*** Part - (11) ***

2.1K 196 16
                                    

#Unicode
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကွဲအက်သွားတဲ့ ဖန်ခွက်တစ်လုံးလို
စွန်းထင်းသွားတဲ့ အဖြူရောင် T-shirt လို
ညှိုးခြောက်သွားတဲ့ ပန်းတစ်ပွင့်လို
လပြည့်ညမှာ လပျောက်ခဲ့သလိုပါပဲ
ခင်ဗျားနဲ့ကျွန်တော်ဟာလည်း
လမ်းဆုံမှာရောက်နေတဲ့
ဆက်ဆံရေးတစ်ခု ...

" ရှိုင်းထက်အောင် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရာသီဥတု၏ပူပြင်းတောက်လောင်နေမှုက လူတစ်ကိုယ်လုံးကိုပင် လောင်မြိုက်တော့မည့်ဟန် ။ ကျွန်တော့်ခန္ဓာကိုယ်အစိတ်အပိုင်းများကတော့ ရာသီဥတုနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ အေးစက်လို့နေသည် ။ အတွေးတွေအားလုံးကို ဖြန့်ကျက်နေမိပေမဲ့ ကျွန်တော် ကြောက်ရွံ့တုန်လှုပ်နေသည် ။

ဟုတ်သည် ။ ဒီနေ့ဟာ ကျွန်တော့်ရဲ့ ဒုတိယမြောက်ရုံးချိန်း ။ ပထမရုံးချိန်းတုန်းကတော့ စတိသဘောမျိုးလောက်သာဖြစ်ပြီး တိတ်တိတ်ဆိတ်ဆိတ်သာ ပြီးဆုံးသွားခဲ့သည် ။

ဒီတစ်ခေါက်မှာကော ဘာတွေမေးပြီး ဘာတွေဖြေရမှာလဲ ။ ဘယ်သူတွေကို သက်သေခေါ်ပြီးဘာတွေဖြေကြမှာလဲ ။ ကျွန်တော့်ဘက်က အစိုးရရှေ့နေနဲ့တော့ ခြောက်ကြိမ်လောက်တွေ့ပြီးဖြစ်သည် ။ တွေ့သည့်အကြိမ်တိုင်းရဲ့မေးသမျှမေးခွန်းတိုင်းဟာ သာမန်ကာလျှံကာ မေးခွန်းများသာ ။ ငွေရဲ့သားကောင်ဖြစ်ကုန်ကြသည့်လူတွေကို ကျွန်တော့်ဘက်က နေပေးကြပါ ၊ အမှန်တရားဘက်ကရပ်တည်ပေးကြပါဆိုပြီး ဘယ်အရာနှင့် ပြန်လိုက်ဆွဲခေါ်ရမလဲ ။ ကျွန်တော် ထိုပညာကို မတတ်မြောက်ပါ ။

အဖေယူလာပေးသော Shirt အင်္ကျီလက်ရှည်အဖြူရောင်နှင့် ယောပုဆိုးအနက်ရောင်ကိုကျွန်တော် ဝတ်ဆင်ထားသည် ။ ကျွန်တော် မြန်မာဝတ်စုံဝတ်ထားတိုင်း ခြူးခြူးလေးကို လွမ်းပါသည် ။

" ကိုကိုရှိုင်းက ဒီလိုဝတ်လိုက်တော့ ကလေးနဲ့တူသွားတယ်  "

" ဟင် ၊ လူကြီးနဲ့ တူတာမဟုတ်ဘူးလား ခြူးခြူးလေးရဲ့ "

" ဟင့်အင်း ၊ ကိုကိုရှိုင်းက ကလေးနဲ့ပဲတူတာ ၊ အရပ်ကလည်း ကိုကိုကောင်းခန့်တို့လောက်မရှည်ဘူး ၊ နောက်ဆို ခြူးခြူးကြီးလာရင် ကိုကိုရှိုင်းအရပ်ထက်တောင် ကျော်သွားဦးမှာ ၊ ခစ်ခစ် "

CROSSROADS ( လမ်းဆုံ ) CompletedWhere stories live. Discover now