23

609 150 8
                                    

Unicode

နိုင်းချင်း၏ ကမ်းပေါ်ရောက် ငါးတစ်ကောင်အလား အခန်းအောင်းနေသည့် အဖြစ်ကို မြင်လိုက်ရ သူက ခန့်ညီပေ။

"မင်းရဲ့အတန်းကိုတောင် မလာနိုင်ဘဲ ရေမြောကမ်းတင်ဘဝရောက်နေတဲ့ အဖြစ်က အစ်ကိုအားသစ် နဲ့များ ဆိုင်နေသလား"

ရွှတ်နောက်နောက်ဆိုကာ အူမြူးစွာဖြင့် ခန့်ညီသည် နိုင်းချင်း၏ စာကြည့်စားပွဲပေါ်တွင် နေရာ ယူထားလိုက်၏။

"ငါတော့ ဒီတစ်သက် တကယ်ကြီး အစ်ကိုအားသစ်နဲ့ဝေးရလောက်တယ်"

နိုင်းချင်း၏ စိတ်ပျက်လက်ပျက်ရေရွတ်မှုကြောင့် ခန့်ညီရယ်သည်။

"ဘယ်လိုဖြစ်လို့လဲ... သူက အချိန်တန်ရင် သူ့ဘာသာ ပျောက်ကွယ်သွားမှာပါဆို..."

"အချိန်တန်လို့ သူ့ဘာသာ ပျောက်သွားလည်း သူ ရှာတဲ့ပြဿနာကိုအစ်ကိုအားသစ်က လက်ခံမှာ မဟုတ်ဘူး"

"ဪ... ဒီတော့ မင်းက နောက်ထပ်အစ်ကိုအားသစ်နဲ့မရှင်းမလင်းဆက်ဆံရေးရှိနေတာပေါ့"

"ငါရှိတာမဟုတ်ဘူး... အဲ့ဒါမင်းမကောင်းလို့ပဲ မင်းသာ ငါ့ကို သူဘာလိုချင်တာလဲဆိုတာမျိုး မမေးခဲ့ ရင် ငါသွားမေးဖြစ်မှာမဟုတ်ဘူး"

"အဖြေကို သိသိကြီးနဲ့မင်းသွားတာလည်း ဖြစ်နိုင်တာပဲကို... နိုင်းချင်းရာ ငါတို့ပေါင်းခဲ့တာ ဟိုးသေးသေးလေးကတည်းက မင်းအကျင့်တွေ ငါမသိဘဲဘယ်နေပါ့မလဲ"

အသေကောင်တစ်ယောက်လို ခုတင်ပေါ်တွင် ဆန့်ဆန့်ကြီးလှဲနေရာက နိုင်းချင်း ကုန်းထသည်။ သုံးရက်လောက် အတန်းမတက်ဘဲ ထိုအတိုင်းနေ့နေ့ညည ကျော်ဖြတ်နေသည်မို့ သူ့မျက်နှာထက်တွင် နှုတ်ခမ်းမွှေးရေးရေးပင် ရှိနေချေပြီ။

နိုင်းချင်း၏ မသေမသပ်ဖြစ်ချင်တိုင်းဖြစ်နေသည့် ပုံကိုကြည့်ပြီး ခန့်ညီ မျက်ခုံးပင့်၏။

"မသိရင် မယားသေလို့ ပူဆွေးနေတဲ့ မုဆိုးဖိုကျနေတာပဲ"

အညှာအတာမဲ့သည့် ခိုင်းနှိုင်းမှုကြောင့် နိုင်းချင်း နှုတ်ခမ်းတို့ ကုတ်ကျသွားတော့သည်။

Marmalade [Own Creation]Where stories live. Discover now