762

493 71 0
                                    

Chapter 762: သွေးနီ အမှတ်အသား
ရှီယန်၏ ဝိညာဉ်ယဇ်ပလ္လင်က အခြားသူများနှင့် သိသိသာသာ ကွဲပြားသည်။
သူ့ဝိညာဉ်ယဇ်ပလ္လင်တွင်လည်း အဆင့်သုံးဆင့်ရှိပါသည်။
သို့သော် ဒုတိယအလွှာတွင်တော့ အကန့်သုံးကန့် ခွဲလျှက် တည်ရှိနေခြင်းပင်ဖြစ်၏။
ကြယ်တာရာစွမ်းအင်၊ဟင်းလင်းပြင်စွမ်းအင်နှင့် သေခြင်းရှင်ခြင်းဥာဏ်အလင်းတို့က အကန့်တစ်ကန့်တွင်လည်ပတ်နေသည်။
နောက်ထပ် တစ်ကန့်တွင်တော့ ကောင်းကင်မီးလျှံများ တည်ရှိနေသည်။
နောက်ဆုံးအကန့်ကတော့ တွင်းနက်ကြီးတစ်ခုနှယ် မည်းမှောင်နေခဲ့သည်။
ထိုအကန့်တွင် မည်သည့်စွမ်းအင်ဖြာထွက်မှုမျှမရှိပဲ လူတို့အား လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပေးသည်။
ရှီယန်၏ နတ်ဘုရားဝိညာဉ်ကတော့ ဝိညာဉ်ယဇ်ပလ္လင်၏ ထိပ်ဆုံးတွင်ရှိသည်။
နတ်ဘုရားဝိညာဉ်က ရှီယန်ကိုယ်တိုင်၏ ထွင်းဖောက်မြင်ရသော ပုံရိပ်လည်းဖြစ်သည်။
ဆယ်ချိုးတစ်ချိုးခန့် အရွယ်အစားဖြစ်ပြီး ယဇ်ပလ္လင်ထက်တွင် တည်ငြိမ်စွာ ထိုင်နေသည်။ဒုတိယအလွှာရှိ စွမ်းအင်များနှင့် ဥာဏ်အလင်းများ၏ အော်ရာကြောင့် လျှို့ဝှက်ဆန်းကြယ်ကာ ညို့မှိုင်းသော အော်ရာများ ထွက်ပေါ်နေသည်။
သူ့ နတ်ဘုရားဝိညာဉ်၏ ပုံရိပ်သည် တစ္ဆေဆန်ဆန် မှေးမှိန်နေသော်လည်း မျက်ခုံးနှစ်ခုကြားနေရာတွင် မှော်အမှတ်အသားတစ်ခု ထင်ရှားစွာ ဖြစ်တည်နေသည်။
သွေးတိမ်တိုက်ငါးခု ငါးမြှောင့်သဏ္ဌာန် တည်ရှိနေသော အမှတ်အသားပင်ဖြစ်၏။
ထိုအမှတ်အသားက မူလက သူ့နဖူးတွင်လည်း ရှိခဲ့သည်။
သူ့ ဝိညာဉ်ယဇ်ပလ္လင်တွင် လျှို့ဝှက်ဆန်းကြယ်သော တွင်းနက်ကြီး ဖြစ်ပေါ်လာစဉ်က ထို သွေးတိမ်တိုက်အမှတ်အသား၊ နတ်ဆိုးငါးဖော်နှင့် ဝိညာဉ်စုပ်ပုလဲတို့ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး သူ့နဖူးပေါ်မှ အမှတ်အသား ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။
အားလုံး စုပေါင်းကာ ဝိညာဉ်ယဇ်ပလ္လင်တွင် လျှို့ဝှက်ဆန်းကြယ်သော အမှောင် အကန့်တစ်ခု ဖြစ်ပေါ်လာခဲ့ခြင်းပင်။
ယခု ထိုအမှတ်အသားက သူ့ နတ်ဘုရားဝိညာဉ်၏ မျက်ခုံးနှစ်ခုကြားတွင် တံဆိပ်ခတ်နှိပ်ထားသလို တည်မြဲနေခဲ့ပြီဖြစ်သည်။
သွေးတိမ်တိုက်ငါးခုသည် ပဉ္စဂံပုံစံ မျဉ်းကြောင်းများနှင့် ဆက်သွယ်ထားပြီး မကောင်းဆိုးရွားဆန်ဆန် နက်ရှိုင်း အသိရခက်လှသည်။
အနက်ရောင်၀တ် အမျိုးသမီး အံ့သြစွာ စိုက်ကြည့်နေသည်မှာလည်း ထို သွေးနီအမှတ်အသားကိုပင်ဖြစ်၏။
သူမ၏ အစိမ်းရောင်မျက်လုံးများက ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
သူမက ပဟေဠိဆန်သော မှတ်ဥာဏ်များအတွင်း နစ်မျောနေဟန်ရသည်။
ရှီယန်က မဆင်မခြင် မလှုပ်ရှားဝံ့ပါ။
နတ်ဘုရားဝိညာဉ်မှတဆင့် ခံစားနေရသော ထိုအမျိုးသမီး၏ အော်ရာအရှိန်အဝါအရ သူမ သူ့ကို သတ်ချင်လျှင် ငှက်ပျောသီးအခွံခွာသလိုပင် လွယ်ကူမည်ဟု သူသိနေသည်။
သွေးနီအမှတ်အသားက သူ့နတ်ဘုရားဝိညာဉ်၏ နဖူးထက်တွင် ရောက်ရှိနေမှန်း ရှီယန်မသိခဲ့ပါ။
ထိုအမှတ်အသားက အဘယ်ကြောင့် အမျိုးသမီးအား အံ့သြစေသည်ကိုလည်း ရှီယန်မသိပါ။
အတန်ကြာသွားပြီးနောက် ၀တ်စုံနက်အမျိုးသမီးက သတိ၀င်လာဟန်ရသည်။
သူမက ရှီယန့်ကို ထူးဆန်းစွာကြည့်ရင်း
“မင်း ဘယ်ကလာသလဲ”
ရှီယန် အံ့အားသင့်သွားသည်။
သူက အသိစိတ်ကို ကြိုးစားကာ စုစည်းလိုက်ပြီးနောက် ဖျော့တော့သော ဝိညာဉ်စွမ်းအင်ဖြင့် ဆက်သွယ်လိုက်သည်။
“ကျုပ် ခန္ဓာကိုယ်ထဲကို အရင်ပြန်၀င်လို့ရမလား”
“မင့် ခန္ဓာကိုယ်က ပြန်အသုံးပြုလို့ရဦးမယ်လို့ မင်း ထင်လို့လား”
၀တ်စုံနက်အမျိုးသမီးက နှုတ်ခမ်းများ တွန့်ကွေးကာ လှောင်ပြောင်ဟန်ဖြင့်
“ဒါက နတ်ဘုရင်အဆင့်ရဲ့ နတ်ဘုရားခန္ဓာဆိုရင်တောင် ဒီ ဒဏ်ရာဒဏ်ချက်တွေကြောင့် ဘယ်တော့မှ အကောင်းတိုင်း ပြန်ဖြစ်လာတော့မှာမဟုတ်ဘူး…မင်းက လုပ်နိုင်လို့လား”
“လုပ်နိုင်တယ်”
ရှီယန်က သူ့အတွေးကို ပေးပို့လိုက်သည်။
သူ့ ဝိညာဉ်အသိက လူးလွန့်သွားသည်။
သူ့ ဝိညာဉ်ယဇ်ပလ္လင်ကို ထိန်းချုပ်ထားသော စွမ်းအားများ တစ်ရစ်ချင်း ပြေလျော့သွားသည်ကို ရှီယန် ခံစားရသည်။
သူက သူ့ဝိညာဉ်ယဇ်ပလ္လင်ကို ပြန်လည်ထိန်းချုပ်နိုင်လာသည်။
၀ိညာဉ်ယဇ်ပလ္လင်သည် အလင်းတန်းတစ်ခုအဖြစ် သူ့ဦးခေါင်းထဲ ပြန်လည်၀င်ရောက်လာသည်။
ရှီယန်၏ မျက်လုံးများ ပြန်ပွင့်လာသည်။
အရင်ဆုံး ပြန်လည်ခံစားမိသည်က သူ့ခန္ဓာကိုယ်၏ မခံမရပ်နိုင်သော နာကျင်ပင်ပန်းမှုပင်ဖြစ်သည်။
ရှီယန်က အားယူကာ ခေါင်းထောင်လိုက်ပြီး ၀တ်စုံနက်အမျိုးသမီးကိုကြည့်သည်။
သူက ဖျစ်ညှစ်ကာ ပြုံးပြလိုက်ရင်း
“ကျုပ် ခင်ဗျားရဲ့ လူတွေကို ထိခိုက်နစ်နာစေဖို့ မရည်ရွယ်ခဲ့ပါဘူး”
၀တ်စုံနက်အမျိုးသမီးက ခေါင်းညိတ်လိုက်ရင်း ထူးမခြားနားဟန်ဖြင့်
“မင်း ဘာမှမသိဘူးဆိုတာ ငါမြင်နိုင်ပါတယ်။ တစ်စုံတစ်ယောက်က မင်းကို နယ်ရုပ်တစ်ရုပ်အဖြစ် စတေးခဲ့ပုံပဲ။ သူက မင့်အသက်ကို ချမ်းသာပေးဖို့ မတွေးထားခဲ့ဘူး”
ရှီယန့်မျက်လုံးများ အေးစက်သွားသည်။သူ့နှလုံးသားထဲမှ ဒေါသမီးလျှံများ ရုန်းကြွလာသည်။
သူ၏ ခရမ်းစွဲ စစ်ရထားကို အသုံးပြုခဲ့သူများထဲမှ တစ်ယောက်သည် ဤ လကြယ်အနီးတွင် သူ ရပ်တန့်သွားစေရန် ကြိုတင် တွက်ချက်ထားခဲ့သည်။
ပြီးတော့ ထိုသူက ဤ ၀တ်စုံနက် အမျိုးသမီး၏ စစ်ကြောင်း ဖြတ်သန်းသွားမည်ကိုလည်း ကြိုသိနေခဲ့လိမ့်မည်။
ထိုကောက်ကျစ်သူသည် သူ့ စစ်ရထားထဲတွင် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာကို ချိန်သားကိုက် မြှုပ်နှံခဲ့ခြင်းဖြစ်သည်။
သူ့ကို သတ်ဖြတ်ကာ တစ်ပြိုင်နက်တည်း ၀တ်စုံနက်အမျိုးသမီး၏ စစ်သင်္ဘောများကို တိုက်ခိုက်ခြင်းလည်းဖြစ်သည်။
ဒါက ကြီးမားပြီး ရိုင်းစိုင်းသော အစီအစဉ်ဖြစ်၏။
ထိုလူ၏ အကွက်မြင်မှုနှင့် ကြိုတင်စီမံနိုင်မှုကလည်း ကြောက်စရာကောင်းလှသည်။
“သူ့အစီအစဉ် အောင်မြင်သွားရင် ဘာတွေဖြစ်လာမလဲ”
၀တ်စုံနက်အမျိုးသမီးက တည်ငြိမ်အေးဆေးနေဆဲဖြစ်သည်။
“မရဏအမှောင်ပေါက်ကွဲမှုကြောင့် နင် အစအနရှာမရအောင် ပျောက်ဆုံးသွားမယ်။ငါ့ရဲ့ စစ်သင်္ဘောတစ်ချို့လည်း ပျက်စီးသွားမယ်။ ငါ အကြီးအကျယ် ဒုက္ခရောက်မယ်။ ပေါက်ကွဲမှုဟာ ခရမ်းစွဲ စစ်ရထားကဖြစ်တယ်။ ခရမ်းစွဲ စစ်ရထားဟာ မင်းသမီး ကျိယောင်ရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်။ ဒါဆိုငါ့ပစ်မှတ်ဟာ မင်းသမီး ကျိယောင်ဖြစ်လာလိမ့်မယ်။ ဒီအတွက် သူမက လျော်ကြေးအကြီးကြီး ပေးဆပ်ရလိမ့်မယ်”
ရှီယန် ခေါင်းညိတ်လိုက်သည်။သူ့ ဇက်က ကျိုးလုမတတ် နာကျင်သွားသော်လည်း ထောက်ခံလိုက်သည်။
“မှန်တယ်။ တစ်စုံတစ်ယောက်ဟာ ခင်ဗျားနဲ့ မင်းသမီးကျိယောင်အကြားမှာ ရန်တိုက်ပေးနေတာပဲ။ သူ့အစီအစဉ်အတိုင်း ဖြစ်မြောက်သွားရင် ခင်ဗျားက မင်းသမီးကျိယောင်ကို သေချာပေါက် ကလဲ့စားချေလိမ့်မယ်ဆိုတာ သူသိနေတယ်”
“အဲ့ဒါ ဘယ်သူလဲ”
၀တ်စုံနက်အမျိုးသမီးက ရေရွတ်သည်။ ပြီးနောက် ရုတ်တရက်
“မင်းကရော ဘယ်သူလဲ။ ဘယ်ကလဲ။ ကျိယောင်နဲ့ ဘယ်လိုပတ်သက်လဲ။ဘယ်လိုလုပ်ပြီး ဒီမှာရှိနေတာလဲ”
၀တ်စုံနက်အမျိုးသမီးက ရှီယန်၏ ဇစ်မြစ်ကို သေချာသိချင်ပုံရသည်။သူမ၏ အစိမ်းရောင်မျက်၀န်းများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
“အာ…”
ရှီယန်က တစ်ချက် တွေဝေသွားပြီးနောက် အတွေးများကို စီစဉ်ကာ ပြန်ဖြေလိုက်သည်။
“ကျုပ်က အဆင့်နိမ့်ကုန်းမြေတစ်ခုကလာတာပါ။ မင်းသမီးကျိယောင်လက်အောက်ရောက်တာ မကြာသေးဘူး။ မင်းသမီးပေးတဲ့ သန့်စင်ခြင်းတံဆိပ်တော် ကျုပ်မှာရှိတယ်။ ကျုပ်က အထွတ်အထိပ်သန့်စင်ခြင်းနယ်မြေကို ၀င်ပြီး ကျင့်ကြံမလို့။ အဲ ကျုပ်နာမည်ကတော့ ရှီယန်ပါ”
“အဆင့်နိမ့်ကုန်းမြေ ဟုတ်လား”
သူမက မယုံကြည်နိုင်ဟန်ဖြင့်
“မင်း အမှန်အတိုင်းပြောနေတာလား”
“အမှန်အတိုင်းပြောတာပါ”
ရှီယန်က ခေါင်းညိတ်လိုက်သည်။
“ကျုပ်တို့ ကုန်းမြေမှာဆိုရင် အဆင့်အမြင့်ဆုံး သိုင်းသမားက အစစ်အမှန်နတ်ဘုရားအဆင့်ပဲ။ ကျုပ် ဒေါသမီးလျှံ ကြယ်တာရာနယ်မြေကို မလာခင်အချိန်အထိ ကျုပ်တို့ကုန်းမြေကနေ တစ်ဖဝါးမှ မခွာခဲ့ဖူးဘူး။ အဆုံးမဲ့ စကြ၀ဠာကြီးထဲမှာ မရေမတွက်နိုင်တဲ့ အံ့သြစရာတွေ ရှိနေသေးတယ်ဆိုတာ ကျုပ်ဒီကိုရောက်မှ သိလာတယ်”
၀တ်စုံနက်အမျိုးသမီးက ဘာမှမပြောပဲ ရှီယန့်ကို အတန်ကြာစိုက်ကြည့်နေသည်။
အချိန်အတန်ကြာသွားပြီးနောက် သူမက လည်ချောင်းထဲမှ တစ်စုံတစ်ရာ ဗလုံးဗထွေး ရေရွတ်သည်။
ရှီယန် သေချာမကြားလိုက်။
“စိတ်မကောင်းပါဘူး။ ကျုပ်လဲ ဒီလို မဖြစ်စေချင်ပါဘူး”
ရှီယန်က နာကျင်မှုနှင့်အတူ ခြေလက်များကို လှုပ်ရှားလိုက်သည်။
သူ့ခန္ဓာကိုယ်၏ ပြန်လည်ကုစားမှုက ပြန်လည်စတင်နေခဲ့ပြီဖြစ်၏။
သူ ပြတ်တောက်သွားသော အကြောများ ရွေ့လျားကာ ပြန်ဆက်တော့မည်ဖြစ်သည်။
၀တ်စုံနက်အမျိုးသမီးက အတွေးထဲနစ်မြုပ်နေပြီး သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုကို သတိမထားမိခဲ့ချေ။
အတန်ကြာပြီးနောက် သူမက စကားပြောလာသည်။
“မင်းဘယ်သူ့ကို သံသယရှိလဲ”
“အိုကဲရာလို့ခေါ်တဲ့လူတစ်ယောက်။ ကျုပ်သိသလောက်တော့ သူက အိုကူဒိုရဲ့ တူအရင်းပဲ။ အိုကူဒိုက သူ့ကို သိပ်ပစားပေးထားတယ်။ကျုပ်လက်ထဲက သန့်စင်ခြင်း တံဆိပ်တော်က သူ့အတွက်ဖြစ်ရမှာ။ သူ ဒါကို အငြှိုးထားနေတာလဲ ဖြစ်နိုင်တယ်။ သူက ကျုပ်ကို သတ်ချင်တယ်”
ရှီယန်က တုံ့ဆိုင်းခြင်းမရှိပဲ ပြန်ဖြေသည်။
ဒါက သူ့ စွပ်စွဲချက်လဲ ဖြစ်သလို အမှန်အတိုင်းဖြစ်သည်ဟုလည်း ယုံကြည်သည်။
သူ့ကိုယ်သူလည်း ပြန်မေးသည်။ ခရမ်းစွဲကြယ်ပေါ်တွင် သူမည်သူ့ကို ရန်စခဲ့မိပါူနည်း။
အိုကဲရာမှလွဲပြီး သူ့အပေါ် မကောင်းသော ရည်ရွယ်ချက်ထားမည့်သူ သူရှာမရ။
“အိုကဲရာ။ အိုကူဒိုရဲ့ တူ”
၀တ်စုံနက်အမျိုးသမီးက တီးတိုးရေရွတ်သည်။
သူမ၏ အစိမ်းရောင်မျက်လုံးများ တောက်ပလာပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
“ဒီကောင်လေးက သူ့ဘ၀သူ တန်ဖိုးမထားတော့ဘူးကိုး”
ရှီယန် ထိတ်လန့်သွားသည်။
ထိုအမျိုးသမီးထံမှ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ခံစားမိသောကြောင့်ဖြစ်၏။
သူမ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အပြင်မှာ တကယ်ဖြစ်နေသလိုပင် အားကောင်းလှသည်။
အိုကဲရာတော့ သောက်ပြဿနာတက်ပြီမှန်း ရှီယန် ချက်ခြင်းသိလိုက်သည်။
“မင်းက မဟာကံကောင်းမှုကြီးတစ်ခု ကြုံတွေ့ခဲ့ပုံရတယ်။ ဟုတ်တယ်မဟုတ်လား”
၀တ်စုံနက်အမျိုးသမီးက အတန်ငယ်စဉ်းစားပြီးနောက် ဆက်ပြောသည်။
“မင်းရဲ့ နတ်ဘုရားဝိညာဉ်မှာ သွေးနီအမှတ်အသားရှိနေတယ်။ အဲ့ဒီ မှော်အမှတ်အသားကို မင်း ဘယ်လိုရရှိခဲ့တာလဲ”
သူမ၏ မျက်လုံးများက မကောင်းဆိုးရွား ဆန်ဆန် ထက်ရှလာသည်။
ကြည့်ရတာ ရှီယန်က သူမ လက်ခံနိုင်လောက်သော အဖြေပေးမှဖြစ်လိမ့်မည်။
မဟုတ်လျှင် အသတ်ခံရနိုင်ခြေရှိသည်။ သူမသည် ဒုတိယအကြိမ် အခွင့်အရေးပေးတတ်သူမျိုးမဟုတ်ကြောင်း ရှီယန် အလိုအလျောက် ခံစားရသည်။
ခက်ချေပြီ။
“ဒါကို ကျုပ်တို့ ကုန်းမြေကနေ ရခဲ့တာပါ။ ကျုပ်ရဲ့ ထူးဆန်းတဲ့ ကျင့်ကြံခြင်းနည်းလမ်းကြောင့်ဖြစ်မယ်။ ဒါ ဘယ်လို ဖြစ်လာမှန်းတောင် ကျုပ်မသိဘူး။ အခုအချိန်ထိ ဒါဟာဘာလဲ ဒါဟာ ဘာကို ကိုယ်စားပြုသလဲ ကျုပ်မသိသေးဘူး”
ထိုနေရာတွင် စကားရပ်လိုက်ရင်း ရှီယန်က ၀တ်စုံနက်အမျိုးသမီးကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။
သူမ သူ့ကို မသတ်သေးသည်မှာ ထိုအမှတ်အသားကြောင့်သာဖြစ်ကြောင်း သူ ဝိုးတဝါးခံစားမိသည်။
သူ့အဖြေကို သူမ လက်ခံလျှင် သူက သတင်းအချက်အလက်အတွက် မေးမြန်းသင့်သလား စဉ်းစားနေသည်။
အမျိုးသမီးက ဘာမှ ပြန်မပြော။
သူမက ရှီယန် လိမ်ပြောတာဟုတ်မဟုတ် အကဲခတ်ဟန်ဖြင့် စူးစိုက်ကြည့်နေသည်။
ရှီယန်က မျက်လုံးမလွှဲရဲ။
သူမနှင့် အကြည့်ချင်းပြိုင်သကဲ့သို့ ဖြစ်နေသော်လည်း ဘာမှ ထပ်မပြော။
အတန်ကြာသွားပြီးနောက် အမျိုးသမီးက နှာခေါင်းရှုံ့ကာ
“မင်း ဒီနေ့ ကံကောင်းသွားတယ်”
ပြီးနောက် သူမက ရှီယန့်ကို ဂရုမစိုက်တော့ပဲ အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။
သူမ၏ လက်အောက်ငယ်သားများထံ ရောက်သောအခါ သူမက အော်ဟစ်လိုက်သည်။
“သူက အထွတ်အထိပ် သန့်စင်ခြင်းနယ်မြေကို သွားမှာပဲ။ ငါတို့နဲ့အတူ ခေါ်ခဲ့။ အကျဉ်းချထားလိုက်”
လေးလံသော ချပ်၀တ်တန်ဆာ၀တ်နှင့် ခန့်ငြားချောမောသော နတ်ဘုရင်တတိယအဆင့် စစ်သည်တော်က မျက်နှာတစ်မျိုးဖြစ်သွားသည်။
“သခင်မ…သူက ကျုပ်တို့အားလုံးကို သတ်ပစ်တော့မလို့”
“အင်း…အဲ့ဒီတော့”
အမျိုးသမီးက အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ကြည့်သည်။
ထိုလူက ပါးစပ်ပိတ်ထားလိုက်သည်။
သူက ရှီယန့်ထံ ပျံသန်းလာပြီးနောက် အရိုးဖြူသင်္ဘောကြီးထံ ဆွဲခေါ်သွားသည်။
သူက ရှီယန့်ကို မှောင်မည်းသော အချုပ်ခန်းတစ်ခုအတွင်း ပစ်သွင်းကာ ရက်စက်ကြမ်းကြုတ်သောလေသံဖြင့်
“ကောင်လေး…ငါ့ သခင်က မင်းကို ဘာဖြစ်လို့ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခြင်း မလုပ်တာလဲတော့ ငါမသိဘး။ ဒါပေမဲ့ မင်းသက်ဆိုးမရှည်ပါဘူး။ ငါ့ သခင် စိတ်ပြောင်းသွားတာနဲ့ မင်းကိုငါ ကမ္ဘာပေါ်မှာ မရှိတဲ့ နှိပ်စက်ခြင်းနည်းလမ်းတွေနဲ့ နှိပ်စက်ပြမယ်။ ငါ့ ညီအစ်ကိုတွေအတွက် ငါ လက်စားချေမယ်”
အကျဉ်းခန်းက အလင်းရောင်မရှိ။
ထို့ကြောင့် ပိန်းပိတ်အောင်မှောင်သည်။ကိုယ့်လက်ချောင်းကိုပင် ကိုယ်မမြင်ရချေ။
အခန်းနံရံများကို ပြင်းထန်သော လျှပ်စီးသံလိုက်စွမ်းအင်များနှင့် ကာကွယ်ထားသည်။
ထိမိသည်နှင့် တွန်းကန်ပစ်မည့် အမျိုးအစားမျိုးဖြစ်၏။
“ဟေး…ငါ တစ်ခု မေးလို့ရမလား…မင်းတို့က ဘယ်သူတွေလဲ”
ရှီယန်က အမှောင်ထုထဲမှ လှမ်းမေးသည်။
“အရှင်မ လီအိုနာရဲ့ သွေးစွန်းနယ်မြေ”
လေးလံသော ချပ်၀တ်တန်ဆာနှင့်လူက ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြောလိုက်ပြီးနောက် နှာခေါင်းတစ်ချက်ရှုံ့ကာ ထွက်ခွာသွားတော့သည်။
ရှီယန်က အာခံမှု ကင်းမဲ့စွာဖြင့် အချုပ်ထဲတွင် ကျန်ရစ်ခဲ့သည်။
မြင်နိုင်မည်ဆိုလျှင်တော့ သူ့မျက်နှာတွင် လေးစားမှုများဖြစ်ပေါ်လာသည်ကို တွေ့ရှိနိုင်ပေမည်။
သွေးစွန်းနယ်မြေ။ အရှင်မ လီအိုနာ။
ထို အမည်နာမများကို သူကောင်းကောင်းသိထားပါသည်။
အမှောင်နတ်ဘုရား နိုင်ငံတော်တွင် အမတ်ချုပ်ကြီး ငါးပါးက နယ်မြေငါးခုကို ခွဲဝေအုပ်ချုပ်နေသည်။
ဧကရာဇ် တုတျန်းကျင်ပြီးလျှင် သူတို့က အာဏာအရှိဆုံး ပုဂ္ဂိုလ်များဖြစ်သည်။
အမတ်ချုပ်ကြီး ငါးပါးစလုံးသည် ဘုရင်နှင့် ပုခုံးချင်းယှဉ်နိုင်သည်အထိပင် အားကောင်းကြပြီး အမှောင်နတ်ဘုရားနိုင်ငံတော်ကြီး ကြီးကျယ်ခမ်းနားလာစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်နေကြသူများဖြစ်သည်။
သူတို့သည် ဒဏ္ဍာရီများဖြစ်ကြသည်။
သူတို့သည် ဒေါသမီးလျှံ ကြယ်တာရာနယ်မြေတစ်ခွင်တွင် ထိပ်ထိပ်ကျဲများဖြစ်ကြသည်။
အမတ်ချုပ်ကြီး ငါးပါးတွင် အမျိုးသမီး တစ်ယောက်သာ ပါ၀င်သည်။
သွေးစွန်းနယ်မြေသည် သူမ၏ အုပ်ချုပ်မှုအောက်တွင်ရှိသည်။
ဒေါသမီးလျှံ ကြယ်တာရာနယ်မြေတွင် သူတို့က သွေးလွှမ်းသော ဖြစ်ရပ်များစွာအတွက် တာ၀န်ရှိသည်။ သွေးရိုင်းလူသတ်သမား ကာထို့ထက် သူတို့က ပိုရက်စက်သည်။ သူတို့လက်ချက်ဖြင့် ပျက်စီးသွားသော သက်ရှိကြယ်ပေါင်း များစွာရှိခဲ့သည်။
ဤ အမျိုးသမီး၏ သတင်းဆိုးများသည် ဒေါသမီးလျှံ ကြယ်တာရာနယ်မြေတစ်ခွင်တွင် ကျော်ကြားသည်။
မြေအောက်ကမ္ဘာအဖွဲ့ချုပ်နှင့် ကုန်သည်ကြယ်ကိုးကွက်သည်ပင် သူမကိုတော့ လက်ရှောင်ကြသည်။
ဧကရာဇ် တုတျန်းကျင်ကတော့ သူမကို အလွန်ယုံကြည်သည်။
အခြားသော မင်းညီမင်းသားများထက်ပင် သူမက မျက်နှာသာပေးခံရသည်။ သူမသည် အမှောင်ကောင်းကင်နိုင်ငံတော်၏ သွေးစွန်းဓါးတစ်လက်ပင်ဖြစ်၏။
နေရာအနှံ့ သတ်ဖြတ်သော ဓါးတစ်လက်။
ရက်စက်ကြမ်းကြုတ်သော သွေးစွန်းမိစ္ဆာသူရဲကောင်း။ မိန်းမ လူသတ်သမား။ အမတ်ချုပ်ကြီးငါးပါးတွင် အမြင့်ဆုံးအဆင့်အတန်းတွင်ရှိသူ။
သွေးစွန်းနယ်မြေ၏ ခေါင်းဆောင်။
သူမ၏ နာမည်က လီအိုနာ။
----- ----- ----- ----- ----- ----- ----- ----- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now