Part 11

913 39 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၁၁)
#သစ္စာတန်ဖိုး

"အဟွတ်…"
အောင်အောင် ဖျားတာ ပျောက်သွားပေမဲ့ ခေါင်းဆိုးက ကျန်ခဲ့တာ တစ်လကျော်နေပြီ..။
ကိုယ်တိုင်တောင် ချောင်းဆိုးတာ ကို မသင်္ကာဖြစ်လာလို့ တစ်ဖက်ရွာက ဆေးခန်းကို သွားပြကြည့်သေးသည်.။
ယောက္ခမ က ပိုက်ဆံ မထုတ်ချင်လို့ ကိုအောင်သိန်းဆီက ပဲ ပေးပါလို့ ပြောရသည်..။
သာမာန် ချောင်းဆိုးတယ်ဆိုတာ သိရတော့မှ အသက်၀၀ ရှုနိုင်တော့သည်.။
"ဟော…နင့် နာမည် တစ်လုံးတိုးတော့မယ်…သုံးမင်းဟွတ်…ဟား..ဟား.."
"အဟွင်း.."
"အနွေးထည် နဲ့ အိမ်မှာ နားနေပါလား.."
"ရေချိုးပြီး ချမ်းစိမ့်စိမ့် ဖြစ်နေလို့ပါ…နေကောင်းပါတယ်.."
"နေကောင်းတယ်သာဆို..နင် အတော် ပ်ိန်သွားတယ်…ကောင်လေးရဲ့…"
"စိတ်ကြောင့်ပါဗျာ.."
"နင့်မိန်းမလည်း မြို့ခဏခဏ တက်ရတယ်နော်…ကားကြုံ လိုက်စီးနေသလား မှတ်ရတယ်..."
"အင်း…ပစ္စည်းကုန်တာ မြန်လို့လေ.."
အောင်အောင် လက်ပိုက်ပြီး ဆိုင်ရှေ့ ခုံတန်းမှာ ထိုင်လိုက်တော့ ဒေါ်အုန်းက ခေါင်းညိတ်ပြီး ကွမ်းရွက်တွေကို ရေစွပ်နေသည်..။
နွယ့်ကို စိတ်ဆိုးလို့ စကား မပြောပေမဲ့ နေ့တိုင်းတော့ ထွက်ကြိုမိနေတုန်းပါပဲ…။
ကိုယ့်အပေါ် ပြောင်းလဲလာတာကို သိပေမဲ့ မိုးလင်းမိုးချုပ် အလုပ်လုပ်နေရတဲ့ သူ့ရင်ထဲမှာ ဘယ်လိုခံစားနေရမလည်း နားလည်သည်..။
ထိုကြောင့်လည်း ရက်စက် စိမ်းကားသူကို သနားလို့ ရွာထိပ်တော့ ထွက်ကြိုမိသည်..။
"သြော်…ကိုအောင်မိုးသူ..နေကောင်းတယ်နော်.."
"ဟုတ်ကဲ့.."
"မနက်ဖြန် ပစ္စည်း လာယူပေါ့ မနွယ်.."
"ဟုတ်ကဲ့…"
နွယ်က ကျောခိုင်းပြီး ထွက်သွားတော့ ကားဆရာ ချပေးတဲ့ ပစ္စည်းအိတ်ကို အောင်အောင်ပဲ သယ်လိုက်သည်..။
"မနွယ်တော့ ပင်ပန်းနေလို့ ဖြစ်မယ်…နှုတ်တောင် မဆက်ဘူး."
"ဟုတ်ကဲ့…ကိုညီညီကိုလည်း ကျေးဇူးတင်ပါတယ်..တခြား ကားကို စောင့်စီး ရရင် ပိုကြာတယ်..ကိုညီညီ စောင့်ခေါ်တော့ အဆင်ပြေတယ်ဗျ…"
"အေးဗျာ…သွားပြီ.."
"ဟုတ်ကဲ့…"
ခပ်လှမ်းလှမ်းကို ရောက်နေပြီ ဖြစ်တဲ့ နွယ့် နောက်ကျောကို ငေးရင်း အောင်အောင်သက်ပြင်းချလိုက်မိသည်..။
မြို့ပေါ်လေးရက် တစ်ခါ တက်ပြီး စျေး၀ယ်ရလောက်အောင်ကို နွယ်က အရောင်းအ၀ယ် ဖြစ်လာပြီလေ…။
စာအုပ်လည်း ပိုထူလာသလို ညပိုင်း ငွေရေတွက်ရင်လည်း တော်တော် များလာပြီ..။
အောင်အောင် နဲ့ နွယ့် ရဲ့ ဆက်ဆံရေးကတော့ တစ်နေ့တခြား အေးစက် ရုံမက ရေခဲ တဲ့ အဆင့်ရောက်တော့မည်လေ..။
ယောင်္ကျားတစ်ယောက်ကို စော်ကားတဲ့ အသုံးအနှုန်း ဖြင့် ပြောပြီး နွယ်က ပြန်တောင်းပန်သင့်တာပါ..။
ဒါပေမဲ့ ဒီနေ့ အထိ နွယ့်ဘက်က ပိုတင်းမာနေတော့ အောင်အောင် လည်း စိတ်ပျက်မိသည်..။
မနက်တိုင်း ညနေတိုင်း ထန်းတောထဲ သွား အပျော်ရှာတဲ့ ကိုအောင်သိန်းကို ကျတော့ သူ့မိန်းမက လင်ကို ဘုရား သတ်မှတ်ထားသည်..။
အရင်တုန်းက နွယ်လည်း ဒီလိုပါပဲလေ…အလုပ်တွေ ပင်ပန်းလို့ စိတ်ဖိစီးတယ်နဲ့ တူပါတယ်လေ…။
ကိုယ့်ကိုယ်ကို သတိပေးရင်း ကိုယ်တိုင်ကပဲ လျော့ပေးဖို့ ဆုံးဖြတ်လိုက်ရသည်..။
"ပင်ပန်းလာလား မောင်…"
"ရေလေး တစ်ခွက်သောက်…"
"အမောပြေ ခဏ လှဲလိုက်ပါလား မောင်ရယ်.."
"နွယ် နှိပ်ပေးမယ်လေ…"
အောင်အောင် အရင်ချိန်က အနားမှာ ပြုစုကြင်နာပေးသည့်  နွယ့် ပုံစံကို ပြန်မြင်ယောင်မိတော့ ကိုယ်လွန်နေတယ်ပဲ ထင်မိသည်.။
တကယ်ဆို သူအလုပ်လုပ်ချိန် ကိုယ်က လည်း ပြန်ပြီး ပြုစုကြင်နာပေးသည် မဟုတ်လား…။
"အဟွတ်.."
"……"
ရေခွက်ကိုင်လျက်သားဖြင့်  ချောင်းဆိုးလိုက်မိတာကြောင့် နွယ်က မျက်နှာ မဲ့သွားချိန် လက်ထဲက ရေခွက်ကိုလည်း အရဲစွန့်မပေးတော့ပါ…။
ရေခွက်ကို ကိုယ်တိုင်ပဲ သောက်ပြီး အခန်းပြင် ပြန်ထွက်လာခဲ့လိုက်သည်..။
မင်းကို ထိခိုက်မှာ စိုးလို့ မောင် အပြေးအလွှား ဆေးစစ်ခဲ့ရတာပါ နွယ်ရယ်…။
ချောင်းဆိုးသံကြားတိုင်း မျက်နှာပြောင်းသွားတက်တာ သတိထားမိတော့ အောင်အောင်လည်း ခပ်ရှောင်ရှောင်သာ နေဖြစ်တော့သည်.။
.
"ဟင်း…"
နေ့ခင်း ပြန်လာကတည်းက သက်ပြင်းချည်း ချနေတဲ့ နွယ့်ကို သတိထားမိတော့ တိတ်တဆိတ်  စိတ်ပူမိသည်..။
အိတ်တွေ ပြောင်းယူပေးချိန်တုန်းကလည်း အကြည့်ချင်းဆုံပြီး မျက်ရည် ဝဲ နေသလိုလို ရှိသည်..။
အိမ်ပြန်လမ်းကိုလည်း အရင်ကလို ရှေ့က ခပ်သွက်သွက် မသွားပဲ အောင်အောင့်ကို စောင့်သလို ဖြည်းဖြည်း ချင်းသာ လျှောက်သည်..။
တစ်ချက်ငှဲ့ကြည့်ပြီး ရီဝေ၀ ဖြင့်ပင် အကြည့်လွဲ သွားတက်ပြန်သည်..။
ငွေကြေး ကိစ္စ ပြဿနာလား ပစ္စည်း မှာတာ အလိမ်များ ခံရလို့လား..။
အောင်အောင် စိတ်ထဲ ရှိတာ တွေးရင်း အိမ်ပြန်ရောက်တော့ လည်း အရင်လို သူ့အကျီ င်္တွေနဲ့ အလုပ်များနေတာမျိုး မဟုတ်ပဲ စာရင်း စာအုပ်ကြီး ကိုင်ခါ ငိုင်နေပြန်သည်..။
အောင်အောင် ထမင်းစားဖို့ ဆင်းလာတော့ ဘာမှ မပြင်ဆင်ရသေးလို့ ရိုးသားစွာဖြင့် ထမင်းပွဲ ပြင်ဆင်ပေးရသည်..။
နွေးနွေးကတော့ သူ လုပ်ပါမယ် ဆိုပေမဲ့ လက်ထဲ က ကလေး တစ်ကောင်က ငိုပြီး နောက် ကလေး တစ်ယောက်က ထဘီ ဆွဲ၍ လိုက်သည်လေ..။
နွေးနွေး အပေါ် ကရုဏာ ဖြစ်တာ က နှမ တစ်ယောက် မိန်းကလေး တစ်ယောက် စိတ်သာ ဖြစ်သည်..။
ဒါကိုမှ နွယ် အပြစ်မြင်မယ်ဆိုလည်း မြင်ပါစေ…။
တကယ်တော့ သူ့ ညီမ ကို သူက ပိုသိတက်ရမှာ မဟုတ်လား..။
"ဟဲ့…ဟင်းချိုက အေးစက်နေပါလား.."
"ဟို.."
"မီး မမွှေးမိလို့ အမေရေ…"
"အေး..ကောင်းတယ်…သား…အောင်သိန်း နင့်မိန်းမ အဲဒါသာကြည့်.."
"နေပါစေ…နေပါစေ…ကျွန်တော် စားနိုင်ပါတယ်…သူ့မှာလည်း ကလေး တစ်ဖက်နဲ့ လေ.."
ကိုအောင်သိန်း နှုတ်ကနေ သိတက်တဲ့ စကား တစ်ခွန်းကြားလိုက်ရတော့ အောင်အောင် အံသြရင်း လှမ်းကြည့်မိသည်..။
သူ့ မိန်းမကို ခါးလှမ်းတို့လိုက် ကျောကို သပ်လိုက်လုပ်နေတာတွေ့မှ သဘောပေါက်တော့သည်..။
ဟင်း…ယောင်္ကျားတွေများ လိုတာ ရရင် ချစ်တက်တယ်လို့ မပြောပါနဲ့တော့…နွယ်..။
အဲဒီအတန်းစားထဲမှာ မောင် မပါဘူး ဆိုတာ ကိုအောင်သိန်း နဲ့ ယှဉ်ပြီး နောက်ပိုင်း ပိုသေချာ သွားပါပြီ..။
"ဟဲ..ဟဲ…အောင်အောင်.."
"ဗျာ.."
"မင်း ထမင်းဝိုင်း သိမ်းဆည်းပေးနော်…"
"ဟင်.."
"သြော်…ကလေး နှစ်ကောင်စလုံး အိပ်နေတယ်…အဲဒါလေ….တို့နှစ်ယောက်…ဟဲဟဲ…"
"အင်း..ရပါတယ်…သွားပါ…"
"ဟဲဟဲ..မင်းတို့ အလှည့်လည်း ကူမှာပေါ့ကွာ.."
အောင်အောင် ပန်းကန်ဆေးရင်း ခေါင်းညိတ်လိုက်တော့ ကိုအောင်သိန်းက မျက်နှာပေါ်မှာ အပြုံုးဖြာဝေရင်း သူ့မိန်းမကို ပခုံးဆွဲဖက်ခါ အခန်းထဲ ၀င်သွားတော့သည်..။
"မင်းတို့ အလှည့်"တဲ့လား…ကိုယ့်ကိုယ်ကို ရှက်ရတာ များလာတော့ အခုနောက်ပိုင်း ထို ကိစ္စ ကြီးကို စပ်ဆုတ်ရွံရှာလာပါပြီ..။
ဘာမှ မထူးသလို ဘာစိတ်မှလည်း မထားတက်တော့ပါဘူးဗျာ လို့ ပြောချင်သေးသည်…။
အောင်အောင် ထမင်းစားပွဲကို သိမ်းဆည်း ပန်းကန်လေးငါးချပ်လောက် ဆေးပြီးတော့ လေးကန်တဲ့ ခြေလှမ်းများဖြင့် အပေါ်ကို ရောက်လာရသည်.။
နွယ်ကတော့ ထုံးစံ အတိုင်း မီးအမှောင်ချပြီး အိပ်နေပြီ..။
အောင်အောင် ခြင်ထောင်ထဲ ၀င်ပြီး ကျောပေးခါ အိပ်လိုက်ပေမဲ့ နွယ် အိပ်မပျော်သေးတာလည်း သိပါသည်..။
ဒီလိုပါပဲ အချစ်ဆိုိတာ မျက်နှာချင်းဆိုင်ချိန် ကြည်နူးရသလောက် ကျောပေးထားတော့လည်း မလိုအပ်တော့ဘူးပေါ့လေ…။
အောင်အောင် ဇွတ်မှိတ်အိပ်ဖို့ ကြိုးစားရင်း မနက်ကျရင် ဆီပုံးတင်ပြီး  နွယ် သက်သာအောင် ပစ္စည်းတွေ ကားသမား အိမ်မှာ သွားထုတ်ပေးရင် ကောင်းမလား စဉ်းစားနေမိသည်..။
"ဟင်.."
အောင်အောင် အိပ်ပျော်နေချိန် အိပ်မက်လိုလို ဖြင့် ရင်ဘတ်ကို ပွတ်သပ်နေတော့ စိတ်လှုပ်ရှားမိသည်..။
အိပ်ရာ၀င်ခါနီး ဘာစိတ်မှ မရှိတာမို့ စိတ်ရှုပ်စွာ မျက်မှောင်ကြုတ်မိသည်..။
မျက်လုံးတွေက စပ်နေပေမဲ့ အားယူဖွင့်ကြည့်လိုက်တော့  အရိပ်ကလေးက အနားမှာ တိုးကပ်နေသည်..။
"…"
"နွယ်..လား.."
"မောင်..နိုးသွားလား.."
"အင်း…ဘာဖြစ်လို့လည်း..နွယ်.."
နွယ်က တုန့်ပြန်ပြောဆိုစကား ထွက်မလာတော့ပဲ အနမ်းတွေကိုသာ ထပ်ခါ ကျူးလွန်လာတော့ ငြိမ်သက်နေတဲ့ စိတ်တွေ လှုပ်ရှားလာရသည်..။
သေးကျဉ်းတဲ့ ခါးလေးကို ဖက်ပြီး အနမ်းတွေ တုန့်ပြန်ရင်း ကြည်နူးစရာ အခိုက်အတန့်လေး ပြန်လည် ခို၀င်လာသည်..။
"မောင်..မောင်.."
"ဟင်.."
အနမ်းတွေ ခဏရပ်ပြီး မောဟိုက်သံနဲ့ ခေါ်လိုက်တဲ့ နွယ့်ကြောင့် အောင်အောင် ပြန်ထူးလိုက်တော့ နွယ်က ထထိုင်လိုက်သည်..။
"နွယ်တို့ တဲထဲ သွားရအောင်.."
"ဟမ်..အဟွတ်.."
အောင်အောင် ချောင်းဆိုးနေတာတောင် လက်ကို အတင်းဆွဲထူပြီး ခြင်ထောင်ထဲက ထွက်တော့ နောက်က လိုက်ရတော့သည်..။
လှေကားကို ခပ်ဖွဖွ ပြေးဆင်းနေရင်း သပြေပင်နားရောက်တော့ အနမ်းတွေ ပေးပြန်ပြီ..။
တစ်ချိန်တုန်းက အချိန်လေးတွေကို ပြန်မြင်ယောင်ရင်း အောင်အောင် စိတ်တွေ လှုပ်ရှားလာသည်..။
လူက နေမကောင်းလို့ ဘာစိတ်မှ မရှိနိုင်ပေမဲ့ နွယ်လည်း အသွေးအသားနဲ့ မိန်းမသား တစ်ယောက်ပဲလေ..။
"ဟင်း…မောင်…"
"……."
ကောက်ရိုးခြောက်တွေက ရောက်မလာ ကြာနေပြီဖြစ်တဲ့ ချစ်သူ နှစ်ယောက်ကို လွမ်းသယောင်ယောင်ဖြင့် ပိုလို့ ခြောက်နေကြပြီ..။
"မောင်…ဘာရှာတာလည်း.."
"ပစ္စည်းလေ…မောင်..ဒီအောက်မှာ သိမ်းထားတယ်.."
ရွာ ထိပ်ဆိုင်ကို ရောက်တိုင်း ကြော်ငြာခရတဲ့  အခမဲ့ အကာအကွယ် ပစ္စည်းတွေကို ဘယ်သူမှ မယူပေမဲ့ အောင်အောင် ပဲ တောင်းယူသည်..။
နှစ်ယောက် တစ်ကမ္ဘာ တည်ဆောက်ရင်း ကိုယ်ပိုင်အိမ်လို့ သဘောထားလို့ ရတဲ့ တဲစုတ်ကလေးမှာပဲ သိမ်းထားရသည်..။
"ဒီမှာ…ဟူး…"
အောင်အောင် ကောက်ရိုးခြောက် အောက်က အထုတ်ကလေးကို ဆွဲထုတ်ပြီး ပြောလိုက်တော့ နွယ်က လက်ထဲက အိတ်လေးကို ဆွဲယူရင်း လရောင်အောင်မှာ အလှဆုံး ပြုံးသည်..။
"မလိုပါဘူး..မောင်ရယ်.."
"ဟင်.."
"ဟိုလေ….နွယ်တို့ ကလေး ယူရအောင်နော်.."
"ဟင်.."
"နွေးတောင် နှစ်ယောက်ဖြစ်နေပြီ…နွယ်တို့ ပြောထားတယ်လေ…တစ်နှစ်ကြာရင် ယူမယ်လို့..အခု တစ်နှစ်တောင်ကျော်နေပြီ..မောင်ရဲ့.."
"အဟွတ်.."
အောင်အောင် ချောင်းဆိုးချင်တော့ လက်ဝါးဖြင့် အုပ်၍ ခဏ ငြိမ်နေလိုက်ရသည်..။
လည်ချောင်းယားတာ သက်သာသွားတော့မှ လက်ကို ပြန်ဖွင့်နိုင်သည်..။
"မဖြစ်ဘူး နွယ်..မဖြစ်ဘူး…အခုတောင် မောင်တို့ရဲ့ အချစ်တွေ အေးစက်နေပြီ…သားသမီး ဆိုတာ မိဘရဲ့ မေတ္တာကနေ ပေါက်ဖွားရှင်သန်ကြီးထွားလာရမှာလေ…မောင်တို့ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်နေမှ မွေးလာတဲ့ ကလေးတွေ အတွက် ကောင်းမှာလေ…မောင် နဲ့ နွယ် အရင်လို  ပြန်ချစ်ဖို့ လိုနေပြီ…ငွေကြေး ထက် အချစ်မရှိပဲ ကလေး ယူလို့ မဖြစ်ဘူး နွယ်…အဲဒါ အတ္တနဲ့ ကလေး လေး တစ်ယောက်ကို ဒုက္ခပေးဖို့ လူလောကထဲ ခေါ်သွင်းလိုက်တာပဲ…"
"အိုး…မောင်နော်…နွယ်က ယူချင်ပါတယ်ဆို…"
"ကဲပါ..အချစ်ရယ်…လာပါကွာ…"
သိပ်ချစ်ရပြီး ဆွဲမက်စရာ ကောင်းလွန်းတဲ့ ဇနီးသည်လေး နဲ့ မင်္ဂလာဦးညလေး အသစ်တဖန် ပြန်မွေးဖွားခွင့်ရလို့ အောင်အောင် အပျော်ကြီး ပျော်နေမိသည်..။
"နွယ်…"
"ဟင်…"
"သိပ်ချစ်တယ်ကွာ…"
"……."
လိုချင်တာ ယူခွင့်မပေးလို့ စိတ်ကောက်ခါ တိတ်ဆိတ်နေသည့် ချစ်ဇနီးလေးရဲ့ နှုတ်ခမ်းကို စုပ်ယူ နမ်းရှိုက်ရင်း အမှောင်ကမ္ဘာ လမင်းအဆင်းတစ်ရာ သာခဲ့ရသည်….။
.
"နွယ်…"
"ဟင်း…"
"သက်သာရဲ့လား..ဒီမှာ မောင် ရေနွေးအိတ်ယူလာတယ်.."
"အင်း.."
နွယ့်ရဲ့ ဖြူဖျော့ဖျော့ မျက်နှာလေးကြောင့် စိုးရိမ်ရတာနဲ့ စိတ်မကောင်းဖြစ်ရတာ ရောထွေး စုပြုံ ခံစားနေရသည်..။
"မောင့်ကြောင့်များလား…ဟိုနေ့ညက ကြောင့်လား ဟင်.."
နွယ်က ခေါင်းကို အသာယမ်းပြီး ရေနွေးအိတ်ကို ဗိုက်မှာကပ်ခါ တစ်ဖက်ကို လှည့်သွားတော့ သက်ပြင်းချမိသည်..။
ဒီနေ့ဆို နွယ့်ခမျာ ကိုက်ခဲလို့ အိပ်ယာထဲ လှဲနေရတာ နှစ်ရက် ရှိနေပြီ..။
ကိုယ့်ရဲ့ အမှားကို ကိုယ်ပြန်တွေးရင်း ဒေါသလည်း ဖြစ်ရ နောင်တလည်း ရတော့သည်..။
အောင်အောင်မှာ သိပ်ချစ်ရတဲ့ နွယ့်နဲ့ ပတ်သက်လာရင် အရာရာ ကို ညင်ညင်သာသာ ရှိသလို နွယ် နာကျင်မှာ လည်း အထူး စိုးရိမ် ဂရုစိုက်တက်သည်..။
အခုမှ တိုက်တိုက်ဆိုင်ဆိုင်…ဖြစ်ရလေ…နွယ်ရယ်…။
ပြန်တွေးကြည့်ရင် ပုံမှန်အတိုင်းပဲ ဆိုပေမဲ့ နွယ့်ကို မြင်ရင် ကိုယ့်အမှားမကင်းသလို ခံစားရသည်..။
"ကြား..ကြားဖူးပေါင်တော်..မြိ့ကြီးပြကြီးမှာ ဘွဲ့ရတဲ့ အထိ နေလာပြီး မဖြစ်ချင်လည်း ဆေးစားထားပေါ့အေ…အခုတော့ မသေကောင်းမပျောက်ကောင်း…"
"နွယ်…စိတ်ညစ်တယ်…မေမေရယ်..သွားပါတော့.."
"အေး..အေး.."
အောင်အောင် ထမင်းပန်းကန်တွေ ယူ့ပြီး အပေါ်ပြေးတက်လာတော့ လှေကား ထိပ်နားမှာ ကြားလိုက်ရတဲ့ စကားကြောင့် ယောက္ခမ ကို စိတ်တိုလာသည်..။
နွယ့်ခမျာ နေမကောင်းရတဲ့ ကြားထဲ အပြစ်ချည်းတင်နေတာ ..ကိုယ်၀င်ပြောပြန်ရင်လည်း အပြစ်ဖြစ်ဦးမည်..။
"နွယ်.."
"အေး..ကောင်းတယ်…ခုမှ သိတက်သိလား…ငါ့သမီးလေး တစ်ခုခု ဖြစ်ရင် နင် မလွယ်ဘူးမှတ်..အောင်အောင်.."
အောင်အောင့်ကို လက်ညိုးထိုး ကျိန်းခါ  မျက်စောင်းထိုး၍ အခန်းထဲကထွက်သွားတဲ့ ယောက္ခမ ကို မကြည့်တော့ပဲ နွယ့်ကိုသာ ပြုံးပြရင်း အခန်းထဲ ၀င်ခဲ့လိုက်သည်..။
ဟင်းချိုပူပူလေး နဲ့ ငါးခြောက်ချက်ကလေး ကို အငွေ့ မသေသေးတဲ့ ထမင်း ပန်းကန်နဲ့ အတူ ယှဉ်ချပေးသည်..။
"နွယ်…စားလိုက်နော်…မောင်…ဟိုဘက်ရွာက ဆေးသွား၀ယ်ထားတယ်.."
"….."
နွယ်က မှိန်ဖျော့  နေတဲ့ မျက်နှာ နွမ်းလေးဖြင့် ခေါင်းည်ိတ်ပြီး ထ ဖို့လုပ်တော့ အောင်အောင် တွဲထူပေးလိုက်သည်..။
ရင်ခွင်မှာ ခပ်မှေးမှေး မှီထားပေမဲ့ နွယ်က ခေါင်းထောင်လိုက်ပြီး ထမင်းပန်းကန်ကို လှမ်းဆွဲသည်..။
ပါးရိုးပေါ် ရောက်နေတဲ့ ဆံစလေးတွေကို သပ်၍ နားနောက်ကို သိမ်းပေးလိုက်ခါ ထမင်းစားနေတဲ့ နွယ့်ကို ငေးကြည့်နေမိသည်..။
"ဟင်းချိုလေး သောက်စား..နွယ်…ငါးခြောက်လည်း ထည့်နော်.."
"ကိုအောင်မိုးသူ.."
"ဟင်.."
နွယ်က ခပ်ဖျော့ဖျော့လေသံလေးဖြင့် အေးစက်စက် နာမည်ကိုင်ခေါ်လိုက်တော့ အောင်အောင် မျက်လုံးပြူး၍ ကြည့်မိသည်..။
"ကျွန်မ တစ်ယောက်တည်း နေချင်လို့ပါရှင်…တောင်းပန်ပါတယ်…"
နွယ်က မျက်ရည်ရစ်သိုင်းနေတဲ့ မျက်၀န်း တစ်စုံ နဲ့ ကြည့်ပြီး ပြောလာတော့ အောင်အောင် ခေါင်းညိတ်ခါ အခန်းထဲက ထွက်လာခဲ့လိုက်သည်..။
နေမကောင်းတဲ့ သူအနား သွားပြီး စကားများမိတာကိုး..။
အလိုက်မသိတက်တဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ညနေစာကို နွယ့်အတွက် ငါးခြောက် ဆီစိမ်လေးပါ လုပ်ပေးဖို့ ကိုယ်တိုင် မီးဖိုဆီကို ရောက်လာခဲ့ရသည်..။
.
"ဟဲ့..နင့်မိန်းမကို လာစောင့်နေတာလား."
"အင်းလေ…မြေပဲပေး.."
"ဟင်း..နင့်မှာလည်း ၀ဋ်တစ်မျိုးပဲ မြို့သားလေးရယ်.."
"၀ဋ် မဟုတ်ပါဘူး…အချစ်ဗျ…အချစ်…"
ဒေါ်အုန်းက ခေါင်းကို ခါယမ်းရင်း မြေပဲ တစ်ထုတ် ဖြုတ်ပေးတော့ အောင်အောင် ရယ်၍ ယူခါ သွားဖြင့်ကိုက်ဖောက်လိုက်သည်..။
မြေပဲ နှစ်စေ့သုံးစေ့ကို လက်ထဲ ထည့်ပြီး ပါးစပ်ထဲ တစ်ပြန် ပစ်သွင်းခါ ခုံပေါ်မှာ ခြေချထိုင်ရင်း ခြေထောက်တွေကို လှုပ်ရမ်း ကစားနေမိသည်..။
ဒီနေ့တော့ နွယ့်ကို သတင်းကောင်း တစ်ခုပြောရဦးမည်..။
ဟိုဘက်ရွာကို ရောက်လာတဲ့ ဆရာ၀န်က သူ့ဆီမှာ လက်ထောက်လာလုပ်ပေးပါလို့ ပြောလာတော့ အောင်အောင် ထခုန်မတက် ပျော်မိသည်လေ..။
အဲဒီ့မှာ အလုပ်ရရင် ဟိုဘက်ရွာကို ပြောင်းဖို့ လွယ်သွားသလို နွယ်နဲ့ အောင်အောင် အိမ်လေး တစ်လုံး ငှား၍ အရင်အတိုင်း ပြန်နေနိုင်တော့မည်..။
နေရာ ဒေသ မတူကွဲပြားစေဦး…ယောင်္ကျားက ပိုက်ဆံရှာ မိန်းမက အိမ်မှာ နေရတာလေး ကပဲ အောင်အောင့် အတွက် သာယာကြည်နူးဖို့ ကောင်းပါသည်..။
မိန်းမက ငွေရှာနေတော့ တစ်ခါတလေ သိမ်ငယ်ရသလို တစ်ခါတလေ နွယ့်ကို သနားလွန်းလို့ ငိုချင်ပြန်သည်..။
အခုဆို ဆေးခန်းသွားတဲ့ မောင့်ကို နွယ်က ထမင်းဘူးလေး ပြန်ထည့်ပေးရမဲ့ အလှည့်ရောက်ပြီ နွယ်..။
တမာပင်အိုကြီး နောက်မှ နွယ် ထွက်လာတော့ အောင်အောင် ခြေလှမ်း သွက်သွက်ဖြင့် သွားရသည်..။
"ပေး…နွယ်.."
နွယ့်လက်ထဲက ဆွဲခြင်းတွေကို လှမ်းယူပြီး ယှဉ်လျှောက်လာရင်း နွဲ့ရဲ့ လက်ကလေးကို ဆွဲကိုင်ချင်တဲ့ စိတ်ဖြစ်မိသည်..။
မဖြစ်သေးပါဘူး..နေကောင်းခါစ သိပ်ပြီး စိတ်ကြည်လင် ဦးမှာ မဟုတ်ဘူး..။
"ပင်ပန်းခဲ့ပြီလား…မိနွယ်.."
"ရှင်..ဟုတ်…ဟုတ်ကဲ့…"
မုန့်ဆိုင်က ဒေါ်အုန်း လှမ်းမေးလိုက်တဲ့ စကားကြောင့် နွယ်က အောင်အောင်ကို မျက်လုံးပြူးကြည့်၍ အကြည့်ပြန်လွဲသွားသည်..။
ဒီမိန်းမကြီးလည်း စျေးရောင်းမကောင်းလို့ နှုတ်ဆက်နည်းတောင် မေ့ကုန်ပြီ ထင်ပါတယ်လေ..။
သူမှားတာ အကြောင်းမဟုတ်ဘူး..တေ်ာကြာ…နွယ်က အောင်အောင် ထိုင်ပြီး ပြောပြထားတယ်..ထင်နေဦးမည်..။
"နွယ့်ကို မောင် ပြောစရာ ရှိတယ်.."
"ကျွန်မ လည်း ပြောစရာ ရှိတယ်.."
"အဟား…မောင့် စကားကို ကြားရင် နွယ် ပျော်သွားလိမ့်မယ်…"
"……."
နွယ်က နှုတ်ဆိတ်နေပေမဲ့ အောင်အောင်ကတော့ နွယ် အံသြ၀မ်းသာသွားမဲ့ ပုံရိပ်ကို တွေးနေမိသည်..။
"သြော်…ပြန်လာကြပြီလား.."
"ဟုတ်.."
"အောင်အောင် ရေ….နင့် အရီးလေး ကို ရေဆွဲပေးလိုက်ပါဦး.."
"ဟုတ်ကဲ့.."
အောင်အောင် ခြံကူးသွားရသည်မို့ နွယ့်ကို ပြောမဲ့ စကားတွေကို မြိုသိပ်ထားလိုက်ရတော့သည်..။
ရေဆွဲရတာ နဲ့ ရေသယ်ရတာ ပင်ပန်းသလို ခပ်ပေးတဲ့သူ ရှိရင် အိုး ခွက် ဇလုံပါ မကျန်ဖြည့်ထားချင်သည်မို့ နေ၀င်ချိန် မှ ရေခပ်ခြင်း အလုပ် ပြီးဆုံးတော့သည်..။
"အောင်အောင်ရေ…ထမင်းပွဲ ပြင်ဟေ့.."
"ဗျာ..ဟုတ်.."
အောင်အောင် လှေကားပေါ်ရောက်နေသည့် ခြေလှမ်းတွေကို ပြန်ချခါ ထမင်းစားပွဲကို အရင်နေရာချရတော့သည်..။
ထမင်း ဟင်းတွေ နွှေးခါ ခူးခပ်ထည့်ပြီးရုံ ရှိသေး..ယောက္ခကြီးက ထမင်းစားပွဲမှာ ရောက်နေသလို နွယ်ကလည်း အောက်ဆင်းလာပြီလေ..။
ဟူး…အိပ်ယာထဲရောက်မှ ပြောရတော့မှာပေါ့…။
"ဟယ်…သား အောင်သိန်း နောက်ကျလှချည်လား.."
"နောက်ကျတယ် အမေရေ..နောက်ကျတယ်…သြော်…နွယ်နွယ်..နင် နေကောင်းရဲ့လား.."
"ရှင်.."
ကိုအောင်သိန်းက စွပ်ကျယ် ပခုံးပေါ် တင်ရင်း မေးလိုက်တော့ နွယ်က မျက်လုံးပြူးလေး ဖြင့် မော့ကြည့်ရှာသည်..။
ဒီလူ မူးလာပြန်ပြီ ထင်ပါတယ်…ကျစ်…ပြောပြန်ရင်လည်း..လွန်ဦးမည်မို့…အောင်အောင် နှုတ်ဆိတ်နေခါ နွယ့် ပန်းကန်ထဲကို ငါးဟင်းခပ် ထည့်ပေးလိုက်သည်..။
"စား…နွယ်.."
"အင်း.."
"မိန်းမရေ…ချစ်မိန်းမရေ…ယောင်္ကျား ပြန်လာပြီ.."
"အိုး..ကိုအောင်သိန်း..ရှင်မူးလာပြန်ပလား..ကလေး အိပ်နေတယ်.."
"ဟာ…ငါ့မိန်းမ က အဆီတ၀င်း၀င်းနဲ့လည်း ချစ်ဖို့ ကောင်းတာပဲဟ…ဗိုက်ပူ ခါးတုတ်လည်း ချစ်မှာပဲ သိလား.."
"ဟား..တော်တော် မူးလာတယ်ထင်တယ်.."
အောင်အောင် ဘေးနားက နွယ့်အနားကို ကိုယ်စောင်းပြီး တိုးတိုး ပြောတော့ နွယ်က ဘာမှ မပြောပဲ သက်ပြင်းသာ ချသည်..။
"အောင်အောင်.."
"ရပြီ…ကျွန်တော် သိမ်းလိုက်မယ်..ကိုအောင်သိန်း.."
"ဟာ…မဟုတ်ပါဘူးကွာ..မင်းကို ပြောစရာ ရှိလို့ပါ.."
"ပြောလေ.."
"ငါ မရှိတုန်း ငါ့မိန်းမ ဆီကို ယောင်္ကျားလေး ဧည့်သည်တွေ ဘာတွေ လာလား.."
"ပေါက်ပေါက်ရှာရှာ ဗျာ…သူ့ကလေး နှစ်ကောင်နဲ့ တောင် အမြဲ နပန်းလုံးနေတာ ဧည့်သည်လာတောင် ထွက်မတွေ့အားဘူး.."
"ဟင်း..ဟုတ်မှာပါ…"
"ဘာလည်း စိတ်မချလို့လား.."
"အေး…မိန်းမဆိုတာ ယုံကြည်ရတဲ့ အမျိုး မဟုတ်ဘူး..ငါတို့က မိုးလင်းမိုးချုပ် အလုပ်လုပ်နေတာ သူတို့က ဖောက်ပြန်ချင် ဖောက်ပြန်မှာပဲ"
"ဟာဗျာ…အဓိပ္ပာယ်မရှိတာ…ယောင်္ကျားတွေထက် မိန်းမတွေက ပိုသစ္စာရှိတာဗျ…ဒါကြောင့် အိမ်ထောင်မှု ဖောက်ပြန်တာ ယောင်္ကျားက  ပိုများတာပေါ့…"
"မင်း မိန်းမကိုရော..စိတ်ချလား.."
"အဟား..ချတာပေါ့…နွယ်က ပြောဖူးတယ်…လောကမှာ မောင် တစ်ယောက်ပဲ ထားမယ်တဲ့…မောင် မရှိတော့ရင် နွယ်လည်း လိုက်သေမယ်…တခြားလူကို မောင် ဘယ်တော့မှ မခေါ်ဘူးတဲ့.."
"အဟား..ဟား…ဒါဖြင့် ကိုကို လို့တော့ ခေါ်မဲ့ ပုံပဲ.."
"ခင်ဗျားကလည်း မူးနေရင် အေးဆေး နေဗျာ..ကျုပ် မိန်းမကို ပြဿနာမရှာပါနဲ့…သွား..သွား..ခင်ဗျား မိန်းမဆီကိုသွား…"
အောင်အောင် ကျောကုန်းကို တွန်းလွတ်လိုက်တော့မှ သက်ပြင်းချပြီး ကွပ်ပျစ်ပေါ်က ထွက်သွားတော့သည်..။
သူ့လို မနက် တစ်ခါ ညတစ်ခါ အထွေးကို အားပေးနေတဲ့ သူကများ သစ္စာဋီကာ ဖွင့်နေသေးတယ်..။
အရက်သမားတွေ မူးလာရင် တကယ်ရယ်ရတယ်..။
အောင်အောင် ထမင်း ဝိုင်းကို သိမ်းပြီး အပေါ်ထပ်ကို ရောက်တော့ နွယ်က အိပ်နေပြီ..။
မနက်ကျမှ ပေါ့လေ…။
သဘက်ခါ အလုပ်စဆင်းရတော့မည်..။
နောက် နှစ်ရက်ပြည့်တာနဲ့ မောင့်မိန်းမ အလှနတ်သမီးလေးကို သော့ခတ် သိမ်းလိုက်တော့မယ်…အချစ်ရယ်..။

⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now