ရှမ်းပြည် (၃)

56 5 4
                                    

နေရောင်ခြည်နုနုသည် တိမ်စိုင်များအကြားမှနေ၍ အဝါရောင်ပန်းခင်းကြီးပေါ်သို့ ညင်သာစွာ ဖြာကျနေလေ၏။ လေ၏ဆော့ကစားမှုဖြင့် ဝေ့ဝဲသွားတတ်သည့် ပန်းနှမ်းများအကြား သစ်ပင်စိမ်းတို့သည် တစ်ပင်စ နှစ်ပင်စသာ။ အဝေးရှိ အစိမ်းရောင် တောင်ကုန်းတောင်တန်းများဆီမှ ပျံသန်းလာသောငှက်များသည် မည်သည့်အရပ်အား ဆက်လက်ခရီးနှင်ကြဦးမည်နည်း။ အိမ်ကို အချိန်မှီပြန်ရောက်ကြပါ့မလား။

ပန်းနှမ်းများနှင့် သဘာဝအလှအပတို့အား ဓာတ်ပုံရိုက်ယူနေသည့် လူမျိုးခြားအမျိုးသားကို ကြည့်ရင်း ခမ်းနောင်လွယ်အိတ်ထဲမှ ပုံဆွဲစာအုပ်အားထုတ်လိုက်၏။

အနားရှိ အပင်ခြေရင်းရှိ သစ်သားခုံပုလေးမှာထိုင်ကာ အသင့်ညပ်ထားသည့် ခံတံဖြင့် စာရွက်ဖြူလျလျပေါ် စတင်ရေးခြစ်လေတော့သည်။ သူ့မျက်စိရှေ့မှ မြင်ကွင်းသည် သူ့စာအုပ်လေးထဲသို့ ကူးယူရေးဆွဲခံနေရလေပြီ။

" ဒါဆို နောင့်စိုင်းက ရန်ကုန်ပြန်ရဦးမှာပေါ့"

မကြာခဏရောက်ဖြစ်သည့် နေရာဖြစ်သော်လည်း မရိုးနိုင်သောပန်းခင်းကြီးအကြား တိုးဝှေ့လျှောက်သွားနေရင်းမှ မိုးခွန် ရပ်၍မေးလိုက်ခြင်းဖြစ်သည်။ အနောက်ကပါလာသည့်သူအား သူလှည့်မကြည့်ဖြစ်။

"ဟုတ်တယ်၊ ရစ်ချက်တို့နဲ့လေ။ ကြွေရုပ်က မြန်မာပြည်အပေါ်ပိုင်းကို တာဝန်ယူထားတော့ ကိုယ်ကမြန်မာပြည်အောက်ပိုင်းကိုတာဝန်ယူရတာပေါ့။ ပြီးရင်တော့ ကြွေရုပ်ပြန်ရင် တစ်ခေါက်လိုက်လာဦးမှာပါ"

လှည့်ကြည့်လိုက်သောအခါ အနောက်မှာရပ်နေသည့် စိုင်းလုံသည် ခပ်ဝေးဝေးရှိ ရစ်ချက်အား မော်ဒယ်လုပ်ပေးနေရသည့် နန်းသာအား လှမ်းကြည့်နေလေသည်ကို တွေ့လိုက်ရသည်။

"ဒါပေါ့ ကိုစိုင်း ပြန်လာဦးမှာပေါ့၊ ဘာလို့ဆို ဒီမှာ မခွဲနိုင် မတွေ့ရမနေနိုင်တဲ့သူ ရှိနေတာကို၊ ဟုတ်တယ်မလား"

မေးလေးမော့ကာ ရွဲ့သလိုတည့်သလိုမေးခွန်းမျိုးထွက်လာတဲ့အခါ စိုင်းလုံ မိုးခွန်ကိုပြန်လှည့်ကြည့်သည်။ ပြီးနောက် နီးစပ်ရာ ပန်းလေးတစ်ပွင့်အား ဆွတ်ယူကာ မိုးခွန်ရင်ဘတ်နားက အင်္ကျီအိတ်ကပ်လေးထဲ ထည့်ပေးလေ၏။ ထို့နောက် မိုးခွန်လည်ပင်းကို သိုင်းဖက်ကာ ရှေ့သို့ဆက်လျှောက်သည်။

Beautiful MYANMAR [Book (1)]Where stories live. Discover now