Part 12

3.2K 126 7
                                    

သစ္စာတန်ဖိုး
အပိုင်း (၁၂) ဇာတ်သိမ်း
#သစ္စာတန်ဖိုး
"နွယ်…"
နွယ်က ဆွဲခြင်းထဲ အ၀တ်တွေ စီထည့်နေရင်း လှမ်းကြည့်ခါ အလုပ်ပြန်လုပ်နေသည်…။
"မောင် ပြောစရာ ရှိတယ်.."
အောင်အောင့် စကားကြောင့် နွယ်က ခေါက်လက်စ အကျီ င်္ ကို ပြန်ချ၍ မျက်နှာချင်းဆိုင် လှည့်ပြီး မတ်တက်ရပ်လိုက်သည်..။
နွယ့်ကို မော့ပြီး စကားပြောရမှာ အဆင်မပြေလို့ အောင်အောင်လည်း လိုက်ပြီး မတ်တက်ရပ်ရပြန်သည်..။
"မောင် အလုပ်.."
"ကျွန်မ အရင်ပြောမယ်…ကိုအောင်မိုးသူ.."
"ဟုတ်သားပဲ..နွယ် မနေ့က ပြောထားတာ မောင် မေ့သွားတယ်…ပြောလေ..နွယ်..နွယ် အရင်ပြော…"
"ကျွန်မကို ကွာပေး..."
"ဟင်…"
"…….."
အောင်အောင် ကိုယ့်နားကို ကိုယ် မယုံနိုင် ဖြစ်နေချိန် ရင်တွေက တလှပ်လှပ်ဖြစ်လာရသည်..။
မဟုတ်ပါဘူး..နွယ် ပြောတာကို နားကြားမှားသွားတာနေမှာပါလေ..။
"ဘယ်လို..နွယ်..ဘာပြောလိုက်တာလည်း.."
"ကွာကြမယ်…"
"ဘာ…..ဘယ်လိုပြောလိုက်တာလည်း နွယ်.."
အောင်အောင် ရှေ့တိုးပြီး ပခုံးကို ဆုပ်ကိုင်ခါ ထပ်မေးလိုက်တော့ နွယ်က လက်တွေကို ပုတ်ချပစ်သည်..။
"ဘာကြောင့်လည်း..ဟင်..မောင် ဘာအမှားလုပ်မိလို့လည်း.."
"…….."
"နွေးနဲ့ အထင်လွဲလို့လား.."
"…….."
"ပြောပါ နွယ်ရယ်…တစ်ခုခု ပြောပါ…မောင် ရူးတော့မယ်…"
"………"
"မောင့် အပြစ် က ဘာလည်း ဟင်.."
"………."
"နွယ်…"
"ကျွန်မ …ကျွန်မ…မဖြူစင်တော့ဘူး….ဟင့်…"
"ဘာ…"
အောင်အောင် ခေါင်းပေါ်ကို မနက်စောစော မိုးကြိုး ပစ်ချလိုက်သလို ချာချာလည်သလိုလို မူးလဲချင်သလိုလို ဖြစ်လာရသည်..။
ရှေ့ကို တစ်လှမ်းတိုးလိုက်တော့ နွယ်က နောက်ဆုတ်ပြီး ကျောပါ ခိုင်းပစ်လိုက်သည်..။
"ဘယ်ကောင်လည်း..ပြောစမ်း…တောက်…"
"အဟင့်…ဟီး…."
အောင်အောင် အံကြိတ်ပြီး လက်သီးဆုတ်ခါ မေးလိုက်တော့ နွယ်က မျက်နှာကို လက်နဲ့ အုပ်ပြီး ငိုတော့သည်..။
"နွယ်..နွယ်…မောင့်ကို ကြည့်စမ်း…ဘယ်ကောင် စော်ကားလိုက်တာလည်း..ဟင်..မောင့်ကိုပြောစမ်းပါ…"
"အဟင့်…ဟင့်…"
ချစ်ဇနီး ရဲ့ ငိုသံက ရင်၀ကို ထိုးစိုက်လိုက်တဲ့ မြှားတစ်စင်းလို တဆစ်ဆစ် နာကျင်ရပါသည်..။
နှစ်ဖက်ရွာကို သွားတဲ့ လမ်းက လူပျက်သလို ကိုယ်သဘောကျတဲ့ မိန်းကလေးကို ဖျက်စီးစော်ကား အပိုင်ကြံတက်တဲ့ ထရည်သမားတွေလည်း ရှိသည်.။
အောင်အောင် အသုံးမကျလို့ ဖြစ်ရသည်မို့ နှုတ်ခမ်းကို သွေးစို့အောင် ဖိကိုက်ထားရင်း ကျောပြင်လေး တသိမ့်သိမ့်၇ှိုက်ငိုနေတဲ့ နွယ့်ကို ပခုံးလေးဖက်ပြီး နှစ်သိမ့်ဖို့ကြိုးစားတော့ နွယ်က ရုန်းထွက်သည်..။
" …ဒီကိစ္စကြောင့် မောင် တို့ ကွာစရာမလိုဘူး..မောင့်ကြောင့်ပါ နွယ်ရယ်…မောင့်ကြောင့်ပါ….အင့်.."
"မဟုတ်ဘူး…ဟီး…"
"ဟင်…"
နွယ်က ငိုသံရှိုက်သံတွေ ကြားကနေ အငြင်းဝါကျထွက်လာတော့  အောင်အောင် ဒေါသတောင် ထွက်ရမလိုလို ၀င်ရမလိုလို ဖြစ်ကုန်သည်..။
ဒါကို ပြောတာ မဟုတ်ဘူး ဆိုရင် ဘာကို ပြောတာပါလိမ့်…။
"ရှင်…ကွာပေး…ရှင်ထက် သာတဲ့သူနဲ့ ကျွန်မ ချစ်မိသွားပြီ.."
"ဘာ….မင်း….မင်း ဘာပြောလိုက်တယ်…နွယ်….မဟုတ်ဘူး…မောင် နားကြားမှားနေတာ ဟုတ်တယ်မလား…ဟင်..နွယ်…မဟုတ်ဘူး မလား.."
"ဟီး.."
"တောက်…."
"ဒုန်း…ခွမ်း…"
အောင်အောင် ဒေါသကို ထိန်းချုပ်ထားရင် လူ အမှုန့်ဖြစ်သွားမှာ စိုးလို ရှေ့က သံသေတ္တာကို ဆောင့်ကန်လိုက်ပြီး ကြည့်မှန်ကိုပါ ရိုက်ခွဲပစ်လိုက်သည်..။
ဒေါသတွေက လျော့မသွားပဲ အလိတ်လိတ် မွှေနှောက်နေဆဲ့..။
သစ္စာဖောက်ခံရတဲ့ ခံစားချက်ကြောင့် တစ်ကိုယ်လုံး ပူထူခါ ဒေါသဖြင့် မူးဝေနေပြီ..။
"မင်း…"
"တောက်…"
"ခလွမ်း…"
"ဟဲ့…ဘယ်လိုတွေ ဖြစ်နေကြတာလည်း.."
ယောက္ခမ ဆိုသူရဲ့ အသံထွက်လာပြီး လှေကားတွေကို ပြေးတက်လာသံကြားရပြီးနောက် တံခါး၀မှာ ရောက်လာပြီ..။
"ဟား..ဟား…ငါ့ထက်သာတဲ့လူ….ဘယ်ကောင်လည်း…ပြောစမ်း…ပြော…နှစ်ကောင်စလုံး သတ်မယ်..သတ်မယ်…."
"ဟဲ့…ဟဲ့…."
"အို…လာကြပါဦး….လုပ်ကြပါဦး…"
"အရီးလေး…ဘာဖြစ်တာလည်း.."
"အမလေး…လက်ကြီးရေ လာပါဦး…နင့်ညီမသေတော့မယ်.."
အောင်အောင် လက်ထဲက ရေနွေးဘူးနဲ့ ရိုက်ဖို့ ရွယ်လိုက်ချိန် ခေါင်းငုံ့ခါ ရှိုက်နေသူဆီ ကို မရောက်တော့ပဲ ဘေးဘက်ကို ဦးတည်သွားခါ…
"ဒုန်း….ခလွမ်း.."
"အမလေး….ကုန်ပါပြီတော်…"
"ပြောလေ…ပြောစမ်း….ဟား..ဟား….ပစ္စည်းတွေ ပြီးရင်..နင့် အလှည့်ပဲ…"
"ဒုန်း…"
"ငါလေ..ငါ….တစ်လောကလုံး အမှား မင်းကိုပဲ အမှန်လို့ ထင်ခဲ့တယ်..တစ်လောက လုံးက စော်ကားလိုက်မှာ စိုးရိမ်ခဲ့ပေမဲ့ မင်း ဖောက်ပြန်မယ်လို့ ဘယ်သောအခါမှ မတွေးခဲ့ဘူး..ငါနွား မဟုတ်ဘူး..နွားမဟုတ်ဘူး..စောက်သုံးမကျတဲ့ ဦးနှောက်မရှိတဲ့ နွား"
"ဒုန်း…."
"ဟေ့ကောင်…မင်း ဘာဖြစ်နေတာလည်း.."
"နွယ်နွယ်စိုး…..ပြောစမ်း.."
အောင်အောင် အသံကုန်အောင် အော်ပစ်လိုက်တော့ လှေကားမှာ ခြေသံတွေ အများကြီး ပေါ်ထွက်လာသည်..။
"ဒုန်း.."
"ရှင်…ဟင့်…ရှင်…လွန်ပြီနော်.."
အောင်အောင့် လက်ထဲက စာရင်းစာအုပ်ကို လာဆွဲလုရင်း ရန်တွေ့နေတဲ့ သစ္စာမဲ့သူ မိန်းမကို စေ့စေ့ကြည့်ခါ
"ဟား..ဟား…ငါ လွန်တယ်…သြ…လွန်တယ်…"
အောင်အောင့်လက်ကို လာဆွဲတားနေသည့် ရူမ၀ ဇနီးချောလေးရဲ့ လက်ကို အားသုံးပြီး ပြန်ဆုတ်ကိုင်လိုက်ခါ
"ဖြန်း….ဖြန်း…"
တစ်သက်လုံး နမ်းမ၀မဲ့ ညာဘက်ပါးကို နှစ်ချက်ဆင့် ရိုက်ချပစ်လိုက်သည်..။
ဖြူနုနေတဲ့ ပါးပြင်မှာ လက်ချောင်းရာ ရဲရဲတွေ ချက်ချင်းပြောင်းသွားပြီ ခွေခနဲ့ ကျသွားတော့သည်..။
"ဟေ့ကောင်..မင်း.."
အောင်အောင့် ဒေါသတွေက ဂုတ်ကို လာဆွဲသည့်  လက်ကြီး ဆိုတဲ့ လူဆီကို ရောက်သွားခါ သုံးချက် ဆင့်ထိုး ပစ်လိုက်သည်..။
"မင်း…မင်း..လာစမ်း..ကွာ.."
လူချင်း အားချင်း မမျှလို့  လှေကားမှ အောင်အောင် တရွတ်တိုက် နီးပါး ပါသွားခါ ကွပ်ပျစ် ရှေ့ မြေပြောင်သလင်းပေါ် ပစ်ချချိန် ခွေခနဲ့ ပြုတ်ကျသွားသည်..။
"ခွပ်…ခွပ်…ခွပ်…"
"ကဲဟာ.."
"တောက်…ခွေးမသား.."
"ခွပ်…ခွပ်…"
အောင်အောင် ဘာမှ မတုန့်ပြန်နိုင်တော့ပဲ လူက ခွေကျနေခါ နာကျင်မှုကို သတိထားမိသလို နှာခေါင်းနဲ့ အပေါ်နှုတ်ခမ်းက စီးကျလာတဲ့ သွေးတွေကိုလည်း ခံစားမိသည်..။
"ဟာ..ဟ….လွန်မယ်…"
"အမလေး..တေ်ာပါတော့…သွေးတွေ ထွက်ကုန်ပြီ.."
"ငါ့ကို လာစမ်းတဲ့ကောင်…ခွပ်.."
"ဟဲ့…တော်ကြပါတော့…"
"အဟင့်..ဟင့်…တော်ပါတော့…တော်ပါတော့…"
တစ်ကိုယ်လုံး မြေမှုန့်တွေက မျက်နှာမကျန် ကပ်လူးနေခါ မျက်လုံး တစ်ဖက်က ဖွင့်မရအောင် ဖြစ်နေချိန် အနားကို ရောက်လာတဲ့ လက်တစ်စုံကို မော့ကြည့်မိသည်..။
ပခုံးကို ဖေးကူ ထူခါ ထိုင်နိုင်အောင် ပြင်ပေးနေတဲ့ မျက်ရည်တွေနဲ့ ချစ်ရသူကို ကြည့်ရင်း ယောင်္ကျားမျက်ရည် ဆိုပေမဲ့ ပြိုဆင်းလာတော့သည်..။
"နွယ်…အ….မင်း …အခုလို ဖြစ်တာ…ငါ့ကြောင့်ပါ…ငါ …တာ၀န်မကျေလို့….ဒါကြောင့်…ငါနဲ့ လိုက်ခဲ့ပါ…မင်းကို တစ်သက်လုံး …တာ၀န်ယူပါ့မယ်…"
"ရှင့်ကြောင့် မဟုတ်ဘူး..ရှင့်ကြောင့် မဟုတ်ပါဘူး…ကျွန်မ နှလုံးသားနဲ့ သူ့ကို ချစ်မိသွားတာပါ..သူနဲ့ပဲ ဘ၀ကို ဖြတ်သန်းချင်တယ်….ညတိုင်း ဘာမှမသိတဲ့ ရှင်နဲ့ အိပ်ရတာ ကျွန်မ အတွက် ငရဲလိုပဲ…ပူလောင်တယ်..ကျွန်မမှာ နှစ်ဖက် သစ္စာဖောက်မိတဲ့ မိန်းမလိုပဲ…ရှင်…သွားပါတော့…"
"နွယ်…လိမ်နေတာ….မောင့်ကို သနားလို့…လိမ်..နေတာ…"
"မဟုတ်ဘူး…ကျွန်မ ကိုညီညီ ကို ချစ်မိသွားတယ်...."
"ဟင်.."
"အောင်..အောင်….ဟာ..ဟေ့…ဖယ်ကြစမ်း.."
ကိုအောင်သိန်းရဲ့ အော်သံ ထော်လာဂျီက ထွက်လာတဲ့ အင်ဂျင်သံ စူးစူးဝါးဝါး..အိတ်ကပ်ထဲ ရောက်လာတဲ့ လက်တစ်စုံ…ရွာထဲက မြေလမ်း…ထန်းထော နဲ့ အထွေးတူမ…နောက်တော့…သိပ်ချစ်ရတဲ့ နွယ်…။
"သတိရပြီလား…"
အောင်အောင် အိပ်မက် ဖြစ်ပါစေလို့ ဆုတောင်းရင်း ဖြည်းဖြည်း ထထိုင်လိုက်ချိန် အနားမှာ ကိုအောင်သိန်းက ထိုင်နေသည်..။
"ဟင်း..စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ကွာ..ယောင်္ကျားပဲ…သစ္စာမရှိ ဖောက်ပြန်တဲ့ မိန်းမကြောင့်လည်း ထောင်ထဲမှာ အချိန်ကုန်မခံပါနဲ့ကွာ…"
"မဟုတ်ဘူး..နွယ်က လိမ်ပြီး..ကျွန်တေ်ာ့ကိုငှဲ့ပြီး..ပြောနေတာပါ…မတော်မတရား အပြုခံရတာကို မဖြူစင်တော့ဘူး ထင်ပြီး ခုလို ပြောနေတာပါ…"
"ဟင်း.."
အောင်အောင် မျက်ရည်ကျရင်း ပြောလိုက်တော့ ကိုအောင်သိန်းက သက်ပြင်းချခါ ပုခုံးကို ပုတ်ပေးသည်..။
"မင်းက မင်းမိန်းမကို ချစ်တဲ့ မျက်စိနဲ့ပဲ ကြည့်တာကိုးကွာ…သူတို့ အကြောင်း တစ်ရွာလုံး ရိပ်မိနေပါပြီ.."
"ဟင်…"
"မင်း မိန်းမ အစတုန်းကတော့ စျေးရောင်းသွားတာပါ…ဒါပေမဲ့…နောက်ပိုင်းတော့…မနက်ဆို ရွာထိပ်မှာ စောင့်ပြီး ကားနဲ့ လိုက်သွားတယ်..ညနေဆို ရွာနဲ့ ခပ်လှမ်းလှမ်းမှာ ချပေးခဲ့တာကွ…"
"………."
"အေး…ယောက္ခမကြီးကလည်း မသိဘူး..မသိဘူးဆိုတာ…သူက ပီရိတာကိုး..ရွာပြင်ပိုင်းက လူတွေတော့ အကုန်သိနေပြီ.."
"……………."
"လူတွေသိသွားတာ..ဘာဖြစ်လို့လည်း သိလား.."
"………"
"ရွာတောင်ပိုင်းက အနှိပ်သည်အဘွားနု နဲ့ ကလေးဖျက်ချလို့ကွ…"
"ဟင်.."
"ဘာလည်း..မင်းကလေး ထင်တုန်းလား.."
ကိုအောင်သိန်းရဲ့ စကားကြောင့် ကလေးယူဖို့ အတင်းတောင်းဆိုနေသည့် ပုံရိပ်ကို မြင်ယောင်ခါ.. အောင်အောင် အသည်းထဲထိ နာကျင်အောင့်တက်သွားရသည်..။
"ငါ့ညီ အတွေးမများနဲ့…အတိတ်ကို ပြန်တွေးရင် ဒေါသထွက်ရပြီး စဉ်းစား ဆင်ခြင် နိုင်စွမ်းမဲ့ သွားလိမ့်မယ်…"
"ဟုတ်ပါတယ်ကွာ…သူထိုက်နဲ့ သူ့ကံ…ဒီလိုဖြစ်ဖို့ ၀ဋ်ကြွေးပါလာတယ်ပဲ ..သဘောထားပါကွာ…."
"အကို့ဆီမှာ အလုပ်လုပ်ဖို့ ပြောထားတယ်မလား..ဒီမှာနေပေါ့…"
"ကျွန်တော် ပြန်မယ်.."
"ဟေ…ဘယ်ကိုလည်း.."
"ရန်ကုန်.."
"ဟင်း..အဲဒါပဲ ကောင်းပါတယ်..ဒီမှာ…ငါ့ပိုက်ဆံယူထား..လမ်းစရိတ်သုံးလို့ရတာပေါ့…ရန်ကုန်ကားတွေ ြ့ဖတ်ရင် လိုက်သွားလို့ရတယ်…"
"အင်း..အဲလို လုပ်လိုက်…ဒီညတော့ ပြန်လိုက်မသွားနဲ့…ငါ့ညီ စိတ်မနိုင်သေးဘူး.."
ဆရာ၀န် နဲ့ ကိုအောင်သိန်း ဖြောင့်ဖျ ပြောဆိုနေပေမဲ့ အောင်အောင် ခပ်ပြုံးပြုံး ဖြင့်သာ ခေါင်းညိတ်လိုက်သည်..။
ခုတင်ပေါ်မှာ အိပ်နေရင်း ပြတင်းပေါက်က လရောင်ကို ခပ်ငေးငေး ကြည့်နေမိသည်.။
အိတ်ကပ်ထဲက ခပ်လေးလေး အရာတစ်ခုကို လက်နှိက်ကြည့်လိုက်တော့ ဆွဲကြိုးမျှင်လေး.။
အောင်အောင် အံကြိတ်လို့ လက်သီးကို တင်းနေအောင် ဆုပ်ပစ်လိုက်သည်..။
မျက်နှာ တစ်ခု လုံး နာကျင်နေပေမဲ့ ဒေါသ က နာကျင်မှုကို လျော့ပါးစေသည်..။
.
တမာပင် ကိုမှီ၍ ရပ်နေတာ နှစ်နာရီကျော်ကြာ သွားပေမဲ့ တစ်ချက်ကလေးတောင် မလှုပ်မိ အောင် နေနိုင် သည်..။
အောင်အောင် ရပ်စောင့်နေတာ သုံးနာရီလောက်ကြာတော့ အရိပ်တစ်ခု တရွေ့ရွေ့ လျှောက်လာသည်..။
ဆန်းသစ်နေတဲ့ လတခြမ်းရဲ့ အလင်းရောင်ဖြင့် အောင်အောင့် လက်ရာမကင်းသည့် ဆွဲခြင်းလေးကို မှတ်မိသည်..။
လမ်းတစ်ဖက်ထိပ်က ပိတောက်ပင် အောက်မှာ ဆွဲခြင်းချပြီး ဆောင့်ကြောင့်ထိုင်ပြန်သည်..။
အောင်အောင့် လက်ထဲက စတီးရောင် ၀င်းနေသည့် ဓားရဲ့ လက်ကိုင်ကို တင်းနေအောင် ဆုတ်ကိုင်ခါ ရှေ့သိုးတိုးမိသည်..။
စိတ်ထဲရှိတဲ့ အတိုင်း လုပ်ပစ်လိုက်ပြီးမှ  အောင်အောင့် ရဲ့ စိတ်တွေ ပုံမှန် ပြန်ဖြစ်လာမှာလေ…။
ရှေ့ကို တစ်လှမ်းချင်း တိုးလျှောက်သွားပေမဲ့ နောက်ကျောကို သတိမထားတဲ့ အမှားကြောင့် သူမမြင်..။
သိပ်မကွာတော့တဲ့ အကွာအဝေး တစ်ခုမှာ အောင်အောင့် ကိုယ်ပေါ် တစ်စုံ တစ်ခု ပြုတ်ကျလာသည်.။
တစ်ခု…နှစ်ခု….သုံးခု…..ထို့နောက် များသည်ထက်..များလို့…ခြေအောက်မှာ ဖွေး လို့ မွှေးလို့..။
ပင်ယံထိပ်ဖျားမှာ အမြင့်စံထားပေမဲ့ ကိုယ်တိုင်ခုန်ဆင်းပြီး ခြေအောက်ကို ရောက်ချင်သည့် ပန်း..။
ဒီဗီဇ ဒီစရိုက် ရှိတဲ့ မိန်းမ တစ်ယောက်ကြောင့် ဘာတွေ ခံစားနေတာလည်း..။
သူ့ကို သတ်လို့ကော ဘာတွေ ထူးခြားသွားမလည်း..။
အောင်အောင်က လူသတ်တရားခံ အဖြစ် အချိန်ကုန်သည်ပေါ့လေ..။
သူ့ဖောက်ပြန်နေတာကို ကူညီ ဖေးမခဲ့တဲ့ အချိန်တွေကို ပြန်တွေးရင်း ဒေါသဖြစ်လာပြန်သည်..။
မဟုတ်ပါဘူး..ဒါ၀ဋ်ကြွေး တစ်ခုပါပဲ..ကိုယ့်ကို မချစ်နိုင်တော့တဲ့သူအတွက် ခံစားစရာမလိုပါဘူးလေ..။
ဒီအမှားက သူ့အမှားကနေ ကိုယ့်အမှား မဖြစ်ဖို့သာ အရေးကြီးသည်..။
နောက်ကို ခြေတစ်လှမ်း ပြန်ဆုတ်ပြီး ခဏရပ်လိုက်သည်…။
ထို့နောက်…ဆက်၍..ဆက်၍…။
မီးရောင်၀င်းခနဲ့ အတူ ကားတစ်စီး တဖြည်းဖြည်းရွေ့လာသည်..။
ခရေပင်နဲ့ မလှမ်းမကမ်းမှာ ရပ်လိုက်ချိန် ဆွဲခြင်းယူပြီး ထသွားသည်..။
ကားမီးထိုးထားတဲ့ အလင်းစူးစူးရှေ့မှာ ပုရိသ အပေါင်း တပ်မက်ရသည့် ခန္ဓာကောက်ကြောင်းလေး ရွေ့လျားသွားသည်..။
ထို့နောက် ကားတံခါး ပိတ်သံ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်နေသလား..။
နမ်းရှုံ့နေကြသလား..မဟုတ်လည်း..ဒီထက်ပိုတဲ့ အချစ်ကဗျာတွေ ဖွဲ့မှာပေါ့လေ…။
ကားနောက်မီး အနီလေး ဝေးသထက်ဝေး၍ သွားလို့လား…အမြင်တွေပဲ ဝါးသထက်ဝါးလာလို့လား မသိ မီးနီလေးတွေ များလာသလိုလို ရှိသည်..။
မျက်လုံး  စုံမှိတ် အံကြိတ်၍ လက်ထဲက လက်နက်ကို ခရေပင်ကိုပဲ ဘေးမသီ ရန်မခ ထိုးစိုက်ချလိုက်သည်..။
တစ်နှစ်ကျော် နီးပါး လျှောက်ခဲ့ရတဲ့ ရွာအ၀င်လမ်းလေးကို စိတ်အေးချမ်းစွာ တရွေ့ရွေ့ လျှောက်လာခဲ့သည်..။
လယ်ကွင်းတွေက ဖြတ်တိုက်တဲ့ ညချမ်းလေနဲ့ အတူ ပန်းရနံ့လေးတွေ ပါလာတက်သည်..။
ပန်းဆိုတိုင်းလည်း ပန်းကောင်း ပန်းမြတ် မဟုတ်သေးဘူး..။
ကြာက ရေနဲ့ ကင်းလို့ မရသလို သဇင်ကလည်း ပင်မြင့်မှာပဲ ပျော်တက်သည်..။
ကြာကို ပင်ယံတင် ပေးလို့မရသလို…သဇင်ကို ကန်မှာ ရှင်အောင် မလုပ်နိုင်..။
သူ့ဗီဇ..သူ့အကျင့်..သူ့စရိုက်ဖြင့်သာ သက်ဆိုိင်ပါသည်လေ..။
အောင်အောင် အိတ်ကပ်ထဲက ဆွဲကြိုးကို ထုတ်ပြီး အားသုံး၍ ဆွဲဖြတ်လိုက်သည်..။
ငါတို့ ကြိုးတွေ ပြန် ချည်မရအောင် ပျက်ခဲ့ပြီ…နွယ်…။
ဆွဲကြိုးကို ခပ်လုံးလုံး လုပ်ပြီး ဆိုင်ကျဉ်းလေးရဲ့ ထရံကြားကို ထိုးခါ အထဲ ထည့်လိုက်သညိ..။
ဒေါ်အုန်း နဲ့ မယ်မြ အကြွေးကျပြီး ဆိုင်ပြုတ်တော့မဲ့ အခြေအနေကို ပိုင်ရှင်မဲ့ ဒီဆွဲကြိုးက ကယ်တင်နိုင်ပါလိမ့်မည်..။
ရွာထိပ်ကို ကျောခိုင်းထွက်လာချိန် ပိတောက်အိုပင် မှာ ကလေးတွေ ရေးခြစ်ထားသည့် 'မောင် မလိုက်ရ' ဆိုတဲ့ စာလုံးက  လရောင်အောက်မှာ ထင်ရှားနေသည်..။
"မလိုက်တော့ပါဘူး…နွယ်…သွားပါတော့လေ…"
.
"ကိုအောင်...ညနေနောက်ကျရင် မြတ် ပဲ သားကိုကြိုလိုက်မယ်.."
"အင်း…ကိုယ် မှီရင် ခေါ်ခဲ့မယ်လေ…မမှီရင် ဖုန်းဆက်မယ်.."
"အင်း.."
မနူးညံ့ မချွဲနွဲ့တက်သည့် ဇနီးသည် ဒေါ်မြတ်လေး ကို အောင်အောင် ပြုံးပြ နှုတ်ဆက်လိုက်ခါ ကားသော့ယူပြီး ထွက်လာခဲ့လိုက်သည်..။
"ကျစ်.."
ကားရှေ့ကို ဖြတ်ဝင် မောင်းထွက်သွားသည့် ဆိုင်ကယ်ကို စိတ်တိုတို ဖြင့်ကြည့်လိုက်ချိန် ကိုယ်လုံးလှလှ နှင့် မျက်နှာလေးက ချစ်စရာကောင်းသည့် မိန်းကလေးကို တွေ့ရသည်။
မရည်ရွယ်ပေမဲ့ အချိန်တွေက ရုတ်တရက် သစ္စာမဲ့သူဆီ ပြန်သွားတော့ စိတ်ရှုပ်ရသည်။
မေ့ထားပေမဲ့ တိုက်ဆိုင်တိုင်း ပြန်လည် ဒေါသထွက်ရသည်။
အခုဆို အောင်အောင့်ဘဝ ပြည့်စုံနေပါပြီ...။
အိမ်ထောင်သက် ရှစ်နှစ်ရှိပြီး သားလေးက ခြောက်နှစ် သမီးလေးက လေးနှစ် ပျော်စရာကောင်းတဲ့ မိသားစုလေး
ရှိနေပြီလေ…။
အောင်အောင်တို့ မိသားစု  မန္တလေးက အဒေါ်အိမ်မှာပဲ နေခါ အဒေါ်ရဲ့ ပိုးထည်ဆိုင်ကို မြတ်လေးက ကူညီပေး၍ အောင်အောင်ကတော့ ဆေးဆိုင် ဖွင့်ထားသည်..။
မျက်နှာ ဒဏ်ရာပရပွနဲ့ ကိုစိုးအောင် ဆီမှ တစ်ဆင့် မန္တလေး က အဒေါ်ဆီကို ပြန်ရောက်ခဲ့ရသည်..။
အဒေါ်က အပြစ်မတင် စစ်မမေးပဲ အောင်အောင့်ကိုသာ ပြုစုပေးခဲ့သည်..။
တစ်နှစ်လောက်ကြာတော့  အဒေါ် စီစဉ်ပေးတဲ့ အတိုင်း မြတ်လေးကို လက်ထပ်ခဲ့ရသည်..။
လက်မထပ်ခင် သေချာ မေးခဲ့ရပါသေးသည်..။
ရိုးမြေကျ ပေါင်းသင်းနိုင်ပါ့မလားလို့…။
ထိုအခါ ဒေါ်ကန့်လန့်က "ရှင် ကိုယ်ရှင် ပဲ တာ၀န်ယူပါ”
တဲ့လေ..။
မြတ်လေး က လူပု စိတ်တို ဆိုသလို ခပ်ဖိုင့်ဖိုင့် ပုံစံကြောင့် လည်း ယောင်္ကျား အကြိုက် အလှမျိုး မရှိပေ…။
သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ စကားဆုံရင်
"မင်း မိန်းမကလည်း အသက်ငယ်တယ်သာ ဆိုတယ်..မင်းထက် အသက်ကြီးသလိုပါလားကွာ” ဆိုတာ မျိုး စ ကြရင် အောင်အောင် ပြုံးနေနိုင်သည်..။
သစ္စာ  တရားကို တန်ဖိုးထားတက်တဲ့ မိန်းမကို ရထားသည်မို့  ဘယ်လို စည်းစိမ်နဲ့မှ မလဲနိုင်လောက်အောင် ကျေနပ် ချစ်ခင်ရပါသည်..။
မြတ်လေးက စောစော ပြန်လာဖို့ မပြောတက်ပေမဲ့ ပြန်မလာမချင်း ထိုင်စောင့်တက်သည်..။
နောက်ကျမှ အိမ်ပြန်ရင် ဘာလို့ နောက်ကျနေတာလည်း ဆိုတာထက်  ဘာတွေ ဖြစ်ကုန်ပြီလည်းလို့ ခပ်စပ်စပ် ပြောတက်သည်..။
ညအိပ်ရာ၀င်ရင် ရင်ခွင်ထဲ သွင်းထားတိုင်း ကြာကြာ မနေပဲ ပူအိုက်သည်ဟု ဆိုခါ ခပ်ခွါခွါ အိပ်တက်သည်..။
သူက အရင် ဘယ်တော့မှ စပြီး မနမ်းတက်သလို ကြင်နာ ယုယ မှုလည်း မပြတက်ပါ..။
ဒါပေမဲ့ မြတ်လေးရဲ့ သစ္စာ မေတ္တာကို ခံစားလို့ ရနိုင်လောက်အောင် သူ့ရဲ့ အပြုအမူ လေးတွေမှာ ပေါ်ပါသည်..။
နေမကောင်း ဖြစ်မှ ကြင်နာ ယုယတက်တာမျိုး မဟုတ်ပဲ အနွေးထည် ၀တ်ဦး..ဖျားမယ် ဆိုတာမျိုး သတိပေးတက်သည်..။
ဒါလေး ချက်ထားတယ်…အကြိုက်လေး ချက်ကျွေးမယ်လို့ မဆွယ်တက်ပဲ နေ့တိုင်း အောင်အောင် စားစား မစားစား စိတ်နစ်ပြီး သေချာ ချက်ထားသည်..။
တစ်ခါတုန်းက ဘုစပ်စပ် နဲ့ အမြဲဆူ တက်သည့် မိန်းမကို စချင်လို့ သားနဲ့ ပေါင်းပြီး  ဟန်ဆောင် ချော်လဲဖူးသည်..။
ထိုအခါမှာတော့ အောင်အောင့်ကို ကြည့်ပြီး မျက်လုံးပြူးခါ အရေးပေါ်ကားပါ ဖုန်းဆက်ခေါ်လိုက်လို့ မနည်းတောင်းပန်လိုက်ရသည်..။
"အိုး..ဘယ်သိမလည်း..ဒါ နောက်စရာမှ မဟုတ်တာပဲ…အချိန်မှီ မရောက်ရင် အပြီးကျိုးသွားမှာ စိုးရတယ်.…ရှင်တို့ သားအဖ နှစ်ယောက် လူကို ရင်တုန် အောင် ထပ်မလုပ်နဲ့နော်…နှစ်ယောက်စလုံး ဒဏ်ပေးခံရမယ်မှတ်.." ဆိုပြီး ကြိမ်းထားလို့ အောင်အောင်လည်း ထပ်မစရဲ့တော့ပါဘူးလေ..။
"ဟင်…"
အောင်အောင် ကားကို ဘရိတ်အုပ်လိုက်ပြီး ကျုံးရှေ့မှာ ရပ်နေတဲ့ မြေးအဘွားကို သိသလိုလို ရှိသည်..။
စိတ်ထဲမသေချာလို့ သေချာဆင်းကြည့်လိုက်တော့ မြေပဲကျွေးဖူးသည့် ဒေါ်အုန်း..။
"ဒေါ်အုန်း.."
"ဟေ…ဘယ်သူတုန်း.."
"ကျွန်တော်လေ…မှတ်မိလား.."
ဒေါ်အုန်းက သေချာကြည့်ပြီး ခေါင်းရမ်းနေရင်း က တစ်ခုခု ကို သတိရသလို ပြုံးလာရင်း..
"မြို့သားလေး…"
"ဟုတ်တယ်….ဘယ်သူနဲ့ လာတာလည်း..ဘယ်ကိုလည်း..ဒေါ်အုန်း.."
"ဘုရားဖူးလာတာ…ငါ့သမက်တို့ ကားနဲ့လေ..ဟိုဘက်မှာ.."
"သြော်..နေကောင်းတယ်မလား.."
"ကောင်းတယ်..ကောင်းတယ်…နင့်ကို ငါတို့ သိပ်ကျေးဇူးတင်တာပဲ…"
"ဗျာ.."
"ဆွဲကြိုးလေးက နင့်ဥစ္စာမလား..အဲဒါလေးကြောင့် ငါ့တို့ ပြန်ပြေလည် သွားတယ်..ဟယ်.."
"ပိုင်ရှင်မဲ့ ဆွဲကြိုးပါ.."
"အင်း..ဒင်းကြောင့် တို့ရွာလည်း နာမည် ပျက်ရပါတယ်ဟယ်…အခုတော့ မရှိတော့ဘူး…ဆုံးသွားပြီ.."
"ဗျာ…"
"အေး…နင်ထွက်သွားပြီး နှစ်နှစ်လောက်နေတော့ ရွာကို ဗိုက်တစ်လုံးနဲ့ ပြန်လာတယ်…ရန်ဖြစ်ပြီး ဆင်းလာတယ် ပြောတာပဲ…ဟိုကောင်က မြို့ပေါ်မှာ သားကြီးမယားကြီး ရှိတယ်တဲ့လေ…အမလေး…လိုက်လာပြီး ရန်တွေ့လိုက်ကြတာ မပြောပါနဲ့…ဆံပင်တွေ ဆွဲ ပါးတွေရိုက် ရွာသားတွေတောင် မခံနိုင်လို့ ပြောဟယ်..ဆိုဟယ် လုပ်မှ ဒင်းကို လွှတ်ပေးတာ..သူ့မှာ မယားငယ်ဘွဲ့နဲ့ စိတ်ထောင်းကိုယ်ကြေ ဖြစ်တယ်ပြောရမှာပဲ.. …ကားသမား လူပျိုလို့ပဲ သိထားတာပါတဲ့လေ…ဟိုကောင်ကို စိတ်နာလို့
ကိုယ်၀န်လေးလကို ဖျက်ချဖို့ကြိုးစားရင်း အသက်ပါပေးလိုက်ရတာပဲ… ဟိုကောင်ကလည်း သေတာတောင် မျက်နှာ မတွေ့ရပါဘူးအေ…ဒါ …ငါ့မြေးလေ…အမလေး…မြို့မှာ ကျောင်းတက်ချင်တာ ရွနေလိုက်တာပဲ..ငါပြောထားတယ်…အမလေး..
မြို့ကျောင်းတက်ပြီး အတက်ကောင်းတွေ တက်လာရင် တစ်မျိုးလုံး အရှက်ကွဲရပါမယ်လို့လေ…"
"မဆိုင်ပါဘူး..ဖွားဖွားကလည်း..သူ့စိတ်နဲ့သူပါ.."
"အေးပါအေ..ငါတို့..သုံးနာရီ ထိုးတိုင်း အနွေးထည်လေးနဲ့ ရောက်လာတဲ့ နင့်ကို  သတိရပြီး စိတ်မကောင်း ဖြစ်ကြရသေးတယ်…နင် ပြည့်လာတော့ လူလည်းဖြူပြီး ထွားလာတယ်..ကဲ..သွားလိုက်ဦးမယ်...မြို့သားလေးရေ…"
"..ဟုတ်…သွားတော့မလို့လား…မပြန်ခင် အချိန်ရရင် ၀င်ခဲ့ပါ..ဒီဆိုင်မှာ ကျွန်တော် အမြဲ ရှိပါတယ်.."
'အေး..အေး..သွားပြီ ကျေးဇူးရှင်လေးရေ…"
နောက်မှာ ရပ်ထားတဲ့ ပရိုဘောက် ကားထဲ မှ ဒေါ်အုန်း ၀င်သွားတော့ အောင်အောင်လည်း ကားပေါ် ပြန်တက်လိုက်သည်..။
"နွယ်တို့ လက်ထပ်ပြီးသွားရင်လေ…ဘယ်သူကမှ ဝေးကွာအောင် လုပ်လို့မရတော့ဘူး မောင်…နွယ်တို့ရဲ့ ဘဝတွေက ဒီစွယ်တော်ရွက်ကလေးလို အမြဲထာ၀ရ တစ်ရွက်တည်း ပေါင်းစည်းသွားကြပြီ..မောင်ရဲ့…"
လင်မယား နှစ်ယောက် ဝေးကွာအောင် ကာယကံရှင် တွေ ကိုယ်တိုင်ပဲ လုပ်နိုင်တယ် ဆိုတာ သိသွားရောပေါ့ နွယ်ရယ်..။
အမှတ်မရှိတာလား မနာကြည်းတက်တာလား…မဟုတ်ပါဘူး..
ငါက သစ္စာတရားကို တန်ဖိုးထားတက်တာ ငါ့မိန်းမ မြတ်လေး သိပါတယ်…။
ဒါကြောင့် မင်းအပေါ်ကို သနားကရုဏာ စိတ်နဲ့  ငါ မျက်ရည်ကျမိပြန်ပြီ….နွယ်…။
မင်း ဒီလို ဖြစ်ပါစေလို့ ငါ မကျိန်ဆို ခဲ့ပါဘူး.. မေတ္တာစူးတယ်လို့ မခေါ်ထိုက်ပါဘူး…။
မင်း ဦးနှောက် နဲ့ စဉ်းစားဆုံးဖြတ် လျှောက်လှမ်း ခဲ့တဲ့ လမ်းမှာ အချိန် မတန်ခင် အကြွေစောတဲ့ မင်းအတွက် စိတ်မကောင်းဖြစ်ရတယ် နွယ်ရယ်..။
"တီ..တီ…တီ…"
အောင်အောင် မျက်ရည်ကျနေတာ သတိ၀င်ပြီး လက်နဲ့ ပွတ်သပ် သုတ်လိုက်ခါ ဖုန်းကိုင်လိုက်ချိန်…
"ခေါင်းရေစို နဲ့ ထွက်သွားပြန်ပြီ…ဘာအရေးကြီးနေမှန်း မသိဘူး..နောက်အိတ်ထဲမှာ တာဝါ ရှိတယ်…ခုသုတ်လိုက်.."
"အဟား..ကိုယ်တိုင် မသုတ်ပေးချင်ဘူးလား.. မြတ်လေးရယ်…"
"ရှင့်လက်တွေက ဘာလုပ်ဖို့လည်း.."
"မိန်းမ မသုတ်ပေးရင် မသုတ်ဘူးကွာ.."
"မကြီးမငယ်နဲ့…လုပ်မြန်မြန်..လမ်းမှာပဲ ရှိသေးတယ်မလား..ဒါပဲ…ဒါပဲ.."
ကားမောင်းနေရင်း ဖုန်းပြောရင် စိတ်ပူတက်သူမို့ အခုလို ပြောတာသိထားတော့ အောင်အောင် ဖုန်းမချသေးပဲ မျက်ရည်စိုလက်စ မျက်၀န်းတွေကို ပိတ်ချပစ်လိုက်သည်..။
"မိန်းမ….ကျေးဇူးတင်ပါတယ်.."
"ဘာလည်း.."
"ကိုယ့်အပေါ် သစ္စာထားပေးလို့ပါ.."
"ဘာတွေမှန်းလည်း မသိဘူး..တီ.."
ဖုန်းချလိုက်ပြီး ကားကို စက်နှိုးခါ ထွက်လာခဲ့လိုက်ရသည်..။
နေ့ခင်း ထမင်း ပြန်စားမလား မသိသေး…ထမင်းပြန်မစားရင် ထမင်းချိုင့်ထည့်ပြီး တစ်ယောက်ယောက်နဲ့ ပို့ခိုင်းလိမ့်မည်..။
ညနေ သားကို ကြိုဖို့ မမှီရင် သူကိုယ်တိုင် သမီးကို ဆိုင်ကယ်ပေါ် တင်ပြီး သွားကြိုပါလိမ့်ဦးမည်..။
အောင်အောင် အိမ်အပြန်နောက်ကျရင်လည်း ထမင်းဟင်း နွှေးပြီး ကျွေးပါဦးမည်..။
ဘယ်လောက်ပဲ ကြင်နာပြပြ မပြောင်းလဲ မနူးညံ့တက်တဲ့ မိန်းမ…။
နှစ်ယောက်ယှဉ်တွဲသွားလာတိုင်း မျက်နှာထား တည်တည်တင်းတင်း ကြောင့် မင်း မိန်းမက မင်းထက်ရင့်တယ်လို့ အပြောခံရတဲ့ မိန်းမ…။
သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ နှစ်ခါ ပြန်အကြည့်မခံရတဲ့ မိန်းမ….။
ညအိပ်ယာ၀င်ချိန်လည်း သူစိမ်းဆန်ဆန် ခပ်ခွါခွါ မှာ အိပ်တက်တဲ့ မိန်းမ …..။
ဒါပေမဲ့ သူ့မှာ  တန်ဖိုးထားအပ်တဲ့ သစ္စာတရား ရှိနေတာကို ၀မ်းသာပီတိဖြစ်ရသည်..။
ဒီနေ့ကစလို့ သစ္စာတရားကို တန်ဖိုးထားပြီး ကျေးဇူးတင်ရင်း ရိုးမြေကျသည် အထိ မြတ်မြတ်နိုးနိုး  ပိုတိုးလို့ ချစ်သွားပါတော့မည်လေ..။

(ပြီးပါပြီ)

⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

စာလုံးတစ်ချို့ ရိုင်းသွားရင် ခွင့်လွှတ်နားလည် ပေးကြပါနော် 💔😭
မရေးတက်ပဲ ဝါသနာ အရ ရေးသူမို့ အမှားများတာ ခွင့်လွှတ်ကြပါ🙏
စာတွေ ဖတ်ပြီး စိတ်ညစ်သွားရပြီ 💔
အရေးအသားမကောင်း စာလုံးပေါင်း မမှန်လည်း
ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော် ❤📒💪

love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now