Unicode
နောက်တစ်နေ့နံနက်တွင်တော့ ရှင်းလင်းနေသော မီးဖိုခန်းအတွင်းတွင် နံနက်စာ မကျေမနပ်စား နေသော သောမတ်စ်၊ နံနက်စာပြင်ဆင်ပေးသူ အားသစ်နှင့် မကျေမနပ် ဘေးတွင်ရပ်လက်ပိုက်ကြည့်နေသူ နိုင်းချင်းတို့ ရှိနေကြ၏။ ရှုပ်ပွနေသည့် မီးဖိုခန်းသည် သန့်ရှင်းတောက်ပြောင်နေပြီး မီးဖိုခန်းသုံးပစ္စည်းများသည် လည်း နေရာတကျရှိနေပေသည်။ ယခင်ညက ရှုပ်ပွနေသော မီးဖိုခန်းက ဘယ်တုန်းကမျှ မရှိခဲ့သယောင်ပင်။
"ခင်ဗျားက လူကြီးဖြစ်ပြီး စိတ်သဘောထားသေးသိမ် နေတာလား"
နိုင်းချင်း၏ မကျေမနပ် ဘုတောမှုကြောင့် အားသစ် ခပ်သွက်သွက်ဖြင့် နိုင်းချင်း ခါးကိုဆွဲဆိတ် လိုက်၏။ အားသစ်ဆွဲဆိတ်တာခံလိုက်ရခြင်းကို ကျေနပ်သွားသည့်တိုင် နိုင်းချင်း၏ သောမတ်စ်ကို မကျေမနပ်ဖြစ်နေခြင်းက လျော့ကျမသွားသေးပေ။
နှစ်ယောက်တည်းရှိနေတုန်း အားသစ်ကို ဒီဘဲ ဘာမဟုတ်တာ လုပ်သလဲဆိုတာကို ဘယ်သူသိမှာလဲ။
"မင်းမယုံဘူးဆိုရင်လည်း သူ့ကို ခေါ်သွားလို့ရတယ်"
ပါးတစ်ဖက်ယောင်နေသည်မို့ သောမတ်စ် စကားများများမပြောချင်။ ထိုသည်က နဂိုအေးစက်ပြီး စဉ်းလဲဟန်ရှိသည့် သူ့ရုပ်ရည်ကို ပို၍ဆိုးစေပြီး ကလိန်ကကျစ်အကြံအစည်တစ်ခုခု အချိန်မရွေးထလုပ်တော့ မလိုလို ဖြစ်နေစေသည်။
"ဒါကဘယ်သူမပြုမိမိမှုပဲလေ"
နိုင်းချင်းသည် သောမတ်စ်ကို ခပ်တင်းတင်းသာပြော၏။
"ခင်ဗျားသာ ကျွန်တော့်ကို ပြန်ပေးမဆွဲခဲ့ရင် ဒါတွေဖြစ်လာစရာအကြောင်းကို မရှိဘူး"
"မင်းခန္ဓာကိုယ်ကို အသေကောင်အနေနဲ့ပဲ ခွဲလိုက်သင့်တာ"
သောမတ်စ် မကျေမနပ်ရေရွတ်၏။ သူ့ရေရွတ်ပုံက ကလေးတစ်ယောက်က အလိုမကျနေပုံနှင့်သာ တူနေပေသည်။ အားသစ်သည် တစ်ယောက်တစ်ခွန်းရန်ဖြစ်နေသည့် လူကြီးတစ်ဦးနှင့် ကလေးတစ်ယောက်ကို ကြည့်ပြီး မရယ်ဘဲမနေနိုင်တော့။
"တကယ်ပဲ ကူညီနိုင်ရင် ကူညီစေချင်တယ် ကျွန်တော်ရဲ့ညီလေးကို ကျွန်တော် အပြစ်လုပ်မိထားတာ အများကြီးပဲ"