Part 9

684 28 0
                                    

သစ္စာတန်ဖိုး
အပိုင်း (၉)
#သစ္စာတန်ဖိုး

"အမယ်…ရောက်လာပါပြီတော်….သုံးမင်း.."
"ဘာတုန်း…သုံးမင်း.."
"သုံးနာရီ ကိုယ်တော်လေးလေ…သူထွက်လာပြီဆို သုံးနာရီပဲ.."
"အဟား..ဟား..ကျုပ် အတင်းပြောနေတာမလား.."
"ဟုတ်ပ..အချိန့်ကို မှန်နေတာပဲ"
အောင်အောင် လက်ထဲက ဂျင်ကြိုးကို ဆော့ရင်း ရွာထိပ်က မုန့်ဆိုင်လေးကို ရောက်တော့ သုံးနာရီ အတိအကျလောက်ရှိနေပြီ..။
ကလေးတွေရဲ့ ဂျင်ဝိုင်းမှာ ပါခဲ့ပြီး ဂျင် တစ်လုံး နိုင်လာတာကိုလည်း နွယ် စိတ်ဆိုးပြေမလား ဆိုတဲ့ မျှော်လင့်ချက်ဖြင့် ပြောပြရဦးမည်..။
ကိုယ့်ရဲ့ နွယ်က တဖြည်းဖြည်း သွေးအေးလာသလို အလုပ်တွေချည်း လုပ်ပြီး ကြောက်စရာကောင်းလာသည်..။
အိမ်မှာလည်း နေချိန် မရှိသလို မိုးလင်းတာနဲ့ ထွက်ပြီး နေ့ခင်း သုံးနာရီဆိုရင်တော့ ပြန်လာတက်သည်..။
အောင်အောင်ကတော့ သူပြောထားတဲ့ အတိုင်း လိုက်ခွင့် မရှိပေမဲ့ နှလုံးသား ဆန္ဒအရ ရွာထိပ်မှာ ထွက်ကြိုပေးမိသည်..။
အိမ်ရောက်ရင် စာအုပ်ကို ချပြီး နေ့ပြန်တိုး ရက်ပြန်ပေး စာရင်းကွက်ထဲမှာ အမှန် အမှားတွေ ထိုင်ခြစ်တက်သည်..။
ညစာ စားသောက်ပြီးရင် စကားပြောလို့ မရအောင် ခြင်ထောင်ထောင် မီးခွက်ငြိမ်းပြီး ကျောပေးအိပ်တော့သည်..။
စိတ်ကောက်တာကိုသာ ချော့ခဲ့ဖူးသည့် အောင်အောင့် အဖို့ နွယ်စိတ်ဆိုးနေပုံက ခြောက်ခြားစရာ ကောင်းနေပြီ..။
"မြေပဲမလား.."
"ဟုတ်တယ်…နှစ်ဆယ်မလား.."
"နင်မုန့်စားရင် ပိုက်ဆံမယူနဲ့ သူရှင်းမယ်တဲ့.."
"ဘယ်သူလည်း..ကျုပ် ယောက္ခမကြီးလား.."
"ဟုတ်မလား..နင့် မိန်းမပေါ့.."
"သြော်..နွယ်လား.."
နွယ့်ရဲ့ သိတက်မှုကြောင့် အောင်အောင့် ရင်ထဲဆွေးသွားခါ နွယ့်ကို စိတ်ဆိုးဒေါသထွက်မိတာတွေကို နောင်တရ မိသည်..။
တကယ်ဆို နွယ်က အောင်အောင် အနှိမ်ခံနေရတာကို မခံမရပ်နိုင် ဖြစ်ပြီး အခုလို အလုပ်တွေ လုပ်နေရှာတာလေ..။
နွယ့်မှာ မိန်းကလေးတန်မဲ့ နုနုဖက်ဖက် ကလေး က နေပူစပ်ခါးမှာ ခြေလျှင်ခရီးနှင်နေရတာ တွေးရင်း ရင်ထဲစို့ရပြန်သည်..။
ဟူး..ရန်ကုန် ပြန်ရရင် ကောင်းမှာပဲ…။
ကိုစိုးအောင် အိမ်မှာလည်း မနေချင်သည့် နွယ့်အတွက် အဆောင်ခန်းလေး မှာ နေနိုင်ရင်တော့ ကောင်းတာပေါ့လေ..။
သူငယ်ချင်းတွေဆီက ချေးငှားပြီး အခန်းလေး ငှားနေရင်း ရတဲ့ အလုပ် ၀င်လုပ်တော့မည်…။
ချစ်ဇနီးနဲ့ ပျော်ခဲ့ရတဲ့ အချိန်လေးတွေကို လွမ်းရင်း လှမ်းကြည့်လိုက်တော့ တမာပင်ကွေ့မှာ တရွေ့ရွေ့ လျှောက်လာနေပြီ..။
အောင်အောင် စိတ်ထဲ ပျော်သွားခါ လမ်းရိုးတစ်လျှောက် ခလုတ်တိုက်မတက် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားမိသည်..။
မုန့်ဆိုင်က ဒေါ်အုန်းကတော့ "သူ့မယားကိုများ တွေ့ရင် အမေတွေ့တဲ့ သားလိုပဲ"တဲ့လေ..။
နွယ့်ကို မတွေ့ရပဲ အိမ်မှာနေရတာ က လွမ်းလို့ လွမ်းမှန်းမသိတဲ့ ဝေဒနာကြောင့် ခံရခက်သည်..။
တမာပင် အနားကို ရောက်သွားတော့ နွယ်က မျက်နှာထား တင်းတင်းဖြင့်ပင် လျှောက်နေလို့ လက်ထဲက ဆွဲခြင်းကို ဆွဲယူလိုက်သည်..။
စကားမပြောပေမဲ့ တိတ်ဆိတ်ခြင်းတွေဖြင့် ချစ်ခြင်းကို သိအောင် လက်ကလေးကို ထိကိုင်မိချိန် ရှောင်လွဲသွားတော့ အခြေအနေ မဟန်သေး..။
အောင်အောင် ခြေလှမ်းတွေကို နှေးချခါ နွယ်နဲ့ ယှဉ်လျှောက်နေရတာကိုပဲ ပီတိ ဖြာနေမိသည်..။
"ဟော..ပြန်လာပြီပေါ့…နင့်ယောင်္ကျားက ငါတို့ နာရီကြီး ဖြစ်နေပြီ..မိနွယ်ရေ.."
"ဟုတ်ကဲ့..သွားလိုက်ဦးမယ်.."
နွယ်က ဒေါ်အုန်းကို ပြုံးပြ နှုတ်ဆက်ပြီး မျက်နှာတည်တည် ပြန်ပြင်ခါ လျှောက်တော့ အောင်အောင် ပခုံးတွန့်ရင်း နောက်က ဆက်လိုက်ရသည်..။
"ဟော..ပြန်လာပြီလား.."
"ဟုတ်ကဲ့.."
"အမလေး…အောင်အောင်ရယ်..နင့်မှာလည်း..ဟိုဘက်ရွာကို ဆီပို့ပေးပါဆိုတာ မအားဘူးလေး..ဘာလေးနဲ့…နင့်မယားကို အကြိုတော်ဆက်ဖို့ တယ်အရေးကြီးတာကိုး.."
"ဟို.."
"ဆွဲခြင်းယူလာ.."
မောင်ဆိုတဲ့ နာမ်စားလေးတောင် မသုံးတော့ပဲ ဆွဲခြင်းတောင်းတော့ လှေကားနားရောက်နေတဲ့ ခြေလှမ်းတွေကို ကွပ်ပျစ်ဆီ ပြန်လှည့်လိုက်ရသည်..။
ဆွဲခြင်းကို ကွပ်ပျစ်ပေါ် တင်ပေးလိုက်တော့ နွယ်က လှန်လှောရှာပြီး ပါတိတ်အထုတ်ကို ဆွဲထုတ်သည်..။
"မေမေ့အတွက်.."
"ဟေ…အမလေး…ကြာသားမိုးကြိုး…အမလေး..အောင်အောင်ရဲ့ နင့်မယား တယ်သိတက်နေပါလား.."
ယောက္ခမကြီးက မျက်နှာ ပြုံးပြုံးဖြင့် အိတ်ဖောက်ရင်း ပြောနေပေမဲ့ နွယ်ကတော့ မကြားသလို ပစ္စည်းတွေ ကောက်ထည့်ပြီး အိမ်ပေါ်တက်သွားသည်..။
"အမလေး..ဒါ အစစ်ဟဲ့…စျေးကြီးတယ်…ငါ့သမီးကြီးက သိတက်ရှာပါတယ်…အင်း..သူ အနစ်နာ ခံလာတာကော နည်းသလား..ငယ်ငယ်ကတည်းပါပဲ.."
"ဟုတ်ကဲ့.."
အောင်အောင် ခေါင်းကို ဖြစ်သလို ညိတ် ထောက်ခံပြီး လှေကားကို ကျော်ခွခါ အပေါ်ထပ် အခန်းကိုသာ အပြေးတက်သွားလိုက်သည်..။
အခန်းထဲရောက်တော့ နွယ်က ပစ္စည်းတွေကို နေရာချသိမ်းပြီး အ၀တ်အစားချွတ်ခါ ရေချိုးဖို့ ပြန်ထွက်တော့မည်…။
"နွယ်.."
"ပြော.."
"ဟို..ဘာမှ မဟုတ်ပါဘူး..နွယ် ရေချိုးပြီးမှပဲ…ပြော.."
စကား မဆုံးခင် အပြင်ရောက်သွားပြီမို့ အောင်အောင် သက်ပြင်းချရင်း ပြတင်းပေါက်မှာ ရပ်ကြည့်နေမိသည်..။
ခြံ၀န်းကျယ်ကြီးရဲ့ ဘေးဘက် အမိုးအကာအယံ မထားသည့် ရေတွင်းဘေး ကျောက်ပြားပေါ် မှာနွယ် တစ်ယောက် ရေချိုးရန် ပြင်ဆင်နေပြီ..။
ဟင်း…မသင့်တော်လိုက်တာ…ယောက္ခမကြီး လက်မခံလည်း အကာလေး တစ်ခုလောက်တော့ လုပ်ရတော့မည်..။
အိမ်လေးမှာ နှစ်ယောက်တည်း နေတုန်းက မခွဲနိုင် မခွာနိုင် ရေချိုးခန်းတောင် အတူတူ ၀င်ခဲ့ကြတာ သတိရတော့ သက်ပြင်းဖြင့်သာ ခပ်မောမော ဖြစ်လာသည်.။
နွယ်က ရေချိုးပြီး ပြီမို့ အောင်အောင် ပြတင်းပေါက်က နေရာရွေ့ခါ ရေသုတ်၀တ် ပြင်ဆင်၍ သနပ်ခါး လည်း သွေးထားလိုက်သည်..။
အောင်အောင် သနပ်ခါး သွေးနေတုန်း နွယ်က အခန်းထဲ ရောက်လာတော့ ထသွားခါ ရေသုတ်၀တ်လေး ကိုယ်ပေါ်လွှမ်းပေးလိုက်သည်..။
အရင်တုန်းကဆို အောင်အောင် ရေချိုးပြီးတိုင်း နွယ်က ဒီလို လွှမ်းပေးရင် နွယ့်ခါးလေးကို ဖက်ပြီး ရင်ခွင်ထဲ တိုး၀င်ခဲ့သည်လေ..။
ကိုယ်ပေါ်တင်ပေးလိုက်တဲ့ ရေသုတ်၀တ်ကို ဆွဲယူပြီး အ၀တ်အိတ်ထဲက အကျီ င်္ ထဘီ ထုတ်နေတော့ အောင်အောင် ဘယ်က စပြောရ ကောင်းမလည်း တွေးရသည်.။
"နွယ်.."
"……"
စကားတုန့်ပြန်သံမလာတော့ ထဘီရင်လျားရင်း အတွင်း၀တ်ထပ်၀တ်နေတဲ့ နွယ့်ကို ငေးခါ သနပ်ခါးကို ခပ်မြန်မြန် သွေးလိုက်သည်..။
"နွယ်….သနပ်ခါး လူးလေ.."
"တော်ပါပြီ…"
"လိမ်းလိုက်ပါ..နွယ်ရယ်..မောင်က နွယ့်အတွက်.."
"ဟဲ့….အမလေး…သူဌေးမက ထဘီကို ကွင်းလုံးပုံသွားတော့ ဘယ်သူက လိုက်လျှော်ရမှာတုန်း.."
"ကျစ်.."
အောက်ထပ်က ယောက္ခမ အသံစီ ခနဲ့ ထွက်လာတော့ နွယ်က မျက်မှောင်ကြုတ်၍  နားထင်ကို ထောက်လိုက်ချိန် အောင်အောင် အခန်းထဲက ထွက်လာခဲ့သည်..။
"အမလေး…သူ့ထက် ငယ်တာဆို.."
"ကျွန်တော် သိမ်းလိုက်ပါ့မယ် အမေ.."
"အေး..လုပ် မြန်မြန်.."
ယောက္ခမ က ရေချိုးဖို့ ပြင်ဆင်ပြီးခါ မှ ခြံထဲက သစ်ကိုင်းခြောက်တွေ လိုက်ကောက်နေချိန် အောင်အောင် ကပျာကယာ လျှော်ပြီး ဝါးတန်းမှာ တင်လှန်းခဲ့သည်..။
"မောင်..ဘာလို့ လုံချည်တွေကို ကိုင်တာလည်း.."
"မိုးရွာလို့လေ..နွယ်ရယ်.."
"ဘုန်းနိမ့်မယ် မောင်ရဲ့.."
"ဟုတ်လား…နိမ့်ပါစေ..အနိမ့်စံပြီး ချစ်မယ်ဗျာ…"
"အိုး..ခစ်ခစ်…"
တစ်ချိန်တုန်းက ထဘီကိုင်ရုံနဲ့ ပျာပျာသလဲ ဟန့်တားတက်သည့် နွယ်က အခုတော့ စာရင်း စာအုပ်ဖြင့် အလုပ်ရှုပ်နေသည်..။
"နွယ်.."
"……"
"နွယ်ဆို.."
"အိုး..ဘာဖြစ်နေတာလည်း..ပြောစရာရှိတာ ပြောပါလား.."
"နွယ်…စိတ်ကောက်ပြေပါတော့ကွာ..နော်…မောင် မနေတက်ဘူး…နွယ်ရယ်…"
"ရှင့်ကို စိတ်ကောက်နေတဲ့ ပုံလား.."
"မဟုတ်ဘူး..မဟုတ်ဘူး..စိတ်ဆိုးနေတဲ့ ပုံပါ.."
"သိပြီးရော…"
"အဟဲ..ဟဲ…မိန်းမကလည်း ကွာ…မောင် သနပ်ခါးသွေးပေးထားတယ်လေကွာ…မဆိုးနဲ့တော့နော်..လိမ္မာပါတယ်..နော်.."
"ကျွန်မ စာရင်းလုပ်နေတယ်…ကိုအောင်မိုးသူ…"
"ဘယ်လိုကြီး ခေါ်လိုက်တာလည်း နွယ်ရယ်.."
နွယ့်ရဲ့ သူစိမ်းဆန်တဲ့ ခေါ်သံကြောင့် အောင်အောင် မလိုလားစွာဖြင့် မျက်နှာပါ ရှုံ့မဲ့ လိုက်မိသည်..။
နွယ် နဲ့ စတွေ့ကတည်းက ကိုအောင်လို့ ခေါ်ရာကနေ မောင် အဖြစ်ကူးပြောင်းခဲ့တာပါ..။
အခုတော့ နာမည်တစ်စတစ်ဆုံး ကို ပစ်ပစ်ခါခါ ခေါ်လိုက်ပုံကြောင့် စိတ်ထဲလည်း မကျေမနပ် ဖြစ်ရသည်..။
"ဟဲ့…ဟို နှစ်ယောက် ထမင်းစားဖို့ ကြွလေ…မိုးချုပ်မှ မီးကုန်တယ်.."
ယောက္ခမ က မီးတိုင်ထွန်းတာတောင် စကေး တွက်ချက် ပြီး ထွန်းတော့ အောင်အောင် သက်ပြင်းချရင်း နွယ့်ကို တစ်ချက် ကြည့်မိသည်..။
စာအုပ်ထဲကို ဘောပင်ညှပ်ပြီး ထိုင်ရာမှ ထခါ ထဘီပြင်၀တ်၍ ထွက်သွားတော့ လေးကန်တဲ့ ခြေလှမ်းတွေဖြင့် လိုက်သွားရသည်.။
"လာ…သမီး.."
ပါတိတ်တစ်ထည် တန်ဖိုးက နွယ့်ကို ချက်ချင်း သမီး အဖြစ်ပြောင်းပေးလိုက်သည်မို့ အောင်အောင် ခပ်ပြုံးပြုံး ဖြစ်သွားမိပြီးမှ မျက်နှာပိုး   ပြန်သတ်ရသည်.။
ကိုအောင်သိန်းကလည်း ထူးဆန်းတဲ့ အခေါ်အဝေါ်ကို သတိထားမိသလို တစ်ချက်ကြည့်ပြီး ထမင်းပန်းကန်ကို ဆွဲခါ ယူသည်..။
"သမီး ထည့်စားလေ…ငံပြာရည်ချက် လည်း ကောင်းတယ်မလား..လယ်သရက်ကင်းလေးတွေ တို့ကြည့်.."
"ဟုတ်ကဲ့.."
အောင်အောင့် ပန်းကန်အနားမှာ ငပိရည် တစ်ခွက်နဲ့ တို့စရာ အကြွင်းအကျန်တွေသာ ရှိပြီး လယ်ငါးကြင်းပေါက် ငါးဟင်းပန်းကန် က ကိုအောင်သိန်း ဘက်မှာ ရှိသည်..။
"ဟဲ့..မိနွေး..ညည်းလင်ကို ထည့်ပေးလေဟဲ့..တကယ်တဲ…မိုးလင်းမိုးချုပ် လုပ်ကိုင်နေရတာ …ညစာလေး ကောင်းကောင်းစားရတာ..ထည့်စား သား.."
"မထည့်နဲ့..မထည့်နဲ့…ငါးမကြိုက်ဘူး…မနက်ဖြန်ကြက်သားချက်ဗျာ.."
"အေး..သား..ချက်မယ်နော်..ခုတော့ ဒါလေးနဲ့ စားချေ…ဟဲ့..ငံပြာရည်ကြော်လည်း ပေးလိုက်ဦး."
ကိုအောင်သိန်းက တကယ်မစားချင်လို့ တမင်ပြောတာလား မသိပေမဲ့ အောင်အောင့် ဘက်ကို ဟင်းပန်းကန် တိုးပေးသည်..။
မသဒ္ဓါမှန်း သိရဲ့နဲ့ မျက်နှာပြောင်တိုက်ပြီး ဟင်းပန်းကန်ကို လှမ်းမခတ်ချင်လို့ အနီးအနားက ငပိရည်နဲ့ တို့စရာနဲ့ပဲ ထမင်းလက်စသိမ်းလိုက်တော့သည်..။
"ဟဲ့…ဒါတွေ ဘယ်သူသိမ်းမလည်း.."
"ရတယ်..သမီးသိမ်းလိုက်မယ်.."
နွယ်က ထမင်းစားပြီး ပန်းကန်နဲ့ လက်ကိုဆေးခါ အပေါ်ထပ်ကို တက်သွားတော့ ယောက္ခမက ထမင်းစားပွဲသိမ်းဖို့ ပြဿနာ တစ်မျိုးရှာပြန်သည်.။
လူတကာကို ခိုင်းဖို့ချည်း ပြဿာနာရှာနေတဲ့ သူကတော့ မိုးလင်းမိုးချုပ် ထိုင်တဲ့ အလုပ်တစ်ခုသာ ရှိသည်လေ..။
မိနွေးက သူ့သား နီတာရဲကို ပုခက်ထဲ ထည့်ပြီး ထမင်းစားပွဲ သိမ်းနေတော့ အမြင်မတော်တာနဲ့ ကူသိမ်းပေးရပြန်သည်..။
အောင်အောင် ထမင်းဝိုင်းသိမ်းပေးခဲ့ပြီး အပေါ်ကို ရောက်တော့ ပြတင်းပေါက်က ၀င်နေတဲ့ လရောင်မှ လွဲလို့ မှောင်နေပြီ..။
ခြင်ထောင်ဖြူဖြူကို ငေးရင်း သက်ပြင်းတစ်ချက် ခိုးချလိုက်ခါ အမှောင်ထဲမှာ မျက်လုံးကျင့်သားရသွားတော့ ၀င်ခဲ့လိုက်သည်..။
တစ်ဖက်ကို စောင်းအိပ်နေတဲ့ နွယ့်အရိပ်ကလေးကို ငေးရင်း နှုတ်ခမ်းကို တစ်ချက်ကိုက်ခါ အနားကို တိုးသွားမိသည်..။
သေးသွယ်လွန်းတဲ့ ခါးလေးက တစောင်းအိပ်နေချိန်မို့ ပိုလှသလိုရှိခါ လရောင်လဲ့လဲ့ အောက်မှာ အလှတရားတွေ ပို၍ ပေါ်လွင်နေသည်..။
"နွယ်.."
ခါးလေးပေါ် လက်ရောက်သွားချိန် နွယ်က ဘာမှ မတုန့်ပြန်တော့ နည်းနည်း အရဲတင်ပြီး အနားကို တိုးကပ်သွားလိုက်သည်..။
နောက်ကနေ သိမ်းဖက်လိုက်ခါ နွယ့်ဆံနွယ်လေးတွေကို တရှိုက်နမ်း၍ သနပ်ခါးနံ့ မကင်းသည့် လည်ဂုတ်သားလေးကိုလည်း နှာဖျားဖြင့် တို့တိနမ်းမိသည်..။
"နွယ်ရယ်…စိတ်မဆိုးပါနဲ့တော့နော်.."
"….."
"မောင့်ကို ပစ်ထားတာ ဘယ်လောက်တောင် ကြာနေပြီလည်း ကွာ.."
"……"
"မောင့်ကို မသနားဘူးလား ဟင်.."
"…….."
အောင်အောင့် အနမ်းတွေက မရပ်နားနိုင်တော့သလို လက်တွေက လျှင်မြန်စွာဖြင့် နွယ့်ရဲ့  အကျီ င်္ ကြယ်သီးလေးတွေ ဆီကို ရောက်သွားသည်..။
"ဖယ်စမ်းပါ.."
"နွယ်.."
"…….."
"နောက်က တဲ ကို သွားကြမလားဟင်.."
"………"
နွယ့်ဆီက တုန့်ပြန်သံ မကြားရတော့လို့ အောင်အောင့် အနမ်းတွေက ရင်ဘတ်ပေါ် ရောက်သွားမိသည်..။
"အိုး…ဖယ်စမ်း…"
ရင်ဘတ်ကို ဆောင့်တွန်းလိုက်လို့ ဘေးကို ပြုတ်ကျတာ လူက မနာပေမဲ့ ထွက်သွားတဲ့ အသံကြောင့် မျက်လုံး ပြူးသွားရသည်..။
"ဟဲ့..အမလေး…ဘာဖြစ်နေကြတာလည်း.."
"….."
အောင်အောင် ငြိမ်နေလိုက်ပြီး လရောင်အောက်မှာ နွယ့်မျက်နှာကို မခန့်မှန်းနိုင်ပေမဲ့ ကြယ်သီးပြန်တပ်ခါ ခေါင်းအုံးကို ဆောင့်ချ၍ ပြန်အိပ်သည်..။
"ဆောရီး နွယ်…နွယ် ပင်ပန်းလာတာ..မောင် အလိုက်မသိသလို ဖြစ်သွားတယ်…"
နွယ့်အလှကို တွေ့နေရရင် စိတ်တွေ မငြိမ်မသက် ဖြစ်လာနိုင်သည်မို့ ကျောပေး၍ လရောင်ကို ငေးခါ အိပ်ပျော်ဖို့ ကြိုးစားရတော့သည်.။
ဟင်း…ဘယ်လိုလုပ်ရပါ့မလည်း..နွယ်ရယ်..။
.
"ဟယ်..လောကမှာ သောက်ကွယ်…စားကွယ်…လမ်းလယ်မှာ လဲလည်း ..လူကိုတွဲလို့ အိမ်ထဲ ခေါ်မယ်…လူမှာ ငွေ မရှိရင် လင်ယူမိတာ နာတယ်ထင်တယ်….ယောက္ခမ အိမ်တက် သမက်မှာ မျက်နှာငယ်….ဒါတွေ ကို ငါသိပြီကွယ်..အချစ်ဆိုတာ လောကမှာ နားမလည်…ငွေ…ငွေ…ရအောင်ရှာမယ်.."
"အဟား…ရန်ဖြစ်ပြန်ပလား ဟ.."
ဖိုးဝေ က ခေါင်းညိတ်ပြီး ယောက္ခမ နဲ့ ရန်ဖြစ်တိုင်း ဆိုတက်တဲ့ သီချင်းကို အော်ကြောလန်  ရွာနားညည်းအောင်ပင် ဆိုတက်သည်..။
နောက်နေ့ကျတော့လည်း သူ မဟုတ်သလိုပါပဲ…။
အောင်အောင် ဆီပုံးတွေ တင်ပြီး လှည်းနောက်မှာ ထိုင်လိုက်ရင်း ယောက္ခမ အိမ်တက် သမက် မျက်နှာငယ်ဆိုတဲ့ စကားကိုတော့ ထောက်ခံမိသည်..။
ကိုယ်တိုင် ခံစားနေရသည်ကိုးလေ..။
.
"အိမ်ရှင်တို့.."
"လာပြီဗျို့.."
နေ့ခင်းအချိန်ဆိုရင် အိမ်မှာ မိနွေးရယ် အောင်အောင်ရယ်ပဲ ရှိတာ များလို့ ဆီယူမဲ့သူတွေ လာတိုင်း အောင်အောင်ပဲ ရောင်းပေးရသည်..။
အောင်အောင် ပုဆိုးပြင်၀တ်ရင်း ပြေးဆင်းလာတော့ ကွပ်ပျစ်နားမှာ လူသန့်သန့် တစ်ယောက်ရပ်နေသည်..။
လူသန့်သန့်ဆိုတာကလည်း…တစ်ရွာလုံး ဆီလာ၀ယ်ရင် အပေါ်ပိုင်း ဗလာကျင်းဖြစ်ပြီး တစ်ချို့တလေကတော့ စွပ်ကျယ်လောက်သာ ကိုယ်မှာ ကပ်နိုင်သည်..။
အခုလူကတော့ စပို့ရှပ် မိုးပြာ လွင်လွင်နဲ့ ကွက်စိတ် ပုဆိုး နက်ပြာရောင်ကို တွဲ၀တ်ပြီး ဆံပင်လည်း သေချာ ဖြီးထားနိုင်သည်လေ..။
"ဆီယူမလို့လား.."
"ဒါ ဒေါ်အေးမိတို့ အိမ်လားခင်ဗျာ.."
"ဟုတ်ပါတယ်…ထိုင်ပါဗျာ.."
"ဟုတ်ကဲ့.."
ထိုင်ပါလို့ ပြောပြီး ကွပ်ပျစ်ကိုပဲ ညွန်ပြလိုက်တော့ ထိုလူက ခေါင်းညိတ်ပြီး ကွပ်ပျစ်မှာ ထိုင်လိုက်သည်.။
အိမ်ဘက်ကို တစ်ချက်လှမ်းကြည့်ပြီး အောင်အောင့် ကို ပြုံးပြတော့ ပြန်ပြုံးပြ၍ ကွပ်ပျစ်မှာပဲ ထိုင်ရသည်..။
"မနွယ် မရှိဘူးလား.."
" …မရှိဘူးဗျ…စျေးရောင်းသွားတယ်လေ…"
နွယ့် ကို မေး လိုက်တော့ အောင်အောင် စိတ်ထဲ အမြင်အကြည်ချင် ဖြစ်သွားပေမဲ့ အတက်နိုင်ဆုံး မျက်နှာ မပျက်ရအောင် ပြန်ပြောပေးလိုက်သည်..။
"သြော်.."
"ကျုပ်က သူ့ယောင်္ကျားပါ..နွယ်နဲ့ ဘာကိစ္စ များ ရှိလို့လည်း မသိဘူး.."
ကောင်းကောင်းမွန်မွန်ပြောသင့်ပေမဲ့ ရွာလေသံ ရွာပုံစံဖြင့်သာ ပြောလိုက်တော့ ထိုလူ က ခေါင်းညိတ်ပြီး ပြုံးပြန်သည်..။
"ကိစ္စတော့ မရှိပါဘူးဗျာ..နွယ်က ပစ္စည်းတွေမှာပြီး လာမထုတ်တော့ အိမ်တိုင်ရာရောက် ပို့ပေးရတာပါ.."
"ဟင်.."
"စျေး၀ယ်ရင် မိုးချုပ်လို့ ဆိုပြီး ကျွန်တော့်ကို ပဲ ပစ္စည်းမှာတယ်…ဒီတစ်ခေါက် ပစ္စည်း လာမယူတော့ ကျွန်တော့်ဆီမှာလည်း ၀န်ပိုတယ်လေ…ကားအသွားအပြန် ဒီပစ္စည်းတွေသယ်ပေးနေရတာ လူတင်ဖို့လည်း နစ်နာတယ်…ဒါကြောင့်ပါ.."
"အိုး…မသိလို့ပါဗျာ..စိတ်မရှိပါနဲ့.."
အောင်အောင် ပျာပျာသလဲ တောင်းပန်လိုက်တော့ ထိုလူက ကွပ်ပျစ်က ထပြီး ခြံ ၀မှာ ချထားတဲ့ အိတ်ကြီး သုံးအိတ်ဆီကို လျှောက်သွားသည်..။
"ဒီမှာပါ…ဒီအထိတော့ ကျွန်တော်ပဲ သယ်လာခဲ့တယ်.."
"အားနာလိုက်တာ ဗျာ..ကျေးဇူးတင်ပါတယ်.."
"ဟုတ်ကဲ့..မနွယ်ပြန်လာရင် ပြောပေးပါ…ကျွန်တော် ကိုယ်တိုင် လာပို့ပေးရတယ်လို့.."
"…ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်…"
ကားသမားကို ရွဲ့သလိုလို ပြောသွားတော့ အောင်အောင် ပြောမိတဲ့ စကားကို နောင်တရရင်း ခေါင်းကုတ်ခါ အိတ်တွေကို အိမ်ပေါ်သယ်ဖို့ ပြင်ရသည်..။
အိတ်ကြီး သုံးအိတ် က သူ့အလေးချိန် နဲ့ သူတော့ လေးပါသည်..။
ဟူး…ကိုယ့်မိန်းမနာမည်မေးလိုက်ကတည်းက အမြင်မကြည်တာ ဒီ သ၀န်တိုတက်တဲ့စိတ်ကို လည်း ပြင်မှပါလေ..။
"နွယ်…."
"….."
ရွာထိပ်မှာ လာကြိုနေတာ နေ့တိုင်းဆိုပေမဲ့ နွယ်ကလည်း စကားအပို တစ်ခွန်းမပြောပဲ တိတ်ဆိတ်နေတက်တာ တစ်လကျော်လာပြီ..။
အောင်အောင် တစ်ခါတလေ စိတ်ရှုပ်လို့ ပေါက်ကွဲ ပစ်ချင်ပေမဲ့ နွယ့်ကို အခုလို တွေ့လိုက်တိုင်း သနားခါ ရင်ထဲ စို့ရပြန်သည်..။
မနက်စောစော လိမ်းသွားတဲ့ သနပ်ခါးလေးတွေက နေပူပူကြောင့် ပျက်ကုန်ပြီး ခြေထောက် ဖွေးဖွေးလေးတွေကလည်း ဖုန်အလိမ်းလိမ်းဖြင့် ခပ်နွမ်းနွမ်းပုံစံ သာ ပြန်လာနိုင်သည်..။
"နွယ်..ဟိုလေ…မနက်က လူတစ်ယောက် နွယ့်ကို လာရှာတယ်.."
"ဘယ်သူလည်း.."
"မောင် နာမည် မမေးလိုက်မိဘူး..နွယ် ပစ္စည်းတွေ လာမယူလို့ အိမ်လာပို့ပေးရတယ်.."
"အိုး..ကြည့်စမ်း..မေ့နေတာ…အိုး…ဘာတွေ ပြောသွားသေးလည်း.."
"သိပ်တော့မကြည်သလိုပဲ…"
"ဟင်း…စိတ်ညစ်လိုက်တာ…နွယ် မေ့သွားတာ မောင်ရယ်.."
နွယ်က မျက်နှာ နွမ်းနွမ်း လေးဖြင့် ညီးညူရင်း အောင်အောင်ကို တိုင်တည် ပြောလိုက်တော့ မျက်နှာက ပြုံးဖြီးဖြီး ဖြစ်သွားရသည်.။
နွယ့်ဆီက အားကိုးမှုနဲ့ မောင်ဆိုတဲ့ စကားသံလေး ပြန်ကြားရပြီလေ..။
"မောင်..တောင်းပန်လိုက်ပါတယ်.."
"ပစ္စည်းလည်း ၀ယ်ပေးရသေးတယ်…ကားတင်လည်း ပေးရတယ်..အိမ်ထိ လိုက်ပို့ရတော့ ဘယ်ကြည်ပါ့မလည်း..ပြီးတော့..အဲ့ဒီလူက လူမှန် ဘုကလန့်.."
"အဟား…ဟုတ်မယ်..မောင့်ကိုတောင် စောင်းသလိုချိတ်သလို ပြောသွားတယ်.."
"တခြားကားတွေက သူ့လို စိတ်မချရဘူး… နွယ်ကိုယ်တိုင်သွားရင် ပင်ပန်းတယ်..အချိန်လည်း မမှီဘူးလေ…"
"အင်း…"
"ဒီတစ်ပတ်တော့ အခြေအနေ သွားကြည့်ပြီး လူကိုယ်တိုင် တက်၀ယ်ရတော့မလား မသိဘူး.."
"အဲဒါဆို နွယ် ပင်ပန်းမှာပေါ့.."
"ပင်ပန်းတာပေါ့…မနက်စောကြီးထပြီး ရွာထိပ်သွားနေပေမဲ့ ကားကြုံ မရရင် နေပူပူထဲ စောင့်ပါလေရော…စျေးထဲရောက်တော့ တစ်ခုချင်း လိုက်၀ယ်ပြီး ကားကြုံ ပြန်စောင့်ရပြန်ရော…သူ ၀ယ်ပေးတော့ ပစ္စည်းတွေကို သူ့အဒေါ်အိမ်ကနေ လှည်းနဲ့ ယူလည်း ရတယ်..ကားမှာ သွားယူလည်း ရတယ်.."
"သိပ်လည်း မစိုးရိမ်ပါနဲ့…သူက နားလည်မှာပါ.."
"ထင်ရတာပဲလေ…အိုး…ဒါ ဘာလုပ်တာလည်း.."
လယ်ကန်သင်းရိုး တစ်လျှောက် မှာ တူတူ လျှောက်နေရင်း အောင်အောင် လက်ကိုင်ထားတုန်းက မသိပဲခါးကို ဆွဲဖက်လိုက်တော့မှ ရူးရူးရှားရှား ထဖြစ်တော့သည်..။
နွယ်က လက်တွေကို ဆွဲချနေပေမဲ့ အောင်အောင် အတင်းအကြပ်ဖက် ထားတော့ မျက်စောင်းလေး ထိုးပြီး လက်ပိုက်၍ သာ လျှောက်သည်..။
"နွယ်.."
"ပြော.."
"မောင့်ကို ချစ်လား…"
"နွယ်က မေးရမှာလေ…မောင် နွယ့်ကို ချစ်သေးလို့လား…ဟင်..ချစ်သေးရဲ့လားလို့.."
"နွယ်ရယ်…မောင်ချစ်လွန်းလို့…မခွဲနိုင်လွန်းလို့..နွယ့်နောက်ကို လိုက်ခဲ့ရတာလေ..…"
"ဟင်း…မောင့် အချစ်တွေ အသက်မပါတော့သလိုပဲ…"
"ဘယ်လို…မောင်ဒီလောက်ချစ်တာကို နွယ်ရယ်…"
"အင်းပါ…နွယ်လေ…အတွေးတွေနဲ့ သိပ်ပူလောင်တာပဲ…ဘာတွေ ဖြစ်နေမှန်း မသိဘူး..မောင်က နွယ့်ကို နားမလည်ရကောင်းလား ဆိုပြီး မောင့်ကို တွေ့တိုင်း စိတ်ဆိုးတယ်…ဒေါသထွက်ရတယ်…"
"ဟမ်…ဒါ…ဒါကို ရှင်းရမယ်…ခဏ…ခဏ….လာ…ဒီမှာ ထိုင်.."
လယ်ကန်သင်း ဘေးဘက်လေးမှာ ထိုင်ချလိုက်ပြီး လက်ထဲက ဆွဲခြင်းတွေ တောင်းတွေကို ချခါ နွယ့်လက်ကလေးကို ဆွဲလိုက်တော့ နှုတ်ခမ်းစူ၍ ထိုင်ချသည်..။
"ပြောပါဦး..မောင်က နွယ် စိတ်ဆိုးနေတာ မှတ်တာ…ဘာတွေကြောင့်လည်း ဟမ်…"
အောင်အောင်နဲ့ ခပ်လှမ်းလှမ်းမှာ ထိုင်ချလိုက်တော့ ကိုယ်တိုင်ပဲ တိုးကပ်သွားခါ ပခုံးလေးကို ဖက်၍ ငုံ့ခါ ထပ်မေးရသည်..။
နဖူးနဲ့ နားထင်စပ်လေးမှာ ချွေးဥလေးတွေ ခိုသိနေတာ တွေ့တော့ အောင်အောင် ရင်ထဲ မောရပြန်သည်..။
"ပြောလေ..နွယ်.."
"နွယ်..မပြောတက်ဘူး..မောင် က အရင်လူလို မဟုတ်တော့သလိုပဲ.."
"ဟုတ်ပြီ…မောင့်ကို ဘယ်လိုထင်လည်း ပြောလေ…ဒါမှ မောင် ရှင်းပြလို့ရမှာပေါ့.."
"နွယ့်ကို မချစ်တော့သလိုပဲ…"
"ဟင်….."
အောင်အောင််မျက်လုံးပြူး ၍ ငုံ့ကြည့်လိုက်တော့ မျက်ရည်ဝေ့နေတဲ့ မျက်၀န်းလေးတွေကြောင့် ရင်ထဲ စို့ရပြန်သည်..။
"နွယ်ထင်တာလေ…မောင် အရွဲ့တိုက်နေသလိုပဲ…"
"ဘယ်လို…"
"နွယ့်ကြောင့် ရွာကို လိုက်လာရတာ..မောင် နဲ့ ဘာမှမဆိုင်သလို နေတယ်…နွယ့် အရပ် နွယ့်ဒေသ မို့ နွယ်ဦးဆောင် ဆိုတာမျိုး ဖြစ်နေတယ်.."
"နွယ်ရယ်…မောင် မှ ဒီ အလုပ်တွေ မလုပ်တက်တာ….မောင်လေ…နွယ့် အခုလို စျေးရောင်းနေရတာ နည်းနည်းမှ စိတ်မချမ်းသာပါဘူးကွာ…"
"….."
"မောင် အလုပ်ရှာပါသေးတယ်…သူရင်းငှား လုပ်ဖို့ကျတော့ မောင် နေ့တစ်၀က် လုပ်တာ အလုပ်မပြီးလို့ မငှားနိုင်ဘူးတဲ့…နွားလှည်းမောင်းတော့လည်း အဆင်မပြေဘူး နွယ်ရယ်…ကျန်တဲ့ အရောင်းအ၀ယ်ကျတော့ ပိုက်ဆံလိုတယ်…ကိုအောင်သိန်းကတော့ ဟိုဘက်ရွာက ထော်လာဂျီ တစ်စီးငှားပြီး မောင်းစားတဲ့…မောင်လည်း မောင်းနိုင်ပါတယ်..ဒါပေမဲ့ နှစ်သောင်းလောက် ပုံရမယ်တဲ့.."
"မောင်…မောင်…ဒါတွေ လုပ်သေးတယ်..ဟုတ်လား.."
နွယ်က မျက်လုံးပြူးလေးနဲ့ လက်ညိုးထိုးပြီး မေးတော့ အောင်အောင်လည်း ကြောင်တောင်တောင် ဖြစ်ခါ
"ဘာလုပ်လို့လည်း မိန်းမရယ်.."
"သူရင်းငှား လုပ်တာတို့ လှည်းမောင်းတာတို့…"
"အင်းလေ..စမ်းလုပ်ကြည့်ရတာပေါ့…"
"မောင်ရယ်…နွယ်မသိလို့.."
"ဘယ်သိမလည်း…မိန်းမ က စျေးရောင်းထွက်နေတာကိုးဗျ…မောင့်မှာ ရင်တွေပူပြီး အလုပ်ရှာတာ ရန်ကုန်မှာဆို အလုပ်တစ်ခု ရလောက်ပြီ..ဒီမှာတော့ ဖိနပ်ပါးတာပဲ အဖက်တင်တယ်.."
"ဟင်း…"
"နွယ်…"
နွယ့်ရဲ့သက်ပြင်းချသံကို အခွင့်ကောင်းယူပြီး ပြောဖို့ စီစဉ်ထားတဲ့ စကားတွေကို ပြန်တွေးယူရသည်..။
"ဟိုလေ..မောင်တို့ ရန်ကုန်ပြန်ကြမလား နွယ်.."
"ပြန်မယ်လေ…ဘယ်မှာနေလို့ ဘယ်လို စားကြမလည်း.."
"အိုး..နွယ်ရယ်..မောင်က အကောင်းမှတ်လို့.."
အောင်အောင့် မျက်နှာ ရှုံ့မဲ့သွားတော့ နွယ်က ရယ်ပြီး လက်ကို ဆိတ်ဆွဲခါ လက်မောင်းပေါ် ခေါင်းနွဲ့မှီသည်..။
"နွယ်မေးတာ လွန်လို့လား မောင်ရယ်…ကိုစိုးတို့ အိမ်ကို ပြန်မသွားချင်ဘူး..နွယ်က မာနတံခွန်ထူပြီး ဆင်းလာခဲ့သလို ဖြစ်နေတယ်လေ…ရန်ကုန်မှာဆို နွယ်လည်း ဘာ အလုပ်ပဲ လုပ်လုပ် နှစ်ယောက်ရှာရင် အဆင်ပြေပေမဲ့ မောင်မှ မကြိုက်တာလေ…"
"ဒါဆို..မန္တလေးမှာ ခဏ.."
"တော်တော့..မောင်…နွယ် တစ်သက်လုံး မသွားနိုင်ဘူး…မောင်ပဲ သွားချင်သွားပါ…"
"နွယ်ရယ်…မာနတွေကို တစ်ထစ်လျော့လို့ မရဘူးလားဟင်…မောင့် အဒေါ် ပြောသလို နွယ့် မေမေလည်း ပြောခဲ့တာပဲ…ဒါပေမဲ့ မောင် သည်းခံနိုင်တယ်…သည်းခံရုံတင်မကဘူး..အတူတူ တစ်နှစ်နီးပါး နေနိုင်တယ်လေကွာ…"
"သြော်..မောင် က အလျော်အစား ပြောလာတာပေါ့လေ…"
"မဟုတ်ဘူး..မဟုတ်ပါဘူး…ကျစ်…စကားမများချင်တော့ဘူးကွာ…မောင့်ကို နားလည်ပါနော်…နွယ်ထင်သလို မောင်က လူပျင်း အတ္တသမား မိန်းမ ထဘီနားခိုစားချင်တဲ့ ကောင်မဟုတ်ပါဘူး..အမေ့အလုပ်ကို လုပ်ပေးနေတာလည်း အလကား ထမင်းမစားချင်လို့ပါ…မောင့်မာနကို နွယ်သိရဲ့သားနဲ့…မောင့်ကို အထင်မလွဲပါနဲ့နော်…တစ်လောကလုံးက မောင့်ကို ကျောခိုင်းထားလည်း နေနိုင်ပေမဲ့ နွယ် စိမ်းကားနေရင် မောင်ရူးချင်တယ်.."
"ဟွန့်..ပို…"
"မပိုပါဘူး…အချစ်ရယ်…"
"အိုး…မကဲနဲ့…မကဲနဲ့…ကလေးတွေ လေးခွနဲ့ ပစ်လိမ့်မယ်…လမ်းလယ်ကြီးမှာ သိရှဲ့ုလား.."
အောင်အောင့် ရဲ့ မျက်နှာကို တွန်းပစ်ပြီး ရင်ခွင်ထဲက ထသွားတော့ ဘေးက အိတ်တွေကို ဆွဲပြီး ထလိုက်ရတော့သည်..။
"နွယ်…ညကျရင် အထင်မလွဲနဲ့တော့နော်…မောင် ရူးသွားလိမ့်မယ်.."
"ဟွန့်…ရူးမှာပေါ့…သူတို့ ယောင်္ကျားတွေရဲ့ အချစ်က ဒါပဲ…စိတ်ကောက်နေ စိတ်ဆိုးနေပါတယ် ဆိုတာတောင် ချော့ဖို့ မစဉ်းစားဘူး.."
"အဟား…အဲ့နေ့က နွယ်ရေချိုးနေတာ ကြည့်မိလို့ပါ…"
"ဟင်…ကြည့်ဦး…..ကြည့်ဦး.."
နွယ်က လက်ဝါးလေး ထောင်ပြီး ရွယ်ခါ ခပ်ဖွဖွ ပခုံးကို ရိုက်တော့ အောင်အောင်ရယ်၍ ငြိမ်ခံနေလိုက်ရသည်..။
ချစ်ရသူ၏ ရိုက်ချက်များကိုပင် ချစ်မြတ်နိုးမိသည် အထိ  နွယ့်ကို ချစ်ရပါတယ် နွယ်ရယ်…။

⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓⋇❃.✮:▹  ◃:✮.❃‧͙⁺˚*・༓

အရေးအသားမကောင်းလည်း ဖတ်ပေးလို့ ကျေးဇူးအထူးတင်ပါတယ် နော်
Love U all ❤
#စပိုက်ကာ

သစ္စာတန်ဖိုးWhere stories live. Discover now