ရှမ်းပြည်(၁၀)

36 4 5
                                    

"အပူရှပ်ပြီးဖျားသွားရုံပါပဲ။ သက်သာသွားမှာပါ။ ကျွန်တော် ဆေးထိုးပေးထားတယ်၊ ဆေးတွေလည်းပေးလိုက်မယ်။ အကယ်၍ ညကျ အဖျားထပ်တက်လာခဲ့ရင်တော့ ကျွန်တော့်ကိုခေါ်လိုက်ပါ"

"ဟုတ်ကဲ့ပါ။ ရစ်ချက် ၊ ကျွန်တော် ဆေးတွေလိုက်ယူရင်း ဒေါက်တာ့ကိုလိုက်ပို့လိုက်ဦးမယ်"

"အင်း"

အေဂျင်စီကစီစဥ်ပေးထားပြီးသားဖြစ်သည့် သီပေါရှိ ဟိုတယ်သို့ရောက်သည်နှင့် ဆရာဝန်ခေါ်ရသည်။ စိုင်းလုံနှင့် သိနေပြီးသားဆရာဝန်ရှိနေ၍ သိပ်တော့မခက်ခဲ။

စိုင်းလုံနှင့် ဆရာဝန်တို့ ထွက်သွားသောအခါမှ ရစ်ချက် ခမ်းနောင်ဘေး ကုတင်စွန်း၌ တင်ပါးလွှဲဝင်ထိုင်လိုက်သည်။ ဆေးရှိန်ဖြင့် အိပ်ပျော်နေသည့် ခမ်းနောင်၏ နဖူးပြင်ပေါ် ဝဲကျနေသော ဆံစများအား သူ လက်ညှိုးကလေးဖြင့် သပ်တင်ပေးလိုက်၏။ အသက်ရှူမှန်မှန်ဖြင့် နှစ်ခြိုက်စွာအိပ်ပျော်နေသော ခမ်းနောင်အား ရင်ဘတ်လုံသည်အထိ စောင်ဆွဲတင်ပေးလိုက်ကာ ကိုယ်တိုင်မူ ခမ်းနောင်ဘေး၌ ဝင်လှဲလိုက်၏။
များမကြာမှီ၌ပင် ရစ်ချက်သည်လည်း ခရီးပန်းမှုကြောင့် မျက်ခွံများလေးကျလာကာ နောက်ဆုံး အိပ်ပျော်သွားလေတော့သည်။

ညလယ်လောက်တွင် ခမ်းနောင် နိုးလာခဲ့၏။
မျက်လုံးများ ဖွင့်လိုက်သည်နှင့် အလင်းရောင်မှိန်ဖျော့ဖျော့နှင့် ကြည်ရှင်းသောမျက်နှာကျက်အား ဦးစွာတွေ့လိုက်ရသည်။
ထို့နောက် မိမိဘေးနားမှ သဲ့သဲ့ထွက်ပေါ်နေသော အသက်ရှူသံမှန်မှန်နှင့် ကိုယ်ငွေ့နွေးလေးသည် ခမ်းနောင်၏အာရုံထဲသို့ တစ်ဆင့်ချင်းဝင်ရောက်လာ၏။ သူ လှည့်ကြည့်လိုက်သောအခါ သူ၏ဘေး ကုတင်စွန်းတွင် အိပ်ပျော်နေသော ရစ်ချက်အား တွေ့လိုက်ရသည်။
မှိတ်ချထားသောမျက်ခွံများကြောင့် ရှင်းလင်းစွာ မြင်နေရသော ရွှေညိုရောင်ရင့်ရင့် မျက်တောင်စိပ်စိပ်ကလေးများအား ခမ်းနောင် ငေးမိသည် ။
နဖူးပြင်ပေါ် ဝဲကျနေသော ဆံရွှေညိုတစ်စ၊ နှာတံမြင့်မြင့်နှင့် ပိရိသေသပ်သော နှုတ်ခမ်းပါးများ၊ ဘေးတိုက်မြင်နေရသော မျက်နှာခံ့ချောအား ဝါကျင်ကျင်မီးရောင်အားကိုးဖြင့် သူ ငေးကြည့်နေမိပါ၏။

Beautiful MYANMAR [Book (1)]Where stories live. Discover now