part-11(Unicode)

8.6K 984 56
                                    

အေးစိမ့်ပြီး မှိုင်းညို့နေတဲ့ ရာသီဥတုက ရင်ထဲက နာကျင်မှုတွေကို မီးလောင်ရာလေပင့်နေသယောင် ။ ဒီနေ့မှ ဝတ်ရုံက အနည်းငယ်ပါးနေတာကြောင့် လက်နှစ်ဖက်ကို ခပ်တင်းတင်းပိုက်ပြီး ချယ်ရီလမ်းလေးအလှကို မငေးနိုင်ပဲ ကျောင်းတော်မြန်မြန်ရောက်ရန်သာသွားရသည် ။ နာကျင်နေတဲ့ ခန္ဓာကိုယ်ကြောင့် လိုသလောက် ခရီးကမရောက်သည့်အပြင် မျက်လုံးတွေ လည်ချောင်းတွေကပါ ပူတက်လာပြီမို့ မကြာခင် အဖျားတက်တော့မည်မှန်းသိလိုက်သည် ။  ဝေ့အဖိုးကြီးတော့ ဆူတော့မှာပဲ ။

အားတင်းကာ ဆက်လျှောက်ရင်း မြင်နေရတဲ့ ကျောပြင်ဖြူဖြူလေးကြောင့် ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်သည် ။
ကြားနေရတဲ့ တုံးခေါက်သံနဲ့  ခပ်အေးအေး တရားရွတ်ဖတ်ပူဇော်သံတွေက ဒီကျောပြင်ဖြူနဲ့ သိပ်ကို လိုက်ဖက်နေသည် ။နေရိပ်တိုးမပေါက်အောင် ကြီးမားသော ချယ်ရီပင်ကြီးရဲ့အောက်တွင် မျက်လုံးလေးမှိတ်ကာ တရားမှတ်နေသော မြတ်နိုးရတဲ့  ကိုကိုလေးရယ်လေ ။ 

တဖြူးဖြူးတိုက်ခတ်နေတဲ့ လေပြည်တွေကြောင့်
ဝတ်ရုံဖြူစလေးတွေက တလွင့်လွင့်ဖြင့် တည်ငြိမ်အေးချမ်းခြင်းအသွင်ကို ဆောင်သည် ။ စိမ်းဖန့်နေသော ဦးခေါင်းနှင့်အတူ ပကတိ ရှင်းသန့်ကာ  ကြည်လင်နေသော မျက်နှာ  ။ ရင်ထဲက ပူလောင်မှုတွေရော ၊ ခန္ဓာကိုယ်က နာကျင်မှုတွေရော ရေအေးအေးနဲ့ ဆေးချသန့်စင်ပစ်လိုက်သလိုမျိုး ။ ကြည့်နေရင်းနှင့်ပင် မြတ်နိုးစိတ်တွေက တရိပ်ရိပ်တိုးသည် ။

သိက္ခာရ ရဟန်းပုဂ္ဂိုလ်တဲ့လား ။ မြတ်နိုးမိမှတော့ ဘာတတ်နိုင်တော့မလဲ ။ ဘယ်လိုစည်းတွေခြားနေပါဦးတော့ ၊ သူနောက်မဆုတ်နိုင်ဘူး ။ သေချာပါတယ် နောက်ဆုတ်ဖို့ မတတ်နိုင်တော့ဘူး ။

တစ်လှမ်းချင်းလှမ်းခဲ့ရသော ခြေလှမ်းတွေမှာ နာကျင်မှုတွေ ပျော်ဝင်နေပေမဲ့ နောင်တရယ်မရှိ  ။ ခပ်ဆိုးဆိုးကလေးလို့သာ ထင်ကြပါစေဦးတော့ နင်းချေခဲ့သော  ချယ်ရီပွင့်ဖတ်တို့ဟာ ငရဲတမျှ  ပူလောင်နေခဲ့ကြောင်းကိုတော့ ဒီခန္ဓာတည်နေသ၍ မည်သူကိုမှ တခုတ်တရ ဖွင့်ပြောတော့မည် မဟုတ်တော့ပါ ။

Don't take away !! Where stories live. Discover now