..မောင့်ကို ပြောစမ်း…ဘာကြောင့်လည်း.."
"နွယ့်မှာတော့ ကိုယ့်ယောင်္ကျား အနိမ် ခံ အပြောခံနေရတာ စိတ်မကောင်းဘူး မောင်ဘက်က နာမိတယ်…မောင်က  ခိုင်းတာလုပ် ပေးတာယူ ကျွေးတာစား ရတဲ့ ဘ၀မှာ ရောင့်ရဲတက်တဲ့သူပဲ မောင်..နွယ်တို့က နှစ်ယောက် တစ်ဘ၀ ဖြစ်နေပြီ…ဘယ်အချိန်ထိ ဒီလိုပဲ သွားနေမှာလည်း..အိမ်ထောင်သည် ယောင်္ကျားဖြစ်ပြီး မိန်းမနဲ့ ချစ်စကားပြော လွတ်လွတ်လပ်လပ်  ကြည်နူးနိုင်ဖို့…အိမ်တစ်လုံး ပိုင်ဆိုင်အောင်  မကြိုးစားပဲ အိမ်နောက်က တဲစုတ်ကို ပဲ ခပ်လွယ်လွယ် သုံးတက်တာလေ…နွယ်ကကော မောင့်ဘ၀မှာ ဘာလည်း ဆိုတာမျိုး နွယ် တွေးမိတယ်မောင်…နွယ်တို့ အနာဂတ်က ဘာလည်း..ဘယ်ကို သွားကြမှာလည်း မောင်…မောင့်ဆန္ဒတွေနဲ့ တဲစုတ်ကပဲ နွယ်တို့ အနာဂတ်လား ဟမ်…"
"မောင်..မောင်..ဒီလို.."
"မောင် အမြဲ အဲလိုပဲ…သူများ အိမ်မှာ ကပ်နေရတုန်းကလည်း နွယ် ဘယ်လောက် တွန်းအားပေးပေး…မောင်က ရောင့်ရဲ တက်ဖို့ပဲ ပြောတယ်..ကိုယ်ပိုင်အိမ်လေး တစ်လုံး ဖန်တီးချင်စိတ်မရှိဘူး…ဘယ်လိုမှ ပြောမရလို့ ယောက္ခမ အိမ်မှာ ကပ်နေရရင် မခံချင်စိတ်နဲ့ ပိုကြိုးစား မယ် ထင်ခဲ့ပြီး ခေါ်လာမိတာ နွယ်မှားတာပဲ မောင်…မောင်က ပေါ့ပေါ့နေ ပေါ့ပေါ့စား မနက်ဖြန် အတွက် မတွေးရတဲ့ ဘ၀မှာပဲ သာယာတက်တဲ့လူဆိုတာ နွယ် မသိခဲ့ဘူး..ဒါကြောင့် တစ်ဘ၀လုံး အတွက် ရည်ရွယ် စဉ်းစားခဲ့တာ.... …နွယ်ကလည်း မောင့်လိုလူကို မှ ချစ်မိတာကိုးလေ… နွယ်တို့ အနာဂတ်ကို နွယ်ပဲ ဦးဆောင်ပါ့မယ် ဒါကြောင့် မောင် သာ ပျော်ရမှာနေ…နွယ်က တော်ရာ ရှာပြီး မောင့်ကို ပင့်ဆောင် ရွက်ခေါ်သွားပေးပါမယ်.."
"နွယ်း…"
အောင်အောင် စကားလုံးတွေနဲ့ မတားဆီးနိုင်လို့ နှုတ်ခမ်းတွေ တဆက်ဆက် တုန်ယင်ရင်း ထိုးလိုက်တဲ့ လက်ညိုးတောင် တုန်နေသလိုလို ရှိသည်..။
နွယ်က စကားလုံးတွေ တိတ်ကျသွားပေမဲ့ နှုတ်ခမ်းကိုက်ခါ မျက်ရည်ပိုးပိုး ပေါက်ပေါက် ကျလာတော့ အောင်အောင် အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှုလိုက်မိသည်..။
ကိုယ်တိုင်က နွယ်ပြောသလိုများ ဖြစ်နေပြီလား…လို့  သေချာ ပြန်တွေးနေရချိန် နွယ်က မျက်ရည်သုတ်ပြီး အခန်းထဲက ထွက်သွာြး့ပီ…။
အရင်လို ငိုနေတဲ့ အချိန်လေးမှာ မောင်  အလျော့ပေး ချော့ခွင့်တောင် မရှိတော့ဘူးလား နွယ်ရယ်..။
⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now