758

525 72 0
                                    

Chapter 758: ကောင်းကင်မီးလျှံများ၏ တက်လှမ်းခြင်း
မင်းသမီးကျိယောင်၏ နောက်လိုက်ဖြစ်သည့်တိုင် အိုကဲရာက အနေအထားတစ်ခု ရှိပုံရသည်။
သူ့တွင် ကိုယ်ပိုင်နောက်လိုက်များရှိကာ အခြားစစ်သည်များကလဲ သူ့ကို ချစ်ခင်ကြသည်။
သူကိုယ်တိုင်က ခရမ်းစွဲကြယ်၏ နောက်ထပ် အရှင်သခင်တစ်ပါးနှယ်။
သူ့ လက်အောက်ငယ်သားများက ငွေရောင် ငှက်ယဉ်ပျံမှ ပစ္စည်းများကို သယ်ယူရန် ကျန်လူများကို စီမံခန့်ခွဲနေသည်။
သူတို့က အပြင်မှ ရပ်ကြည့်နေသူများကို ခေါ်ယူခိုင်းစေသောအခါ အခိုင်းခံရသူများက မငြင်းကြပေ။
ထို့ပြင် ထိုသို့ အိုကဲရာ၏ အလုပ်ကို လုပ်ကိုင်ပေးရသည်ကိုပင် ပျော်ရွှင်နေကြဟန်ရသည်။
သူတို့က ပစ္စည်းများကို သက်ဆိုင်ရာ နေရာအနှံ့အပြားသို့ ပို့ဆောင်ကြသည်။
မင်းသမီးကျိယောင်က တုဖုန်းကိစ္စ စကားပြောရန် အိုကဲရာနှင့်အတူ ခရမ်းစွဲနန်းတော်ထဲသို့ ၀င်သွားသည်။
အဖြစ်အပျက်များကို ခတ္တစောင့်ကြည့်ပြီးနာက် ရှီယန်က သိသင့်သလောက် သိသွားပြီဖြစ်သည်။
သူက ခရမ်းစွဲနန်းတော်သို့ ပြန်မ၀င်တော့ပါ။
ခမ်းနားသော ခရမ်းစွဲကြယ်ပေါ်တွင် သူ ရောက်ရှိနေတာ အချိန်အတိုင်းအတာတစ်ခုရှိပြီဖြစ်သော်လည်း မင်းသမီးကျိယောင်နှင့်လွဲပြီး အခြားသူများနှင့် သူ မဆက်ဆံခဲ့မိပေ။
ထို့ကြောင့် သူက အိုကဲရာ၏ အကြောင်းကို မကြားဖူးခဲ့ခြင်းဖြစ်နိုင်သည်။
သူ အခန်းအောင်းနေတာ ကြာသွားပြီဟု ယူဆသောရှီယန်သည် အပြင်ထွက်ကာ ခရမ်းစွဲကြယ်ကို စတင်လေ့လာသည်။
ဤနေရာနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ရရှိထားလျှင် သူ့အတွက် နောင်တွင် အသုံး၀င်လိမ့်မည်။
ခရမ်းစွဲကြယ်ဆိုသည်မှာ ကုန်းမြေတိုက်ကြီးတစ်ခုလိုပင်ဖြစ်သည်။
ဒါက ကျက်သရေကုန်းမြေတိုက်ကြီး တစ်ခုလုံးစာနီးပါးခန့်ရှိမည်ဖြစ်သောကြောင့် သူ့ ဝိညာဉ်အသိဖြင့် နယ်နိမိတ်အကုန်လုံးကို မဖြန့်ကျက်နိုင်သေးပါ။
သူ စူးစမ်းမိသလောက်တော့ ဤနေရာက ကောင်းကင်နှင့်မြေကြီး၏ သဘာ၀စွမ်းအင်များနှင့် ပြည့်နှက်နေကာ စ်ိတ်ဝိညာဉ် သားရဲများ၊ ရှားပါးသော ဆေးပင် ဆေးမြစ်များရှိသည်။
ဒါတွေအကုန်လုံး အမှောင်ကောင်းကင်နိုင်ငံ၏ မင်းသမီး ကျိယောင် ပိုင်ဆိုင်ခြင်းဖြစ်သည်။
သူမက ဤ လှပဝေဆာသော ဂြိုဟ်ကြီး၏ အရှင်သခင်ဖြစ်သည်။
ရှီယန်က နန်းဆောင်များမှ အဝေးသို့ ထွက်လာခဲ့သည်။
သူ့ခါးတွင်ချိတ်ထားသော ခရမ်းစွဲတံဆိပ်တော်ကြောင့် အစောင့်များက သူ့ကိုမြင်သည်နှင့် အနည်းငယ် ခါးညွှတ်အရိုအသေပြုကာ ရှောင်ပေးကြသည်။
ခရမ်းစွဲတံဆိပ် ကိုင်ဆောင်ထားသူများသည် ခရမ်းစွဲနန်းတော်၏ အထူးဧည့်သည်တော်များဖြစ်ပြီး တံခါးမရှိ ဓါးမရှိ သွားလာခွင့်ရှိသည်။
ခရမ်းစွဲတံဆိပ်ပြားကြောင့် သူ၏ လေ့လာရေး ခရီးက လွယ်ကူချောမွေ့လှသည်။
သူက ခရမ်းစွဲကြယ် ကောင်းကင်ယံသို့ တက်ကာ လေပေါ်တွင် ပျံဝဲနေခဲ့သည်။
တောက်ပသော နေသုံးစင်းကို ခံစားကာ နွေးထွေးသော နေရောင်ခြည်တွင် နစ်မြုပ်နေခဲ့သည်။
ရှီယန်က သက်သောင့်သက်သာ ဖြစ်ကာ စိတ်လက်ပြေလျော့လာသည်။
သူ အတွေးတစ်ချက် ရသောကြောင့် လူသူကင်းရှင်းသော တောင်တစ်လုံးထံ ပျံသန်းသွားသည်။
ခနနေတော့ သူ့ အရိုးလှံပျံ သုံးစင်း ထွက်ပေါ်လာပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။
ချက်ခြင်းဆိုသလိုပင် တောင်၏ ဗဟို ၀န်းကျင်မှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
၀ိညာဉ်သားရဲများ တောရိုင်း တိရိစ္ဆာန်များ ထိတ်လန့်တကြား ထွက်ပြေး ပုန်းခိုကြသည်။
အရိုးလှံပျံသုံးစင်းက မမြင်ရသော တစ္ဆေများနှယ် တောင်တစ်ခွင် မွှေနှောက်နေသည်။
ထိုလက်နက်မှ လေတိုးသံကိုသာ ကြားရပြီး မည်သည့်နေရာတွင် ရှိနေကြောင်း ဘယ်သူမှ မသိနိုင်ချေ။
ရှီယန်က လေထဲတွင် မျောလွင့်နေရင်း သူ့မျက်လုံးများက စူးရှတောက်ပသွားသည်။
ရွှစ်…
သူ့ရှေ့ရှိ စိမ်းလန်းစိုပြေသော တောင်နံရံတစ်ခုအပေါ်တွင် လက်သီးဆုပ်အရွယ် အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
အလွန် ထူထဲလှသော ကျောက်သားနံရံကြီးဖြစ်သော်လည်း အပေါက်က အလွန်နက်ရှိုင်းကာ အဆုံးသတ်ကိုပင် မမြင်နိုင်ချေ။
ရှီယန်က သွားဖြဲကာ ပြုံးလိုက်သည်။
သူ့စိတ်ဖြင့် အရိုးလှံတံသုံးစင်းကို ပြန်ရုပ်သိမ်းလိုက်သောအခါ သူ့ရှေ့တည့်တည့်တွင် ကြည်လင်တောက်ပသော လှံတံသုံးစင်း ပြန်လည်ထွက်ပေါ်လာသည်။
အလွန်ထက်ရှသော စွမ်းအင် အတက်အကျများ ဖြာထွက်လျှက်ရှိသည်။
သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အရိုးလှံပျံသုံးစင်း ပျောက်ကွယ်သွားသည်။
ရှီယန်က ကျေနပ်စွာ ပြုံးလိုက်ပြီးနောက် ရှေ့သို့ ဆက်လက်ပျံသန်းသွားသည်။
အရိုးလှံပျံသုံးစင်းကို ပစ္စည်းကောင်းများဖြင့် သွန်းလုပ်ထားခြင်းဖြစ်သောကြောင့် မာကျောဆင့်နှင့် ထက်ရှမှုက အလွန်မြင့်မားသည်။
သူ့ဝိညာဉ်အသိဖြင့် ထိန်းချုပ်လျှင် အရိုးလှံပျံသုံးစင်းကို ဟင်းလင်းပြင်စွမ်းအင်ဖြင့် ပေါင်းစည်းနိုင်သည်။
အရိုးလှံပျံများက ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်နေကာ ရန်သူ၏ အာရုံခံမှုမှ လွတ်မြောက်နေနိုင်သည်။
ဒါက သူ၏ လက်နက်ကောင်းဖြစ်လာမည်ဖြစ်ကာ သေခြင်းရှင်ခြင်း အဆုံးအဖြတ်တိုက်ပွဲများတွင် သူ့ကို အောင်ပွဲရစေမည်ဟု ရှီယန် ယုံကြည်ထားသည်။
သူက အလွန်မြင့်မားလှသော အမြန်နှုန်းဖြင့် တောင်များ၊ရေကန်များ၊ သစ်တောများကို ဖြတ်ကျော်ပျံသန်းခဲ့သည်။
မြို့ပြဧရိယာများတစ်ဝိုက်တွင် သူက ခပ်နိမ့်နိမ့်ပျံသန်းကာ စူးစမ်းခဲ့သည်။
မြို့များပေါ်တွင် နေထိုင်သူ အများစုက မတူကွဲပြားသော မျိုးနွယ်စုများဖြစ်ကာ သာမန်လူများဖြစ်ကြသည်။
တစ်ခါတစ်ရံ သိုင်းသမားများကို အာရုံခံမိသော်လည်း သူတို့၏ အဆင့်က သိပ်မမြင့်မားလှပေ။
အားကောင်းသော သိုင်းသမားများကတော့ ခရမ်းရောင် စစ်၀တ်စုံကို ၀တ်ဆင်ထားလိမ့်မည်။
သိသာသည်က ထိုသူများသည် ကျိယောင်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေခြင်းဖြစ်သည်။
ခရမ်းရောင် ၀တ်စုံ၀တ်များက မြို့များကို ထိန်းချုပ်ကြသည်။
ဤနေရာရှိ မြို့အများစုက အမှောင်တိမ်တိုက်ဒေသရှိ သူ၏ ဇာတိ တိအန်းမြို့ကဲ့သို့ သို့မဟုတ် မြင့်မြတ်ခြင်းကုန်းမြေရှိ မှော်ကျောက်တုံး မြို့တော်တို့ကဲ့သို့ဖြစ်သည်။
မြို့တစ်ခုချင်းစီတွင် မြို့တော်၀န် တစ်ယောက်စီရှိနေပြီး မြို့၏ လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်စေသည်။
မြို့အားလုံးက ကျိယောင်၏ လက်အောက်တွင်ရှိသည်။
သူတို့က မြို့နေပြည်သူများကို ပြုစုပျိုးထောင်ရင်း အလားအလာရှိသော သိုင်းသမားများကို မွေးထုတ်ပေးသည်။ အနာဂါတ်တွင် မင်းသမီး၏ တပ်ဖွဲ့သို့ ၀င်ရောက် တာ၀န်ထမ်းဆောင်နိုင်ရန်က သူတို့အားလုံး၏ ကြီးမားသော အိပ်မက်ဖြစ်သည်။
လူတိုင်း အလုပ်လုပ်ကိုင်ကြရပြီး အခွန်အခများ သို့မဟုတ် ကျင့်ကြံရေး ကုန်ကြမ်းပစ္စည်းများအဖြစ် ကျိယောင်၏ ဘဏ္ဍာတိုက်သို့ သွတ်သွင်းရသည်။
ရှီယန်က ခရမ်းစွဲနန်းတော်နှင့် ဝေးကွာလာပြီးနောက် ခရမ်းစွဲတံဆိပ်တော်ကို သိမ်းဆည်းထားလိုက်ပြီဖြစ်သည်။
ထို့ကြောင့် တစ်ခါတစ်ရံ မြို့ငယ်များအတွင်း လမ်းဆင်းလျှောက်သောအခါ သူ့ကို ဘယ်သူမှ သတိမထားမိကြပေ။
ရှီယန်က မြို့အတော်များများကို လည်ပတ်ပြီးနောက် တစ်ခု သတိထားမိသည်။
ခရမ်းစွဲကြယ်၏ မြို့အတော်များများမှ မြို့တော်၀န်များသည် အစစ်အမှန်နတ်ဘုရားအဆင့်များသာဖြစ်သည်။ အချို့ မြို့ငယ်လေးများဆိုလျှင် မြို့တော်၀န်က စိတ်ဝိညာဉ်အဆင့်သာရှိသည်။
မြို့များအားလုံးသည် ကျိယောင်နေထိုင်ရာ ခရမ်းစွဲနန်းတော်ကို ၀န်းရံကာ တည်ထားခြင်းဖြစ်ပြီး နန်းတော်သည်သာ ခရမ်းစွဲကြယ်တစ်ခုလုံး၏ ပင်မ ဗဟိုချက်ဖြစ်သည်။
ထောင်သောင်းချီသော ပြည်သူများ၏ စိတ်ထဲတွင် ကျိယောင်သည် သူတို့၏ ဘုရင်မဖြစ်သည်။
သူတို့၏ ထာ၀ရ သခင်ဖြစ်သည်။
သူတို့ထဲမှ အချို့ဆိုလျှင် အမှောင်ကောင်းကင်နိုင်ငံတော်တို့ မြေအောက်ကမ္ဘာအဖွဲ့ချုပ်တို့အကြောင်း တစ်ခါမှပင် မကြားဖူးကြချေ။ပြည်သူ အများစုက ဤ ခမ်းနားသော ခရမ်းစွဲကြယ်မှ တစ်ခါမှ မထွက်ခွာဖူးကြပါ။
အလားအလာရှိသော သိုင်းသမားများသာ ရွေးချယ်ခြင်းခံရသည်။
ထို့နောက်တွင် သူတို့က ကျိယောင်နေထိုင်ရာ ခရမ်းစွဲနန်းတော်သို့ ၀င်ရောက်ခွင့်ရကာ စွမ်းအင်အမွေအနှစ်များကို ဆက်ခံခွင့်ရကြသည်။
ကျင့်ကြံပြီးနောက်တွင် သူတို့၏ တာ၀န်နှင့် ရာထူးအတွက် စမ်းသပ်ခံကြရသည်။
အများစုက ကျိယောင်၏ ဆေးပင်စိုက်ခင်းများမှ အလုပ်သမားများ၊ သားရဲ ထိန်းကျောင်းသူများနှင့် မြို့စောင့်တပ်သားများဖြစ်လာကြသည်။
ကျိယောင်၏ လက်အောက်တွင် မြို့ပေါင်းများစွာရှိပြီး ထိုမြို့များက တစ်ခုနှင့်တစ်ခု ကောင်းကင်နှင့်မြေကြီး သဘာ၀စွမ်းအင်များ မတူညီကြပါ။
အချို့က စွမ်းအင်ကြွယ်၀ကာ အချို့တွင်တော့ အလွန်ပါးလွှာသော စွမ်းအင်အလွှာသာ ရရှိထားကြသည်။
ကျိယောင်နေသော နေရာတွင်တော့ ကောင်းကင်နှင့်မြေကြီး၏ သဘာ၀စွမ်းအင် အထူထပ်ဆုံးဖြစ်သည်။
ခရမ်းစွဲကြယ်ပေါ်တွင် ရက်ပေါင်းများစွာ လည်ပတ်ပြီးနောက် ရှီယန်က သက်ရှိကြယ်တစ်လုံး၏ အလုပ်လုပ်ပုံနှင့် ပတ်သက်ပြီး နားလည်သဘောပေါက်မှုအချို့ ရရှိလာသည်။
သူ့ မိသားစု မိတ်ဆွေများ ပျော်ရွှင်စွာ နေထိုင်နိုင်ရန် သူက သေချာလေ့လာထားဖို့လိုသည်။
ကျက်သရေကုန်းမြေတိုက်ကြီးနှင့် မတူသည်ကတော့ ဤနေရာတွင် ကွဲပြားခြားနားသည့် မျိုးနွယ်စုများ အတူတကွ ယှဉ်တွဲနေထိုင်ကြသည်။
သူတို့အားလုံးကို သွေးလွှမ်းစေနိုင်သည့် လူမျိုးရေး ခွဲခြားမှု တိုက်ပွဲများ ရှိလာမည်မဟုတ်ချေ။
ကျိယောင်သည် အားအကောင်းဆုံးလူများကိုသာ ရွေးချယ်သည်။
လူမျိုး ကွဲပြားမှုကို ဂရုမစိုက်။ အရည်အချင်းကိုသာ ဦးစားပေးသည်။
ခရမ်းစွဲကြယ်ပေါ်တွင် ရက်သတ္တပါတ်ပေါင်း အတော်ကြာအောင် လှည့်လည်နေပြီးနောက် ရှီယန်က အိုကဲရာအကြောင်း ပိုမိုသိရှိလာသည်။
၀န်ကြီးချုပ်ငါးပါးတွင် အိုကူဒိုဆိုသူ ပါ၀င်သည်။ အိုကဲရာက အိုကူဒို၏ ညီမဖြစ်သူ အိုလာတိုင်၏ သားအရင်းဖြစ်သည်။
အင်အားစုငယ်တစ်ခုတွင် ထူးချွန်သော ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာရာ ထိုခေါင်းဆောင်ကို သိမ်းသွင်းရန်အတွက် အိုကူဒိုက သူ့ညီမ အိုလာတိုင်နှင့် လက်ဆက်စေခဲ့သည်။
ထို မျိုးနွယ်စုခေါင်းဆောင်နှင့် အိုလာတိုင်တို့မှ မွေးဖွားလာသော အိုကဲရာသည် ငယ်ရွယ်စဉ်ကပင် ထူးကဲသော အရည်အချင်းများကို ပြသခဲ့သည်။
သူက စွမ်းအင်ကျင့်ကြံခြင်းတွင် ပေါက်မြောက်သောကြောင့် အိုလာတိုင်နှင့် သူမခင်ပွန်းတို့က အမြဲအလိုလိုက်ထားကြသည်။
၀န်ကြီးချုပ်တစ်ပါးဖြစ်သော အိုကူဒိုထံတွင် မိန်းမမရှိခဲ့ပါ။
သူ့တွင် ကလေးမရှိသောကြောင့် သူ့တူကို သူ့သားအရင်းကဲ့သို့ ဆက်ဆံခဲ့သည်။
အိုကူဒိုက အိုကဲရာကို အလွန်ချစ်ခင်ကာ သူ့သိုင်လမ်းကြောင်းကို အချိန်အတိုင်းအတာတစ်ခုအထိ တာ၀န်ယူ အုတ်မြစ်ချပေးခဲ့ဖူးသည်။
အိုကဲရာသည် အမှောင်ကောင်းကင်နိုင်ငံတော်တွင် ကျော်ကြားသော လူငယ်တစ်ယောက်ဖြစ်သည်။
သူက မင်းသမီးကျိယောင်ကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်ကစပြီး စွဲလမ်းခဲ့သည်။
သူက ကျိယောင်နောက်လိုက်ရန် ဆုံးဖြတ်ခဲ့ပြီး သူမကို စောင့်ရှောက်ရန်နှင့် သူမအဆင်ပြေစေဖို့ ဘာမဆိုကူညီရန် ကတိပေးခဲ့သည်။
သူ့ဆုံးဖြတ်ချက်ကို သိသွားသောအခါ အိုကူဒိုနှင့် အိုလာတိုင်တို့က ကန့်ကွက်ခဲ့ကြသော်လည်း ထိုလူငယ်က ဇွဲနပဲကြီးသည်။
သူက အရာအားလုံးကို စွန့်လွှတ်ကာ ခရမ်းစွဲကြယ်သို့ ရွှေ့ပြောင်းလာပြီး ကျိယောင်၏ အပါးတော်မြဲတစ်ယောက်အဖြစ် နှိမ့်ချနေထိုင်ခဲ့သည်။
သူ၏ ထူးခြားသော ဖြစ်စဉ်ကြောင့် ကျိယောင်က အိုကဲရာကို သူမအနားတွင် ထားရသည်ကို ၀မ်းမြောက်ဂုဏ်ယူသည်။
သူမက မိတ်ဆွေကောင်းတစ်ယောက်အဖြစ် သဘောထားပြီး အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံသည်။
သူမ၏ ဂြိုလ်ပေါ်မှ မြို့ကြီးများကိုပင် စီမံခန့်ခွဲစေခဲ့သည်။
အိုကဲရာက ကျိယောင်နောက် လိုက်နေသော်လည်း သူ့စွမ်းအင်အဆင့်က ရပ်တန့်မနေပဲ အမြဲတမ်း တိုးတက်နေခဲ့သည်။
ထို့ကြောင့် သူ့ဦးလေး အိုကူဒိုက ကျေနပ်နှစ်သိမ့်ပြီး နောက်ပိုင်းတွင် လူငယ်တို့ သဘောကို လိုက်ကာ ခွင့်လွှတ်ပေးခဲ့သည်။
သူ့လက်အောက်ရှိ ကျွမ်းကျင်သူများကိုလဲ ပို့ပေးခဲ့ပြီး အိုကဲရာကို စောင့်ရှောက်စေခဲ့သည်။
ထို့ကြောင့် ကျိယောင်၏ နောက်လိုက်များအနက် အိုကဲရာက တမူထူးခြားနေရခြင်းပင်ဖြစ်၏။
သူ့ ဇစ်မြစ်က မဆိုးလှပဲ သူ့နောက်တွင်လည်း ခိုင်မာသော ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခုရှိသည်။
ကျိယောင်အပေါ် သူ၏ ချစ်မြတ်နိုးမှုကြောင့် သူ့ကိုယ်သူ နှိမ့်ချကာ လက်ပါးစေအဖြစ် နေထိုင်ရန် ဆန္ဒရှိခဲ့ခြင်းဖြစ်သည်။
အိုကဲရာအကြောင်း ရှီယန်သိသောအခါ ထိုလူငယ်၏ မွေးရာပါ ဒုက္ခ ကြီးပုံကို တွေးရင်း သက်ပြင်းချမိသည်။
သူ့တွင် ကြီးမားသော နောက်ခံရှိသော်လည်း ကျိယောင်အတွက် စွန့်လွှတ်ခဲ့သည်။သူ့ကိုယ်သူ တစ်ပါးသူ၏ လက်ပါးစေအဖြစ် နှိပ်စက်နေခဲ့သည်။
ကျိယောင်ကို အမှန်တကယ် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးခြင်းကြောင့်သာမဟုတ်လျှင် ထိုသူမျိုးကို အရူးဟု ပြောရုံသာရှိတော့သည်။
ထိုလူငယ်က မည်သို့သောလူမျိုးပင်ဖြစ်စေ ကိစ္စမရှိ။
သို့သော် ရှီယန်က ကျိယောင်နှင့် နီးနီးကပ်ကပ်ရှိနေသောကြောင့် သူတစ်ပါး၏ မနာလိုစိတ်ကို နှိုးဆွသလို ဖြစ်နေခဲ့မှန်း နားလည်ခဲ့သည်။
ထို့ကြောင့် အိုကဲရာ ကြည့်သောအကြည့်တွင် ကောင်းသောခံစားချက်ကို မရခြင်းဖြစ်သည်။
သူသာ ထိုလူငယ်နေရာတွင်ဆိုလျှင်လည်း ထိုသို့ပင် ဖြစ်လိမ့်မည်ဟု ရှီယန် ကိုယ်ချင်းစာမိပါသည်။
ရှီယန်က ခေါင်းကို တွင်တွင်ခါယမ်းမိသည်။
ယခု သူက ခရမ်းစွဲနန်းတော်သို့ ပြန်လာခြင်းဖြစ်သည်။
နန်းဆောင်များကို ငေးကာ အတွေးနယ်ချဲ့နေမိခြင်းပင်။
သူ အတွေးထဲ နစ်မြောနေစဉ် ခပ်ဖျော့ဖျော့ မီးလျှံစွမ်းအင်တစ်ခု သူ့အသိစိတ်ပင်လယ်အတွင်း မြင့်တက်လာသည်။
သူက ချက်ခြင်းပင် ဝိညာဉ်အသိကို ပို့လွှတ်ကာ အာရုံစူးစိုက်လိုက်သည်။
သူ၏ ကောင်းကင်မီးလျှံ ယဇ်ပလ္လင်ထက်တွင် မြေကမ္ဘာမီးလျှံ၊ယင်စွမ်းင် တစ္ဆေမီးလျှံ၊အလောင်းကောင်စုန်းမီးလျှံတို့ထံမှ စွမ်းအင်အတက်အကျအများဆုံး ထုတ်လွှတ်နေခြင်းဖြစ်သည်။
အိပ်ပျော်နေသော ထိုမီးလျှံများ နိုးထတော့မည်။
ရှီယန်မျက်ခုံးများ ပင့်တက်သွားသည်။
သူတို့က ကြယ်ပေါက်ကွဲခြင်း အပိုင်းအစလွင်ပြင်တွင် ရှိစဉ်ကတည်းက မြေကမ္ဘာမီးလျှံက အရင်ဆုံး အိပ်စက်သွားခြင်းဖြစ်သည်။
မီးငှက်မီးလျှံနှင့် တိုက်ခိုက်နေစဉ်တွင်လည်း ယင်စွမ်းအင်တစ္ဆေမီးလျှံနှင့် အလောင်းကောင် စုန်းမီးလျှံတို့က ထို နယ်မြေခြားမှ အလာင်းကီများစွာကို အထောက်အပံ့အဖြစ် ရရှိခဲ့ကြသည်။
နောက်ပိုင်းတွင် ထိုမီးလျှံနှစ်ခုလည်း အိပ်စက်သွားခဲ့သည်။
ယနေ့က ထိုအချိန်မှ စရေလျှင် နှစ်၀က်ခန့်ကြာပြီဖြစ်သည်။
မီးလျှံများ နိုးထလာတော့မည်။
ရှီယန် အနည်းငယ် စိတ်လှုပ်ရှားနေသည်။
သူ့ကိုယ်သူ စုစည်းကာ အခြေအနကို ဂရုတစိုက် လေ့လာနေသည်။
မကြာမီ မြေကမ္ဘာမီးလျှံ၏ စွမ်းအင်မီးလျှံများ အရင်ဆုံး လျှံတက်လာသည်။
“ငါ အဆင့်လေး ရောက်သွားပြီ”
ရှီယန် ဆွံ့အသွားသည်။
“အဲ့လောက်တောင် မြန်လား”
“မီးတောင် အမြုတေနဲ့ နေမူလ အနှစ်သာရတွေက ငါ့အတွက် အဖိုးတန်ဆုံးအရာတွေပဲ ဒါတွေရမှတော့ ငါ အဆင့်မြန်မြန်တက်နိုင်တာပေါ့”
မြေကမ္ဘာမီးလျှံက ရွှင်လန်းစွာပြောသည်။
“ပြီးတော့ ငါရောပဲ”
အလောင်းကောင်စုန်းမီးလျှံ၏ နက်ရှိုင်းထူထပ်သော အရှိန်အဝါက လွင့်တက်လာသည်။
“ငါအဆင့်သုံး ရောက်ပြီ။အလောင်းကီက သိပ် မလုံလောက်ဘူး။ အဆင့်တက်နိုင်တာ ကံကောင်းလို့”
“ဟားဟား…ငါ အဆင့်ငါး ရောက်သွားပြီ။ အစောကြီးကတည်းက ငါထင်တယ်။ ဒီလိုပဲဖြစ်ရမှာပေါ့”
ယင်စွမ်းအင် တစ္ဆေမီးလျှံဖြစ်သည်။သူက အလွန် ပီတိဖြာနေသည်။
ယခု သူက မီးငှက်မီးလျှံနှင့် အဆင့်အတူတူဖြစ်သွားပြီဖြစ်သည်။
ကိုးမျိုးဝိညာဉ်ချုပ်မီးလျှံက အဆင့်လေးအထိ ရောက်ပြီးဖြစ်သော်လည်း နှစ်ပေါင်းများစွာ ချုပ်လှောင်ခံထားရခြင်းကြောင့် အဆင့်သုံးသို့ ပြန်လျှောကျသွားခြင်းဖြစ်သည်။
မြေကမ္ဘာမီးလျှံကတော့ အံ့သြဖွယ်အတွေ့အကြုံကြောင့် အဆင့်နှစ်မှ အဆင့်လေးအထိ ခုန်ပျံကျော်တက်သွားခြင်းဖြစ်သည်။
သူက အားလုံးထဲတွင် အကျိုးအများဆုံးပင်။
သူ၏ ဝိညာဉ်ယဇ်ပလ္လင်မှ ကောင်းကင်မီးလျှံများ၏ ၀မ်းမြောက်မှုကို ခံစားရင်း ရှီယန်လည်း ပျော်ရွှင်လာသည်။
သူက ခရမ်းစွဲနန်းတော်သို့ ဦးတည်ပျံသန်းနေစဉ် မျက်နှာတစ်ခုလုံး သကာရည်လောင်းထားသလို ပြုံးချိုလျှက်…။
----- ----- ----- ----- ------ ------ ------ ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Donde viven las historias. Descúbrelo ahora