Part 6

736 30 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၆)
#သစ္စာတန်ဖိုး

"မောင်..ဘယ်လိုလုပ်လိုက်တာလည်း.."
"မောင်..ဘာလုပ်လို့လည်း နွယ်.."
"အဟင့်..ဟင့်..မောင်..လုပ်တာ မောင် မသိဘူးလား.."
" …ယောင်္ကျားတကာကို ဆေးလိပ်ကမ်းသလို ကြော်ငြာကမ်းသလို အစွမ်းကုန်ခြယ်သ ပြင်ဆင်ပြီး ဆွဲဆောင်နေရတဲ့ အလုပ်ကို မောင် ထွက်ခိုင်းတာ အမှားလား နွယ်.."
"နွယ်ကကော လုပ်ချင်နေပါ့မလား..မောင်.."
"မောင် ရှာတာနဲ့ စားလောက်နေတာပဲ နွယ်ရယ်.."
"စားလောက်ရုံနဲ့ ပြီးသလား မောင်…သူများအိမ်နောက်မှာ ကပ်နေရတာ စား၀တ်နေရေး ဆိုတာ မှာ စားနေရရုံနဲ့ ပြီးရောလား…မောင်…ဟမ်…"
နွယ့်ရဲ့ ဒေါသမျက်၀န်းတွေနဲ့ အတူ လက်သီးဖွဖွဆုပ်ထားတဲ့ လက်ကလေးက အောင်အောင့်ရဲ့ ရင်ဘတ်ပေါ်သို့ ကျရောက်လာတော့သည်..။
"ဟင်း…အဆောင်မှာ ငှားနေမယ်ပြောတော့…နွယ်မှ လက်မခံတာပဲ.."
လက်သီးဆုပ်လေးကို ဖမ်းကိုင်လိုက်ပြီး ရင်ခွင်ထဲ ထွေးပွေ့ရင်း ပြောလိုက်တော့ နွယ်က မျက်ရည်တွေကို သုတ်ပစ်ပြီး..
"မောင့်ကို သနားလို့..မောင် တစ်ယောက်တည်း ခက်ခဲနေတာ မကြည့်ရက်လို့ နွယ် အလုပ်ထွက်လုပ်ရတာပါ…နွယ့်ကို နားလည်ပေးပါ မောင်ရယ်.."
"နားလည်ပါတယ်…မောင်..နားလည်ပါတယ်…မောင့်ကြောင့် နွယ် ဒီလို အလုပ်လုပ်ရတာ တွေးတိုင်း..နားလည်လွန်းလို့ ရင်ပါ နာတယ်..နွယ်…မောင့် ရင်ဘတ်ကြီး တစ်ခုလုံး နာရတာ ပါ…"
"အဟင့်….အင့်…မငိုပါနဲ့ မောင်ရယ်….နွယ်…နွယ်…မလုပ်တော့ပါဘူးနော်….မောင်…"
ရင်ဘတ်ထဲက မွန်းကြပ်မှုတွေက မျက်လုံးတွေကို နီစပ်သွားစေတော့ နွယ်က လက်ညိုးလေးဖြင့် တို့ဖယ်သုတ်ရင်း တောင်းဆိုလာချိန် ခေါင်းညိတ်လိုက်သည်..။
နွယ့်ရဲ့ ကိုယ်လုံးအလှပေါ်စေသည့် တီရှပ် ကြပ်ကြပ်လေးနဲ့ အတူ စကပ် ဒူးဖုံးရုံ အကြပ် ကို စိတ်ရှိတိုင်း ဆွဲယူခြေမွ ဖျက်စီးချင်တဲ့ စိတ်ကို မြိုသိပ်ထားရသည်..။
နွယ် အလုပ်ရနေတာ သိသလို နေ့စားပုံစံ ဆိုတာ သိပေမဲ့ အလုပ်ကို လိုက်မသွားနိုင်အောင် အောင်အောင်လည်း မိုးလင်း မိုးချူပ် အလုပ် လုပ်ရသည်လေ..။
နွယ်ပြောတုန်းက အရောင်း ၀န်ထမ်း လိုလို ကြော်ငြာ ကမ်းရသူ လိုလို ထင် ခဲ့ပေမဲ့ နေ့လည် နားချိန်မှာ လမ်းကြုံတာနဲ့ လိုက်သွားမိတော့မှ ရင်ထဲ စို့ရတော့သည်..။
စားသောက်ဆိုင်နဲ့ လှမ်းလှမ်း မှာ ရပ်ပြီး မိန်းကလေး နှစ်ယောက်နဲ့ အတူ စာရွက်ကမ်းရင်း ဆိုင်ကို လမ်းညွန်နေတာ တွေ့တော့ မျက်လုံးတွေ ပြာလောက်အောင် ခံစားလိုက်ရသည်..။
"မောင်.."
မျက်နှာမှာ အရောင်စုံ လိမ်းခြယ်ထားတဲ့ နွယ်ကို သနပ်ခါးနဲ့ တွေ့နေကျမို့ မမှတ်မိချင်သလို တောင် ဖြစ်သွားရသည်..။
"လာ…ပြန်ကြမယ်…"
"မဟုတ်ဘူး..မောင်…အ၀တ်တွေ…"
"လာကွာ..မောင် ပြန်ပို့ပေးမယ်…"
လမ်းပေါ်ရောက်တော့မှ ဒီအ၀တ်အစားတွေ မလဲခိုင်းခဲ့မိတာ နောင်တရခဲ့ရပြန်သည်..။
မှတ်တိုင်မှာလည်း ယောင်္ကျားတွေရဲ့ မျက်လုံးတွေကို အံကြိတ်လို့ မသိချင်ယောင်ဆောင်ရသလို မိန်းမ တချို့ရဲ့ အထင်သေး မျက်လုံးတွေကြောင့် နွယ့်ကို သနားရပြန်သည်..။
"အ၀တ်အစားတွေ လဲလိုက်တော့ နွယ်.."
"ဟုတ်.."
အိမ်နောက်ဘက် ပစ္စည်းထားတဲ့ အခန်းကျဉ်းလေးမို့ နွယ်က သူ့အ၀တ်အစား အိတ်လေးထဲမှ အကျီင်္ထုတ်ခါ လဲ၀တ်တော့ အောင်အောင် ငေးကြည့်ရင်း သက်ပြင်းချမိသည်..။
နွယ်ရယ်…မောင့်ကြောင့် ..နွယ် ဒုက္ခရောက်ရတာပါကွာ…။
.
"မောင်.."
လက်ပေါ်မှာ အိပ်ရင်း လည်ပင်းကို မော့နမ်း တော့ အောင်အောင် ပြုံးရင်း နဖူးလေးကို ဖွဖွ နမ်းပေးလိုက်သည်..။
"ပြောလေ..နွယ်.."
"ဟိုလေ…မောင် စိတ်မဆိုးရဘူး…စိတ်မကောင်းလည်း မဖြစ်ရဘူးနော်…"
"အဟား..ဘာလည်း နွယ်ရယ်…မောင်တို့က လင်မယားတွေလေကွာ.."
"အင်းပါ…နွယ်လေ…မေမေ့ဆီကို ပြန်နေရင် ကောင်းမလားလို့…"
"ဟင်…မောင့်ကို…မောင့်ကို ထားသွားတော့မလား…နွယ်ရယ်…မောင်..မောင်…"
"အို.."
အောင်အောင် တုန့်လှုပ်ရင်း ပခုံးသားလေးကို ကိုင်ခါ မေးလိုက်တော့ နွယ်က ခေါင်းရမ်းပြီး ပါးကို လက်ကလေးနဲ့ အုပ်ကိုင်ခါ..
"မဟုတ်ပါဘူး…မောင်နဲ့ နွယ် တူတူ သွားနေကြမယ်လေ…"
"အဲဒါက.."
"နွယ်တော့ ကိုစိုးအောင်တို့ကို အားနာလှပြီ..ဒီမှာ မနေသင့်တော့ဘူးပဲ ထင်တယ်မောင်.."
"မောင်…အဆောင်လေး..တစ်ခုလောက်.."
"ခေါင်းမမာချင်ပါနဲ့တော့ မောင်ရယ်..အရင်တုန်းက ပင်ပန်းဆင်းရဲတယ် ဆိုပေမဲ့ မောင်လခက များလို့ စုလို့ စောင်းလို့ရခဲ့တာပါ…အခုလခ နဲ့ လူ မမျှအောင် လုပ်နေရတာမလား..ကိုယ်ပိုင် အလုပ်လေး တစ်ခုလောက်မှ အဆင်ပြေတော့မယ် မောင်ရယ်…မေမေတို့ ဆီမှာဆို နေဖို့ စားဖို့ ဘာမှ မပူရဘူး..မေမေက မောင့်ကို ချစ်ပါတယ်..နော်.မောင်…"
"ဟို…အမေ့ဆီကို အပူကပ်ရတာထက်…မောင့်အဒေါ်က အပျိုကြီးလေ…သူ့လုပ်ငန်းကလည်း…မောင် ကျွမ်းကျင်နေပါတယ်…ပြီးတော့ မန္တလေးမှာ မောင့်ရထားတဲ့ ဘွဲ့လက်မှတ်တွေက ပို အသုံး၀င်မှာလေ..ရန်ကုန်မှာကျတော့ အပြိုင်အဆိုင်တွေ များတယ်…"
"နွယ် မလိုက်နိုင်ဘူး မောင်…"
"ဟင်.."
နွယ့်ရဲ့ ခပ်စပ်စပ် နဲ့ တင်းမာ ပြတ်သားလွန်းနေသည့် စကားကြောင့်  အောင်အောင် ခေတ္တခဏ ငြိမ်သက် သွားမိသည်..။
"နွယ်တို့ ရန်ကုန်မှာ နေလို့မရတော့ဘူး…ဒါပေမဲ့ တူတစ်ယောက်ရဲ့ အိမ်ထောင်ရေးကို တောင် ချုပ်ကိုင်ချယ်လှယ်ချင်တဲ့ အသက်ကြီးကြီး အပျိုကြီး တစ်ယောက်နဲ့ အဆင်ပြေပြေ နွယ် နေနိုင်မယ် မထင်ဘူး မောင်…မောင်လည်း ကြားထဲက စိတ်ညစ်နေရလိမ့်မယ်…နွယ်ကတော့ ဆုံးဖြတ်ပြီးပြီ…မနက်ဖြန် မောင် မလိုက်လည်း…နွယ် ပြန်မယ်…မောင်က နွယ့်ရဲ့ အချစ်ဦး အချစ်ဆုံး ထာ၀ရ ချစ်သူပါမောင်.."
"ဟင်း.."
နွယ့်ရဲ့ စကားတွေကြောင့် အောင်အောင်သက်ပြင်းချရုံသာ တက်နိုင်ပြီး နောက်တော့ နွယ့်ကိုယ်လေးကို ပွေ့ဖက်ထားမိသည်..။
ဘယ်လိုများ ခွဲနေနိုင်မှာလည်း နွယ်ရယ်…နွယ့်ကို မောင် သိပ်ချစ်တာ…နွယ်သိပါရဲ့လား ဟင်..။
"ဘယ်လို…အောင်အောင်…"
"နွယ် က အဲလို ပြောတယ် အကို.."
မနက်ပိုင်း လက်ဖက်ရည်ဆိုင်ကို ခေါ်ထုတ်လာပြီး ကိုစိုးအောင်ကို တိုင်ပင်သလို ပြောမိတော့ ကိုစိုးအောင်က သောက်လက်စ ရေနွေးကြမ်း တောင် ပြန်ချလိုက်တော့သည်.။
"မင်းကွာ…ရွာက မြို့တက်ပြီး စီးပွားရှာ အလုပ်ရှာတယ်ပဲ ကြားဖူးပါတယ်ကွာ…ဘယ်နဲ့ မင်းကျမှ ရန်ကုန်ကနေ ရွာကို ဆင်းပြီး အလုပ်ရှာချင်ရတာတုန်း အောင်အောင်…"
"နွယ်က ဆုံးဖြတ်ပြီးရင် ပြင်မှာ မဟုတ်ဘူး အကို..ပြီးတော့ သူ့အမေ အလုပ်တွေကို သူက ကျွမ်းကျင်တယ်….ကျွန်တော်လည်း နွယ့်ကို မခွဲနိုင်ဘူး…"
"ဟင်း…မင်းတို့ လင်မယား ချစ်ချစ် ခင်ခင် ရှိတာ ငါလည်း အားပေးပါတယ်ကွာ….ဒါပေမဲ့ ချွေးမက ယောက္ခမ အိမ်တက်နေရင်တောင် အဆင်မပြေတဲ့ ခေတ်ကြီးမှာ သမက် ကိုကော ခေါင်းပေါ်တင်ထားမယ် မင်းထင်နေသလား အောင်အောင်.."
"နွယ့်အမေက ကျွန်တော့်ကို ချစ်ပါတယ်.."
"ဟင်း…ငါလည်း အကြံပေးရမယ် ဆိုရင်တော့ မင်းကို မသွားစေချင်ဘူး အောင်အောင်…အခုဆို မင်းအလုပ်ကလည်း မြဲနေပြီ…မင်းမိန်းမကိုလည်း ငါ အလုပ်ရှာပေးပါမယ်လို့ ပြောထားသားပဲ …ဒီတစ်လလောက် သည်းခံပြီး တို့ အိမ်မှာ နေလိုက်ပါ…နောက်တော့ မင်းတို့ လွတ်လွတ်လပ်လပ် နေချင်ရင် လမ်းထဲက အိမ်လေးတွေကို စပေါ်မပေးပဲ နေလို့ရအောင် ငါပြောပေးပါမယ်…"
"ဟင်း..ကျွန်တော် မပြောတက်တော့ဘူး..ကိုစိုးအောင်…နွယ်က အားလုံး စီစဉ်ပြီးသွားပြီ…ကျွန်တော် မပါလည်း သူပြန်မှာပါ…အခုလိုက်မသွားပဲ နောက်မှ လိုက်သွားရင် ပိုပြီး မျက်နှာပူစရာ ဖြစ်လိမ့်မယ်.."
"အေးပေါ့လေ…သွားနေကြည့်ပေါ့…အဆင်မပြေရင်လည်း..မင်းမိန်းမကို ခေါ်ပြီး ငါ့ဆီ ပြန်လာ …ကြားလား..အောင်အောင်…မင်းအတွက်ဆိုရင် ငါတို့ အိမ်က အမြဲတံခါး ဖွင့်ထားပါတယ်ကွာ.."
"ဟုတ်ကဲ့..အကို့ ကျေးဇူးတွေ ကျွန်တော့် အပေါ်မှာ များလွန်းပါတယ် အကို "
"ဟင်း…အလုပ်ရှင်ကိုတော့ ငါပဲ ကြည့်ပြောလိုက်မယ်…အလုပ်တောင်းတုန်းက အသည်းအသန်ဆိုတော့ မင်းထွက်မယ်လို့ပြောရင် ငါ့ကို အပြစ်ပြောလိမ့်မယ်…ဒါကြောင့်..မင်း မပြောပါနဲ့.."
"ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်..အကို.."
ကိုစိုးအောင် ကို တိုင်ပင်လိုက်ပေမဲ့ သူပေးတဲ့ အကြံကို လက်မခံမိပဲ နွယ်နောက်ကို ပဲ အထုတ်ဆွဲခါ လိုက်ခဲ့မိတာ အောင်အောင် ဇဝေဇ၀ါ ဖြစ်မိသည်..။
နွယ့်ကို မှ မခွဲနိုင်တာပဲလေ…။
နွယ်က အိမ်ပြန်လမ်းမှာ ပြုံးပျော်နေပေမဲ့ အောင်အောင်ကတော့ စပါးကွင်းတွေ ကျေးငှက်အသံ တွေကို အာရုံမထားနိုင်တော့ပဲ ရှေ့ဆက်နေရက်တွေကို တွေး၍ ပူပန်နေမိသည်..။
ဘယ်တက်နိုင်မလည်းလေ..ပျော်ရာမှ မနေရ တော်ရာမှာ နေရ တာကိုက ဘဝတွေပါပဲလေ..။
"ဟင်.."
ရွာထဲကို ရောက်တော့ လူတစ်ချို့ရဲ့ အကြည့်တွေက အထင်သေးသလို အမြင်သေးသလို ဖြစ်နေပြီလားလို့ တွေးခါ စိတ်တွေ မလုံမလဲ ဖြစ်လာရသည်..။
နွယ်တို့ ခြံ၀န်းကြီး အနားကို ရောက်တော့ အံသြခြင်းနဲ့ အတူ နောက်ဘက် စက်ဂိုဒေါင်ကြီး နေရာမှာ မြေပြောင်သလင်းကို တွေ့လိုက်ရသည်..။
မကြာသေးခင် လာတုန်းက ထိုနေရာမှာ စက်သံ လူသံတွေ ဆူညံနေကြတာလေ..။
"ဟယ်..မမ…မေမေ ရေ…မမနွယ်တို့ လာတယ်…"
"ဟေ..ဟုတ်လား…"
နွယ့် အမေက အိမ်နောက်ဘက်က ထွက်လာတော့ နွယ်က အပြေးသွားပြီး သူ့အမေကို ဖက်ခါ ငိုပါတော့သည်..။
"ဟယ်..ဟယ်..ဘယ်လို ဖြစ်တာလည်း သမီး…ဟဲ့..အောင်အောင်…သား…ဘာဖြစ်ကြတာလည်း.."
"အဟင့်..ဟင့်..စက်ကြီးကော မေမေ…"
"ဟင်း…စက်ကအလုပ် ဖြစ်ပေမဲ့ ..မေမေလည်း လူခွဲ မရှိ မဦးစီးနိုင်တော့လို့ ဟိုဘက်ရွာက ကိုဘဖေ ကို ရောင်းလိုက်တယ်…"
"ဟင်.."
"ရတဲ့ ငွေ တစ်ချို့ကို စပါးပေးတွေ ချပေးထားတယ်..အောင်သိန်း ကိုလည်း ထော်လာဂျီ တစ်စီး ၀ယ်ပေးထားတယ်..သမီးရဲ့…တာ၀န်ပေါ့တာပေါ့ သမီးရယ်…လာလေ…ထိုင်ကြ…မောလာကြပြီလား.."
လွန်ခဲ့တဲ့ လေးလ လာတုန်းကတော့ စက်သံ လူသံတွေနဲ့ ဆူညံနေတဲ့ နေရာမှာ နေပူပူ ကွင်းထီးထီး ဖြစ်နေ၍ သပြေပင်ရိပ်အောက်မှာတော့ ခွေးညိုတစ်ကောင် အိပ်နေသည်..။
အောင်အောင် ခေါင်းညိတ်လိုက်ပြီး အိမ်ရှေ့ကွပ်ပျစ်ပေါ် အထုတ်တင်ခါ ထိုင်လိုက်ပေမဲ့ ဘာပြောရမှန်း မသိသေး..။
"ဟို..မေမေ….သမီးတို့ အလိမ်ခံလိုက်ရတယ်.."
"ဟေ…."
"ဟိုတစ်ခါ မေမေ့ကို ပြောခဲ့တဲ့ တိုက်ကလေးကိုလည်း သိမ်းသွားကြပြီ…နေစရာ မရှိလို့ သူများအိမ်နောက်မှာ လေးလလောက်နေခဲ့ရတယ် မေမေရယ်…အဟင့်..ဟင့်…"
"အိုး…အလိမ်ခံရလောက်အောင် နင်တို့ နှစ်ယောက် ခေါင်းတွေက ဘာလုပ်နေတုန်း.."
"ဟို စာချုပ် စာတမ်း အတုတွေလို့ မထင်လို့ပါ…"
"ဟဲ့…နင်က မထင်တောင် နင့်ယောင်္ကျားက မသိဘူးလား…"
"ဟို..ကျွန်တော်လည်း…သေချာ မသိတော့.."
"အမလေး…ကောင်းလိုက်လေ…မသိကြတာချည်းပဲ..အခုတော့ ဘယ်လိုနေ ဘယ်လို စားကြမလည်း.."
"အဲဒါကြောင့် မေမေ့ဆီမှာ အလုပ်ကူရင်း နေဖို့ ပြန်လာတာပေါ့…"
"ဟင်း…ငါ မပြန်ပါနဲ့ နင်ရှိတာ အားကိုးရလို့ပါလို့ တောင်းတောင်းပန်ပန် ခေါ်တုန်းကတော့ အမလေး…လင်တော်မောင် က အလုပ်အကိုင် တွေ ပစ်ထားရပါပြီလေး..ဘာလေး…နဲ့…ဟမ်…အခုတော့ ငါ့မှာ စက်ရောင်းလိုက်တုန်းက နှစ်ညလောက် အိပ်မပျော်ပြီး ကျေးစွပ်တဲ့ ဟာမရဲ့…ကောင်းတယ်…အမေ အာခံလို့ အခုလို ဖြစ်ကြတာလေ…"
"မေမေရယ်…ဟင့်..ဟင့်…"
"ကဲ..ကဲ..ငိုမနေနဲ့..ဖြစ်လာမှတော့…ဘာမှမထူးတော့ဘူး…ကဲ..အောင်အောင်.."
"ဗျာ…"
"ဘာမှ စိတ်အားမငယ်နဲ့..သား…တို့က ရွာမှာနေပေမဲ့ ရွာသူဌေးတွေပါအေ…ဒီလိုပဲ ဝိုင်းလုပ် ဝိုင်းစားကြတာပေါ့..မဟုတ်ဘုးလား.."
"ဟုတ်ကဲ့…"
"ကဲ…ကဲ…ခရီးပန်းလာကြပြီပေါ့…ဟိုတစ်ခါ အခန်းမှာပဲ နေကြ..သွား.."
"ကျွန်တော်တို့ အောက်ထပ်မှာပဲ နေပါမယ် အမေ…"
အောင်အောင် ပျာပျာသလဲ ပြောလိုက်တော့ ယောက္ခမ ဖြစ်သူက ပါးစပ်အဟောင်းသားဖြင့် စဉ်းစားပြီးခါမှ
"မဖြစ်ဘူး..နင်တို့ အောက်မှာ ဆိုရင်..ဟိုလင်မယား အပေါ်ရောက်ပြီ..ဒါဆို ငါ အကောင်းအိပ်ရမှာ မဟုတ်ဘူး..သူ့သားက တယ်ဆော့တဲ့ကောင်.."
"ဟုတ်ကဲ့…"
အောင်အောင် အိတ်တွေသယ်လာပြီး အပေါ်က အခန်းထဲကို ရောက်တော့ နွယ့်ရဲ့ ပျောက်ဆုံးနေတာ အချိန်ကြာပြီဖြစ်တဲ့ မူနွဲ့နွဲ့ မျက်စောင်းလေး ပေါ်လာတော့သည်..။
"တကယ်တဲ…အခန်းလုနေသေးတယ်.."
"အပေါ်မှာဆို အနေအစားကြပ်တယ်လေကွာ.. မောင့်ရဲ့ လွမ်းညတွေတော့ ရှည်ဦးမယ်.."
"အမယ် သိပ်အပိုပြော.."
"ဟူး…ပင်ပန်းလာတယ်..နားလိုက်ပါတဲ့…နွယ်ရဲ့.."
"အိုး…မောင်နော်...အိမ်မှာ စက် မရှိတော့လို့ စိတ်ညစ်နေရတာကို…အပျော်ခရီး ထွက်လာတယ်များ ထင်နေသလား..မောင်.."
အောင်အောင့် ရင်ဘတ်ကို တံတောင်နဲ့ တွတ်ရင်း ဆူနေတဲ့ မိန်းမ ဖြစ်သူကို လွတ်မပေးပေမဲ့ သက်ပြင်းတော့ ခိုးချနေမိသည်..။
နွယ့် အမေ ရဲ့ စကား အသွားအလာတွေက အရင်တစ်ခေါက်နဲ့သိပ်မတူတော့တာ သတိထားမိတော့ အနာဂတ်နေ့ရက်တွေကို စိုး၇ိမ်မိသည်..။
ကိုယ် စိတ်ထင်နေတာလည်း ဖြစ်နိုင်ပါသည်လေ..။
"ရှိသလို ဖြစ်သလိုပေါ့..သားရယ်.."
"ဟုတ်ကဲ့..ရပါတယ်.."
အောင်အောင် ထမင်းပန်းကန်နဲ့ အားလူးဟင်း တစ်ခွက် ငါးပိတို့စရာ ပန်းကန်ဖြင့် ထမင်းပွဲ ပြင်ထားတဲ့ ထမင်းဝိုင်းကို ကြည့်ရင်း အရင်တုန်းက ဆီပြန် လေးငါးမျိုး ပြင်ပေးတဲ့ ထမင်းဝိုင်းကို သတိရသည်..။
သူတို့လည်း အဆင်မပြေတော့လို့ ဖြစ်ပါလိမ့်မည်လေ…။
"ဟဲ့…မိနွေး…နင့်လင်ဖို့ ဟင်းခပ်ဖယ်ထားပြီးပြီလား."
"ဟုတ်ကဲ့…အမေ..ဖယ်ပြီးပြီ.."
"အေး..တော်ကြာနေ အပြန်နောက်ကျလို့ ငတ်နေဦးမယ်…သူက အလုပ်လုပ်ရတာလေ..သားရယ်…ပင်ပန်းတာပေါ့…အင်း တစ်မိသားစုလုံး ဝိုင်းလုပ်ဝိုင်းစား ဆိုပေမဲ့ အခုချိန် အလုပ်ရှိတာ ဆိုလို့ သူပဲ ရှိတာမလား.."
"ဟုတ်ကဲ့…"
အောင်အောင် စိတ်ထဲ မတင်မကျ ဖြစ်ရင်း ဟင်းပန်းကန်ကို လက်မလှမ်းတော့ပဲ ငါးပိရည် တို့စရာဖြင့်သာ လက်စသပ် စားလိုက်တော့သည်..။
"နွယ်ရယ်…ကြာလိုက်တာကွာ…"
"… သိမ်းဆည်းရတယ်လေ…မောင်ရယ်…ဟင်း.."
ချစ်ဇနီး လေးက သက်ပြင်းချရင်း လက်က ရေတွေကို ခါလိုက်တော့ အောင်အောင် လက်ကလေးကို ယူကြည့်မိသည်..။
အရင်တစ်ခေါက်ကလို ကောင်မလေးတွေ ဝိုင်းလုပ် နေတာ မျိုး မဟုတ်ပဲ နွယ် တစ်ယောက်ထဲ အိမ်မှုကိစ္စ မှန်သမျှလုပ်ရသလို…အောင်အောင်လည်း မနက်ဆို ကိုအောင်သိန်း ထော်လာဂျီနောက်ကို လိုက်သွားပြီး တစ်ဖက်ရွာမှာ ဓာတ်ဆီ ဒီဖယ်ဆီ လိုက်၀ယ်ရသည်..။
အပြန်ကျရင်တော့ လှည်းကြုံ စောင့်ပြီး ဆီတင်ခါ ပြန်ခဲ့ရတာမို့ တစ်ခါတလေ ပူပြင်းတဲ့ နေရောင်အောက်မှ စိတ်မော လူမော ဖြစ်ခါ ရန်ကုန်မှာ ဆေးလိုက်ပို့တာ မှ ခံသာသေးသည်လို့ တွေးမိသည်..။
ရုံးခန်းရောက်ရင် အအေးခန်းထဲ ထိုင်ရပေမဲ့ အခုတော့ ဆီပုံးတွေကို ကိုယ်တိုင်ချပြီး ပေပါတွေထဲ လောင်းထည့်ပေးရသည်..။
တစ်ရွာလုံးက ဆိုင်ကယ် ထော်လာဂျီ နဲ့ စက် အတွက် ဆီကို နွယ့်အမေ က ဒိုင်ခံပြီး ရောင်းပေးသလို လယ်ထဲ အတွက် လိုရင်လည်း စပါးပေး ပဲပေး ထဲ ထည့်တွက်ထားသည်..။
"နွယ်…ပင်ပန်းနေလားဟင်.."
"မပင်ပန်းပါဘူး..မောင်ရယ်…ညီမလေးက သွေးနုသားနု မို့လို့ပါ.."
"ဟင်း…အရင်က ကောင်မလေးတွေ အများကြီး ရှိတယ်နော်…"
"အင်း..အဲတုန်းက စက်လည်း ရှိတော့ လုပ်သား ငှားရတာ တန်တာပေါ့ မောင်ရယ်..တစ်ခုမဟုတ် တစ်ခု ခိုင်းထားလို့ ရတယ်လေ…အခုက အိမ်မှုကိစ္စ ပဲ လုပ်စရာ ရှိတော့…မေမေ က ငွေပေးရတာ မတန်လို့ မခေါ်တော့တာပါ…"
"ဒါပေမဲ့..နွယ်ချည်း လုပ်နေရတာလေ.."
"ဟင်း..ကိုယ့် မိဘအတွက် လုပ်ပေးတာပါ မောင်ရယ်…ခက်ခဲတာမှ မဟုတ်တာပဲ..အိမ်မှု ကိစ္စ နွယ်လုပ်နေကျ အလုပ် တစ်ခုပါ…"
"အင်း…နွယ့်ကို သနားလို့ပါ.."
ချစ်ဇနီးလေးရဲ့ သနပ်ခါး ကင်းနေတဲ့ ပါးပြင်လေးကို ငုံ့မွှေးရင်း စိတ်မကောင်းဖြစ်လို့ အခန်းထောင့်က ကျောက်ပျဉ်ကို ထုတ်လိုက်သည်..။
ခြောက်သွေ့နေတဲ့ ကျောက်မျက်နှာပြင်ကို ရေစွပ်ပြီး သနပ်ခါးတုံးကို ခပ်ဖော့ဖော့လေး အသံသိပ်မထွက်အောင် သွေးပေးရသည်..။
ဟိုနေ့က နွယ့်ရဲ့ ခေါင်းဘီး ပြုတ်ကျချိန် ယောက္ခမ ကြီးက လန့်နိုးပြီး ပြန်အိပ်မရလို့ တစ်နေ့ကုန် ခေါင်းမကြည် ဖြစ်ခါ အောင်အောင်တို့လည်း အပြောမလွတ်တော့ချေ..။
ခုတော့ အထူအပါး နားလည်စပြုလာပြီမို့ နားသက်သာအောင်သာ ကြိုးစားနေရသည်..။
"လိမ်းပါ…နွယ်.."
"မောင်ကလည်း..အိပ်ပဲ အိပ်တော့မယ်.."
"မောင့် မိန်းမက သနပ်ခါးလေး နဲ့ဆို ပိုနမ်းလို့ ကောင်းလို့ပါ.."
"ကြည့်စမ်း…သူ့အတွက်ပဲ.."
မိန်းမက မျက်စောင်း လှလှလေး ထိုးပစ်ပြီး သနပ်ခါးအနစ်ဝါ၀ါ လေးတွေကို လက်ညိုးဖြင့် သပ်ယူခါ ပါးပေါ် တင်လိုက်သည်..။
အောင်အောင်ဘေးနားက သနပ်ခါးခြစ်တံလေးကို အဆင်သင့် ကိုင်စောင့်နေတော့ ပြုံးပြီး ပါးကို ဆွဲသေးသည်..။
"မောင်..မနက်ကို သွားရတာ ပင်ပန်းနေလား ဟင်.."
"မပင်ပန်းပါဘူး..မိန်းမရယ်…"
"အလုပ် မလုပ်ရင် မေမေ က အမြင်မကြည်မှာ စိုးလို့ပါ မောင်ရယ်…မောင် ပင်ပန်းတာ နွယ်သိပါတယ်.."
"မပင်ပန်းပါဘူးဆို…"
"မပင်ပန်းဘူးသာ ဆိုတယ်…မောင့် မှာ ဒီရောက်လာတာ တစ်လ မပြည့်သေးဘူး..လူကလည်း ပိန်လာတယ်….အသားဖြူဖြူကလည်း ရဲရင်းကနေ ညိုလိုက်လာပြီ.."
"မောင့် မိန်းမ..က မောင့်ကို အရိပ်တကြည့်ကြည့် ပေါ့လေ.."
"မကြည့်လို့ရမလား…ကိုယ့်ယောင်္ကျားကို မကြည့်လို့ ဘယ်သူ့ကို ကြည့်ရမလည်း မောင်ရဲ့.."
"စကားတက်တဲ့ နှုတ်ခမ်းလေး…"
"မောင်နော်…မောင်နော်…"
"ဟူး…..ကဲလာ….ထုံစံအတိုင်း အိမ်နောက်က နွားတင်းကုတ်အဟောင်းထဲ သွားကြမယ်.."
"တော်တော်ကောင်း…မျိုးစပါးလှောင်တဲ့ တဲလေးကို ဘယ်လိုများ ရှာတွေ့သွားလည်း မသိပါဘူး…နွယ်တောင် သတိမထားမိဘူး.."
"ဒီလိုပဲလေ…တီထွင်ကြံစ နည်းလမ်းရပေါ့…အဟ…လာ.."
ချစ်ဇနီးရဲ့ နှုတ်ခမ်းလေးကို အသည်းယားလာလို့ လက်ကို ဆွဲ၍ ဘေးလှေကားကနေ အသံမကြားအောင် ခြေသံထိန်းခါ ခပ်သွက်သွက် ဆင်းခဲ့လိုက်သည်..။
အိမ်ဘေးနားက သပြေပင်မှာ ခဏ ကျောမှီနားနေတဲ့ ဇနီးကို အနမ်းမိုးလေးတွေ သွန်းလောင်းပြီးမှ နောက်ဘက် အိမ်နဲ့ ခပ်လှမ်းလှမ်း နွားတင်းကုတ် အဟောင်း ဆီကို ချီတက်ကြသည်..။
"မောင်…နော်.."
တဲ အဟောင်းလေး ထဲကို ရောက်တော့  အောင်အောင် ထိုင်ချလိုက်ပြီး လက်ဆွဲချတော့ ပေရပ်နေပြန်သည်..။
"ဘာဖြစ်.."
"မထိုင်ချင်ဘူးကွာ..ထဘီတွေ ပေကုန်ရင် နွယ် ပြန်လျှော်ရမှာ.."
"ကောက်ရိုးခင်းပေးမယ်.."
အောင်အောင် အနားက ကောက်ရိုးခြောက်တွေကို ဆွဲယူပြီး မြေပေါ် ဖြန့်ခင်းပေးလိုက်တော့မှ နွယ်က ပြုံးတုံတုံ မျက်နှာလေးဖြင့် ထိုင်တော့သည်..။
"ဒီနေရာကို မောင်ဘယ်လို စဉ်းစားမိတာလည်းဟင်.."
အောင်အောင် ရင်ခွင်ထဲမှာ ကျောမှီပြီး ခြေဆင်းထိုင်နေတဲ့ နွယ့်ရဲ့ ဆံနွယ်လေးတွေကို ရှိုက်နမ်းရင်း ပြုံးမိသည်..။
"ဗိုက်ကျောပြတ်အောင် လိမ်တာကိုးဗျ.."
"အိုး..ဒါကတော့…မေမေ့ အကြောင်း မောင်သိသားနဲ့…မောင့်လက်ကိုက ကဲတာကိုး.."
"သူ့ရွာ ပြန်ရောက်ကတည်းက အနမ်းတွေ ငတ်နေရတာလည်း ထည့်ပြောဦးလေ.."
"ဟွန့်…နမ်းပြီဆို..တော်ပါ ရပ်ပါ ပြောလည်း မရတာ ဘယ်သူလည်း…"
"ဒါကတော့ ချစ်တာကိုးဗျာ…ဒါကြောင့် နေ့တိုင်း နေရာ ရှာထားတာ..ဟဲဟဲ..ဒီနေရာက အဆင်အပြေဆုံးပဲ.."
"အင်း..ဟုတ်တယ်…အိမ်ပေါ်မှာဆို…မောင့်အသံ ဒီလောက်ကျယ်နေရင် နွယ်လိမ်မိနေပြီနော်.."
"အွင်း..မသနားဘူးလား.."
"သနားတာပေါ့.."
"အဟား.."
"အို…အိုး….ဘာမှလည်း..မဆိုင်ဘူး.."
"ဟား..ဟား..မရတော့ဘူး..နောက်ကျသွားပြီ.."
"ခစ်..ခစ်…လူဆိုး.."
အောင်အောင် နဲ့ နွယ်တို့ရဲ့ ချစ်ကြည်နူးစရာ ရင်ခုန်သံစဉ်လေးတွေက တဲလေးထဲမှာမို့လို့ ပျော်ရွှင် ရတာလေ…။
အိမ်နဲ့လည်း အလှမ်းဝေးသလို နှစ်ကိုယ်ကြား စကားပြောရင်း ထွက်ပေါ်လာတဲ့ ရယ်သံတွေက ဒီမှာသာ တရား၀င်သည်..။
အပေါ်ထပ်မှာဆို နွယ်က လေသံနဲ့ပဲ စကားပြောသလို အခန်းထဲ ရောက်တာနဲ့ မောင် အိပ်တော့ ဆိုတာမျိုးပဲ အမိန့်ပေးတက်သည်လေ..။
ရင်ခွင်ထဲမှာ မှိန်းနေတဲ့ ကြင်နာသူလေးရဲ့ ဆံစပ်ကို အနမ်းပေးလိုက်ခါ သနပ်ခါးလေးတွေ ပျက်ကုန်တဲ့ ပါးပြင်ကို ဖွဖွ နမ်းမိသည်..။
ကျောတစ်ခင်းစာ ကောက်ရိုးခင်းထားတဲ့ နွားတင်းကုတ် အဟောင်းကိုပဲ အောင်အောင့်မှာ အိမ်ကြီး အိမ်ကောင်း အပေါ်ထပ်ထက် ပိုပြီး မက်မောရသည်..။
တစ်ချိန်တုန်းက ကိုစိုးအောင် ရှာပေးတဲ့ အိမ်လေးကို ရောက်ခါစ မိုးမမြင်လေမမြင် ပတ်၀န်းကျင်ကိုလည်း ဂရုစိုက်စရာမလိုပဲ ချစ်ခဲ့ ပျော်ခဲ့ ရင်ခုန်ခဲ့ ရတာတွေ သတိရတော့ ရင်ထဲ စို့ရပြန်သည်..။
"မောင်တို့ဒီလို လွတ်လွတ်လပ်လပ် အမြဲနေနိုင်ရင် ကောင်းမှာပဲနော်…"
"အင်း…မောင့်မှာ မေမေတို့ကြောင့် အနေအစားကြပ်နေရတာ နွယ်လည်း စိတ်မကောင်းဘူး မောင်ရယ်.."
"အနေအစား မကြပ်ပါဘူးကွာ..မောင် က နွယ့်ကို ပဲ အမြဲလွမ်းနေတာ ခက်တယ်…တွေ့ပြန်တော့လည်း မောင့်မှာ မနေနိုင်ဘူး…အရမ်းလှတဲ့ မိန်းမ ကို သိပ်နမ်းချင်တာပဲ…တစ်နေ့ကုန် မြိုသိပ်ထားရတော့ တစ်ခါတလေ စိတ်တွေလည်း ညစ်ကုန်ရော…"
"ခစ်..ခစ်…စိတ်ညစ်တာကြီးကလည်း….ဒီလက်ကို ငြိမ်ငြိမ်ထားပါဆို…"
"အိုကွာ…ခုမှ လွတ်လပ်ရတာကိုပဲ နွယ်ရယ်…"
"မောင့်သဘောပါပဲ…မောင်ရယ်.."
တရား၀င် လင်မယား နှစ်ယောက်  အိမ်နောက် တဲစုတ် အဟောင်းထဲမှာ ချိန်းတွေ့ရင်း ချစ်စကားလေးတွေ ဖလှယ်လိုက် အနမ်းလေးတွေ မျှဝေလိုက်ဖြင့် ကြယ်အစုံ လင်းလက်လာတာလည်း သတိမထားမိခဲ့တော့ပေ…။
.

⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now